အပိုင်း ( ၃၈၇ )
လျိုချင်း မျက်စိကျနေခြင်း
*
လင်းဖန်ရင်းက စကားပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် ရုတ်တရက် တိတ်ကျသွားတယ်။ တကယ်တော့ ထုန်ယောင် ဆေးခန်းသွားပြတဲ့ အကြောင်းကို လင်းမန်က သူ့ကို ပြောပြခဲ့တာ မှန်ပေမယ့်၊ ဆေးစစ်ချက် အဖြေကိုတော့ မပြောပြခဲ့ဘူးလေ။ ဒါကြောင့် ထုန်ယောင်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခုရှိနေလို့ သူ့သားမသိအောင် တိတ်တိတ်လေး ဆေးသွားစစ်တာ ဖြစ်ရမယ်လို့ သူက သူ့ဘာသာ တွေးထင်နေခဲ့တာ။
ဒါပေမဲ့ ထုန်ယောင် ပြောသလိုသာဆိုရင်၊ ပြဿနာရှိနေတာက ရှောင်ချန် ဖြစ်မနေဘူးလား။
အဲဒီအချိန်မှာ လင်းဖန်ရင်းရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေနဲ့ အပြစ်ရှိသလို ခံစားနေရတဲ့ အမူအရာတွေ အထင်းသား ပေါ်လွင်နေတယ်။ ပြဿနာက ထုန်ယောင်ဆီမှာပဲ ရှိတယ်လို့ သူ အမြဲတမ်း ယုံကြည်ထားခဲ့တာ၊ သူ့သားအရင်းမှာ ကျန်းမာရေး ပြဿနာ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဆရာဝန် တစ်ယောက်ဖြစ်တဲ့ သူ့သားမှာ ကျန်းမာရေး ပြဿနာ ရှိနေနိုင်တယ် ဆိုတာကို သူ ကြိုမတွေးထားမိခဲ့ဘူး။ ဒါပေမဲ့ သူ ချက်ချင်းပဲ စိတ်ကို ပြန်စုစည်းလိုက်တယ်။ ဘယ်သူ့ဆီမှာပဲ ကျန်းမာရေး ပြဿနာ ရှိနေပါစေ၊ အခု သူက ဒီပြဿနာကို ဖြေရှင်းနိုင်အောင် ကူညီပေးနေတာ မဟုတ်ဘူးလား။
ဒါကို တွေးမိပြီး လင်းဖန်ရင်းက ဆို့နင့်နေတဲ့ လေသံနဲ့ ပြောတယ်။ "ဘယ်သူ့ဆီမှာပဲ ကျန်းမာရေး ပြဿနာ ရှိနေရှိနေ၊ ငါက ညည်းတို့ ကောင်းဖို့အတွက် ဒါတွေ အကုန်လုံးကို လုပ်ပေးနေတာ မဟုတ်ဘူးလား။ ငါ ငယ်ရွယ်ပြီး အားရှိနေတုန်း ညည်းတို့ ကလေးယူသင့်တယ်။ အဲဒါမှ ငါ ကူထိန်းပေးလို့ ရမှာပေါ့။ ညည်းတို့ နှစ်ယောက်လုံးက မျိုးရိုးဗီဇ ကောင်းတာပဲ၊ ကလေးတွေ အများကြီး မွေးသင့်တာပေါ့။ အဲဒါ ဘာများ မှားနေလို့လဲ"
အခု ကလေးယူဖို့ စီစဉ်နေကြပြီ ဆိုတော့၊ သူက ဆစ်ချန်ကို ဆရာဝန် ဆက်မလုပ်စေချင်တော့ဘူးလား။
ထုန်ယောင် ပြန်ပက်မလို့ လုပ်နေတုန်း ဆစ်ချန်က အရင်ဦးအောင် ဝင်ပြောလိုက်တယ်။ တင်းမာတဲ့ မျက်နှာထားနဲ့ သူက ပြတ်သားတဲ့ လေသံနဲ့ ပြောတယ်။ "ကျွန်တော်တို့ ကလေးတွေကို အမေ လာထိန်းပေးစရာ မလိုဘူးလို့ အရင်ကတည်းက ကျွန်တော် ပြောထားပြီးသားလေ။ အမေက မြေးတွေကို တကယ် ထိန်းချင်တယ် ဆိုရင်လည်း ဘိုရီ့ကလေးတွေကို သွားကူထိန်းပေးလို့ ရတာပဲ။ မထိန်းချင်ဘူး ဆိုရင်လည်း ရွာမှာပဲ အေးအေးဆေးဆေး နေပါ။ အထီးကျန်တယ်လို့ ခံစားရရင် ရွာမှာ အဖော်တစ်ယောက် ရှာလို့ရတာပဲ။ နောက်နှစ်အနည်းငယ် နေရင် အိမ်ကိုလည်း ပြင်ဆောက်ပေးမှာဆိုတော့၊ အမေ ရွာမှာနေရင်တောင် ဘာမှ ဆင်းရဲဒုက္ခ ရောက်မှာ မဟုတ်ဘူး။ အဲဒါကို အမေက ဘာတွေများ မကျေမနပ် ဖြစ်နေရသေးတာလဲ"
