အပိုင်း ( ၃၈၉ )
ဒီအိမ်ထောင်ရေးကို အဆုံးသတ်လို့ မဖြစ်သေးဘူး
*
"အလုပ်ဌာနက အိမ်ခန်းတွေ ချပေးတာတဲ့လား"
လင်းဖန်ရင်းက ဒီသတင်းကြောင့် တော်တော်လေး လန့်သွားတယ်။ ဆစ်ချန်ရဲ့ ဆေးရုံမှာ အဲဒီလို မူဝါဒမျိုး ရှိတယ်ဆိုတာ သူ လုံးဝ မသိခဲ့ဘူးလေ။ လူအများစု တစ်သက်လုံး ကြိုးစားတာတောင် မရနိုင်တဲ့ ကျိုတိုက အိမ်တစ်လုံးက အခုတော့ လွတ်သွားပြီပေါ့။
လျိုချင်း ပြောတာ တစ်ခုတော့ မှန်ပါတယ်။ ယောကျ်ားတစ်ယောက်က ပိုက်ဆံရှိမှ အသံထွက်ရဲတာလေ။ သူ့သားအကြီးဆုံးက နေ့တိုင်း ဆေးရုံမှာ အလုပ်လုပ်နေပေမယ့် ပိုက်ဆံတွေ အားလုံးက ထုန်ယောင် လက်ထဲမှာချည်းပဲ။ သူ့သားအကြီးဆုံးက သူတို့ ဘဏ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာကိုတောင် သိမှာ မဟုတ်ဘူးလို့ သူ ခန့်မှန်းလိုက်မိတယ်။ ဒီလိုဆိုတော့ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။
လင်မယား နှစ်ယောက်မှာ ကလေးလည်း မရှိဘူး၊ သားအကြီးဆုံးကလည်း သူ့မှာ ပြဿနာ ရှိတယ်လို့ ဝန်ခံထားပြီးပြီ။ ထုန်ယောင်ကများ စိတ်ပြောင်းသွားပြီး သူ့သားအကြီးဆုံးကို ပစ်သွားကာ၊ သူတို့ကို လက်ဗလာနဲ့ ထားခဲ့ရင် ဘယ်လိုလုပ်မလဲ။
လင်းဖန်ရင်းက ပိုတွေးလေလေ သူ့မျက်နှာက ပိုကြည့်ရဆိုးလာလေလေပဲ။ လင်းဖန်ရင်းရဲ့ မျက်နှာ အမူအရာကို ကြည့်ပြီး လျိုချင်းက သူပြောတာတွေ ထိမိသွားပြီမှန်း သိတော့၊ မီးထိုးပေးတာကို ဆက်လုပ်တော့တယ်။
"အဲဒါပြောတာပေါ့။ ဒီလောက်ကြီးမားတဲ့ ကိစ္စကို အန်တီက ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ။ ဒါပေမဲ့ အခုမှ နောင်တရလည်း နောက်ကျသွားပြီလေ၊ အိမ်ခန်းတွေက ချပေးပြီးသွားပြီ။ ဒေါက်တာဆစ်က အိမ်ခန်း မရလိုက်တာ တကယ့်ကို နှမြောစရာပဲ။ အလုပ်ဌာနက ချပေးတဲ့ အိမ်ခန်းကို ရပြီး အိမ်ထောင်စုစာရင်းကို ဒီကို ပြောင်းလိုက်ရင်၊ နောင်ကျ သူက ကျိုတို မြို့သား ဖြစ်သွားမှာလေ။ ကျိုတိုရဲ့ မူဝါဒတွေက တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာပြီး၊ ခံစားခွင့်တွေ အများကြီး ရလာဦးမှာ"
"သူတို့က အိမ်ခန်းကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မဟခဲ့ကြဘူး။ အဲဒါကြောင့် ငါက မသိခဲ့တာ" လင်းဖန်ရင်းရဲ့ မျက်နှာက ပုပ်သိုးနေတဲ့ ပဲပိစပ်အနှစ်လို တွန့်လိမ်ပြီး ကြည့်ရဆိုးနေတယ်။ သူ့သားအကြီးဆုံးက တုံးအလွန်းလို့ အိမ်တစ်လုံးကို ဒီအတိုင်း လက်လွှတ်ခံလိုက်တာများ မဟုတ်ဘူးလား။
