အပိုင်း ( ၃၈၃ )
အရင် ခေါ်သွားတဲ့သူပဲ တာဝန်ယူရမှာပေါ့
*
ကျန်လီကျွမ်း ပြောတာကို ကြားတော့ ထုန်ယောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။ "ငါ ဘူတာရုံမှာ အရင်သွားစောင့်နေလိုက်မယ်။ နင်တို့ မြန်မြန် ရထားလက်မှတ်ဖြတ်ပြီး ဒီကိုလိုက်လာခဲ့ကြ။ အခု ကလေးကို ရှာတွေ့ဖို့က အရေးအကြီးဆုံးပဲ။ ကလေးကို ရှာတွေ့ပြီဆိုမှ အဲဒီအကြောင်းတွေ ဆက်ပြောကြတာပေါ့"
ကျန်လီကျွမ်းက အသက်ကယ်ကြိုးကို ဖမ်းမိသွားသလို ချက်ချင်း ပြောတယ်။ "မရီး... မရီး ကျွန်မသား ယွမ်ယွမ်ကို သေချာပေါက် ရှာပေးပါနော်။ ယွမ်ယွမ်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး" မဟုတ်ဘူး၊ သူမ သေရမယ် ဆိုရင်တောင် လင်းဖန်ရင်းကိုပါ အတူတူ ခေါ်သွားဦးမှာ။
ကလေးမရခင်တုန်းကတော့ ကျန်လီကျွမ်းက သူ့ကိုယ်သူပဲ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ ကလေးရလာပြီးနောက်ပိုင်းမှာတော့ သူ့အာရုံတွေ အားလုံးက ကလေးဆီမှာချည်းပဲ ဖြစ်သွားတယ်။ ကလေးမွေးကတည်းက သူမပဲ ပြုစုစောင့်ရှောက်လာခဲ့ပြီး တစ်ရက်လေးတောင် ခွဲမနေခဲ့ဘူး။ အခု လင်းဖန်ရင်းက ရုတ်တရက်ကြီး ကလေးကို ခေါ်သွားတော့ သူ့အသက်တစ်ဝက်လောက် လွင့်ပါသွားသလို ခံစားရတယ်။
လမ်းမှာ ကလေးဗိုက်ဆာလို့ ငိုနေမယ်ဆိုတဲ့ အတွေးနဲ့တင် သူမ ရင်ကျိုးနေပြီ။ လမ်းမှာ လူကုန်ကူးတဲ့ သူတွေနဲ့များ တွေ့သွားမလားဆိုတဲ့ အတွေးကြောင့်လည်း သူမ အလွန်အမင်း စိုးရိမ်ပူပန်ပြီး လက်တွေခြေတွေတောင် အားနည်းလာတယ်။
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့၊ ကလေး ဘာမှမဖြစ်ပါဘူး"
ဖုန်းချလိုက်ပြီးနောက်၊ ကုဟုန်ဝေက သူ့ကို ကြည့်နေတာကို မြင်တော့ ထုန်ယောင်က အားကိုးရာမဲ့စွာနဲ့ ပခုံးတွန့်ပြပြီး ပြောလိုက်တယ်။ "ကျွန်မ ယောက္ခမက ယွမ်ယွမ်ကို တိတ်တိတ်လေး ခေါ်လာလို့တဲ့။ အခု အိမ်မှာ ဘိုရီနဲ့ လီကျွမ်းတို့ စိုးရိမ်ပြီး ရူးတော့မယ်"
လင်းဖန်ရင်းရဲ့ လုပ်ရပ်ကို နားမလည်နိုင်တဲ့ ကုဟုန်ဝေက မျက်မှောင်ကြုတ်လိုက်တယ်။ "ယွမ်ယွမ်ကို ကျိုတိုကို သူ ဘာလို့ ခေါ်လာတာလဲ" အခုက နှစ်သစ်ကူးတော့မယ့် အချိန်၊ ကျိုတိုက လီစီးတီးထက် အများကြီး ပိုအေးတယ်။ ဒီလောက် ငယ်သေးတဲ့ ကလေးလေးက ဒီလို ခရီးကြမ်းကို ခံနိုင်ရည်ရှိပါ့မလား။
