အပိုင်း ( ၃၉၀ )
ကလေးထိန်းခြင်း
*
"အင်း" ဆစ်ချန်က ခေါင်းညိတ်လိုက်ပြီး ရှေ့ကနေ ဦးဆောင်ထွက်သွားတယ်။
လင်းဖန်ရင်းက ရှေ့ကနေ လျှောက်သွားတဲ့ အရပ်မြင့်မြင့် သားဖြစ်သူကို ကြည့်ရင်း၊ သားအကြီးဆုံးနဲ့ ဒီလို နှစ်ယောက်တည်း လမ်းလျှောက်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက ဆိုတာကို ရုတ်တရက် သတိထားမိသွားတယ်။ အဲဒီတုန်းက သူက လမ်းလျှောက်ရင် သူမ လက်ကို ဆွဲထားဖို့ လိုအပ်နေသေးတဲ့ ကောင်လေး တစ်ယောက်ပဲ ရှိသေးတာ။
သူမ ယောကျ်ား သေဆုံးပြီးကတည်းက၊ သားအကြီးဆုံးနဲ့ နှစ်ယောက်တည်း လမ်းမလျှောက်ဖြစ်ခဲ့တော့ဘူး။
မောင်နှမ သုံးယောက်ထဲမှာ ဆစ်ချန်က အကြီးဆုံးဖြစ်ပြီး ငယ်ငယ်ကတည်းက အသိဉာဏ်ရှိတာကြောင့်၊ သူ့အသက်ထက် ပိုကြီးတဲ့သူ တစ်ယောက်လို ဆက်ဆံခံခဲ့ရတယ်။ ဒါကြောင့် သူ့အတွက် သိပ်ပူစရာ မလိုဘဲ သားအငယ်နဲ့ သမီးအငယ်ကိုပဲ ပိုပြီး အာရုံစိုက်ဖြစ်ခဲ့တယ်။
မမျှော်လင့်ဘဲ သူ့ကလေး သုံးယောက်ထဲမှာ သားအကြီးဆုံးက အအောင်မြင်ဆုံး ဖြစ်လာခဲ့တယ်။
အတိတ်ကို ပြန်တွေးမိပြီး လင်းဖန်ရင်းရဲ့ မျက်လုံးတွေ ဝမ်းနည်းမှုကြောင့် ကျိန်းစပ်လာတယ်။ သူက အလျှော့ပေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "ရှောင်ချန်... မင်းတို့ကို မပြောဘဲ ကလေးကို ခေါ်လာတာ အမေ့အမှားပါ။ ယောင်ယောင် ဒေါသထွက်တာလည်း မဆန်းပါဘူး။ အမေက အသက်ကြီးလာတော့ မေ့တတ်လာပြီး သေချာ မစဉ်းစားမိဘူး ဖြစ်သွားတာ။ ဒီကိစ္စအတွက်နဲ့ မင်းတို့ ရန်မဖြစ်ကြပါနဲ့။ မနက်ဖြန် ဘိုရီနဲ့ လီကျွမ်းတို့ လာရင် ကလေးကို ပြန်ခေါ်သွားခိုင်းလိုက်ပါ။ မင်းတို့ ဘယ်အချိန် ကလေးယူချင်လဲ ဆိုတာကို အမေ ဝင်မစွက်ဖက်တော့ပါဘူး၊ မင်းတို့ သဘောပါပဲ"
သူမစကားတွေကို ကြားလိုက်ရတော့၊ လင်းဖန်ရင်း တစ်ယောက် နောက်ဆုံးတော့ အခြေအနေကို လက်ခံသွားပြီး အရင်ကလို အသိဉာဏ်ရှိတဲ့သူ ပြန်ဖြစ်သွားသလိုပဲ။
ဒါပေမဲ့ ဆစ်ချန်က သူ့စကားတွေထဲက အရေးကြီးတဲ့ အချက်တစ်ခုကို သတိထားမိသွားတယ်။ "အမေက ပြန်မလိုက်သွားဘူးလား"
လင်းဖန်ရင်းရဲ့ မျက်နှာ အမူအရာ နည်းနည်း တင်းမာသွားပြီး နေရခက်စွာနဲ့ ပြောတယ်။ "အမေ အလုပ်လုပ်နိုင်သေးတာမို့ မင်းတို့နှစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။ ကျိုတိုမှာ ပန်းကန်ဆေးတဲ့ အလုပ်တစ်ခုခု ရှာလုပ်မယ်။ အဲဒါမှ သုံးစွဲဖို့ မုန့်ဖိုးလေးရပြီး ရှောင်ဟွေးကိုလည်း စောင့်ရှောက်ပေးလို့ ရမှာလေ။ မင်းတို့ နှစ်ယောက်လုံး