အပိုင်း ( ၃၈၄ )
ထူးဆန်းလိုက်တဲ့ ယောက္ခမ
*
လင်းဖန်ရင်း ကလေးကို သန့်ရှင်းရေး လုပ်ပေးပြီးတာနဲ့၊ ထုန်ယောင်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာတယ်။ လင်းဖန်ရင်းက ထုန်ယောင်ကို ထူးဆန်းသလို ကြည့်ပြီး ပြောလိုက်တယ်။ "နင် ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ၊ နို့မှုန့် ရခဲ့လို့လား။ ကလေးက ငိုလွန်းလို့ အသံတောင် ဝင်တော့မယ်"
စကားပြောလို့ ဆုံးတာနဲ့၊ ထုန်ယောင် အနောက်ကနေ အမျိုးသမီး တစ်ယောက် လိုက်ဝင်လာတာကို သူ သတိထားမိလိုက်တယ်။ ကလေးမွေးဖူးတဲ့ သူတစ်ယောက်အနေနဲ့၊ အဲဒီအမျိုးသမီးရဲ့ ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်တွေကို ကြည့်ပြီး နို့တိုက်မိခင် တစ်ယောက်မှန်း လင်းဖန်ရင်း ချက်ချင်း သိလိုက်တယ်။ အနည်းဆုံးတော့ သူ့မြေးလေး ဗိုက်ဆာခံရတော့မှာ မဟုတ်ဘူးလေ။
အဲဒီအမျိုးသမီးရဲ့ လက်မောင်းထဲမှာ ကိုယ်တိုင်ချုပ်ထားတဲ့ ချည်ထည် အဝတ်အစား တစ်ထုပ် ပါလာတယ်။ ကလေးရဲ့ သနားစရာ ငိုသံကို ကြားတော့ သူက အဝတ်အစားတွေကို ထုန်ယောင်ဆီ အမြန်ကမ်းပေးလိုက်ပြီး ကလေးကို ယူချီလိုက်တယ်။ ပြီးတော့ ဝင်ထိုင်လိုက်ကာ အင်္ကျီကို လှန်ပြီး ဘာအရှက်အကြောက်မှ မရှိဘဲ ကလေးကို နို့စတိုက်တော့တယ်။
တစ်နေ့လုံး ဘာမှမစားရဘဲ ဖြစ်နေတဲ့ ယွမ်ယွမ်လေးက နောက်ဆုံးတော့ မိခင်နို့ကို သောက်ခွင့်ရသွားလို့ ငိုတာကို ရပ်လိုက်ပြီး မျက်လုံးလေး မှိတ်ကာ နို့ကို အငမ်းမရ စို့နေတော့တယ်။
ဒီမြင်ကွင်းကို ကြည့်ပြီး ထုန်ယောင်က သက်ပြင်းချလိုက်နိုင်ကာ ပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ် မမရှားရယ်။ မမသာ မရှိရင် ဒီလောက် ညဥ့်နက်နေတဲ့ အချိန်ကြီး နို့မှုန့်ကို ဘယ်သွားရှာရမှန်း ကျွန်မ တကယ် မသိဘူး" သူ့ရဲ့ ဘဝနှစ်ခုလုံးမှာ ဒီလောက် ငယ်သေးတဲ့ ကလေးလေးကို သူ တစ်ခါမှ မပြုစုဖူးခဲ့ဘူးလေ။
ဝမ်ရှားက ဝန်ထမ်းအိမ်ရာကို ပြီးခဲ့တဲ့လကမှ ပြောင်းလာတာ။ သူ့ကလေးက အသက် ငါးလကျော်လောက် ရှိနေပြီဖြစ်ပြီး၊ ပုံမှန်ဆို အစားစားချင်စိတ် ကောင်းသလို တိုက်စရာ မိခင်နို့လည်း အလုံအလောက် ရှိတယ်။ ထုန်ယောင်ဆီမှာ တစ်နေ့လုံး ဗိုက်ဆာပြီး သေးတွေ စိုရွှဲနေတဲ့ ကလေးတစ်ယောက် ရှိနေတယ် ဆိုတာကို ကြားတော့ သူက သူ့ကလေး မဝတ်ဖြစ်တဲ့ အပို အဝတ်အစားတချို့ကို ကမန်းကတန်း ယူလာပေးတာ။