"ကလေးကို တို့တွေဆီ လာပြတာလို့ သူက ပြောသွားတာတဲ့။ ဒါပေမဲ့ နှစ်သစ်ကူးမတိုင်ခင် အိမ်ပြန်လာမယ်လို့ ကျွန်မ အစောကတည်းက ပြောထားပြီးသားကို။ သူ ဘာတွေ တွေးနေလဲဆိုတာကို ကျွန်မလည်း မသိတော့ဘူး" ထုန်ယောင် အမြင်မှာတော့ လင်းဖန်ရင်းက သက်သောင့်သက်သာ နေရတာကို မကြိုက်ဘူး၊ အခြေအနေတွေ အဆင်ပြေနေပြီဆိုရင် သူက ပြဿနာရှာရတာကို သဘောကျတာ။
ဒီကိစ္စကြောင့် ဆစ်ဘိုရီရော ကျန်လီကျွမ်းပါ သူ့အပေါ် အငြိုးထားသွားကြမှာ သေချာတယ်။ နောင်တစ်ချိန် သူ အသက်ကြီးလာပြီး မြေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့ အချိန်ကျရင်တော့ အခုလို လွယ်ကူတော့မှာ မဟုတ်ဘူးလေ။
ကုဟုန်ဝေက တစ်ခုခုကို တွေးမိသွားသလို နှစ်စက္ကန့်လောက် တိတ်သွားပြီး၊ ပြောရမလား မပြောရဘူးလား ဆိုတာကို စဉ်းစားနေပုံပဲ။ သူ့ရဲ့ ထူးဆန်းတဲ့ အမူအရာကို မြင်တော့ ထုန်ယောင်က စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။ "သူ ကလေးကို ကျိုတိုအထိ ခေါ်လာတဲ့ အကြောင်းရင်းကို နင် သိလို့လား"
"နည်းနည်းတော့ ခန့်မှန်းကြည့်လို့ ရပါတယ်၊ ဒါပေမဲ့ သေချာတော့ မသိဘူး" လို့ ကုဟုန်ဝေက ပြောတယ်။
"???" ထုန်ယောင် မျက်နှာမှာ မေးခွန်းတွေ အပြည့်နဲ့။
ဒါကို မြင်တော့ ကုဟုန်ဝေက လည်ချောင်းဟန့်ပြီး ပြောတယ်။ "ငါတို့ ဇာတိမှာလေ၊ အိမ်ထောင်သက် အကြာကြီးဖြစ်ပြီး ကလေးမရတဲ့ စုံတွဲတွေ အများကြီး ရှိတယ်။ သူတို့က ပုံမှန်ဆို ဆွေမျိုးတွေရဲ့ ကလေးတွေကို အိမ်ခေါ်လာပြီး ခဏထားတတ်ကြတယ်..."
သူ စကားကို ဆုံးအောင် မပြောပေမယ့်၊ ပါးနပ်တဲ့သူတိုင်း သူ ဘာပြောချင်လဲဆိုတာကို နားလည်နိုင်ပါတယ်။
ထုန်ယောင်ရဲ့ ခေါင်းထဲမှာ အရိုင်းဆန်တဲ့ အတွေးတွေက မုန်တိုင်းလို ဝင်မွှေသွားတယ်။ "သူ အလုပ်အားနေတာ ကြာသွားလို့လား"
အရင်က ဆေးတွေ ပို့ပေးခဲ့တဲ့ ကိစ္စနဲ့ ပေါင်းပြီး စဉ်းစားလိုက်တော့၊ လင်းဖန်ရင်းက ကလေးကို တိတ်တိတ်လေး ခေါ်လာရတဲ့ ရည်ရွယ်ချက်က သူမ ကလေးရလာအောင် လုပ်ဖို့ဆိုတာကို ထုန်ယောင် ချက်ချင်း သဘောပေါက်သွားတယ်။
ကုဟုန်ဝေလည်း လင်းဖန်ရင်း လုပ်တာ မှားတယ်လို့ ထင်ပေမယ့်၊ ဘာပဲဖြစ်ဖြစ် ဒါက ထုန်ယောင်တို့ မိသားစု ကိစ္စဖြစ်နေတော့ အပြင်လူ တစ်ယောက်အနေနဲ့ သူ ဘာမှ ဝင်မပြောတော့ဘူး။ "ကျိုတိုက လီစီးတီးထက် ပိုအေးတယ်။ ယွမ်ယွမ်ကလည်း ငယ်သေးတယ်။ သူတို့ကို သွားကြိုရင် စောင်အထူကြီး တစ်ထည် ယူသွားသင့်တယ်"
