အပိုင်း ( ၃၈၆ )
လင်းမန် ပြောပြလိုက်တာ မဟုတ်လား
*
ထုန်ယောင်က လင်းဖန်ရင်း မျက်လုံးထဲမှာ ပြည့်နှက်နေတဲ့ အမုန်းတရားတွေကို မလွတ်တမ်း မြင်လိုက်တယ်။ သူမ နည်းနည်းတော့ နားမလည်နိုင် ဖြစ်သွားတယ်။ သူ့ယောက္ခထီးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရတာလဲ။ သူ့ယောက္ခမက ဘယ်သူ့ထက်မဆို ပိုသိနေတာကို၊ အခုတော့ တခြားလူတွေအပေါ် အပြစ်ပုံချနေတယ်လေ။ သူ့ယောက္ခမက သူ့လိပ်ပြာ သူဘယ်လိုလုံအောင် နေနိုင်သလဲ မသိဘူး။
သူမက အတိတ်က ကိစ္စတွေကိုတောင် ပြန်ဆွဲထုတ်လာရဲသေးတယ်။
ဆစ်ချန်ကို မျက်နှာထောက်ပြီး ထုန်ယောင်က အတိတ်က အမှန်တရားတွေကို ဖွင့်မချခဲ့တာပါ။ ဒါပေမဲ့ သူမကလည်း အလွယ်တကူ အနိုင်ကျင့်ခံမယ့်သူ မဟုတ်ဘူးလေ။ သူက အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်တယ်။ "လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယောက္ခထီးက ကျွန်မ အဖေကို ကယ်ခဲ့တာ။ ကျွန်မတို့ တစ်မိသားစုလုံး ဒီကျေးဇူးကို မှတ်ထားပါတယ်။ မဟုတ်ရင် ကျွန်မ အဖေက ဆစ်မိသားစုကို ဒီလောက် ကူညီပေးမှာ မဟုတ်သလို၊ ကျွန်မကိုလည်း ပေးစားမှာ မဟုတ်ဘူး။ အတိတ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေ့မှာ မကျေနပ်ချက်တွေ ရှိနေသေးရင် အကုန် ပွင့်ပွင့်လင်းလင်းသာ ပြောချလိုက်ပါ။ တို့တွေ ထိုင်ပြီး သေချာ စကားပြောကြတာပေါ့။ ယောက္ခထီးက တကယ်တမ်း ဘယ်လို သေဆုံးသွားခဲ့တာလဲ ဆိုတာကို ကျွန်မ တော်တော်လေး သိချင်နေတာ။ သူ့ဒဏ်ရာတွေက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ မပြင်းထန်ဘူးလို့ ကျွန်မ အဖေ တစ်ခါက ပြောဖူးတယ်"
ဒါဆို လင်းဖန်ရင်းက ပြဿနာ ကြီးကြီးကျယ်ကျယ် လုပ်ချင်နေတာပေါ့လေ။
လုပ်ချင်လည်း လုပ်ကြတာပေါ့။ လင်းဖန်ရင်းက အတိတ်က ကိစ္စတွေကို ဘယ်လို ရှင်းပြမလဲ ဆိုတာကို ထုန်ယောင် သိချင်နေတယ်။
လူငယ်တွေက လူကြီးတွေကို မျက်နှာထောက်ပြီး ဒီအကြောင်း မပြောဘဲ နေခဲ့ကြတာ။ ဒါပေမဲ့ ဒီအဘွားကြီးက အတိတ်ကို အသုံးချပြီး သူတို့ကို ပြန်တိုက်ခိုက်နေမှတော့ မျက်နှာထောက်ပေးနေတာက ဘာအကျိုးရှိတော့မှာလဲ။
ရိုးရိုးသားသား ပြောရရင် ယောက္ခထီးရဲ့ အတိတ်ကိုတောင် ထုတ်ပြောရဲတဲ့ လင်းဖန်ရင်းရဲ့ သတ္တိကို ထုန်ယောင် တော်တော်လေး အံ့သြသွားတယ်။
"..."
