"ဒါပေမဲ့ သမီးထက် ငယ်တဲ့ကလေးတွေနဲ့ အတူစာသင်ရရင် သမီး အနေခက်မှာကို အမေ စိုးရိမ်တယ်"
ယွမ်ရှီးသည် ထပ်မံကာ ရှင်းပြလေသည်။
"ဒါဆိုရင် ကျွန်မဘာသာ ဆရာတစ်ယောက် ရှာလို့ရမလား"
ဝေရော့လည်း မိခင်ဖြစ်သူအား မေးလိုက်သည်။
ယွမ်ရှီးသည် ဝေရော့၏မေးမြန်းမှုကြောင့် မျက်နှာပျက်သွားကာဖြင့် ပြောလိုက်သည်။
"ရော့အာ... အမျိုးသမီးဆရာတစ်ယောက်ကို ဖိတ်ဖို့ဆိုတာ တော်တော်ခက်ခဲသလို ကုန်ကျစရိတ်လည်း အရမ်းများတယ်..အိမ်တော်မှာက သမီးအစ်ကိုကြီးအတွက် ပညာသင်စရိတ်တွေ စီစဉ်ပေးနေရတော့ သမီးအတွက် သီးသန့်ဆရာငှားဖို့ ပိုလျှံတဲ့ငွေ မရှိဘူးလေ"
"ငွေကုန်ကြေးကျမရှိဘဲ သင်ပေးမယ့် ဆရာမျိုး ရှာတွေ့ရင်ကော"
"ရော့အာ... လျှောက်မလုပ်စမ်းပါနဲ့"
ယွမ်ရှီးသည် ဝေရော့၏ ခပ်ငေါ့ငေါ့မေးမြန်းမှုကြောင့် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်လေသည်။
"ကျွန်မ နောက်နေတာ မဟုတ်ပါဘူး..တကယ်လို့ ကျွန်မကို လွတ်လွတ်လပ်လပ် သင်ပေးမယ့် ဆရာမျိုး ရှာတွေ့ရင် တခြားသူတွေနဲ့ အတူစာမသင်ဘဲ နေခွင့်ပြုမလား"
နောက်ဆုံးတွင် ယွမ်ရှီးလည်း သက်ပြင်းချကာဖြင့် ချော့မော့ပြောရလေသည်။
"အမေ့ကို ယုံပါ..အမေ သမီးအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါ့မယ်"
ဝေရော့လည်း အလျှော့ပေးသလိုဖြင့် ပြန်လည်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ၊ ဒါပေမဲ့ မြို့တောင်ဘက်က အလုပ်တွေကို အရင်ပြီးအောင် လုပ်ပါရစေဦး"
သူမသည် စားနပ်ရိက္ခာအတွက် ရည်ရွယ်ခဲ့သော်လည်း ယခုအခြေအနေအတိုင်းဆိုလျှင် ထိုအလုပ်သည် ကျောင်းတက်ရမည့်ကိစ္စကို အချိန်ဆွဲရန် အကောင်းဆုံး ဆင်ခြေဖြစ်သွားသည်။
ယွမ်ရှီးသည် ဝေရော့ကို ကူညီရန်အတွက် အထိန်းတော်ကျန်း နှင့် အလုပ်သမား နှစ်ဦးကို လွှတ်ပေးလိုက်သည်။
အမှန်အားဖြင့်ဆိုလျှင် အထိန်းတော်ကျန်းမှာ မြို့တောင်ဘက်ကို မသွားချင်သော်လည်း အမိန့်ဖြစ်နေသဖြင့် လွန်ဆန်နိုင်ခြင်း မရှိခဲ့ပေ။
ဝေရော့သည် မြို့တောင်ဘက်သို့ ချက်ချင်းသွားရောက်ခြင်းမရှိကာ စပါးခွံ၊ ကောက်ရိုးနှင့် မီးဖိုချောင်မှ စားကြွင်းစားကျန်များကို စုဆောင်းရန် အရင်ခိုင်းလိုက်သည်။
ထို့ပြင် လေလုံသည့် သစ်သားစည်ပိုင်းများကိုလည်း ဝယ်ခိုင်းလိုက်သည်။
"သခင်မလေး... မြေရိုင်းမှာ သီးနှံစိုက်မယ်ဆိုပြီး ဒါတွေက ဘာလုပ်ဖို့လဲ..ဝက်မွေးမလို့လား"
အထိန်းတော်ကျန်းမှ ခပ်ငေါ့ငေါ့လေး မေးလိုက်သည်။