ဆစ်ချန်က လင်းဖန်ရင်းအပေါ် သံယောဇဉ် သိပ်မရှိဘူး ဆိုပေမယ့်၊ သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကိုတော့ ကျေပွန်အောင် လုပ်ပေးမှာပါ။ တစ်နှစ်ကို တစ်ခေါက်၊ နှစ်ခေါက်လောက်တော့ သူ အိမ်ပြန်သွားလိမ့်မယ်။ လင်းဖန်ရင်းသာ ရွာမှာ ရိုးရိုးတန်းတန်းနေပြီး အတိတ်က ကိစ္စတွေကို ပြန်မဆွသရွေ့၊ အဲဒါက သူ့ဘက်က အကြီးမားဆုံး အလျှော့ပေးမှုပဲ။
သားဖြစ်သူက ထုန်ယောင်ဘက်ကနေ ရပ်တည်ပြောဆိုနေတာကို ကြားတော့ လင်းဖန်ရင်း ရင်ထဲမှာ ခံစားချက်တွေ ပေါင်းစုံသွားတယ်။ သူ့သားက သူ့ကို ဂရုမစိုက်တော့ဘူး ဆိုတော့ ဒီနှစ်တွေ တစ်လျှောက်လုံး သားကို ကျွေးမွေးပြုစုလာခဲ့ရတာ အလကားပဲလို့ သူ ခံစားလိုက်ရတယ်။
အထူးသဖြင့် သားအကြီးဆုံးက သူ့ကို အပြင်မထွက်ဘဲ ရွာမှာပဲ နေဖို့ တောင်းဆိုလိုက်တဲ့ အချိန်မှာတော့၊ သူ ရှိုက်ကြီးတငင် ငိုချလိုက်ပြီး ဆို့နင့်နေတဲ့ အသံနဲ့ ဆူပူတော့တယ်။
"အခု နင်တို့က ကြီးပြင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေပြီ ဆိုတော့ ငါ့ကို အားကိုးစရာ မလိုတော့ဘူးလေ။ ငါက ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလို ဖြစ်နေလို့ နင်တို့က ငါ့ကို မုန်းနေကြပြီပေါ့။ နင်တို့ကို လာအနှောင့်အယှက် မပေးအောင် ငါ့ကို အဘိုးကြီး တစ်ယောက် ရှာယူခိုင်းနေတာ မဟုတ်လား။ နင်တို့က မြို့မှာ ဘဝကို ဇိမ်ကျကျ ဖြတ်သန်းပြီး၊ ငါ့ကိုတော့ ရွာမှာ တစ်သက်လုံး ပစ်ထားချင်ကြတာပေါ့။ ဒါက ငါ သားတွေကို ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ရတဲ့ အကျိုးကျေးဇူးလား။ ဒီလိုဖြစ်လာမယ်မှန်းသာ သိခဲ့ရင်၊ နင်တို့ မွေးကတည်းက ငါ သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်"
ပြန်တွေးကြည့်ရင်၊ ဒီနှစ်တွေ တစ်လျှောက်လုံး ဆင်းရဲဒုက္ခ မခံရအောင် ဘာကိုမှ ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကိုပဲ ရှာဖွေခဲ့သင့်တာ။
လင်းဖန်ရင်းက တစ်ခွန်းထက် တစ်ခွန်း အသံပိုကျယ်လာတာကို မြင်တော့၊ နောက်ဆုံး ထုန်ယောင်လည်း သည်းမခံနိုင်တော့ဘဲ ကိုက်ခဲနေတဲ့ နားထင်ကို ပွတ်လိုက်တယ်။
"အမေ စကားပြောလို့ ရပါတယ်၊ ဒါပေမဲ့ အသံကို ထပ်မကျယ်ပါနဲ့တော့။ ကလေးနိုးလာရင် ကျွန်မ ချော့ရတာ ခက်လိမ့်မယ်" လို့ သူက ပြောလိုက်တယ်။