ကျိုတိုမှာ ပျော်ပျော်ရွှင်ရွှင် နေကြတာဆိုတော့၊ အမေ တစ်ယောက်တည်း ရွာမှာနေရတာ အရမ်း အထီးကျန်တယ်။ ပြီးတော့ အမေ့ကို အဖော်ရှာပေးမယ့် ကိစ္စ ထပ်မပြောပါနဲ့တော့။ နှစ်တွေအများကြီး အမေ့ဘာသာ ရပ်တည်လာခဲ့တာ အခုချိန်မှ ဘယ်သူ့ကိုမှ မလိုအပ်တော့ပါဘူး။ ပြီးတော့ သူများတွေ သိသွားရင် ကွယ်ရာမှာ လှောင်ရယ်ကြလိမ့်မယ်"
သူမ ဆစ်ဝေမင်းနဲ့ တွဲတာကို သားအကြီးဆုံးက သဘောမတူဘူး ဆိုတာကို သိသလို၊ ဆစ်ဝေမင်း အခု ဘာတွေ တွေးနေလဲ ဆိုတာကိုလည်း မသေချာတော့၊ လင်းဖန်ရင်းက အဖော်မရှာတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သားအကြီးဆုံးကို ပါးစပ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါမှ သူ့အတွက် အဖော်ရှာပေးရတဲ့ အလုပ်ရှုပ်သက်သာသွားမှာလေ။
"မနက်ဖြန် ဘိုရီ ရောက်လာမှပဲ ဒီအကြောင်း ပြောကြတာပေါ့" ဆစ်ချန်ရဲ့ မျက်လုံးတွေထဲမှာ ခနဲ့တဲ့တဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီး လင်းဖန်ရင်း ဆက်ပြောမယ့် စကားတွေကို ချက်ချင်း တားဆီးလိုက်တယ်။
သားအကြီးဆုံးရဲ့ တင်းမာတဲ့ မျက်နှာထားကို မြင်လိုက်ရတော့၊ လင်းဖန်ရင်း ရင်ထဲမှာ မလုံခြုံမှု တစ်ခုကို ခံစားလိုက်ရတယ်။ သားဖြစ်သူက အရာအားလုံးကို တွေးတောထားပြီးသားဖြစ်ကာ၊ သူ့ကို ဆန့်ကျင်ဖို့ ဘိုရီ ပါဝင်လာမယ့် အချိန်ကို စောင့်နေသလို သူ ခံစားလိုက်ရတယ်။
သိပ်မကြာခင်မှာပဲ သူတို့ ဟိုတယ်ကို ရောက်သွားကြတယ်။ ဆစ်ချန်က လင်းဖန်ရင်းအတွက် သီးသန့် အခန်းတစ်ခန်း ငှားပေးပြီး ဘာစကားမှ ထပ်မပြောဘဲ ချက်ချင်း ပြန်ထွက်သွားတယ်။ လင်းဖန်ရင်းမှာ ဗိုက်ဆာလွန်းလို့ ဗိုက်ထဲက အသံတွေတောင် မြည်လာတယ်။ တစ်ခုခု သွားစားဖို့ အပြင်ထွက်မလို့ လုပ်တုန်းမှာပဲ၊ ဟိုတယ်ပိုင်ရှင်က ပြုံးရွှင်စွာနဲ့ သူမဆီ လျှောက်လာတယ်။
"ဒါက အန်တီ့သား ဘေးဆိုင်ကနေ ဝယ်ပေးခဲ့တဲ့ အမဲသားခေါက်ဆွဲပါ။ ပူပူနွေးနွေးလေး အခု စားလိုက်ပါဦး။ ပန်းကန်ခွံနဲ့ တူတွေကို အခန်းထဲမှာပဲ ထားခဲ့လိုက်ပါ၊ မနက်ဖြန် မနက်ကျရင် ကျွန်မ လာသိမ်းပါ့မယ်"
"ကျေးဇူးပါပဲ ကောင်မလေးရယ်"
နွေးထွေးတဲ့ ခေါက်ဆွဲပန်းကန်ကို လက်ခံရယူလိုက်ချိန်မှာ၊ လင်းဖန်ရင်းရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ဝဲတက်လာတယ်။ ဘာပဲဖြစ်ဖြစ် သူ့သားအကြီးဆုံးက သူ့ကို ဂရုစိုက်ပေးနေတုန်းပဲလေ။
သူ့ကလေးတွေကို သင့်တော်ကောင်းမွန်တဲ့ အိမ်ထောင်ဖက်တွေနဲ့သာ ပေးစားခဲ့ရင် သိပ်ကောင်းမှာပဲ။
...