"ကျွန်မ စိုက်ပျိုးရေးလုပ်မှာပါ.. ခိုင်းတဲ့အတိုင်းသာ လုပ်ပေးပါ"
ဝေရော့၏ ပြတ်သားစွာ ပြောလိုက်သောစကားကြောင့် အထိန်းတော်ကျန်းလည်း ဆက်မမေးရဲတော့ပေ။
အခြားတစ်ဖက်တွင် ဝေချင်းဝမ်သည် ဝေရော့ တစ်နေကုန် လယ်ထဲဆင်းနေသည်ကို ကြားသောအခါ အထိန်းတော်လီနှင့် ထိုအကြောင်းအရာကို ပြောကြလေသည်။
"အထိန်းတော်ကြီး... အစ်မက တစ်နေကုန် လယ်ထဲမှာပဲ အချိန်ကုန်နေတာလား..အဲ့ဒါက သူ့ဂုဏ်သတင်းအတွက် မကောင်းဘူး မဟုတ်လား"
"မကောင်းဘူးလေ သခင်မလေးရယ်…ဒါပေမဲ့ သခင်မလေး စိတ်မပူပါနဲ့ သူက တောကလာတာဆိုတော့ တောသားအကျင့်တွေ ပါလာတာပါ…သခင်မလေးလို သိက္ခာရှိပြီး ပညာတတ်တဲ့သူမျိုး ဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"
ဝေချင်းဝမ်သည် ထိုစကားကို ကြားလိုက်သည်နှင့် ခေါင်းငုံ့ကာပင် ကျေနပ်နေလေသည်။
ရက်အနည်းငယ်ကြာသောအခါ ဝေရော့သည် အလွန်အလုပ်ရှုပ်နေခဲ့သည်။
မြေဆီလွှာပြုပြင်ရန်အတွက် ပြင်ဆင်စရာရှိသည်များကို စီစဉ်နေရသဖြင့် ညဘက်ဆိုလျှင် စောစောအိပ်ပျော်သွားလေ့ရှိသည်။
ထိုည ဝေရော့အိပ်ပျော်နေစဉ်တွင် ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရသည်။
ထို့ကြောင့် ရှို့မေမှ တံခါးသွားဖွင့်ပေးပြီးနောက် အခန်းထဲ ပြန်ဝင်လာလေသည်။
"သခင်မလေး... ရင်းကျူယွမ်က ရှောင်ပေ့ ရောက်လာတာပါ.. သူ့သခင်လေး နေမကောင်းလို့တဲ့"
"နေမကောင်းရင် ဆရာဝန်ဆီသွားလေ၊ ငါ့ဆီ ဘာလာလုပ်တာလဲ"
"ရှောင်ပေ့ပြောတာကတော့ အိမ်တော်ထဲက လူတွေကို ဆရာဝန်ခေါ်ပေးဖို့ သွားပြောပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့..အဲဒါကြောင့် သခင်မလေးဆီ လာတောင်းပန်တာပါ"
ဝေကျင်းယီသည် အိမ်တော်တွင် လျစ်လျှူရှုခံထားရသူတစ်ယောက်ဖြစ်၍ အစေခံများကပင် လျစ်လျူရှုထားကြ ခြင်းဖြစ်သည်။
ဝေရော့သည် အဝတ်အစားများကို ကမန်းကတန်းဝတ်ကာ ထွက်လာခဲ့သည်။ ရှောင်ပေ့သည်လည်း တံခါးဝတွင် ဒူးထောက်လျက် ငိုယိုကာ အကူအညီတောင်းနေသည်။
ထို့ကြောင့် ဝေရော့လည်း ရှောင်ပေ့နောက် လိုက်သွားလေသည်။
ဝေရော့ ရင်းကျူယွမ်သို့ ရောက်သောအခါ ဝေကျင်းယီမှာ ကုတင်ပေါ်တွင် သတိမေ့မြောနေသည်ကို တွေ့ရသည်။
သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေပြီး ကိုယ်မှာလည်း မီးလိုပူနေသည်။
ဝေရော့သည် ဝေကျင်းယီနား ရောက်သောအခါ သူ၏နဖူးကို စမ်းကြည့်လိုက်ကာ မေးမြန်းလိုက်လေသည်။
"သခင်လေး နေမကောင်းဖြစ်နေတာ ဘယ်နှရက်ရှိပြီလဲ"
***