"ဟုတ်... ဟုတ်ကဲ့ သုံးရက်ရှိပါပြီ…ပထမနှစ်ရက်က ဒီလောက်မဆိုးလို့ သခင်လေးက အနားယူရင် သက်သာသွားမှာပါလို့ ပြောခဲ့တာ..ဒါပေမဲ့ ဒီညကျမှ ရုတ်တရက် အခြေအနေဆိုးလာပြီး သတိလစ်သွားတာပါ"
ရှောင်ပေ့သည် စိုးရိမ်တကြီးဖြင့် ရှင်းပြလေသည်။
အကယ်၍ သူသာ ကြိုသိခဲ့လျှင် သခင်လေးအတွက် ဆရာဝန်ခေါ်ပေးဖို့ အိမ်တော်ထိန်းကို စောစောစီးစီး အတင်းအကျပ် တောင်းဆိုခဲ့မိမှာ အသေအချာပင် ဖြစ်သည်။
"သွားစို့၊ မင်းနဲ့ငါ အိမ်တော်ထိန်းအထိန်းတော်ကို သွားရှာမယ်"
ဝေရော့သည် ထိုင်နေရာမှထကာ အပြင်သို့ ထွက်လာခဲ့သည်။
သူမနှင့် ဝေကျင်းယီမှာ အနည်းငယ်သိကျွမ်းသော်လည်း ဝေအိမ်တော်တွင် သူမ၏ ဆေးပညာကျွမ်းကျင်မှုကို ထုတ်ပြလိုခြင်း မရှိပေ။
မိသားစုဝင်များ ကိုယ်တိုင်ဖြေရှင်းနိုင်သည့် ကိစ္စကို သူတို့ဘာသာ ဖြေရှင်းခိုင်းခြင်းက ပို၍ကောင်းသည်။
ယခု ဝေအိမ်တော် နောက်ဖေးဆောင်ကို တာဝန်ယူထားသူမှာ အထိန်းတော်လီ ဖြစ်ပြီး သူမသည် များသောအားဖြင့် ဝမ်မေယွမ်၏ ဘေးခန်းတွင် နေထိုင်လေ့ရှိသည်။
ရှောင်ပေ့မှ တံခါးကို သွားခေါက်သော်လည်း ဝမ်မေယွမ်တွင် ရှိသောလူများမှာ တံခါးဖွင့်ပေးခြင်းမရှိခဲ့ပေ။
ဝေရော့ကိုယ်တိုင် သွားခေါက်သော အခါမှသာ ဝမ်မေယွမ်မှလူများမှာ မည်သို့မည်ပုံ လုပ်ရမည်ကို ဝေခွဲမရဖြစ်ကာ နောက်ဆုံးတွင် တံခါးဖွင့်ပေးလိုက်သည်။
"သခင်မလေး... ဒီလောက်ညနက်မှ ဘာကိစ္စရှိလို့လဲရှင်"
ချွေဟယ် က ဝေရော့၏ အခြေအနေကို အကဲခတ်ကာဖြင့် မေးသည်။
"အထိန်းတော်ကြီး ဘယ်မှာလဲ"
ဝေရော့သည်လည်း အထိန်းတော်လီ ရှိမည့်နေရာကို မေးလိုက်လေသည်။
"အနောက်ဘက်... အဆောင်ထဲမှာပါ..."