"အမေ့ကို ဟိုတယ် ပို့ပေးခဲ့တာလား" ဆစ်ချန် ပြန်ရောက်လာချိန်မှာ ထုန်ယောင်က မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးလို့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေပြီဖြစ်ကာ၊ စောင်ထဲကနေ ခေါင်းလုံးလုံးလေး တစ်ခုပဲ ပေါ်နေတယ်။
သူက ကလေးကို ကုတင်အလယ်မှာ သိပ်ထားတယ်။ အိပ်ရာလူးလွန့်ရင်း ကလေးကို မတော်တဆ ဖိမိသွားမှာ စိုးလို့၊ သူကိုယ်တိုင်အတွက် စောင်နောက်တစ်ထည် သီးသန့်ယူခြုံထားပြီး ကလေးနဲ့ ခပ်ခွာခွာ နေထားတယ်။
ကလေးနဲ့ စောင်အတူတူ မခြုံရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့၊ ကလေးဆီကနေ နို့နံ့တွေ အရမ်းထွက်နေလို့ပဲ။ အဲဒီအနံ့ကို ထုန်ယောင်က သိပ်သဘောမကျဘူးလေ။
"အင်း" ဆစ်ချန်က သူမ ကုတင်ဘေးကို လျှောက်လာပြီး၊ ကလေးကို တစ်ချက်ကြည့်ကာ နူးညံ့တဲ့ မျက်နှာထားနဲ့ တိုးညင်းစွာ ပြောလိုက်တယ်။ "သူက ဘိုရီနဲ့ တူတယ်နော်"
ထုန်ယောင်လည်း ကလေးကို တစ်ချက်ကြည့်လိုက်ပြီး စနောက်လိုက်တယ်။ "ကို့ မိသားစုရဲ့ မျိုးရိုးဗီဇက တော်တော် လွှမ်းမိုးတာပဲ။ ယွမ်ယွမ်က တကယ်ပဲ ဘိုရီနဲ့ တူတယ်။ ယောကျ်ားလေး ဖြစ်နေလို့ တော်သေးတာပေါ့။ မိန်းကလေးသာဆိုရင် ဘိုရီလို ထွားထွားကြိုင်းကြိုင်းကြီး ဆိုရင် အဆင်မပြေဘူးလေ။ မိန်းကလေးတွေက ကျော့ရှင်းပြီး နူးညံ့နေမှ"
ဆစ်ချန်က အလေးအနက် ခေါင်းညိတ်လိုက်ပြီး၊ သူ့အကြည့်တွေက ထုန်ယောင်ရဲ့ မျက်နှာပေါ်ကို ကျရောက်သွားတယ်။ "အင်း... မိန်းကလေးတွေက သူတို့အမေနဲ့ တူသင့်တာပေါ့။ အဲဒါက ပိုလှတယ်"
မြှောက်ပြောခံလိုက်ရလို့ သဘောကျသွားတဲ့ ထုန်ယောင်က နှုတ်ခမ်းလေးဆူပြီး ပြောတယ်။ "ဒါပေါ့... တို့သမီးလေးတွေဆိုရင် သေချာပေါက် ကျွန်မနဲ့ တူရမှာပေါ့"
ဆစ်ချန်က သဘောတူလိုက်တယ်။ "ဟုတ်တယ်၊ သူတို့က မင်းနဲ့ တူရမှာပေါ့"
သူ့စကားကြောင့် ထုန်ယောင် ရယ်မောလိုက်ပြီး၊ ဆစ်ချန်ကို အမြန်လာအိပ်ဖို့ တိုက်တွန်းကာ သူဘယ်မှာ အိပ်ရမလဲ ဆိုတာကိုပါ သတ်မှတ်ပေးလိုက်တယ်။ "တို့သုံးယောက် ကုတင်တစ်ဖက်တည်းမှာ အိပ်ရင် အရမ်း ကျပ်နေလိမ့်မယ်။ ကို ဒီည ကုတင်ခြေရင်းဘက်မှာ အိပ်လိုက်၊ ကျွန်မ စောင်ထဲ ဝင်ခြုံပြီး ကလေးကို မဖိမိအောင် သတိထားဦး"