ထုန်ယောင်ရဲ့ ထက်မြက်တဲ့ တုံ့ပြန်မှုကို မမျှော်လင့်ထားတဲ့ လင်းဖန်ရင်းက ပါးစပ်လှုပ်ရုံသာ လှုပ်နိုင်ပြီး ဘာစကားမှ ပြန်မပြောနိုင်ဘူး ဖြစ်သွားတယ်။
သူမက မျက်ရည်တွေကို ခဏလောက် သုတ်နေပြီးမှ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ "သူလည်း သေသွားပြီပဲ၊ အတိတ်က အကြောင်းတွေ ပြန်ပြောနေလည်း ဘာမှ အကျိုးမရှိတော့ဘူး"
ပြောပြီးတာနဲ့ သူက ဧည့်ခန်းဘက်ကို ထွက်သွားပြီး တစ်ယောက်တည်း ထိုင်ကာ မျက်ရည်တွေကို တိတ်တိတ်လေး သုတ်နေတော့တယ်။ သူက တအားကို မတရား အနိုင်ကျင့်ခံထားရသလိုမျိုး ပြောမပြတတ်အောင် သနားစရာကောင်းတဲ့ ပုံစံဖမ်းနေတာ။ ဒါပေမဲ့ ထုန်ယောင်က သူ့ရဲ့ ဟန်ဆောင်မှုတွေကို လုံးဝ မယုံကြည်သလို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။
ရိုးရိုးလေး တွေးကြည့်ရင်၊ လင်းဖန်ရင်းက ထုန်ယောင်ရဲ့ အမေအရင်းမှ မဟုတ်တာ။ သံယောဇဉ် တွယ်လောက်တဲ့အထိလည်း သူတို့ အတူတူ နေခဲ့ကြတာ မဟုတ်ဘူးလေ။ ဆစ်ချန်သာ မရှိရင် လင်းဖန်ရင်းဆိုတာ သူ့အတွက် သူစိမ်း တစ်ယောက်ပဲ။
အဲဒါတောင်မှ လွဲမှားတဲ့ အမြင်တွေ ရှိနေတဲ့ သူစိမ်း တစ်ယောက်ပေါ့။
လင်းဖန်ရင်းသာ ပြဿနာ မရှာဘဲ အေးအေးဆေးဆေး နေမယ်ဆိုရင်၊ ထုန်ယောင်ကလည်း လိမ္မာတဲ့ ချွေးမ တစ်ယောက်လို ဟန်ဆောင်ပြီး သူ့ကို အေးချမ်းတဲ့ ဘဝလေးမှာ ထားထားဖို့ ဝမ်းသာမှာပါ။ ဒါပေမဲ့ လင်းဖန်ရင်းက အခြေအနေတွေ ငြိမ်သက်နေတိုင်း ပြဿနာ လိုက်ရှာနေမယ် ဆိုရင်တော့၊ ထုန်ယောင်လည်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ရတာ အပြစ်ရှိတယ်လို့ ခံစားနေမှာ မဟုတ်ဘူး။
အလုပ်က ပြန်ရောက်လာတော့ ဆစ်ချန်က မျက်ရည်တွေနဲ့ မို့အစ်နေတဲ့ လင်းဖန်ရင်းရဲ့ မျက်လုံးတွေကို မြင်လိုက်ရတယ်။ သူ့ကို မြင်လိုက်တာနဲ့ သူက မျက်ရည်တွေကို အမြန်သုတ်ပြီး၊ ငိုနေတာထက်တောင် ပိုကြည့်ရဆိုးတဲ့ အပြုံးတစ်ခုကို အတင်း ဖန်တီးပြုံးပြလိုက်တယ်။
"ရှောင်ချန်... ပြန်ရောက်ပြီလား"
မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး၊ ဆစ်ချန်က တံခါးကို ပိတ်ကာ မေးလိုက်တယ်။ "အမေ ဒီမှာ ဘာလာလုပ်တာလဲ"
"ဒီနေ့ နေ့လယ်ကမှ ရောက်တာလေ" လင်းဖန်ရင်းက ထိုင်ရာကထပြီး မီးဖိုချောင်ဘက် လျှောက်သွားတယ်။ "ထမင်းမစားရသေးဘူး မလား။ အမေ တစ်ခုခု ချက်ပေးမယ်လေ။ အမေလည်း တစ်နေ့လုံး ဘာမှမစားရသေးလို့ ဗိုက်တွေ အရမ်းဆာနေပြီ"
ဆစ်ချန်က ဘာခံစားချက်မှ မရှိတဲ့ မျက်နှာထားနဲ့ ပြန်ပြောတယ်။ "အမေ့ဘာသာပဲ ချက်စားလိုက်ပါ။ ကျွန်တော် ဗိုက်မဆာဘူး" ပြီးတော့ သူက သူ့အခန်းထဲကို ဝင်သွားတယ်။
