ထိုနေရာတွင် အဆင့်အတန်းမြင့်မားသည့် လူဂုဏ်ထံတစ်ဦးသည် တရားအားထုတ်ရာအခန်းတွင် ရှိနေကြောင်းနှင့် ချန်ကျီလန်တို့ တွေ့ခဲ့သည်မှာ ထိုလူ၏ အခြံအရံများဖြစ်ကြောင်း ကိုယ်တော်မှ ထုတ်ပြောလိုက်လေသည်။
"ချူ" ဆိုသည့် မျိုးရိုးအမည်ကို ကြားလိုက်ရုံဖြင့်ပင် မင်းမျိုးမင်းနွယ်များဖြစ်ကြောင်းကို အားလုံး သဘောပေါက်သွားကြလေသည်။
မိမိတို့သမီးများ မင်းမျိုးမင်းနွယ်တွေကို သွားရောက်စော်ကားလိုက်သည့်အတွက် ခရိုင်ဝန်ကတော်ချန်နဲ့ ယွမ်ရှီးတို့မှာ ရင်တထိတ်ထိတ် ဖြစ်သွားကြတော့သည်။
အထူးသဖြင့် ယွမ်ရှီးသည် ပို၍ပင်စိတ်ပူမိခြင်း ဖြစ်သည်။
အကြောင်းများ သူမ၏ခင်ပွန်းဖြစ်သူ ဝေမင်ထင်သည် ဂျပန်ဓားပြနှိမ်နင်းရေးတွင် အရေးမသာသည့်အတွက် ရာထူးကပြုတ်နိုင်သည့် အနေအထား ဖြစ်နေသည့်အချိန်မှာ ယခုကဲ့သို့ အထက်လူကြီးတွေကိုပါ ထပ်မံစော်ကား လိုက်လျှင် ရာထူးကို ထိန်းထားနိုင်ရန်အတွက် ခက်ခဲသွားပေလိမ့်မည်။
ထိုစဉ် ကတော်ချန်မှာလည်း သမီးဖြစ်သူကို လူရှေ့၌ပင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်သကဲ့သို့ ယွမ်ရှီးသည်လည်း ဝေချင်းဝမ်ကိုပါ ကတော်ချန်နည်းတူ လိုက်လံအပြစ်တင်လိုက်ရလေသည်။
ဝေချင်းဝမ်မှာတော့ ထိုအဖြစ်အပျက်ကြောင့် အတော့်ကိုပင် ဝမ်းနည်းသွားပုံရသည်။
သူမအနေဖြင့် သူမ ချန်ကျီလန်နဲ့ အတူလမ်းလျှောက်ခဲ့သည့် အခြေအနေသာရှိပြီး အခန်းနားသို့ ကပ်ရန်ကြိုးစားခြင်းနှင့် အစောင့်နှင့်ရန်ဖြစ်ခြင်းတို့မှာ ချန်ကျီလန်သာလျှင် လုပ်ခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။
သူမသည်လည်း မည်သည့်အပြစ်ကိုမှ ကျူးလွန်ထားခြင်း မရှိပါပဲနှင့် အပြစ်တင်ခံလိုက်ရခြင်း ဖြစ်သည်။
ဝေရော့နဲ့ ရှဲ့ရင်းသည်လည်း အခြေအနေငြိမ်သက်သွားသည့်အခါမှသာ ဆွမ်းစားဆောင်သို့ လာခဲ့ကြသည်။
ဝေရော့သည်လည်း ထိုအဖြစ်အပျက်များကို အခြားသောသူများထံမှ ကြားလိုက်ရသည့်အခါတွင် အံ့ဩတကြီး ဖြစ်သွားလေသည်။
“သူမ မပါဘဲနဲ့တောင် ဝေချင်းဝမ်က အနောက်တောင်ဘက်ကို ရောက်သွားသေးတာပဲလား” ဟု တွေးနေမိသည်။
မူရင်းဝတ္ထုထဲတွင် ဝေရော့ကို ဇာတ်လိုက်မင်းသား၏ အစောင့်များက ပြန်ပို့ပေးပြီး ယွမ်ရှီး၏ ဆူပူမှုများကို ခံလိုက်ရခြင်းဖြစ်သည်။
ဝေချင်းဝမ်ကိုတော့ ဇာတ်လိုက်မင်းသားမှ မည်သူမှ မသိအောင် လိုက်ပို့ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ဇာတ်လမ်းသည် ပြောင်းပြန် ဖြစ်နေခြင်းဖြစ်သည်။
“ဇာတ်လိုက်မင်းသားက ဝေချင်းဝမ်ရဲ့ ကြာပန်းလို လှပတဲ့မျက်နှာလေးကို မြင်ပြီး စိတ်မလှုပ်ရှားတာလား.. ဒါမှမဟုတ် သူမရဲ့ နှိပ်စက်မှုကို ခံရတဲ့ သနားစဖွယ်ပုံစံလေး မရှိလို့ ကာကွယ်ပေးချင်စိတ် မပေါက်တာလား”
ဝေရော့လည်း ခဏတာမျှစဉ်းစားလိုက်ပြီး သူမနှင့် မဆိုင်သည့်အလား နေလိုက်လေသည်။
အပြန်လမ်းတွင် ယွမ်ရှီးသည် သမီးနှစ်ယောက်ကို ကြည့်ကာ စိတ်ရှုတ်ထွေးနေလေသည်။
ယနေ့တွင် ဝေရော့ကို သူမစိုးရိမ်နေခဲ့ပါသော်လည်း ယခုအခါတွင်တော့ သူမ အကောင်းဆုံးဟု သတ်မှတ်ထားသော ဝေချင်းဝမ်မှာ ပြဿနာရှာခဲ့သောကြောင့် ဖြစ်သည်။
ဝေချင်းဝမ်မှာတော့ အမေဖြစ်သူ စိတ်ပျက်သွားသည်ကို သိသဖြင့် ငိုကြွေးလေတော့သည်။
"အမေ... ကျွန်မ တကယ်ပဲ ဘာမှမပြောခဲ့ပါဘူး..."
