"ကျွန်မအတွက် စိတ်မပူပါနဲ့ ညီမလေးပဲ တခြားသခင်မလေးတွေနဲ့ သွားဆော့လိုက်ပါ သွားစရာရှိတာ သွားလေ"
ဝေရော့သည် အေးဆေးစွာဖြင့်ပင် မသိမသာလေး နှင်လွှတ်လိုက်လေသည်။
"ဒါပေမဲ့ အမေက ညီမလေးကို အစ်မနဲ့အတူ အချိန်ဖြုန်းပေးဖို့ မှာထားတယ်လေ"
ဝေချင်းဝမ်သည်လည်း ဇွဲမလျှော့စွာပင် နောက်မှ လိုက်လာလေသည်။
"မလိုပါဘူး..ငါ့ဘာသာ တစ်နေရာရာမှာ ခဏထိုင်နေမှာမို့လို့ပါ"
"ဒါပေမဲ့..."
"ဒါပေမဲ့ မလုပ်နဲ့တော့"
ဝေရော့၏ စကားဆုံးသည်နှင့် ဝေချင်းဝမ် ပြန်လည် ချေပပြောဆိုခြင်းမရှိခင်မှာတင် ဝေရော့သည် လျင်မြန်စွာ ပြေးထွက်သွားပြီး လူရိပ်ပင် ပျောက်သွားတော့သည်။
ဝေချင်းဝမ်မှာလည်း လိုက်မှီခြင်းမရှိတော့ပဲ မျက်နှာလေးပင် ညိုးငယ်သွားရသည်။
ဝေရော့သည် သူမကို မုန်းတီးနေသဖြင့် ရှောင်ဖယ်နေသည်ဟု ထင်မြင်သွားလေသည်။
ဝေရော့မှာတော့ ဝေချင်းဝမ် မည်သို့မည်ပုံ တွေးမည်ကို ဂရုစိုက်ခြင်းမရှိပေ။
ဝေချင်းဝမ်ကို လက်စဖျောက်ပြီးနောက်တွင် သူမသည် လွတ်လပ်စွာ နေထိုင်မည့် နေရာကိုရှာဖွေတော့သည်။
ပထမဆုံးအနေဖြင့် ဘုရားကျောင်း၏ အနောက်ဘက်တွင်ရှိနေသော တရားအားထုတ်သည့်ဘက်ကို လုံးဝမသွားရန် သူမ ဆုံးဖြတ်ထားလေသည်။
အကြောင်းမှာ ယခုအချိန်တွင် ဇာတ်လိုက်မင်းသားမှာ ထိုနေရာ၌ တိတ်တဆိတ် လာရောက်နေထိုင်နေသောကြောင့် ဖြစ်သည်။
ဟွာဖာဘုရားကျောင်းသည် ယနေ့တွင် အမျိုးသမီးဧည့်သည်များအတွက်သာ သီးသန့်ထားသော်လည်း အဆင့်အတန်းမြင့်ပြီး ထူးခြားသော ဇာတ်လိုက်မင်းသားကို ကြိုတင်အသိပေးထားခြင်း အလျဉ်းမရှိပေ။
မူရင်းဝတ္ထုထဲတွင် ဝေရော့သည် လူကြားထဲတွင် အရှက်ရခဲ့သဖြင့် ဝေချင်းဝမ်ကို မနာလိုဖြစ်ကာ အနောက်တောင်ဘက်ရှိ တောအုပ်ထဲသို့ အနိုင်ကျင့်ရန် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဇာတ်လိုက်မင်းသားက ကယ်တင်လိုက်ကာ 'သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ခြင်း' ဟူသော ဇာတ်ကွက်အတိုင်း အချစ်ဇာတ်လမ်း စတင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင်လည်း ဝေရော့တွင် အရေးကြီးသော အကြောင်းအရာ ၂ ခုရှိလေသည်။
နံပါတ် ၁ က ဝေချင်းဝမ်၏ အဝေးတွင်သာ သူမ နေရန် ဖြစ်သည်။ သူမသည် ဝေချင်းဝမ်ကို ဒုက္ခမပေးသော်လည်း ဇာတ်ကွက်၏ သဘောတရားအရ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဖြစ်သည်။