သားဖြစ်သူရဲ့ အေးစက်စက် အမူအရာကို မြင်တော့ လင်းဖန်ရင်း ရင်ထဲမှာ စူးနင့်သွားအောင် ဝမ်းနည်းသွားတယ်။ သူက တစ်နေ့လုံး ဘာမှမစားဘဲ ခရီးသွားလာခဲ့ရတာ အခုထိ ဗိုက်ဆာနေတုန်းပဲ။ အဲဒါကို ထုန်ယောင်က ထမင်းစားပြီးပြီလား ဆိုတာကိုတောင် မမေးဘဲ၊ လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုး လုပ်နေတာ။ ပိုဆိုးတာက သူ့သားအရင်းကတောင် သူ့ကို နည်းနည်းလေးမှ ဂရုမစိုက်တာကို တွေ့လိုက်ရတာပဲ။
သားယောကျ်ားလေးတွေက အိမ်ထောင်ကျသွားရင် မိန်းမဘက် ပါသွားပြီး အမေကို မေ့သွားတတ်ကြတယ်လို့ လူတွေ ပြောကြတာပဲ။ သူ့သားက အဲဒီလို လူမျိုး မဟုတ်ဘူးလို့ သူ အမြဲတမ်း ထင်ထားခဲ့တာ၊ တကယ်တမ်းကျတော့ ပိုတောင် သွေးအေးသေးတယ်။
စိတ်မကောင်း ဖြစ်သွားလို့ လင်းဖန်ရင်းလည်း ရုတ်တရက် အစားစားချင်စိတ် ပျောက်သွားတယ်။ သူက ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်ပြီး ရှိုက်ငိုချင်တာကို အောင့်ထားလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမဆီက တိုးညင်းတဲ့ ရှိုက်သံလေး ထွက်ပေါ်လာတယ်။
ထုန်ယောင်က အခန်းကို ရှင်းလင်းနေတာ။ ဆစ်ချန် ပြန်ရောက်လာမှန်း သိပေမယ့် သူက နည်းနည်း စိတ်ကောက်နေတာကြောင့် မမြင်ယောင်ဆောင်နေလိုက်တယ်။ သူက အဝတ်အစားတွေ ခေါက်ရင်း အလုပ်ရှုပ်ဟန် ဆောင်နေတယ်။ ဆစ်ချန်ရဲ့ အကြည့်က အစက ထုန်ယောင်ဆီ ကျရောက်သွားပေမယ့်၊ မျက်လုံးထောင့်ကနေ ကုတင်ပေါ်က ကလေးကို မြင်လိုက်ရတော့ သူ ချက်ချင်း အာရုံပြောင်းသွားတယ်။
ဒါကို သတိထားမိတော့ ထုန်ယောင်က လှောင်ပြုံးပြုံးပြီး ခနဲ့တဲ့တဲ့ လေသံနဲ့ ပြောလိုက်တယ်။ "ဒါ ရှင့်တူလေးလေ။ ဘယ်လို ထူးဆန်းတဲ့ အကြောင်းပြချက်နဲ့လဲ မသိဘူး၊ ကလေးတွေနဲ့ နီးနီးကပ်ကပ် နေရင် ကံကောင်းတယ်လို့ အမေက ကြားလာပြီး ယွမ်ယွမ်ကို ဒီကို တိတ်တိတ်လေး ခေါ်လာတာ။ လီကျွမ်းနဲ့ ဘိုရီတို့ကတော့ ရူးတော့မတတ်ပဲ။ မနက်ဖြန် မနက်လောက်ဆို သူတို့ ကျိုတိုကို ရောက်လာလောက်ပြီ။ သူတို့ ကလေးကို ပြန်မခေါ်သွားခင် သေချာ ကြည့်ထားလိုက်ဦး။ ဘယ်သိမလဲ... ရှင် ကံကောင်းပြီး နောက်နှစ်ကျရင် သားလေး တစ်ယောက်တောင် ရလာနိုင်တယ်လေ။ ရှင့်အတွက်နဲ့ ယွမ်ယွမ်လေး ခမျာ တော်တော်လေး ဒုက္ခရောက်ရှာတယ်။ တစ်နေ့လုံး ဗိုက်ဆာနေရတဲ့အပြင် သေးတွေ စိုရွှဲနေတဲ့ အဝတ်အစားတွေနဲ့ ခရီးသွားလာခဲ့ရတာ။ အမေ့ရဲ့ စေတနာတွေကို ရှင် အလဟဿ အဖြစ်ခံလို့ မရဘူးနော်"