"အိုကေ... ဆိုင်ကို ခဏ ကြည့်ထားပေးဦး၊ ငါ သွားကြိုလိုက်ဦးမယ်"
အိမ်မှာ ကလေးမှ မရှိတာဆိုတော့ သဘာဝကျကျပဲ ကလေးခြုံစောင်လေးတွေ မရှိဘူးပေါ့။ အရာအားလုံး အလွယ်တကူ ဝယ်လို့ရတဲ့ နှစ်ဆယ့်တစ်ရာစုနဲ့ မတူဘဲ၊ ဒီခေတ်မှာ ကလေးခြုံစောင်တွေကို ကလေးမမွေးခင်ကတည်းက ကိုယ်တိုင် ချုပ်ထားရတာလေ။
အခု ချက်ချင်း စောင်ချုပ်ဖို့က အချိန်မမီတော့ဘူး ဆိုတော့၊ ထုန်ယောင်က အနွေးထည် အထူကြီး တစ်ထည်ယူပြီး ဘူတာရုံကိုပဲ သွားလိုက်ရတယ်။ လင်းဖန်ရင်း ကလေးပိုက်ပြီး ရောက်လာတဲ့ အချိန်အထိ သူ တစ်နာရီကျော်လောက် စောင့်လိုက်ရတယ်။ လင်းဖန်ရင်းက ခေါင်းမှာ အပြာရောင် မာဖလာ အကြီးကြီး တစ်ခုကို ပတ်ထားပြီး၊ မျက်လုံး တစ်စုံပဲ မြင်ရအောင် မျက်နှာကို တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားတယ်။
သူ့လက်ထဲမှာ ကလေးသာ မပါလာရင်၊ ထုန်ယောင် သူ့ကို မှတ်မိချင်မှ မှတ်မိမှာ။
ဘာပဲဖြစ်ဖြစ် အသက်အရွယ်ရလာပြီမို့၊ လမ်းတစ်လျှောက်လုံး ကလေးချီလာရတာ လင်းဖန်ရင်းရဲ့ လက်မောင်းတွေ တော်တော်လေး ညောင်းညာနေပြီ။ ဒါပေမဲ့ တခြားသူတွေကို ကူချီခိုင်းဖို့တော့ သူ မဝံ့ရဲဘူး။ ရထားပေါ်က ဆင်းတဲ့အထိ သူ အားတင်းထားပြီး၊ ထုန်ယောင် သူ့ကို ခေါ်လိုက်တဲ့ အသံကို ကြားတော့မှပဲ သူ စိတ်အေးသွားတော့တယ်။
သူ့သားအငယ်က ထုန်ယောင်ကို လာကြိုဖို့ ဖုန်းဆက်မယ်ဆိုတာ သူ သိထားတာကြောင့်၊ ထုန်ယောင်ကို မြင်လိုက်ရတာ လင်းဖန်ရင်းအတွက် လုံးဝ မအံ့သြစရာပါဘူး။
"ယောင်ယောင်... သူ့ကို ခဏလောက် ချီထားပေးပါလား။ ကလေးက တော်တော်လေး ထွားပြီး လေးတယ်။ လမ်းတစ်လျှောက်လုံး ချီလာရတာ ငါ့လက်မောင်းတွေ အရမ်း ညောင်းနေပြီး ကိုယ့်လက်ကိုယ်တောင် မသိတော့ဘူး"
လူရှုပ်တဲ့ ဘူတာရုံမှာ စကားပြောရတာ အဆင်မပြေဘူး။ ထုန်ယောင်က ကလေးကို ယူချီလိုက်ပြီး သူယူလာတဲ့ အနွေးထည် အထူကြီးနဲ့ သေချာ ပတ်ပေးလိုက်တယ်။ ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး၊ တခြားလူ ချီတာတောင် မနိုးဘူး။