နံပါတ် ၂ မှာ ဇာတ်လိုက်မင်းသား၏ အဝေးဆုံးတွင် နေထိုင်ရန် ဖြစ်သည်။ မူရင်းဝတ္ထုထဲတွင် ဝေရော့သည် ဇာတ်လိုက်မင်းသားကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဝေချင်းဝမ်၏ နှလုံးသားမှာ ပန်းရောင်သမ်းနေပါသော်လည်း ဇာတ်လိုက်မင်းသားမှာတော့ ချစ်သူကို ထိခိုက်လာလျှင် သတ်ဖြတ်တတ်ခြင်း ဖြစ်သည်။
ဝေရော့သည် ဘုရားကျောင်းဝင်းအတွင်း လျှောက်သွားရင်း နောက်ဆုံးတွင် ကွမ်ယင်မယ်တော်ကျောင်းတော်၏ အနောက်ဘက်ရှိ ကမ္ဗလာပင်ကြီးအောက်တွင် ထိုင်ရန် ရွေးချယ်လိုက်သည်။
ထိုအပင်ကြီးမှာ အရွက်စိမ်းလေးများဖြင့် အလွန်လှပသည့်အပြင် အရွယ်အစားမှာလည်း အလွန်ကြီးမားလှသည်။ ဝေရော့သည် အပင်အိုကြီးကို မှီကာ မျက်စိမှိတ်ပြီး အနားယူနေလိုက်သည်။
နေရောင်ခြည်မှာလည်း အတော်အသင့်ရရှိပြီး သစ်ပင်ရိပ်အောက်တွင် နေရသည်မှာ အေးချမ်းသည့်အတွက် တစ်မှေးလောက်မျှ အိပ်ရလျှင် အတော်လေးပင် ကောင်းမွန်သည့် အခြေအနေဖြစ်ပေသည်။
"ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဝေရော့တစ်ယောက် လန့်နိုးသွားလေသည်။
"ဒီအတိုင်း ငေးနေတာပါ"
ထို့နောက် သူမသည် ရှဲ့ရင်းကို တစ်ချက်ကြည့်လိုက်ကာ မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။
"ဟိုလူတွေနဲ့ သွားမဆော့ဘူးလား"
ရှဲ့ရင်းက ဆက်လက်၍ မေးလေသည်။
"မဆော့ဘူး၊ သူတို့ပြောနေတဲ့ အကြောင်းအရာတွေကိုလည်း စိတ်မဝင်စားဘူး"
"ဒါဆို ဘာကို စိတ်ဝင်စားတာလဲ"
ရှဲ့ရင်းသည် မေးခွန်း ဆက်တိုက်မေးနေသည့်အတွက် ဝေရော့လည်း မျက်လုံးဖွင့်ကြည့်လိုက်ရသည်။
ရှဲ့ရင်းသည် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ရဲ့ရင့်သူဖြစ်ပြီး သူမနှင့် သက်တူရွယ်တူပင်ဖြစ်သည်။
"ရှဲ့သခင်မလေးက ကျွန်မအပေါ် ဘာလို့ ဒီလောက် စိတ်ဝင်စားနေရတာလဲ"
"မဟုတ်ပါဘူး ရှင့်ကို စိတ်ဝင်စားတာမဟုတ်ဘူး မင်းထိုင်နေတဲ့ နေရာကို စိတ်ဝင်စားတာ ဒီသစ်ပင်အောက်က ငါ့ရဲ့ လျှို့ဝှက်ပုန်းအောင်းနေကျနေရာလေ အခုတော့ မင်းက အရင်ရောက်နေတာပဲ မင်း ဒီနေရာကို အရမ်းမကြိုက်ဘူးဆိုရင် ငါ့ကို ဖယ်ပေးမလား.. ငါ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လို့ ဒါပေမဲ့ မင်းက ငါနဲ့ စကားမများဘူးလို့ ကတိပေးရင်တော့ ဒီမှာ အတူတူနေလို့ ရပါတယ်"
ဝေရော့လည်း ရှဲ့ရင်းစကားကြောင့် ပြုံးလိုက်မိသည်။ အကြောင်းမှာ ဝါသနာတူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
"ငါလည်း ဒီနေရာကို သဘောကျပါတယ်..မင်းကို အနှောင့်အယှက် မပေးပါဘူး..ဒီအပင်ကြီးက အကျယ်ကြီးပဲ၊ တစ်ဖက်စီမှီပြီး အိပ်ကြတာပေါ့"