ချွေဟယ်လည်း တိုးတိုးလေး ဖြေသည်။
အစေခံတစ်ဦးဖြစ်သော်လည်း အဆောင်ခန်းထဲတွင် နေထိုင်နိုင်သည်မှာ ဝေအိမ်တော်တွင် အထိန်းတော်လီ၏ အဆင့်အတန်း မြင့်မားသည်ကို ပြသနေခြင်းဖြစ်သည်။
ဝေရော့သည် ချွေဟယ်နှင့် စကားကြာရှည်စွာ ပြောမနေတော့ပဲ အဆောင်ရှေ့သွားကာ အနည်းငယ်ကြာသည်အထိ တံခါးခေါက်သောအခါမှသာ ထွက်လာလေသည်။
ထိုစဉ် အထိန်းတော်လီမှာ အိပ်ရေပျက်သွားသည့်အတွက် ဒေါသတကြီးဖြင့် ပြောလေသည်။
"သခင်မလေးရယ်... မနက်လင်းမှ ပြောလို့မရဘူးလား..ညကြီးမင်းကြီး ဘာလို့ လာအော်ဟစ်နေရတာလဲ"
"လူ့အသက်တစ်ချောင်းနဲ့ ဆိုင်နေတဲ့ကိစ္စမှာ ငါအော်တာ မအော်တာက အရေးမကြီးဘူး.. ဒုတိယသခင်လေး သတိလစ်နေပြီ၊ တစ်ခုခုဖြစ်သွားရင် နင် တာဝန်ယူနိုင်မှာလား"
ဝေရော့လည်း ပြန်လည်မေးခွန်းထုတ်သည်။
"နေခင်းတုန်းက ဘာမှမဖြစ်ဘဲ ညကျမှ ဘာလို့ သတိလစ်ရမှာလဲ.. ဒုတိယသခင်လေးက ကျန်းမာရေးကောင်းတဲ့သူပဲ၊ အကြောင်းမရှိဘဲ ဘယ်လိုလုပ် မေ့လဲမှာလဲ..လျှောက်မလုပ်စမ်းပါနဲ့၊ ဒါက စိုးရိမ်ရတဲ့ရောဂါ မဟုတ်ပါဘူး..မနက်ကျမှ ဆရာဝန်ခေါ်လည်း အချိန်မီပါသေးတယ်..ညသန်းခေါင်ကြီး ငါက ဘယ်ကနေ ဆရာဝန်သွားရှာရမှာလဲ?"
"ဆေးခန်းသွားရှာရမှာပေါ့"
ဝေရော့သည် အထိန်းတော်လီကို အခန်းထဲမှ အတင်းဆွဲထုတ်လိုက်သည်။
ထိုအခါ အထိန်းတော်လီလည်း ဒေါသမထိန်းနိုင်ဖြစ်ကာ အော်ငေါက်ပြောဆိုလေသည်။
"မင်းကတော့ အရမ်းရိုင်းတာပဲနော် စည်းကမ်း လုံးဝမရှိဘူး..ငါက အားလ်အိမ်တော် က လာတဲ့သူနော်၊ သခင်မကြီးတောင် ငါ့ကို လေးစားရတာ..မင်းက ငါ့ကို ဘယ်လိုစိတ်နဲ့ အခုလို လာဆွဲရဲတာလဲ"
"နင်က ဘယ်လောက်ပဲ ဝါရင့်တဲ့သူဖြစ်ဖြစ်အထိန်းတော်တစ်ယောက်ပဲ..ဒုတိယသခင်လေးက ဘယ်လောက်ပဲ မျက်နှာသာမရတဲ့သူဖြစ်ဖြစ် အိမ်ရဲ့သခင်ပဲ..အိမ်ကသခင်အတွက် ဆရာဝန်ခေါ်ခိုင်းတာကို နင်က ငြင်းဆန်နေသေးတယ်…နင်ကများ အားလ်အိမ်တော်က ဝါရင့်အထိန်းတော်လို့ ပြောရဲသေးတယ်..ငါကပဲ ပြန်မေးပါရစေဦး၊ နင့်ရဲ့ စည်းကမ်းတွေက ဘယ်မှာလဲ"
ဝေရော့လည်း အထိန်းတော်၏လုပ်ရပ်ကို ဆူပူကြိမ်းမောင်းလိုက်လေသည်။
သာမန်အချိန်တွင် ဝေရော့သည် သူတစ်ပါး အနိုင်ယူခြင်းကို လွှတ်ထားပေးနိုင်သော်လည်း အသက်အန္တရာယ်နှင့် ကြုံလာလျှင်တော့ သူမ၏ဒေါသကို ထိန်းချုပ်၍ မရတော့ပေ။
"နင် ပြောတာမှားသွားပြီ..ငါ ဒီနေ့ ဆရာဝန် မခေါ်ပေးနိုင်ဘူး..နင် ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့"