ဆစ်ချန်က မျက်မှောင်ကြုတ်သွားတယ်။ ထုန်ယောင်နဲ့ ခွဲအိပ်ရမှာကို သူ သေချာပေါက် မကျေနပ်ဘူးလေ။ ဒါပေမဲ့ ကုတင်က တကယ်ပဲ နည်းနည်း သေးနေတာကို ထည့်စဉ်းစားပြီး ဘာမှ ကန့်ကွက်မနေတော့ဘဲ စကားနားထောင်ကာ အိပ်ဖို့အတွက် ကိုယ်လက်သန့်စင်ဖို့ ထွက်သွားတယ်။
ထုန်ယောင်က တစ်ဝက်လောက် အိပ်ပျော်နေပြီ ဖြစ်ပေမယ့်၊ သူ အိပ်ရာထဲ ဝင်လာတာကို ခံစားမိတော့ သူ့ရင်ဘတ်ကို ခြေထောက်နဲ့ ဖွဖွလေး တွန်းလိုက်ပြီး အိပ်ချင်မူးတူး အသံနဲ့ ရေရွတ်လိုက်တယ်။ "ကျွန်မက ကလေးလည်း မထိန်းတတ်သလို နို့လည်း မတိုက်တတ်ဘူး။ ညဘက် သူငိုရင် ကို ထပြီး နို့တိုက်ပေး၊ သေးခံ လဲပေးနော်။ သေးခံတွေက ကုတင်ဘေးက စားပွဲခုံပေါ်မှာ ရှိတယ်..."
စကားပြောပြီးတာနဲ့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။
အားကိုးရာမဲ့စွာနဲ့ပဲ ဆစ်ချန်က ထုန်ယောင်ရဲ့ ခြေထောက်ကို သေချာ နေရာတကျ ပြန်ချပေးလိုက်ပြီး၊ မျက်လုံးမမှိတ်ခင် သူမကိုယ်ပေါ်က စောင်ကို လုံအောင် သေချာ ပြန်ခြုံပေးလိုက်တယ်။ အိပ်ပျော်သွားတာ နှစ်နာရီတောင် မပြည့်သေးခင်မှာပဲ၊ ကလေးငိုသံကြောင့် သူ ချက်ချင်း လန့်နိုးသွားတယ်။ ထုန်ယောင် အိပ်ရေးပျက်မှာ စိုးလို့၊ သူက ကလေးကို စောင်နဲ့ပတ်ပြီး ဧည့်ခန်းထဲ ထွက်သွားလိုက်တယ်။
ကလေးကို ချီတာ၊ နို့တိုက်တာ၊ သေးခံလဲပေးတာ... ဒီလို မရင်းနှီးတဲ့ အလုပ်တွေ အကုန်လုံးကို ဆစ်ချန် တစ်ယောက်တည်း တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရတော့တယ်။ နို့ဘူး မရှိတော့ ကလေးကို ဇွန်းလေးနဲ့ နည်းနည်းချင်း ခွံ့တိုက်ရတယ်။ ကံကောင်းတာက အသက် တစ်လအရွယ် ကလေးလေးက အစားအများကြီး မစားတာပဲ။ ဗိုက်ဝသွားတာနဲ့ အိပ်ပျော်သွားပြီး၊ တော်တော်လေး လိမ္မာတဲ့ ကလေးလေး ဖြစ်ကြောင်း သက်သေပြနေတယ်။
နောက်နေ့ မနက် ထုန်ယောင် နိုးလာတော့ သူမဘေးမှာ ကလေးလေး အိပ်နေတာကို မြင်ပြီး ခဏလောက် ကြောင်သွားတယ်။ စက္ကန့်အနည်းငယ် ကြာမှ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သူ မှတ်မိသွားတယ်။ နောက်ကျရင် လင်းဖန်ရင်းကို ရင်ဆိုင်ရတော့မယ် ဆိုတဲ့ အတွေးကြောင့် သူမ အိပ်ချင်ပြေပြီး ချက်ချင်း လန်းဆန်းသွားတယ်။
