မြို့တောင်ဘက်တွင် ရှိနေသော မြေရိုင်းများအကြောင်းကို အထိန်းတော်ရှုမှ ဝေရော့ထံ စာပို့လိုက်လေသည်။
ထိုမြေရိုင်းများသည် ပိုင်ရှင်မဲ့မြေများဖြစ်ပြီး အစိုးရကသာ ပိုင်ဆိုင်ကြောင်း၊ အကယ်၍ ပြည်သူများ စိုက်ပျိုးလိုပါက အစိုးရ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ရေးသားထားသည်။
ယခင်အချိန်အခါတွင်မူ ခရိုင်ဝန်များသည် သာမန်မြေရိုင်းများ တူးဖော်စိုက်ပျိုးခြင်းကို တားမြစ်လေ့မရှိပေ။
မြို့တောင်ဘက်မှ မြေရိုင်းများမှာလည်း ဘာမှစိုက်မရသည့် မြေဆိုးများဖြစ်သောကြောင့် အစိုးရအနေဖြင့် တားဆီးပိတ်ပင်နိုင်သည့် အကြောင်းမရှိပေ။
သို့သော် ယခုအခါတွင် ဂျပန်ဓားပြများ သောင်းကျန်းနေသည့် ကာလဖြစ်ရာ မြို့တောင်ဘက်သည် ဘေးကင်းသော်လည်းပဲ အစိုးရမှ ပြည်သူများကို တောင်ဘက်တံခါးမှ အပြင်ထွက်ခွင့် မပြုတော့ပေ။
သာမန်ပြည်သူများအတွက် ထိုမြေကိုရရန် မဖြစ်နိုင်သော်လည်း စစ်ဗိုလ်မှူးအိမ်တော် သာ ရှေ့ထွက်မည်ဆိုလျှင် ရကောင်း ရနိုင်သည်။
ဝေရော့သည် စစ်ဗိုလ်မှူးအိမ်တော်နှင့် အဆက်အဆံမလုပ်ချင်သော်ငြားလည်းပဲ လမ်းတစ်လျှောက်တွေ့ရှိခဲ့သည် ငတ်မွတ်နေသော တောင်းရမ်းသူများ၏ ပုံရိပ်သည် သူမ၏မျက်လုံးထဲတွင် ထင်ကျန်နေဆဲဖြစ်သည်။
သဘာဝဘေးနှင့် စစ်ဘေးဒဏ်များကြောင့် အခြေခံလူတန်းစားများမှာ ဒုက္ခရောက်နေကြပြီဖြစ်သည်။
သူမသာ ဤမြေကို စိုက်ပျိုးနိုင်လျှင် လူအချို့ကို ကယ်တင်နိုင်ရာရောက်မည်ကို တွေးမိကာ ယွမ်ရှီးရှိရာ ချမ်းယွမ် သို့ ထွက်လာခဲ့သည်။
ဝေရော့ရောက်သွားချိန်တွင် ယွမ်ရှီးသည် ဆိုင်စာရင်းများကို စစ်ဆေးနေသည်။ ဝေရော့လည်း ဆိုင်စာရင်းအခြေအနေကို ရပ်ကြည့်လိုက်ရာ အရှုံးပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဝေအိမ်တော်၏ စီးပွားရေးအခြေအနေမှာ နှစ်အနည်းငယ်အတွင်း အတော်လေး ဆိုးရွားနေပုံရသည်။
ယွမ်ရှီးက စာရင်းစစ်ပြီးနောက်တွင် ဝေရော့ရောက်လာသည့်အကြောင်းအရာကို မေးလေသည်။
"ရော့အာ... အမေ့ဆီ ဘာကိစ္စရှိလို့လဲ"
ဝေရော့ အိမ်တော်ပြန်ရောက်လာသည့်အချိန်မှစ၍ မိခင်ဖြစ်သူ ယွမ်ရှီးဆီသို့ ယခု လာရောက်ခြင်းမှာ ဒုတိယအကြိမ်မြောက်သာ ဖြစ်သည်။
"အမေ... ပြီးခဲ့တဲ့ နှစ်တွေမှာ အိမ်တော်ရဲ့ ခြံထွက်သီးနှံတွေ အထွက်မကောင်းလို့ မိသားစုစားဖို့တောင် မလောက်ဘူးလို့ ကြားမိလို့ပါ"
ဝေရော့သည် အခြေအနေတစ်ခုကို စကားစချီလိုက်သည်။
ယွမ်ရှီးသည် ဝေရော့မေးလိုက်သည်ကို သက်ပြင်းချကာဖြင့် ပြန်ဖြေလေသည်။
"ဒီကိစ္စက သမီးစိုးရိမ်စရာ မဟုတ်ပါဘူး..ဘယ်အစေခံက ပါးစပ်ဖွာလိုက်လဲမသိဘူး..အမေ သေချာအပြစ်ပေးရမယ်"
"အစေခံတွေ ပြောတာမဟုတ်ပါဘူး.. ဟိုတစ်ခေါက် မြို့မြောက်ဘက်သွားတုန်းက ကျွန်မကိုယ်တိုင် မြင်ခဲ့တာပါ ကျွန်မက တောမှာ ကြီးပြင်းလာတာဆိုတော့ ဒီလိုစိုက်ပျိုးရေးကိစ္စတွေကို သာမန်သခင်မလေးတွေထက် ပိုသိပါတယ်"
ထို့နောက် ယွမ်ရှီးက ဆက်ရှင်းပြသည်။
"ဒါက အမေတို့အိမ်တော် တစ်ခုတည်းတင် မဟုတ်ပါဘူး ရှင်းဆန်ခရိုင်တစ်ခုလုံး ထိုင်ကျိုးနယ်တစ်ခုလုံးမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အထွက်နှုန်းတွေ ကျဆင်းနေတာပါ ဂျပန်ဓားပြရန်ကြောင့်ရော ရာသီဥတုကြောင့်ရော လူတွေ တော်တော်ဒုက္ခရောက်နေကြတယ်"