ဒါက လယ်ထဲက ခူးယူလို့ရတဲ့ ဂေါ်ဖီထုပ် တစ်ထုပ် မဟုတ်ဘူး၊ တကယ့် ကျိုတိုက ခိုင်မာတဲ့ အိမ်တစ်လုံးလေ။ ဒီအတိုင်း အလွယ်တကူ ငြင်းလိုက်လို့ ရတဲ့ဟာမျိုးမှ မဟုတ်တာ။
"ဒါ သူတို့ အပြစ်ပဲလေ။ ဒီလောက် ကြီးမားတဲ့ ကိစ္စကို အန်တီ့ကို ဘယ်လိုလုပ် မတိုင်ပင်ဘဲ နေနိုင်ရတာလဲ။ အန်တီ့ကို ဒီလို လျစ်လျူရှုထားတာကတော့ တအား လွန်လွန်းတယ်" လျိုချင်းက လင်းဖန်ရင်းကို ဆက်ပြီး သွေးထိုးနေတယ်။ "အန်တီ့ချွေးမက တအား ပါးနပ်တယ်လို့ ကျွန်မ ထင်တယ်။ သူက ဒေါက်တာဆစ်ကို သူ့လက်ညှိုးလေးပေါ်မှာ တင်ပြီး လှည့်စားထားတာ။ သူ့မိဘတွေကလည်း တော်တော် ပါးနပ်တယ်။ သူတို့ သမီးကို အန်တီတို့နဲ့ ပေးစားလိုက်ပြီး သိပ်မကြာခင်မှာပဲ အန်တီ့သားကို ကျိုတိုကို မျှားခေါ်သွားကြတာလေ။ သူတို့က သမီးကို ပေးစားလိုက်တာမှ မဟုတ်တာ၊ သားတစ်ယောက် ထပ်ရသွားတာပေါ့။ အန်တီ သေချာ ပြုစုပျိုးထောင်လာခဲ့တဲ့ ဒေါက်တာဆစ်က၊ အသက်ကြီးလာရင် တခြားသူတွေကို ပြုစုစောင့်ရှောက်ပေးမယ့်သူ ဖြစ်သွားတော့မှာ။ ဒါက အန်တီ့အတွက် တရားမျှတမှု မရှိဘူးလို့ ကျွန်မ ထင်တယ်"
သူမရဲ့ စကားတွေက လင်းဖန်ရင်းရဲ့ ရင်ထဲကို တည့်တည့် သွားထိမှန်ပြီး၊ ထုန်ယောင်ဟွေးက သူ့သားကို ခိုးယူသွားဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရုတ်တရက် ဝင်လာတော့တယ်။
ထုန်ယောင်ဟွေးက ကိုယ်ပိုင် သားယောကျ်ားလေး မရှိတော့ သူ့သားရဲ့ အရည်အချင်းတွေကို မျက်စိကျပြီး သူ့သားကို သူ့ဆီပါလာအောင် သွေးဆောင်ချင်နေတာပေါ့။ အဲဒီလို ဘယ်အဖြစ်ခံနိုင်မလဲ။
ဒါပေမဲ့ အမှန်တရားကတော့ သူ့သားက ထုန်ယောင်ဟွေးတို့ မိသားစုဘက်ကနေပဲ အရာရာကို ရပ်တည်ပေးနေပြီး၊ သူ့အမေအရင်းကိုတော့ လျစ်လျူရှုထားတာပဲ။ နာမည်ခံကသာ သူ့သားဖြစ်ပြီး တကယ်တမ်းကျတော့ သူ့သားရဲ့ နှလုံးသားကို ထုန်ယောင်ဟွေးတို့ မိသားစုက ခိုးယူသွားခဲ့ပြီလေ။
ထုန်ယောင်ဟွေးရဲ့ နည်းဗျူဟာတွေက သူမ ယောက်ျား သေဆုံးပြီးနောက်မှာ စတင်ခဲ့တာ ဖြစ်ရမယ်။ ထုန်ယောင်ဟွေးက သူတို့ မိသားစုကို အမြဲတမ်း ကူညီပေးပြီး သူ့သမီးကို သူတို့နဲ့ ပေးစားလောက်အောင် ဘာလို့ ဒီလောက်တောင် သဘောကောင်းနေရတာလဲ ဆိုတာကို သူ အမြဲ တွေးခဲ့ဖူးတယ်။ တကယ်တမ်းကျတော့ အကုန်လုံးက ကြိုတင် ကြံစည်ထားတာတွေပဲ ဖြစ်ရမယ်။