ဆယ်စုနှစ်ချီပြီး အသက်ရှင်လာခဲ့ပေမယ့်၊ ဒီလောက် ငယ်သေးတဲ့ ကလေးလေးကို ထုန်ယောင် ချီဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ကလေးလေးက တအား နူးညံ့လွန်းလို့ ဖျစ်ညှစ်မိသွားမှာကို စိုးရိမ်ပြီး သူ အားတောင် မသုံးရဲဘူး။
လင်းဖန်ရင်းက ဘာပစ္စည်းမှ ယူမလာတာကို မြင်တော့ ထုန်ယောင် မျက်မှောင်ကြုတ်သွားတယ်။ "ကလေးအတွက် နို့မှုန့် မယူလာဘူးလား။ လမ်းမှာ သူ ဘာစားလာလဲ"
လင်းဖန်ရင်းက နည်းနည်း နေရခက်တဲ့ ပုံစံနဲ့ ပြန်ဖြေတယ်။ "ငါက အရမ်း ကမန်းကတန်း ထွက်လာရလို့ ယူလာဖို့ မေ့သွားတာ။ သူ လမ်းတစ်လျှောက်လုံး ငိုလာတာ၊ ရထားပေါ်က ဆင်းခါနီးလေးမှ အိပ်ပျော်သွားတာ။ တို့တွေ အမြန်ပြန်ပြီး သူသောက်ဖို့ နို့မှုန့် သွားဝယ်ရမယ်၊ မဟုတ်ရင် သူနိုးလာရင် သေချာပေါက် ထပ်ငိုမှာ"
ကလေးက နာရီပေါင်းများစွာ ဗိုက်ဆာနေခဲ့တယ် ဆိုတာကို ကြားတော့၊ ထုန်ယောင်ရဲ့ မျက်နှာက ပိုအေးစက်သွားတယ်။ ဒါပေမဲ့ အခုက ဒီအကြောင်းတွေ ပြောနေဖို့ အချိန်မဟုတ်ဘူး။ သူမက အငှားကား တစ်စီး တားပြီး လင်းဖန်ရင်းနဲ့ ကလေးကို အိမ်အရင် ခေါ်သွားရတော့တယ်။
ကျန်လီကျွမ်းက သူ့ရဲ့ ပထမဆုံး ကလေးကို တကယ် ကောင်းကောင်း ပြုစုတတ်တာပဲ။ ကလေးလေးက ဆစ်ဘိုရီနဲ့ တူပြီး ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ချစ်စရာလေး။ ချီရတာလည်း လေးပြီး နို့နံ့လေး သင်းနေပေမယ့်၊ မနှစ်မြို့စရာ အနံ့လေး တစ်ခုလည်း ရောနှောနေတယ်...
ကလေး သေးခံစိုသွားပြီလို့ ထုန်ယောင် သံသယဝင်ပေမယ့်၊ ကားထဲမှာ စစ်ကြည့်လို့ မရတော့ အနံ့ကို သည်းခံပြီး အိမ်ကိုပဲ အရင် ပြန်လာခဲ့တယ်။
ထင်တဲ့အတိုင်းပဲ၊ အိမ်ရောက်လို့ စစ်ကြည့်လိုက်တော့ ကလေးက အီးပါထားရုံတင် မကဘူး၊ သူ့အဝတ်အစားတွေ အကုန်လုံးလည်း သေးတွေ စိုရွှဲနေတာပဲ။ အနုတ် ခုနစ်ဒီဂရီ၊ ရှစ်ဒီဂရီလောက် ရှိတဲ့ ရာသီဥတုမှာ၊ ကလေးက တစ်နေ့လုံး ဘာမှမစားရတဲ့အပြင် အဝတ်အစားတွေလည်း စိုနေတာလေ။ ကလေးသာ အအေးမိသွားရင် တော်တော် ဆိုးသွားလိမ့်မယ်။
ဒီအချိန်ကျမှ လင်းဖန်ရင်းလည်း သူ နည်းနည်း လုပ်ရပ် လောသွားပြီး၊ ကလေးကို အများကြီး ဒုက္ခပေးမိသွားတယ် ဆိုတာကို သဘောပေါက်သွားတယ်။ မျက်နှာထား တင်းမာနေတဲ့ ထုန်ယောင်ကို ကြည့်ပြီး၊ သူက တောင်းပန်တဲ့ လေသံနဲ့ ပြန်ပြောတယ်။ "ယွမ်ယွမ်က ကျန်းမာရေး ကောင်းပါတယ်၊ တစ်ရက်လောက် ဗိုက်ဆာတာ ဘာမှမဖြစ်ပါဘူး။ သူ့ကို အိမ်မှာ ငါ ကြည့်ထားလိုက်မယ်၊ ညည်း မြန်မြန်သွားပြီး သူလဲဖို့ အဝတ်အစားလေးတွေ သွားဝယ်လိုက်"