ဝေရော့သည် အခွင့်အရေးရသည်နှင့် မြို့တောင်ဘက်ရှိ မြေရိုင်းများ အကြောင်းကို စကားစလိုက်တော့သည်။
"အမေ... မြို့တောင်ဘက်က မြေရိုင်းတွေ အလကားဖြစ်နေတာ အဲဒီမှာ တစ်ခုခုစိုက်လို့ရရင် လူအများကြီးကို ကျွေးမွေးနိုင်လိမ့်မယ်"
ယွမ်ရှီးသည် ဝေရော့စကားကို ကြားလိုက်သည်နှင့် ပြုံးပြလိုက်ကာဖြင့် ပြန်ပြောလေသည်။
"ရော့အာ... သမီးက အိမ်တော်အတွက် စဉ်းစားပေးတာ ကောင်းပါတယ်...ဒါပေမဲ့ အဲဒီမြေတွေက ဆားငန်မြေတွေမို့ မြက်တောင် မပေါက်ဘူးဘာမှစိုက်လို့ မရပါဘူး"
"အမေ... ကျွန်မ မိုကျားကျမှာတုန်းက မြေဆိုးမြေရိုင်းတွေမှာ သီးနှံစိုက်တဲ့နည်းကို အဘွားအိုတစ်ယောက်ဆီက သင်ခဲ့ရတယ် အဲဒီနည်းက ဒီမြေတွေမှာလည်း အသုံးတည့်နိုင်လိမ့်မယ်"
ဝေရော့က ဆက်ပြောသည်။
"အမေ... အကယ်၍ ကျွန်မတို့သာ အဲဒီမှာ စိုက်ပျိုးနိုင်ခဲ့ရင် လူအများကြီးကို ကယ်တင်နိုင်ရုံတင်မကဘဲ ဖေဖေ့ရဲ့ ရာထူးတိုးရေးအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
'ဝေမင်ထင်၏ ရာထူး' ဟု ပြောလိုက်သည့်အခါ ယွမ်ရှီး၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားတော့သည်။
လက်ရှိတွင် ဝေမင်ထင်သည် စစ်ရေးမအောင်မြင်မှုများကြောင့် ရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ဝေရော့မှာမူ မိခင်ဖြစ်သူအား ဆက်လက်နားချလေသည်။
"အမေ... အကယ်၍ ရှုံးနိမ့်သွားရင်တောင် ကျွန်မတို့မှာ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး ဝေမိသားစုက ပြည်သူတွေအတွက် ကြိုးစားပေးတယ်ဆိုတဲ့ ဂုဏ်သတင်းကတော့ ကျန်ခဲ့မှာပါ"
ယွမ်ရှီး ဝေရော့ပြောသည်ကို စဉ်းစားကြည့်လိုက်သောအခါတွင်လည်း အမှန်ပင် ဖြစ်သည်။ အကြောင်းမှာ ဝေမိသားစုအတွက် ဂုဏ်သိက္ခာသည် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။
အကယ်၍ ပြည်သူများ၏ ချစ်ခင်ထောက်ခံမှုကို ရရှိခြင်းသည် ဝေမင်ထင်အတွက် အကျိုးရှိလှသည်။
"ဒါက အမေ တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး..သမီးဖေဖေ ပြန်လာရင် အမေ ပြောပြကြည့်မယ်" ဟု ယွမ်ရှီးက ဆိုသည်။
သို့သော်လည်း ညစာစားနေသည့်အချိန်ထိ ဝေမင်ထင် ပေါ်လာခြင်း မရှိပေ။
သူသည် အိမ်တွင်ထမင်းမစားနိုင်သည်မှာ ၁၀ ရက်လောက်ပင်ရှိပြီ ဖြစ်သည်။
ဝေရော့သည် အိပ်ခါနီးအချိန်တွင် ချွေဖိန် ရောက်လာကာ ဖခင်ဖြစ်သူမှ တွေ့ချင်သည့်အကြောင်း လာရောက်ပြော သည့်အတွက် ချင်းယွမ်သို့ သွားခဲ့သည်။
ဝေမင်ထင်ကို တွေ့လိုက်ရချိန်တွင် သူသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး လက်မောင်းတွင် ဒဏ်ရာရထားသဖြင့် စည်းထားတသည့် ပတ်တီးအဖြူရောင်ကို ဖြည်နေလေသည်။
"သမီး မြို့တောင်ဘက်က မြေရိုင်းတွေမှာ သီးနှံစိုက်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ သမီးအမေဆီက ကြားတယ်..အဲဒါ တကယ်ပဲလား"
ဝေမင်ထင်သည် ဝေရော့ကို တည်ကြည်လေးနက်စွာ မေးလိုက်လေသည်။
***