အဲဒီတုန်းက သူက အသေးစိတ် မေးဖို့ အချိန်မရလိုက်ဘူး။ အခု ကလေးရဲ့ သနားစရာ အခြေအနေကို မြင်တော့ သူက နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။ "ဒါက ဘယ်သူ့ကလေးလဲ၊ ဘာလို့ သူ့အမေက အတူတူ ပါမလာတာလဲ"
လမ်းဘေးကနေ ကောက်ရလာတာတော့ မဟုတ်ဘူး မလား။
ဒီခေတ်ကြီးမှာ စွန့်ပစ်ခံရတဲ့ ကလေးတွေကို တွေ့တာက မဆန်းတော့ဘူးလေ။ ဒါကြောင့် ထုန်ယောင်နဲ့ ဆစ်ချန်တို့မှာ ကလေးမရှိဘူး ဆိုတာကို သိထားတဲ့ ဝမ်ရှားက အဲဒီလိုပဲ ခန့်မှန်းလိုက်တာ။
ပုံမှန် အခြေအနေဆိုရင်၊ ဘယ်လို မိခင်မျိုးကများ အသက် တစ်လ၊ နှစ်လလောက်ပဲ ရှိသေးတဲ့ ကလေးကို သူများအိမ်မှာ ထားခဲ့မှာလဲ။
လင်းဖန်ရင်းက ပြန်ဖြေမလို့ လုပ်နေတုန်း၊ ထုန်ယောင်က အရင်ဦးအောင် ပြောလိုက်တယ်။ "ဒါက ကျွန်မ မတ်လေးရဲ့ ကလေးလေ။ ယောက္ခမကြီးက ကလေးရဲ့ မိဘတွေ အလစ်မှာ လီစီးတီးကနေ တိတ်တိတ်လေး ခေါ်လာတာ။ အဲဒါကြောင့် ဘာမှလည်း ပြင်ဆင်မလာဘူးလေ" လင်းဖန်ရင်း မျက်နှာပူမှာကို ဂရုမစိုက်တော့ဘဲ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်တယ်။
ဝမ်ရှားက လင်းဖန်ရင်းကို အံ့သြတကြီး ကြည့်လိုက်တော့ လင်းဖန်ရင်း မျက်နှာတွေ ရှက်သွေးဖြာသွားတယ်။ သူ ရှင်းပြချင်ပေမယ့် ဘယ်လို ရှင်းပြရမှန်း မသိဘူး ဖြစ်နေတယ်။
သူကိုယ်တိုင်ကလည်း မိခင်တစ်ယောက် ဖြစ်နေတော့ ကိုယ့်ကလေးကို တိတ်တိတ်လေး ခေါ်သွားခံရတဲ့ ခံစားချက်ကို ဝမ်ရှား ကောင်းကောင်း သိတာပေါ့။ အဲဒါကြောင့် လင်းဖန်ရင်းကို သူ နောက်တစ်ခါ ထပ်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့အကြည့်တွေက သိပ်ပြီး ရင်းနှီးတဲ့ပုံ မပေါ်တော့ဘူး။
"ဒီလောက် အေးခဲနေတဲ့ ရာသီဥတုကြီးမှာ၊ ကလေးက ရထားကို အကြာကြီး စီးလာရပြီး တစ်နေ့လုံး ဗိုက်ဆာနေတာ၊ ပြီးတော့ အဝတ်အစားတွေလည်း စိုရွှဲနေတယ်။ ကလေး နေမကောင်း ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ထုန်ယောင်က ပြန်ဖြေတယ်။ "မတ်လေးတို့ကို ကလေးလာခေါ်ဖို့ ကျွန်မ ဖုန်းဆက်ပြီးသွားပြီ"
"ဘာ" ဒါကို ကြားတော့ လင်းဖန်ရင်းက ရုတ်တရက် ပြာယာခတ်သွားတယ်။ သူက ကမန်းကတန်း ပြောတယ်။ "ယောင်ယောင်... ငါ ထွက်လာတုန်းက ကလေးကို ဒီမှာ လဝက်လောက် ခေါ်ထားပြီးမှ ပြန်ပို့ပေးမယ်ဆိုပြီး သူတို့ကို စာရေးထားခဲ့တာလေ။ ဘာလို့ သူတို့ကို လာခိုင်းရတာလဲ"