ထုန်ယောင်က အစကတည်းက နည်းနည်း ဒေါသထွက်နေတာ။ လင်းဖန်ရင်းက ပေါ့ပေါ့ဆဆ ပြောလိုက်တာကို ကြားတော့ သူ ချက်ချင်း ဒေါသပေါက်ကွဲသွားတယ်။ "သူ့ကို အရင် ခေါ်သွားတဲ့သူပဲ တာဝန်ယူရမှာပေါ့"
လင်းဖန်ရင်းက နေရခက်စွာနဲ့ ပြောတယ်။ "ယောင်ယောင်... ညည်း ဒေါသထွက်ရင် ငါ့အပေါ်မှာပဲ ပုံချလိုက်ပါ၊ ကလေးကို အပြစ်မတင်ပါနဲ့။ အခု ညည်း ဒေါသထွက်နေလို့ ကလေးက ဒုက္ခရောက်နေရတာ မဟုတ်ဘူးလား။ သူက ဘာမှနားမလည်သေးတဲ့ ကလေးလေးပါ။ ဘာလို့ ကလေးကို အငြိုးထားနေရတာလဲ"
ဒီစကားတွေကို ကြားတော့ ထုန်ယောင် ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်မိတယ်။ လင်းဖန်ရင်း ပါးစပ်ကနေ ပြောလာတော့ သူမကပဲ အကျိုးအကြောင်း မသင့်တဲ့သူ ဖြစ်သွားပြီး၊ အရာအားလုံးက သူမ အပြစ်ချည်းပဲ ဖြစ်သွားတော့တယ်။
သူမ ဒေါသထွက်နေတာ မှန်ပေမယ့်၊ ကလေးနဲ့ ဘာမှမဆိုင်ဘူး။ ထုန်ယောင်က တင်းမာတဲ့ မျက်နှာထားနဲ့ အခန်းထဲကနေ ထွက်သွားတော့၊ လင်းဖန်ရင်း သက်ပြင်းချလိုက်နိုင်တယ်။ ဒီကိစ္စကို လုပ်ဖို့ ဆုံးဖြတ်တုန်းက သူ သေချာ မစဉ်းစားခဲ့မိဘူး ဆိုတာကို သူ သိပါတယ်။ ကလေးအတွက် အဝတ်အစားတွေနဲ့ သေးခံတွေ ယူလာဖို့တောင် မေ့သွားခဲ့တာ။
အဲဒီတုန်းက သူ့သားအငယ်နဲ့ လီကျွမ်းတို့ သိသွားရင် တားကြမှာကို စိုးရိမ်လို့ ကလေးကို တိတ်တိတ်လေး ခေါ်ပြီး ထွက်လာခဲ့တာ။ ရထားပေါ်ရောက်ပြီး ကလေး စငိုတော့မှပဲ၊ ကလေးက အရမ်း ငယ်သေးပြီး နို့မှုန့်နဲ့ မိခင်နို့ကိုပဲ အားကိုးရသေးတယ် ဆိုတာကို သူ သတိရတော့တာ။
ပြဿနာတွေ အားလုံးပြီးသွားတော့ သူလည်း ပင်ပန်းသွားပြီ။ ဒါတွေ အားလုံးက ထုန်ယောင်အတွက် သူ လုပ်ပေးခဲ့တာကို၊ ထုန်ယောင်က ကျေးဇူးမတင်ဘူးလေ။ လင်းဖန်ရင်းက နည်းနည်းတော့ နစ်နာသလို ခံစားလိုက်ရတယ်။
သက်ပြင်းရှည်ကြီး ချပြီးနောက်၊ လင်းဖန်ရင်း ရေချိုးခန်းထဲ သွားမလို့ လုပ်တုန်း ကုတင်ပေါ်က ကလေးက ရုတ်တရက် အသံကျယ်ကြီးနဲ့ စငိုတော့တယ်။ အသက် နှစ်လတောင် မပြည့်သေးပေမယ့် သူ့အသံက တအားကို ကျယ်လွန်းတယ်။ လင်းဖန်ရင်းလည်း ကလေးကို သန့်ရှင်းရေး လုပ်ပေးဖို့ ရေနွေးတစ်ဇလုံ အမြန် သွားတည်ရတော့တယ်။
အပိုင်း ( ၃၈၃ ) ပြီးဆုံး
***