ကံဆိုးတာက သူ့မှာ အာဏာလည်း မရှိသလို သူ့သားအကြီးဆုံးကိုလည်း မကူညီပေးနိုင်ဘူးလေ။ ထုန်ယောင်ဟွေး မိန်းမလိုမျိုး ခွန်အားလိုတဲ့အခါ ခွန်အားရှိပြီး၊ ပိုက်ဆံလိုတဲ့အခါ ပိုက်ဆံရှိတဲ့သူမျိုးမှ မဟုတ်တာ။ အဲဒီ အချက်တွေကြောင့်ပဲ သူ့သားအကြီးဆုံးက ထုန်ယောင်ဟွေးတို့ မိသားစုဘက်ကို တဖြည်းဖြည်း ယိမ်းသွားပြီး အမေအရင်းကို ဂရုမစိုက်တော့တာ ဖြစ်နိုင်တယ်။
လက်ထပ်ပြီးတာ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ရှိသေးတာတောင် သူ့သားအကြီးဆုံးက ဒီလောက်ထိ သိသိသာသာ ပြောင်းလဲသွားပြီ။ ဒီအတိုင်းသာ နောက်ထပ် သုံးလေးငါးနှစ်လောက် ဆက်သွားနေရင်၊ သားအမိ သံယောဇဉ်ကိုတောင် ဖြတ်တောက်သွားနိုင်တယ်။
လွယ်ထားရတဲ့ ကိုးလလွယ် ဆယ်လဖွား သားအရင်းက၊ အသက်ကြီးလာရင် တခြားသူတွေကို ပြုစုစောင့်ရှောက်ပေးမယ့် အဖြစ်ကို သူ ခွင့်ပြုပေးနိုင်မလား။
သူ့သားက မိန်းမယူတာလေ၊ သမက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးအပ်လိုက်တာမှ မဟုတ်တာ။
လင်းဖန်ရင်း ပိုတွေးလေလေ ပိုပြီး မကျေမချမ်း ဖြစ်လာလေလေပဲ။ သူ့သားကို သူများ ခေါ်သွားပြီး သူ့ကို အသိအမှတ် မပြုတော့ဘူးလား ဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုတွေတောင် ခံစားလာရတယ်။
"အခု ငါ ဘာလုပ်သင့်လဲ။ ရှောင်ချန်က ထုန်ယောင် ပြောတာကိုပဲ နားထောင်တာ။ ငါပြောတာတွေကို သူ နားမဝင်တော့ဘူး" လင်းဖန်ရင်းက ဘာလုပ်ရမှန်း မသိတော့သလို ခံစားလိုက်ရတယ်။ အိမ်ခန်းကိစ္စအတွက် လန့်နေတာကနေ မသက်သာသေးခင်၊ အခု သူ့သားကို ဆုံးရှုံးရမှာကိုပါ စိုးရိမ်နေရပြီ။ သူ့သားကို ပြန်ရအောင် ဘာလုပ်ရမလဲ ဆိုတာကို သူ လုံးဝ မသိတော့ဘူး။
လင်းဖန်ရင်းက သူပြောတဲ့ စကားတွေကို အကုန် လက်ခံသွားတာကို မြင်တော့ လျိုချင်းက တိတ်တိတ်လေး အောင်ပွဲခံလိုက်ပြီး၊ ကောက်ကျစ်တဲ့ အကြံအစည်တွေကို စတင် အကြံပေးတော့တယ်။
"ကျွန်မ အမြင်ကို ပြောရရင်တော့ အကောင်းဆုံးက သူတို့ လင်မယားကြားမှာ အက်ကြောင်းထအောင် လုပ်တာပဲ။ အန်တီက ဒေါက်တာဆစ်ရဲ့ အမေအရင်းလေ၊ သွေးသား ဆက်စပ်မှုဆိုတာ ဖြတ်တောက်လို့ ရတာမှ မဟုတ်တာ။ အန်တီ ဘာပဲလုပ်လုပ်၊ သူက အန်တီ့ကို နာကျင်အောင် လုပ်လို့ မရဘူး။ သူက အန်တီ့အပေါ် မကောင်းရင်၊ လူတွေက သူ့ကို ကျေးဇူးကန်းတဲ့သူလို့ ပြောကြမှာပဲ"