ထုန်ယောင် ကလေးနဲ့ အချိန်နည်းနည်းလောက် အတူရှိနေစေချင်လို့ သူက ဒီလောက်အထိ ဒုက္ခခံပြီး ခေါ်လာခဲ့ရတာကို။ အခု ကလေးကို ပြန်ခေါ်သွားမယ် ဆိုရင် သူ့ရဲ့ ကြိုးစားအားထုတ်မှု အလဟဿ ဖြစ်သွားမှာပေါ့။
ထုန်ယောင် ပြန်မပြောရသေးခင်မှာပဲ ဝမ်ရှားက ဝင်ပြောလိုက်တယ်။ "အန်တီ... အန်တီ ပြောတာ မမှန်ဘူးလေ။ ဘယ်သူမှ မသိအောင် ကလေးကို ခေါ်လာကတည်းက အန်တီ မှားနေပြီကို၊ အခု မိဘတွေ ကလေးလာခေါ်တာကိုတောင် ခွင့်မပြုဘူးတဲ့လား။ ကလေးက မိခင်နို့ သောက်ဖို့ လိုသေးတာ၊ သူ့အမေနဲ့ လဝက်လောက် ခွဲထားလိုက်ရင် သူ့အမေ နို့ခန်းသွားနိုင်တယ်"
သူ့ယောက္ခမသာ ဆိုရင်တော့ သူ ရန်တောင် စဖြစ်နေလောက်ပြီ။
"မင်းတို့ လူငယ်တွေက နားမလည်ပါဘူး၊ ကလေးကို ဒီခေါ်လာတာ အကြောင်းပြချက် ရှိလို့ပါ" ကိုယ့်ထက် ငယ်တဲ့သူ ဆီကနေ ဆုံးမခံလိုက်ရတာက လင်းဖန်ရင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေပြီး သူ နည်းနည်း စိတ်ဆိုးသွားတဲ့ပုံပဲ။
ဝမ်ရှားက ပြန်ပြောတယ်။ "ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ၊ အသက် တစ်လလောက်ပဲ ရှိသေးတဲ့ ကလေးကို မိခင်နဲ့ ခွဲထားလို့ မရဘူးလေ။ ကျွန်မ ယောက္ခမသာ ကျွန်မသားကို တိတ်တိတ်လေး ခေါ်သွားမယ် ဆိုရင် ဓားဆွဲပြီး သူ့ကို ရန်သွားတွေ့မှာ။ အသက် တစ်လလောက်ပဲ ရှိသေးတဲ့ ကလေးကို ရထားပေါ် ခေါ်လာပြီး ဒီလောက် အဝေးကြီး ခရီးထွက်လာတာ။ လမ်းမှာ လူကုန်ကူးတဲ့သူနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
ကြည့်စမ်း။ ကလေးလေးက ဖောင်းဖောင်းအစ်အစ်နဲ့ တအား ချစ်ဖို့ကောင်းတာ၊ တစ်ယောက်ယောက်များ ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ။ ကလေးမိဘတွေတော့ အသက်တစ်ဝက်လောက် သေသွားမှာပဲ။ ဒီယောက္ခမကြီး ကြည့်ရတာ အနေအထိုင် ရိုးသားပေမယ့် သိပ်တော့ အကျိုးအကြောင်း နားလည်ပုံမပေါ်ဘူး။
လင်းဖန်ရင်းက ရှက်လွန်းလို့ မျက်နှာတွေ နီရဲနေတယ်။ အစကတော့ အပြင်လူတွေ ရှေ့မှာ ဒီကိစ္စတွေကို သူ ပြောပြဖို့ မရည်ရွယ်ထားဘူး။ ဒါပေမဲ့ ထုန်ယောင်က ကျေးဇူးမတင်တဲ့အပြင် လီကျွမ်းကို ကလေး ပြန်ခေါ်သွားခိုင်းဖို့ အတင်းလုပ်နေတော့ အမှန်အတိုင်း ပြောဖို့ သူ ဆုံးဖြတ်လိုက်တယ်။