လင်းဖန်ရင်း ဘယ်လောက်ပဲ အော်ဟစ်ဆဲဆိုနေပါစေ၊ သားအကြီးဆုံးကတော့ နည်းနည်းလေးမှ တုန်လှုပ်မသွားဘူး။ အခု ချွေးမဖြစ်သူက သားအရင်းရဲ့ ရှေ့မှာတင် သူ့ကို လာဆူနေတော့ လင်းဖန်ရင်းမှာ လှလှပပ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ သူက သွားကြိတ်ပြီး ပြောလိုက်တယ်။ "ကောင်းပြီလေ... ငါ သွားမယ်။ အခုချက်ချင်း ငါ ထွက်သွားမယ်"
ပြီးတာနဲ့ ခေါင်းမာတဲ့ နွားတစ်ကောင်လို တံခါးဝဘက်ကို ဆောင့်အောင့် ထွက်သွားတော့တယ်။ ထုန်ယောင်နဲ့ ဆစ်ချန်တို့က သူ့ကို တားလိမ့်မယ်လို့ သူ ထင်ခဲ့ပေမယ့်၊ နှစ်ယောက်လုံးက နည်းနည်းလေးတောင် မလှုပ်ကြဘူး။ အဲဒါကြောင့် လင်းဖန်ရင်းက မတတ်သာဘဲ ထွက်သွားရပြီး၊ အောက်ထပ် ဝင်းထဲရောက်တဲ့အထိ ပြေးဆင်းသွားကာ အဲဒီမှာပဲ ငိုနေတော့တယ်။
ထုန်ယောင်လည်း ဒေါသထွက်နေသလို လင်းဖန်ရင်းရဲ့ အော်ဟစ်သံတွေကြောင့်လည်း တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရတယ်။ ဒါတွေက ဘာတွေ ဖြစ်နေတာလဲ။
ဒီကို စရောက်ခါစကဆို ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောက္ခမနဲ့ တွေ့ပြီလို့ သူ ထင်ခဲ့တာ။ ဒါပေမဲ့ သူက အပြင်ပန်းသာ ကြည့်ကောင်းပြီး အခွံခွာလိုက်လေလေ အတွင်းမှာ ပိုပုပ်ဟောင်နေလေလေ ဖြစ်နေတဲ့ ကြက်သွန်နီပုပ်ကြီး တစ်လုံး ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
သူက ဆစ်ချန်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး "ရှင် ရှင့်အမေကို သွားမချော့တော့ဘူးလား" လို့ မေးလိုက်တယ်။
ဆစ်ချန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ပြန်ဖြေတယ်။ "သူ အခု ဒေါသထွက်နေတာ။ ကိုယ် သွားချော့လေ သူ ပိုပြီး ဒေါသထွက်လေပဲ ဖြစ်မှာ"
ဒီကိစ္စမှာ လင်းဖန်ရင်း မှားနေတာ အသိသာကြီးပဲလေ။ ကိုယ့်အမေ ဖြစ်နေလို့ ဆိုပြီး သူ့လုပ်ရပ်တွေကို အလိုလိုက်ပေးနေမှာ မဟုတ်ဘူး။ အဲဒီလို လုပ်လိုက်ရင် မိသားစု ပြဿနာတွေကို ပိုကြီးသွားစေရုံပဲ ရှိမှာ။
"ရှင် အကျိုးအကြောင်း နားလည်တာ တော်သေးတာပေါ့" ထုန်ယောင်ရဲ့ စိတ်အခြေအနေ နည်းနည်း ကောင်းသွားပြီး သူက ရှင်းပြတယ်။ "ပထမဆေးရုံမှာ ဆေးသွားစစ်တဲ့ အကြောင်းကို ရှင့်ကို မပြောပြခဲ့တာက ရှင့်ကို ဖိအားမပေးချင်လို့ပါ။ ပြဿနာက ကျွန်မဆီမှာ ဖြစ်နေမှာကိုလည်း ကြောက်လို့လေ။ အဖြေထွက်လာတော့လည်း ရှင့်ကို ပိုပြီး စိတ်ဖိစီးမှုတွေ ဖြစ်စေမှာ စိုးလို့ ကျွန်မ ဘာမှ မပြောဘဲ နေလိုက်တာ"
ဆစ်ချန် ကွယ်ရာမှာ ဆေးသွားစစ်ပြီး သူ့ကို မပြောပြတာက တကယ်တော့ မှားပါတယ်။ ဒါပေမဲ့ အကျိုးအကြောင်း နားလည်တဲ့ သူတိုင်းက ထုန်ယောင် ဘာလို့ ဒီလိုလုပ်ခဲ့လဲ ဆိုတာကို နားလည်ပေးနိုင်မှာပါ။ အဲဒါကြောင့် ဆစ်ချန် ဒေါသထွက်မှာကို သူ မစိုးရိမ်ခဲ့ဘူး။