"ဒါ့အပြင် ဒေါက်တာဆစ်က ထုန်ယောင်နဲ့ တကယ် ကွာရှင်းလိုက်ရင်၊ အန်တီ သဘောကျတဲ့ ချွေးမတစ်ယောက်ကို ရှာပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ သူနာပြုလင်းက မဆိုးဘူးလို့ ကျွန်မ ထင်တယ်။ သူက သဘောကောင်းတယ်၊ အနေအထိုင် အေးဆေးတယ်၊ ပြီးတော့ ထုန်ယောင်လောက်လည်း လှတယ်။ သူတို့က တကယ့် စုံတွဲနဲ့ တူတယ်။ ဒေါက်တာဆစ်သာ ထုန်ယောင်နဲ့ ကွာရှင်းလိုက်ရင်၊ ကျွန်မက အောင်သွယ်ပေးပါ့မယ်"
ဒီစကားတွေက လင်းဖန်ရင်းကို ဆွဲဆောင်သွားတယ်။ သူက လင်းမန်ကို အမြဲတမ်း သဘောကျခဲ့ပြီး၊ သူ့သားအကြီးဆုံးက လင်းမန်နဲ့ ဖူးစာမဆုံလိုက်ရဘဲ စောစောစီးစီး လက်ထပ်သွားတာကို နှမြောနေခဲ့တာ။ လင်းမန်ကလည်း သူ့သားအကြီးဆုံးကို အမြဲတမ်း သဘောကျနေခဲ့တာပဲလေ။
အမှန်တိုင်း ပြောရရင်၊ လင်းဖန်ရင်း မျက်လုံးထဲမှာတော့ လင်းမန်က စံပြချွေးမ တစ်ယောက်ပါ။ သူ့သားအကြီးဆုံးသာ လင်းမန်နဲ့ လက်ထပ်လိုက်ရင်၊ သူက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကို ဝမ်းသာမှာ။ ဒါ့အပြင် လင်းမန်တို့ မိသားစုမှာ သားယောကျ်ားလေး ရှိတော့၊ သူ့မိဘတွေက သူမနဲ့ သားလုမှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ ပြဿနာက သူ့သားအကြီးဆုံးရဲ့ မျက်လုံးထဲမှာ ထုန်ယောင် တစ်ယောက်တည်း ရှိနေတာပဲ။ ဒါကို လောလို့ မရဘူး၊ သားအကြီးဆုံးကို တဖြည်းဖြည်းချင်း ဖျောင်းဖျဖို့ လိုတယ်။
လင်းဖန်ရင်းရဲ့ မျက်နှာပေါ်က ပြောင်းလဲသွားတဲ့ အမူအရာတွေကို ကြည့်ပြီး၊ သူ တစ်ခုခုကို အလေးအနက် စဉ်းစားနေမှန်း လျိုချင်း သိလိုက်တယ်။ သူ တွန်းအားပေးတာ လုံလောက်သွားပြီ ဆိုတာကို သိလိုက်တော့၊ ထုန်ယောင်များ သူ့ကို လင်းဖန်ရင်းနဲ့ အတူ တွေ့သွားမလား စိုးရိမ်လို့ သူ ဆက်မနေရဲတော့ဘူး။
"အန်တီ... ကျွန်မတို့ စကားပြောတာတွေကို ထုန်ယောင်ကို မသိစေနဲ့နော်။ ကျွန်မတို့က အရင်ကတည်းက သိပ်အဆင်မပြေကြဘူး။ သူများ သိသွားရင် ကျွန်မ အိမ်ကို လာပြီး ပြဿနာရှာနေဦးမယ်။ ပြီးတော့ ဒီမှာ ဆက်ထိုင်မနေနဲ့တော့၊ အရမ်း အေးတာပဲ။ အအေးမိသွားရင် မတန်ဘူးလေ"
အဲဒီလို ပြောပြီးတာနဲ့ လျိုချင်းက ခန္ဓာကိုယ်လေးကို လွှဲပြီး အပေါ်ထပ်ကို တက်သွားကာ၊ လင်းဖန်ရင်းကို အတွေးတွေထဲ နစ်မြုပ်နေစေခဲ့တယ်။
သူ့သားအကြီးဆုံးနဲ့ လင်းမန်တို့က ဖူးစာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ထုန်ယောင်နဲ့ ဆက်ဆံရေးကို ဆက်သွားခွင့် ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် သူ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်လာခဲ့တဲ့ သားက သူ့သား ဖြစ်တော့မှာ မဟုတ်ဘူးလေ။