ထုန်ယောင်က အခြားကမ္ဘာကနေ ကူးပြောင်းလာသူ ဖြစ်ပေမယ့်၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ အယူသီးမှုတွေကို သူ မယုံကြည်ဘူး။ ကလေးကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီဘဝမှာ ကလေးမရှိလည်း သူ လက်ခံနိုင်ပါတယ်။ အဲဒီအတွက် ဆစ်ချန်က သူ့ကို ရွံရှာသွားမယ် ဆိုရင်လည်း၊ ကွာရှင်းပြီး သူ့အတွက် ကလေးမွေးပေးနိုင်မယ့် တခြား တစ်ယောက်ကို ရှာလို့ရတာပဲလေ။
ဆစ်ချန်နဲ့ ကလေးမရနိုင်လို့ ဆိုပြီး သူမကိုယ်သူမ တန်ဖိုးမဲ့တယ်လို့ လုံးဝ ခံစားမှာ မဟုတ်ဘူး။ တခြားလူတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုတွေ၊ တောင်းဆိုမှုတွေ အောက်မှာ သူမ အသက်ရှူကျပ် မခံနိုင်ဘူး။ သူ့အပေါ် ယောက္ခမ အာဏာပြဖို့ ကြိုးစားနေတဲ့ လင်းဖန်ရင်းရဲ့ လုပ်ရပ်ကတော့ သေချာပေါက် ကျရှုံးမှာပါပဲ။
"ယောင်ယောင်... ငါ ဒါတွေအကုန်လုံးကို ညည်းအတွက် လုပ်ပေးနေတာပါ။ လီကျွမ်းနဲ့ ဘိုရီတို့က နားမလည်ဘူးဆိုရင်တောင် နားလည်ပေးလို့ ရသေးတယ်။ ဒါပေမဲ့ ညည်းကတော့ ဒီလို ကျေးဇူးကန်းတဲ့ စကားမျိုးတွေ မပြောသင့်ဘူးလေ။ ငါလုပ်သမျှ အရာအားလုံးက ညည်းနဲ့ ရှောင်ချန်တို့ ကောင်းကျိုးအတွက်ချည်းပဲလေ။ ညည်းတို့နှစ်ယောက်သာ လီကျွမ်းတို့လို လက်ထပ်ပြီးတာနဲ့ ကလေးချက်ချင်း ရခဲ့ရင် ငါ ဒီလောက်ထိ အပင်ပန်းခံနေစရာ မလိုဘူးပေါ့။ ငါက ကိုယ့်အတွက်ကိုယ် လုပ်နေတာလို့များ မှတ်နေသလား။ ငါလုပ်သမျှ အကုန်လုံးက ညည်းတို့ ကောင်းဖို့အတွက်ချည်းပါပဲ"
လင်းဖန်ရင်းက ဘယ်လိုလုပ် တံခါးဝကို ရောက်လာမှန်း မသိဘူး။ ထုန်ယောင်ရဲ့ စကားတွေကို ကြားလိုက်ရတော့ သူက ရုတ်တရက် အော်ငိုလိုက်ပြီး၊ ရင်ဘတ်ကို ထုကာ ထုန်ယောင်ကို ကျေးဇူးကန်းတဲ့သူလို့ စွပ်စွဲတော့တယ်။
သူ့သားအကြီးဆုံးက ချမ်းသာတဲ့ ထုန်မိသားစုနဲ့ လက်ထပ်ထားတာ ဆိုပေမယ့်၊ သူကိုယ်တိုင်လည်း နာမည်တစ်ခု ရထားပြီး ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘယ်သူ့အောက်မှ မနိမ့်ကျဘူးလေ။ ကျိုတိုက ဆေးရုံကြီးဆိုတာ လိုင်စင်ရှိရုံနဲ့ ဆရာဝန်တိုင်း ဝင်လုပ်လို့ရတဲ့ နေရာမျိုးမှ မဟုတ်တာ။ ဒါ့အပြင် သူ့သားက ဘွဲ့လွန်တောင် တက်ခွင့်ရထားတာလေ။ သူတို့ မိသားစုက ထုန်မိသားစုလောက် မချမ်းသာဘူး ဆိုပေမယ့်လည်း သူ့သားက ထုန်ယောင်ထက် ပိုပြီး အောင်မြင်နေတာပဲ။
ထုန်ယောင်က လက်ထပ်ထားတာ နှစ်နှစ်ရှိနေပြီကို ကလေးမရသေးဘူး။ သူမက ဘယ်လိုလုပ် ခေါင်းမော့ပြီး နေရဲသေးတာလဲ မသိဘူး။