အထိန်းတော်လီသည် အောင်နိုင်သူအလား ရင်ဘတ်ကိုကော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
ဆူညံသံများကြောင့် ဝေချင်းဝမ် နိုးလာကာ အပြင်သို့ ထွက်လာတော့သည်။
ဝေရော့သည် အထိန်းတော်လီကို ဆွဲထားသည်ကို မြင်လိုက်ရသဖြင့် ဝေချင်းဝမ်က စိုးရိမ်တကြီး အော်ဟစ်သည်။
"အစ်မ... ဘာလုပ်နေတာလဲ..အထိန်းတော်လီက အသက်ကြီးပြီလေ၊ အဲဒီလို မဆွဲပါနဲ့၊ သူလဲကျသွားရင် အန္တရာယ်ရှိတယ်"
သူမကို ဘယ်သူမှ ဂရုမစိုက်ကြသဖြင့် သူမက ပြေးဝင်လာကာ ဝေရော့နှင့် အထိန်းတော်လီကို ပြန်ဖြည်ရန် ကြိုးစားသည်။
ထိုအချိန်တွင် အထိန်းတော်လီမှာ ဒေါသထွက်နေသဖြင့် သူမကို လာဆွဲသူမှာ ဝေချင်းဝမ်မှန်း သတိမထားမိကာ အတင်းတွန်းထုတ်လိုက်သည်။
ဝေချင်းဝမ်လည်း တွန်းလိုက်သည့်အရှိန်ကြောင့် ကြမ်းပြင်ပေါ်သို့ ပုံရက်လဲကျသွားပါတော့သည်။
ဝေချင်းဝမ် လဲကျသွားသည်ကို မြင်မှ အထိန်းတော်လီလည်း သတိဝင်လာပြီး သူမကို ထူရန် ပြေးသွားသည်။
"သခင်မလေး... ဘယ်လိုနေသေးလဲဟင်"
"အထိန်းတော်... ကျွန်မခြေထောက်... ခြေထောက်က နာလိုက်တာ..."
ဝေချင်းဝမ်သည် မျက်နှာဖြူလျော့ကာ ခြေကျင်းဝတ်ကို ကိုင်ပြီး နာကျင်စွာ ညည်းတွားနေသည်။
အထိန်းတော်လီလည်း ဝေချင်းဝမ်အခြေအနေကို တွေ့သွားကာ ပျာယာခတ်သွားပြီး သူမ၏သမီးကို အမြန်ခိုင်းစေ လိုက်တော့သည်။
"ချွေဟယ်... သခင်မကြီးဆီ သွားပြောချေ..သခင်မလေး ခြေထောက်ဒဏ်ရာရသွားပြီလို့..ပြီးတော့ အစောင့် ရှောင်ချီဆီ သွားပြီး 'ပေါင်ဟယ်တံခါး' ဆေးခန်းက ဆရာဝန်ကို ချက်ချင်း သွားပင့်ခိုင်းလိုက်"
ထို့နောက် အထိန်းတော်လီသည် ဝေရော့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"သခင်မလေး... ရှင်လုပ်လိုက်တာတွေကို ကြည့်စမ်းပါဦး"
ဝေရော့သည် အေးစက်သော မျက်နှာထားဖြင့် လက်စကို ခါထုတ်ပြီး လှည့်ထွက်လာခဲ့သည်။
ယနေ့ကိစ္စမှာ ချက်ချင်း ပြီးသွားမည်မဟုတ်သော်လည်း ရင်ကျူးယွမ်တွင် လူမမာကို စောင့်ဆိုင်းနေရန် အချိန်မရှိပေ။
မနက်ဖြန်မှ ဆရာဝန်ပြမည်ဆိုလျှင်လည်း အခြေအနေမှာ နောက်ကျသွားပေလိမ့်မည်။
ဝေရော့သည် ရင်ကျူးယွမ်သို့ ပြန်လာပြီး ရှို့မေကို သူမ၏ အရေးပေါ်ဆေးသေတ္တာ သွားယူခိုင်းလိုက်သည်။
ရှို့မေသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ဝေရော့၏ လက်ကို ကိုင်ကာ မေးသည်။
"သခင်မလေး... ဒုတိယသခင်လေးကို တကယ်ပဲ ကယ်မလို့လား"
"ဟုတ်တယ်"