လင်းဖန်ရင်းက စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ သူက ချမ်းနေပေမယ့် နွားတစ်ကောင်လို ဒေါသတကြီးနဲ့ ထွက်လာခဲ့တာဆိုတော့ အထဲကို ပြန်ဝင်ဖို့ သတ္တိမမွေးနိုင်ဘဲ ဖြစ်နေတယ်။
မျက်နှာမပျက်ဘဲ အထဲပြန်ဝင်လို့ရမယ့် အကြောင်းပြချက် တစ်ခုကို လင်းဖန်ရင်း ရုန်းကန်ရှာဖွေနေတုန်းမှာပဲ၊ သူ့သားအကြီးဆုံး အောက်ထပ်ကို ဆင်းလာတာကို တွေ့လိုက်ရတယ်။ လင်းဖန်ရင်းရဲ့ မျက်နှာက ချက်ချင်း ညှိုးကျသွားပြီး တိတ်တိတ်လေး ရှိုက်ငိုတော့တယ်။
ဆစ်ချန်က သူ့အနားကို ရောက်လာပြီး ခံစားချက်မပါတဲ့ မျက်နှာထားနဲ့ ပြောတယ်။ "ဒီမှာ နေရာ မလောက်ဘူး။ ဒီညတော့ ဟိုတယ်မှာ သွားအိပ်လိုက်။ ဘိုရီနဲ့ လီကျွမ်းတို့ ရောက်လာမှပဲ စကားပြောကြတာပေါ့"
သူ့သားအကြီးဆုံး အောက်ဆင်းလာတာကို ကြည့်ရင် သူ့ကို လုံးဝ မေ့မထားသေးဘူး ဆိုတာ သိသာတယ်။ ပြဿနာ ထပ်ရှာရင် သူ့သားကို ပိုပြီး တွန်းထုတ်သလို ဖြစ်သွားမယ်ဆိုတာ သိတော့ လင်းဖန်ရင်းက အခွင့်အရေးယူပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ယွမ်ယွမ်ရော ဘယ်မှာလဲ"
"အရမ်း အေးနေတော့ သူ့ကို ဟိုဟိုဒီဒီ သယ်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒီည သူ ဒီမှာပဲ အိပ်လိမ့်မယ်" လို့ ဆစ်ချန်က ပြောတယ်။
"ညဘက် သူ ငိုရင် နို့နွှေးပြီး တိုက်လိုက်နော်။ သေးခံ လဲဖို့ လိုမလိုလည်း စစ်ကြည့်ဦး။ ပုံမှန်ဆို ကလေးငိုပြီဆိုရင် ဗိုက်ဆာလို့ ဒါမှမဟုတ် သေးခံ လဲချင်လို့ပဲ" သူ့သားအကြီးဆုံးကို သူက စိတ်ဆိုးနေပေမယ့် မြေးလေးကတော့ သူ့သွေးသားပဲလေ၊ သူ့သားနဲ့ ချွေးမတို့က ညဘက် ကလေးကို ဘယ်လို ပြုစုရမလဲ မသိမှာကို လင်းဖန်ရင်း စိုးရိမ်နေတယ်။
အစကတော့ မြေးလေးကို ခေါ်လာရင် သားအကြီးဆုံးကို ကလေးစောစောယူဖြစ်အောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ သူ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ အခုတော့ လင်းဖန်ရင်းက အတွေးပြောင်းသွားပြီ။ သူတို့ ကလေးရသွားမှာကို သူ ကြောက်နေတယ်။
သူတို့သာ တကယ် ကလေးရသွားရင်၊ ဒီအိမ်ထောင်ရေးကို နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးလေ။
အပိုင်း ( ၃၈၉ ) ပြီးဆုံး
***