ယောက္ခမနဲ့ လူကြီးသူမတွေအပေါ် ထားရမယ့် အခြေခံ လေးစားမှုလေးတောင် မရှိတဲ့ သူ့ကို၊ ရှေးခေတ်ကဆိုရင် ယောက္ခမအိမ်က ကွာရှင်းလွှတ်လိုက်တာ ကြာလောက်ပြီ။
ထုန်ယောင်က လှောင်ပြုံးပြုံးလိုက်တယ်။ "အကုန်လုံးကို ကျွန်မတို့အတွက် လုပ်ပေးနေတာလို့ ထပ်တလဲလဲ ပြောမနေပါနဲ့။ ကျွန်မ နားမထောင်နိုင်ဘူး။ ရှင့်သားက ကလေးကို ပြုစုနိုင်မယ် ထင်ရင်လည်း ရှင့်သားအတွက် ကလေးကို ဒီမှာပဲ ထားခဲ့လိုက်။ ကျွန်မ မိဘအိမ်ပဲ ပြန်နေလိုက်မယ်။ အမေ လုပ်ချင်တာကိုသာ ဆက်လုပ်ပါတော့"
ထုန်ယောင်က သူ့မိဘအိမ် နီးနေလို့ ဒီလောက် ရဲတင်းနေတာပါ။ ဒါ့အပြင် လင်းဖန်ရင်းရဲ့ လုပ်ရပ်တွေကို သူမ မိဘတွေသာ သိသွားရင် သူမဘက်ကနေ သေချာပေါက် ရပ်တည်ပေးမယ်ဆိုတာ သူမ သေချာ သိနေလို့လေ။
မျက်ရည်တွေကို သုတ်ရင်း လင်းဖန်ရင်းက ဆင်ခြေပေးတယ်။ "ညည်းမိဘတွေ ဒီမှာ ရှိနေရင်တောင်မှ၊ မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပေးမှာပဲလေ။ ငါ ဒါတွေအားလုံးကို ညည်းအတွက် လုပ်ပေးနေတာဆိုတာ သူတို့ သိမှာပါ..."
သူမ စကားမဆုံးခင်မှာပဲ၊ ဆစ်ချန်က တင်းမာတဲ့ လေသံနဲ့ ဖြတ်ပြောလိုက်တယ်။ "ကလေးမရတဲ့ ပြဿနာက ထုန်ယောင်ဆီမှာ မဟုတ်ဘူး ကျွန်တော့်ဆီမှာပါလို့ အရင်ကတည်းက ကျွန်တော် ပြောထားပြီးသားလေ။ ကျွန်တော် အခုလောလောဆယ် ကလေး မယူချင်သေးဘူး။ ကျွန်တော်တို့ ဘဝတွေထဲကို ဝင်မစွက်ဖက်ပါနဲ့တော့"
သားဖြစ်သူက ထုန်ယောင်ဘက်ကနေ ကာကွယ်ပေးနေတာကို မြင်တော့ လင်းဖန်ရင်း ဒေါသထွက်သွားပြီး ပြန်ပက်တော့တယ်။ "ကလေးကိစ္စ ပြဿနာက တကယ်ပဲ မင်းဆီမှာဆိုရင်၊ သူက ဘာလို့ ဆေးရုံ သွားပြနေရတာလဲ။ မင်းတို့နှစ်ယောက်က ငါ့ကို ဖုံးကွယ်ထားလို့ ရမယ် ထင်နေတာလား၊ ဒါပေမဲ့ ငါ အကုန်သိတယ်။ ပြဿနာက ထုန်ယောင်ဆီမှာ ရှိနေတယ်ဆိုတာ ငါသိတယ်။ သူ ဝမ်ယွန်းနဲ့ အတူတူ ပထမဆေးရုံကိုတောင် သွားပြီး ဆေးစစ်သေးတာလေ"
ဒီစကားတွေကို ကြားတော့ ဆစ်ချန်က မျက်မှောင်ကြုတ်သွားပြီး ထုန်ယောင်ကို တစ်ချက် ကြည့်လိုက်တယ်။
ဆစ်ချန်ရဲ့ အကြည့်အောက်မှာ ထုန်ယောင် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရပေမယ့်၊ လင်းဖန်ရင်း ရှေ့မှာတော့ သူမက တည်ငြိမ်တဲ့ ပုံစံကို ဆက်ထိန်းထားလိုက်တယ်။
"လင်းမန် ပြောပြလိုက်တာ မဟုတ်လား" ထုန်ယောင်က ဆက်ပြီး ဖုံးကွယ်မထားဖို့ ဆုံးဖြတ်လိုက်တယ်။ "ကျွန်မက သွားပြီး ဆေးစစ်ရုံသက်သက်ပါ၊ ကျွန်မ ကျန်းမာရေးက အကောင်းကြီးပါ ဘာပြဿနာမှ မရှိဘူးဆိုတာကိုရော သူ ပြောပြသေးရဲ့လားပဲ"
အပိုင်း ( ၃၈၆ ) ပြီးဆုံး
***