"ဒါပေမဲ့ သခင်မလေးရယ်... ဒုတိယသခင်လေးသာ သက်သာသွားရင် ဝမ်မေယွမ်မှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် သခင်မလေးပဲ အပြစ်တင်ခံရတော့မှာလေ..အထိန်းတော်လီက ဒုတိယသခင်လေးမှာ ရောဂါမရှိဘူး..သခင်မလေးကပဲ လျှောက်လုပ်နေတာလို့ ပြောမှာ သေချာတယ်..အဲဒီကျရင် သခင်မကြီးကို ဘယ်လိုရှင်းပြမလဲ"
ရှို့မေသည်လည်း အစောပိုင်းဖြစ်ခဲ့သည့် ကိစ္စရပ်များကို အခြေခံကာ သူမ၏ သခင်မလေးကို စိုးရိမ်နေခြင်းဖြစ်သည်။
"အဲဒါကြောင့်နဲ့ လူ့အသက်တစ်ချောင်းကို နောက်ပြောင်လို့ မရဘူးလေ..သူသာ ရောဂါနဲ့သေသွားရင် ဒါမှမဟုတ် ဒဏ်ရာရသွားရင် ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မှာ မဟုတ်တော့ဘူး..ငါ့ရဲ့ အပြစ်ကင်းစင်မှုက လူ့အသက်တစ်ချောင်းနဲ့ လဲရမယ်ဆိုရင်တော့ ငါ့ရဲ့ ဂုဏ်သိက္ခာကလည်း အလကားပဲ"
ဝေရော့၏ ပြတ်သားသော သဘောထားကို သိမှသာ ရှို့မေလည်း ဘာလုပ်ရမည်ကို သိသွားသည်။
"နားလည်ပါပြီ၊ သခင်မလေး ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်"
ရှို့မေသည် ဝေရော့အတွက် ဆေးသေတ္တာ သွားယူရန် ထင်စုန်းယွမ်သို့ ပြေးထွက်သွားသည်။
သူမ၏ သခင်မလေးမှာ စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဖြစ်သည်ကို သိနေခြင်းဖြစ်သည်။
သခင်မလေးသည် ငွေကို အလေးထားပါသော်လည်း လူ့အသက်နှင့် အဓိကကျသော နေရာများတွင်မူ လူ၏တန်ဖိုးကိုသာ အလေးပေး အရေးထားသောသူဖြစ်သည်။
ဝေရော့သည် ရှောင်ပေ့ကို ရေအေးနှင့် ပုဝါများ ပြင်ဆင်ခိုင်းလိုက်သည်။
ရှောင်ပေ့သည်လည်း ဝေရော့ခိုင်းသမျှကို ခေါင်းတညိတ်ညိတ်နှင့် ပြင်ဆင်ပေးသည်။
"သွား... မင်းသခင်လေးရဲ့ စောင်ကို ဖယ်လိုက်၊ အဝတ်အစားတွေ လဲပေးလိုက်ဦး"
ဝေရော့မှ အမိန့်ပေးလိုက်သည်။
"အဝတ်... အဝတ်အစားတွေ လဲပေးရမယ်"
ရှောင်ပေ့မှ ဝေရော့ပြောသည်ကို အံ့အားသင့်စွာဖြင့် ပြန်မေးလေသည်။
"သူ့ကိုယ်က ဒီလောက် ပူနေတာကို စောင်တွေနဲ့ ထပ်အုပ်ထားရင် ပိုဆိုးကုန်မှာပေါ့..ငါပြောတာ နားထောင်စမ်းပါ တွန့်ဆုတ်မနေနဲ့၊ မဟုတ်ရင် မင်းသခင်လေး အသက်ဆုံးသွားလိမ့်မယ်"
"ဒါပေမဲ့... အမျိုးသားနဲ့ အမျိုးသမီးက..."
"လူ့အသက် စိုးရိမ်ရတဲ့အချိန်မှာ အဲဒါတွေကို ဂရုစိုက်နေဦးမလို့လား..ပြီးတော့ သူက ငါ့ရဲ့မောင်ပဲလေ"
ဝေရော့သည် ဝေကျင်းယီမှာ အဖေတူ အမေကွဲ ဖြစ်ပါသော်လည်း သွေးသားတော်စပ်သည့် မောင်နှစ်မပင် ဖြစ်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
***