တကယ်လည်း ဆစ်ချန်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါသမထွက်ခဲ့ပါဘူး။ သူက ထုန်ယောင်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောတယ်။ "ကိုယ့်မှာလည်း ဘာပြဿနာမှ မရှိပါဘူး။ ကလေးကိစ္စနဲ့ ပတ်သက်ရင်တော့ တို့တွေရဲ့ ဖူးစာ မရောက်သေးလို့ ဖြစ်မှာပါ။ အပြင်က ဖိအားတွေကြောင့် မင်း စိတ်ပူစရာ မလိုပါဘူး။ ဆေးပညာမှာလည်း လက်ထပ်ပြီး နှစ်အတော်ကြာမှ ကလေးရတဲ့ စုံတွဲတွေ အများကြီး ရှိတာပဲ။ အချိန်တန်ရင် တို့တွေဆီလည်း ကလေး ရောက်လာမှာပါ။ ကလေးမရရင်လည်း တို့နှစ်ယောက်တည်း အချိန်တွေကို ပိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတာပေါ့"
ထုန်ယောင်က သူ့ကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။ "ရှင်လည်း ဆေးသွားစစ်ခဲ့တာလား"
ဆစ်ချန်က ပြန်ဖြေတယ်။ "ကိုယ် အရင်က တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှု လုပ်ခဲ့ဖူးတယ်လေ"
ထုန်ယောင် - "..."
အချိန်တစ်လျှောက်လုံး သူတို့က တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေခဲ့ကြပြီး၊ တစ်ဖက်လူ စိတ်ဖိစီးသွားမှာကို ကြောက်လို့ နှစ်ယောက်စလုံးက မပြောဘဲ နေခဲ့ကြတာကိုး။
ထုန်ယောင် ဝမ်းသာသွားပေမယ့်၊ တစ်ဖက်မှာလည်း နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်သွားသေးတယ်။ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးကို လက်ညှိုးထိုးပြရင်း သူက ပြောတယ်။ "ကျွန်မက မလောပါဘူး၊ ဒါပေမဲ့ ရှင့်အမေက တကယ် စိုးရိမ်နေတာ။ ကြည့်လေ... သူက တူလေးကိုတောင် ဒီအထိ ခေါ်လာသေးတာ"
ဆစ်ချန်က ကုတင်ပေါ်က ကလေးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်။ "မနက်ဖြန် ဘိုရီ ရောက်လာတဲ့ အချိန်ကျမှ သေချာ စကားပြောကြတာပေါ့" ဘာအကြောင်း ပြောမလဲ ဆိုတာကိုတော့ သူ အတိအကျ မပြောဘူး။
ဒါပေမဲ့ ထုန်ယောင်ကတော့ ဘာအကြောင်းလဲ ဆိုတာကို ခန့်မှန်းမိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကလေးယူမယ့် ကိစ္စရယ်၊ လင်းဖန်ရင်းကို ရွာမှာပဲ ဆက်ထားမယ့် ကိစ္စရယ်ကို ဆစ်ချန်က တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောလိမ့်မယ်လို့ သူ တွက်ထားလိုက်တယ်။
သူတို့နှစ်ယောက် အခန်းထဲမှာ စကားပြောနေကြချိန်၊ ဘေးခန်းက လျိုချင်းလည်း နားထောင်နေခဲ့တယ်။ ထုန်ယောင်တို့ အခန်းထဲက ဆူညံသံတွေကို ကြားကတည်းက သူက သတိထားနေခဲ့တာ။ အခန်းထဲကနေ တစ်ယောက်ယောက် ငိုပြီး ပြေးထွက်သွားကာ အောက်ထပ်ကို ဆင်းသွားတာကို မြင်တော့ သူ တိတ်တိတ်လေး လိုက်သွားတယ်။ လင်းဖန်ရင်းကို အရင်က တွေ့ဖူးထားတော့ သူ ချက်ချင်း မှတ်မိလိုက်တယ်။