"ငါက ချွေးမအငယ်ရဲ့ ကလေးကို ခေါ်လာတာ ချွေးမအကြီးအတွက်လေ၊ ဟုတ်တယ် မဟုတ်လား" လင်းဖန်ရင်းက ထုန်ယောင်ကို ကြည့်လိုက်တယ်။ သူ့လေသံက တိုးညင်းပေမယ့် သူ့စကားတွေကတော့ ပြင်းထန်တယ်။ "ယောင်ယောင်... ဒေါသမထွက်နဲ့နော်၊ အမှန်အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ညည်းနဲ့ ရှောင်ချန်တို့ လက်ထပ်ထားတာ တစ်နှစ်၊ နှစ်နှစ်လောက် ရှိနေပြီ။ ညည်းထက် နောက်ကျမှ လက်ထပ်တဲ့ လီကျွမ်းတောင် ကလေးမွေးပြီးနေပြီ၊ ညည်းဆီမှာ အရိပ်အယောင်လေးတောင် မပြသေးဘူး။ ငါက ရိုးရာဆေးနည်းတွေ ပို့ပေးတော့လည်း ညည်းက မသောက်ဘူး။ ဒီတော့ ကလေးယူဖို့ အတိတ်နိမိတ်လေး ရသွားအောင် ညည်းတူလေးကို ဒီကို ခေါ်လာတာကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ။ ညည်းသာ ကိုယ်ဝန်ရှိသွားရင် ငါ ဒီလောက်တောင် အပင်ပန်းခံစရာ မလိုတော့ဘူးပေါ့"
"..."
ဝမ်ရှားက လင်းဖန်ရင်းရဲ့ စကားတွေကြောင့် အံ့သြသွားတယ်။ ဒီအကြောင်းပြချက်ကြောင့် မြေးဖြစ်သူကို ဒီအထိ ဒုက္ခခံပြီး ခေါ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဘုရားရေ။
ထူးဆန်းလိုက်တဲ့ ယောက္ခမပဲ။
ကိုယ့်သားက ဆရာဝန် ဖြစ်နေရက်နဲ့ ဆေးပညာကို မယုံကြည်ဘဲ ဒီလို ထူးဆန်းတဲ့ အယူသီးမှုတွေကို ယုံကြည်နေတာတဲ့လေ။
ထုန်ယောင်က နှာမှုတ်လိုက်တယ်။ "အမေ... ကလေးရဖို့ဆိုတာ ကျွန်မ တစ်ယောက်တည်း တာဝန်မှ မဟုတ်တာ။ ပြီးတော့ ရှောင်ချန်က ဆရာဝန်လေ၊ တို့တွေဆီမှာ ပြဿနာ တစ်ခုခုရှိရင် ဆေးရုံမှာ သွားစစ်ဆေးမှာပေါ့။ အားလုံး အဆင်ပြေနေရင် အချိန်တန် ကလေးရလာမှာပါပဲ။ အခု အမေ ဘာတွေ လာလုပ်နေတာလဲ"
လင်းဖန်ရင်း ပြန်မပြောရသေးခင်မှာပဲ သူက ဆက်ပြောတယ်။ "ရှောင်ချန်နဲ့ ကျွန်မက အမေ့အပေါ် မကောင်းလို့လား။ အမေ့မှာ စားစရာ မလိုသလို ပိုက်ဆံလည်း မလိုဘူးလေ။ အိမ်မှာ အေးအေးဆေးဆေး အနားယူပြီး မနေနိုင်ဘူးလား။ ဘာလို့ ပြဿနာတွေ လိုက်ရှာပြီး လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေရတာလဲ"