ဒီနေ့တော့ တိုက်ပွဲကြီး တစ်ခု စောင့်ကြိုနေတဲ့ပုံပဲ။
လှုပ်ရှားသံ ကြားတော့ ဆစ်ချန်က ဧည့်ခန်းထဲကနေ ဝင်လာပြီး ပေါ့ပေါ့ပါးပါးပဲ မှာလိုက်တယ်။ "ကို အလုပ်သွားရတော့မယ်။ မီးဖိုပေါ်မှာ ဆန်ပြုတ်ချန်ခဲ့တယ်၊ ပြီးတော့ ပေါက်စီလည်း ဝယ်ထားတယ်။ ထပြီး ပူတုန်းလေး စားလိုက်ဦး။ ပန်းကန်ထဲမှာ နို့မကျန်တော့ဘူးဆိုတော့၊ နောက်မှ ကလေး ဗိုက်ဆာရင် ဝမ်ရှားဆီကိုပဲ သွားရှာရလိမ့်မယ်"
ခဏလောက် တိတ်သွားပြီးနောက် သူက ထပ်ပြောတယ်။ "ဘာကိစ္စပဲ ဖြစ်ဖြစ် ကို ဒီည ပြန်လာတဲ့အထိ စောင့်ပါ။ အားလုံး အတူတူ ထိုင်ပြီး သေချာ ရှင်းအောင် စကားပြောကြတာပေါ့"
ယောကျ်ား တစ်ယောက်အနေနဲ့၊ သူက မျက်ကွယ်ပြုပြီး မိသားစု ပြဿနာ အားလုံးကို သူ့မိန်းမခေါင်းပေါ် ပုံချထားလို့ မရဘူးလေ။
မိသားစု ပြဿနာတွေက ဖျားနာတာနဲ့ တူတယ်။ အဲဒါတွေကို ဇာစ်မြစ်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်။ အချိန်ဆွဲနေတာက အခြေအနေကို ပိုဆိုးသွားစေရုံကလွဲပြီး ပြဿနာအတွက် ဘာအကျိုးမှ မရှိဘူး။
"အင်း... အလုပ်သာ သွားပါတော့"
ထုန်ယောင်က အကြောဆန့်ပြီး ကုတင်ပေါ်က ဆင်းလိုက်တယ်၊ ကလေး မနိုးသွားအောင်လည်း သတိထားရသေးတယ်။ သူမက စိတ်ထဲကနေ တွေးလိုက်တယ်။ ဒီကောင်လေးက အံ့သြစရာ ကောင်းလောက်အောင် လိမ္မာတာပဲ။ တစ်ညလုံး သူငိုသံကို မကြားရဘူး။ ကလေးထိန်းရတာ ထင်သလောက် မခက်ခဲဘူး ထင်ပါရဲ့။
ယွမ်ယွမ်လေးက အဲဒီညက သုံးလေးကြိမ်လောက် နိုးခဲ့တယ် ဆိုတာကို ထုန်ယောင် လုံးဝ မသိခဲ့ဘူး။ သူ့အမေနဲ့ ခွဲနေရလို့ မလုံခြုံဘူး ခံစားရလို့လား မသိဘူး၊ ညသန်းခေါင်ကျော်မှာ သူက အိပ်ဖို့ ငြင်းဆန်နေခဲ့တယ်။ ကုတင်ပေါ် ချသိပ်ဖို့ ကြိုးစားတိုင်း ဂျီကျတော့တာပဲ။ ဆစ်ချန်က အဲဒီညက ကလေးကို အချိန်ပြည့် ပိုက်ထားရလို့ ကောင်းကောင်းတောင် မအိပ်ရဘူးလေ။
မိုးလင်းခါနီးလောက်ကျမှ၊ ကလေးလေးက ပင်ပန်းပြီး နောက်ဆုံးတော့ အိပ်ပျော်သွားတော့တယ်။
အပိုင်း ( ၃၉၀ ) ပြီးဆုံး