ဝေချင်းဝမ်သည် ငိုရင်းဖြင့်ပင် အမေဖြစ်သူအား ရှင်းပြလေသည်။
"အမေ သိပါတယ်... ဒါပေမဲ့ အဲဒီလိုအခြေအနေမှာ အမေက ခရိုင်ဝန်ကတော်ရဲ့ သမီးကို သွားအပြစ်တင်လို့ မရဘူးလေ"
"ဒီနေ့ ကျွန်မ အစ်မနဲ့အတူ နေဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ အစ်မက ကျွန်မကို ထားခဲ့ပြီး ပြေးသွားတာ..အစ်မကို လိုက်ရှာရင်းနဲ့ ကျီလန်နဲ့ တွေ့ပြီး လိုက်သွားမိတာပါ..."
ထိုစကားကို ကြားလိုက်သည်နှင့် ယွမ်ရှီးလည်း ထောင့်မှာ ထိုင်နေသည့် ဝေရော့ကို ကြည့်လိုက်သည်။
"ရော့အာ... သမီးက ဘာလို့ ဝမ်ဝမ်နဲ့ အတူမနေပေးရတာလဲ"
သူမ၏ စကားထဲတွင် အပြစ်တင်သည့် အသံများ ရောနှောနေလေသည်။ ဝေရော့သာ ဝေချင်းဝမ်နှင့် ရှိခဲ့လျှင် ခုလိုဖြစ်ရပ်မျိုး ဖြစ်လာမည် မဟုတ်ဟု သူမတွေးနေခြင်း ဖြစ်သည်။
ဝေရော့လည်း အေးဆေးစွာဖြင့်ပင် ပြန်ဖြေလိုက်သည်။
"ကျွန်မက ဒီသခင်မလေးတွေနဲ့ မရင်းနှီးဘူးလေ..စာလည်းမတတ်၊ ကဗျာလည်းမသီကုံးတတ်တော့ သူတို့ကြားမှာ ဝင်မဆော့ချင်ဘူး..ဝေမိသားစုရဲ့ မျက်နှာကို မပျက်စေချင်လို့ပါ..ညီမလေးကတော့ သူတို့နဲ့ ရင်းနှီးပြီးသားဆိုတော့ ကျွန်မက အတ္တကြီးကြီးနဲ့ ညီမလေးကို ဆွဲထားပြီး မဆော့ခိုင်းဘဲ မနေချင်ဘူးလေ..ညီမလေးက ဘာလို့ မကျီလန်နဲ့ တွေ့သွားတာလဲဆိုတာကိုတော့ ကျွန်မလည်း မမျှော်လင့်ထားပါဘူး"
ဝေရော့သည် ပြောရင်းဖြင့်ပင် သက်ပြင်းချလိုက်ကာ ဆက်ပြောလေသည်။
"ဒါတွေကို ကြိုသိရင် ကျွန်မ ဒီနေ့ မလာခဲ့တာ ပိုကောင်းပါတယ်..ကျွန်မ မလာရင် ညီမလေးက မကျီလန်နဲ့ တွေ့မှာ မဟုတ်ဘဲ တခြားသူနဲ့ ဆော့နေလောက်မှာပါ"
ထိုစကားကို ကြားလိုက်ရသည့် ယွမ်ရှီးလည်း ဆွံ့အသွားလေသည်။
ယနေ့ ဝေချင်းဝမ်၏ ပြဿနာဖြစ်ခြင်းသည် ဝေရော့ လာခြင်း မလာခြင်းနှင့် လုံးဝသက်ဆိုင်ခြင်း မရှိသည့်အတွက် ယွမ်ရှီး အပြစ်ပုံချရန် မသင့်ဟု ပြောလိုက်သည့်ဟန်ပင် ဖြစ်သည်။
အိမ်ပြန်ရောက်သောအခါ ဝေရိချန်နဲ့ ဝေယီလင်း တို့ ညီအစ်ကိုနှစ်ယောက် ဝေချင်းဝမ်ဆီသို့ ရောက်လာကြလေသည်။
ဝေချင်းဝမ်သည် သူတို့နှစ်ဦးကို တွေ့လိုက်သည်နှင့် ထပ်ငိုလိုက်တော့သည်။
ဝေယီလင်းသည် ဒေါသတကြီးဖြင့် ဝေရော့ကို အပြစ်တင်လိုက်လေသည်။
"အဲဒီ ဝေ... အစ်မကြီးက ဘာလို့ ညီမလေးနဲ့ အတူမရှိပေးရတာလဲ..သူသာ အတူရှိရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
ဝေရိချန်မှာ ထိုသို့ဖြစ်နေသည့် အခြေအနေကို ပြန်လည်ဖြေရှင်းလိုက်လေသည်။
"ယီလင်း... ဝမ်ဝမ်မှာ အပြစ်မရှိသလို ရော့အာမှာလည်း အပြစ်မရှိဘူး..ဝေရော့က အပြင်ထွက်တာ ဒါပထမဆုံးအကြိမ်လေ၊ သူက ကျင့်သားမရသေးတာပါ…အားလုံးက ကံတရားက ဖန်တီးလိုက်တာပါပဲ"
***