ထုန်ယောင်ရဲ့ ဝေဖန်မှုကို ခံလိုက်ရတော့ လင်းဖန်ရင်း ဘာပြောရမှန်း မသိဖြစ်သွားတယ်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မျက်ရည်တွေဝဲကာ သူက ပြန်ပြောတယ်။ "ကောင်းပြီ၊ ကောင်းပြီ... ငါ့အမှားပါ။ ငါက ဒီလောက် ဝင်မပါသင့်ဘူး။ နင်တို့ကို စိုးရိမ်ပေးတာတောင် ငါက အပြစ်ရှိတဲ့သူ ဖြစ်နေပြီပဲ။ ငါ့အမှားပါ။ သားသမီးတွေ အများကြီး မမွေးခဲ့သင့်ဘူး"
ဒီစကားတွေကို ပြောပြီးတာနဲ့ သူက မျက်ရည်တွေကို သုတ်ပြီး ရေချိုးခန်းထဲကို တန်းဝင်သွားတယ်။
ဝမ်ရှားက ဒီလို ကူညီပေးလိုက်တာကနေ ဒေါက်တာဆစ် အိမ်ရဲ့ မိသားစု အတင်းအဖျင်းတွေကို ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ထုန်ယောင်ကို အပေါ်ယံကြည့်ရင် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေရတယ်လို့ ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ မြင်ရတာထက် ပိုရှုပ်ထွေးနေတာပဲ လို့ သူ တွေးလိုက်တယ်။
အခု ထုန်ယောင်နဲ့ သူ့ယောက္ခမက စကားများထားတာဆိုတော့၊ ဝမ်ရှားလည်း ဘာမှ ဆက်မပြောချင်တော့ဘူး။ ကလေး ဗိုက်ဝပြီး အိပ်ပျော်သွားတော့ သူက ခြောက်သွေ့တဲ့ အဝတ်အစားတွေနဲ့ သေးခံအသစ် တစ်ခုကို ကျွမ်းကျင်စွာ လဲပေးလိုက်တယ်။ ထုန်ယောင်ကို ပန်းကန်လုံး အလွတ်တစ်လုံး ယူလာခိုင်းပြီး အဲဒီထဲကို မိခင်နို့တွေ ညှစ်ထည့်ပေးလိုက်တယ်။
"ညဘက် သူ ဗိုက်ဆာရင် ဒါလေး နွှေးပြီး တိုက်လိုက်ပါ။ မနက်ကျရင် သူ့ကို နို့တိုက်ဖို့ ကျွန်မ အောက်ဆင်းလာခဲ့ပါ့မယ်။ ကျွန်မမှာ နို့အများကြီး ထွက်တော့ ကလေးနှစ်ယောက် တိုက်ရတာ ပြဿနာ မရှိပါဘူး"
ထုန်ယောင်က ဝမ်ရှားကို အများကြီး ကျေးဇူးတင်စကား ပြောပြီး တံခါးဝအထိ လိုက်ပို့ပေးတယ်။ လင်းဖန်ရင်း အပြင်ထွက်မလာသေးတာကို မြင်တော့ ဝမ်ရှားက ထုန်ယောင်ကို ဘေးဆွဲခေါ်ပြီး တိုးတိုးလေး ပြောတယ်။ "နင့်ယောက္ခမက အကြံအစည် ကြီးမယ့်ပုံပဲ။ ဒေါက်တာဆစ် ပြန်လာရင် သူ သွားတိုင်လိမ့်မယ်။ နင် သတိထားနေတာ ပိုကောင်းမယ်၊ နင်တို့နှစ်ယောက်ကြားမှာ သူ ပြဿနာ လာရှာခွင့် မပေးနဲ့နော်"
အရင်က လင်းဖန်ရင်းနဲ့ အဆက်အသွယ် မရှိခဲ့ဘူး ဆိုပေမယ့်၊ သူ့လုပ်ရပ်တွေကို ကြည့်ပြီးတော့ သူက ယောက္ခမကောင်း တစ်ယောက် မဟုတ်ဘူးဆိုတာကို ဝမ်ရှား ယုံကြည်သွားတယ်။
ဆစ်ချန်နဲ့ ထုန်ယောင်တို့က ပုံမှန်ဆို အရမ်း ချစ်ခင်ကြတာလေ။ ယောက္ခမရဲ့ သွေးထိုးမှုကြောင့် သူတို့ ဆက်ဆံရေး ပျက်စီးသွားရင် တကယ့်ကို နှမြောစရာပဲ။
အပိုင်း ( ၃၈၄ ) ပြီးဆုံး
***