သူက အားပေးစကား အနည်းငယ်နဲ့ စတင်ပြောဆိုပြီးနောက်၊ စကားလမ်းကြောင်းကို ပါးနပ်စွာ လွှဲလိုက်တယ်။
"ကျွန်မက စကားပြော သိပ်မတတ်တော့ အန်တီ စိတ်ထဲ မထားပါနဲ့နော်။ အန်တီ့ချွေးမက နို့လက်ဖက်ရည်ဆိုင် အနည်းငယ် ပိုင်ထားတော့ တကယ်ကို မောက်မာနေတာ။ သူက ဝန်ထမ်းအိမ်ရာ တစ်ခုလုံးကို ကြီးစိုးထားပြီး၊ ယုံနိုင်စရာ မရှိလောက်အောင်ကို မောက်မာတာ၊ တခြားလူတွေကို ဘာလေးစားမှုမှ မရှိဘူး။ သူက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာကို ဝန်ထမ်းအိမ်ရာက လူတိုင်း သိကြတယ်"
လူကြီးတွေက လူငယ်တွေ ပိုက်ဆံကို ဖြုန်းတီးတာ မြင်ရင် မုန်းတယ်ဆိုတာ သိတော့၊ လျိုချင်းက အဲဒီဘက်ကို ရည်ရွယ်ပြီး တမင် သွေးထိုးပေးလိုက်တယ်။
"အန်တီ့ချွေးမက မနက်ဖြန်ဆိုတာ မရှိတော့မယ့်အလား ပိုက်ဆံတွေကို ရေလို သုံးတာ။ ဘာပဲဖြစ်ဖြစ် ဈေးကြီးတာဆို အကုန်ဝယ်တာပဲ။ ကျွန်မ ယောက်ျား မြင်ရင်တောင် သက်ပြင်းချရတယ်၊ သူ့အိမ်မှာ ရွှေတောင် ငွေတောင်တွေ ရှိနေရင်တောင် သူ့အသုံးစရိတ်နဲ့ဆို လောက်မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ အန်တီ့ကို ကြည့်ပါဦး၊ နှစ်ပေါင်းများစွာ ဝတ်လာခဲ့တဲ့ ဖာရာထေးရာတွေနဲ့ အဝတ်အစားတွေကို ဝတ်ထားရတုန်းပဲ။ သူက အန်တီ့ကို အဝတ်အစားသစ်လေး တစ်စုံလောက် ဝယ်ပေးပြီး ကန်တော့ချင်တဲ့ စိတ်လေးတောင် မရှိဘူး။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ ချမ်းသာတဲ့ ကတော် တစ်ယောက်လို ဝတ်စားထားတာလေ။ အန်တီက တအား သဘောကောင်းလွန်းတယ်။ ကျွန်မ ယောက္ခမသာ ဆိုရင်တော့ ကျွန်မ ယောက်ျားက ကျွန်မကို ဆူပူကြိမ်းမောင်းနေတာ ကြာလောက်ပြီ"
လျိုချင်းက ထုန်ယောင်ရဲ့ မောက်မာတဲ့ မိဖုရား တစ်ပါးလို အေးတိအေးစက်နဲ့ အထင်သေးတဲ့ အမူအရာကို အမြဲတမ်း ကြည့်မရခဲ့တာ။ အခု အခွင့်အရေး ရတုန်း လင်းဖန်ရင်းရဲ့ နားထဲကို မကောင်းတဲ့ အရာတွေ အကုန် ရိုက်သွင်းပေးဖို့ သူ သေချာ လုပ်ဆောင်လိုက်တယ်။
ထုန်ယောင်က အဲဒီလောက် အရည်အချင်း ရှိနေရက်နဲ့ ယောက္ခမ ဖြစ်သူရဲ့ မုန်းတီးခြင်းကို ခံနေရဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဒါပေမဲ့ လင်းဖန်ရင်းကလည်း တော်တော်လေး အရည်အချင်း မရှိတဲ့ပုံပဲ၊ မဟုတ်ရင် ဝင်းထဲမှာ သူ့ကို ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိဘဲ တစ်ယောက်တည်း ဒေါသထွက်ပြီး ငိုနေမှာ မဟုတ်ဘူးလေ။ သူပြောလိုက်တဲ့ စကားတွေက လင်းဖန်ရင်းအပေါ် သက်ရောက်မှု ရှိသွားမလား ဆိုတာကို လျိုချင်း သိချင်နေတယ်။
အပိုင်း ( ၃၈၇ ) ပြီးဆုံး
***