ထို့နောက် ဝေရော့နှင့် ရှဲ့ရင်းတို့သည် သစ်ပင်ကြီး၏ တစ်ဖက်တစ်ချက်စီတွင် မှီနေကြလျက် အိပ်ပျော်သွားကြ လေသည်။
သူတို့နှစ်ဦးလုံးသည် မည်မျှကြာသွားသည်ကိုပင် မသိလိုက်ကာ ဆူညံသံများကြောင့် နိုးလာခဲ့လေသည်။
ထို့နောက် သူတို့နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး သွားကြည့်ရမလား၊ မသွားဘဲ နေရမလား ဟု ဝေခွဲမရဖြစ်နေကြခြင်း ဖြစ်သည်။
"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ မသိဘူးနော်" ဟု ရှဲ့ရင်းက မေးလိုက်သည်။
"သွားကြည့်ကြမလား" ဟု ဝေရော့က ပြန်မေးလေသည်။
"နေပါစေဦး... ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ မဆိုင်လောက်ပါဘူး" ဟု ရှဲ့ရင်းက ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ ဆက်အိပ်ရအောင်"
ဝေရော့သည်လည်း ရှဲ့ရင်းပြောသည်ကို သဘောတူလိုက်သည်။ သူတို့နှစ်ဦးလုံးမှာ အရှုပ်အထွေးများနှင့် မပတ်သက်ချင်သူများ ဖြစ်ကြသည်။
သို့သော် ရှေ့ဘက်တွင်မူ အတော်လေးကိုပင် အခြေအနေမကောင်းဟန် တူသည်။
အဆင်မပြေဖြစ်နေသူများမှာ ဝေချင်းဝမ်နှင့် ခရိုင်ဝန်၏သမီး ချန်ကျီလန် တို့ပင် ဖြစ်သည်။
ဝေရော့သည် သူမကို နှင်လွှတ်လိုက်ပြီးနောက် ဝေချင်းဝမ်သည် ချန်ကျီလန်နှင့်တွေ့ကာ အတူတူ လည်ပတ်နေခဲ့ကြသည်။
သူတို့နှစ်ဦးသည် ဘုရားကျောင်း၏ အနောက်ဘက်ရှိ လမ်းလေးအတိုင်း လျှောက်သွားရင်း ပန်းပင်များဝန်းရံထားသော တရားအားထုတ်ရာ အခန်းတစ်ခုရှေ့သို့ ရောက်သွားကြသည်။
သူတို့ အနားကပ်သွားရန် ကြိုးစားချိန်တွင် အစေခံဝတ်စုံနှင့် အမျိုးသားတစ်ဦးက လာမကပ်ရန် ဆူပူတားမြစ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ထို့ကြောင့် ချန်ကျီလန်သည် သူမ၏ အဆင့်အတန်း ဂုဏ်ကိုဖော်ကာ ထိုဆူပူသောသူကို မောင်းထုတ်ရန် ကြိုးစားသော်လည်း ထိုသူမှာ သူမကို ဂရုစိုက်ခြင်း မရှိခဲ့ပေ။
ချန်ကျီလန်သည် ဒေါသထွက်လျက် ဝေချင်းဝမ်ကို ဆွဲကာ သူမ၏မိခင် ခရိုင်ဝန်ကတော်ထံ သွားတိုင်တော့သည်။
ထိုနေရာတွင် သံသယဖြစ်ဖွယ် အမျိုးသားတစ်ဦး ရှိနေကြောင်း ကြားသိရသဖြင့် ခရိုင်ဝန်ကတော်သည် လူလွှတ်၍ ရှာဖွေခိုင်းရာမှ အုတ်အော်သောင်းနင်း ဖြစ်သွားခြင်း ဖြစ်သည်။
ထိုအခြေအနေကို သိရှိသွားသော ကျောင်းထိုင်ကိုယ်တော်သည် အလောတကြီး ပြေးလာပြီး ခရိုင်ဝန်ကတော်ကို တားဆီးလိုက်ကာ အားလုံး ထိတ်လန့်သွားစေမည့် လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလိုက်လေသည်။
***