"ဟုတ်... ဟုတ်ကဲ့ပါ"
ရှောင်ပေ့သည် ဝေရော့၏ ခပ်ပြတ်ပြတ်ပြောလိုက်သော စကားကြောင့် ကပျာကသီ လုပ်ဆောင်တော့သည်။
ဝေကျင်းယီ၏ ကိုယ်ပေါ်မှ စောင်ကို ဖယ်ရှားလိုက်ပြီး ရင်ဘတ်ပေါ်ရှိ အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ရာ ဝေရော့ ထင်ထားသည်နှင့်မတူဘဲ ဝေကျင်းယီ၏ ခန္ဓာကိုယ်မှာ အပြင်ပန်းတွင်မြင်ရသည့် အတိုင်း သေးသွယ်ပိန်လှီနေခြင်း မဟုတ်ပဲ ကျစ်လစ်သော ခန္ဓာကိုယ်အနေအထားရှိနေခြင်း ဖြစ်သည်။
ထိုစဉ် ရှို့မေသည် ဝေရော့၏ အရေးပေါ် ဆေးသေတ္တာ ကို သယ်ပြီး ပြန်ရောက်လာသည်။
"တံဆိပ်နီကပ်ထားတဲ့ ပုလင်းထဲက ဆေးလုံးတစ်လုံးကို ထုတ်၊ ရေတစ်ခွက်နဲ့ ဖျော် သမအောင်မွှေပြီး သူ့ကို တိုက်လိုက်"
ဝေရော့သည် အဆက်မပြတ်ပင် ညွှန်ကြားနေလေသည်။
ရှို့မေသည် ဝေရော့အနားမှာ နှစ်ပေါင်းများစွာ နေခဲ့သူဖြစ်၍ ကျွမ်းကျင်စွာပင် ဆေးဖျော်ပြီး ရှောင်ပေ့လက်ထဲ ထည့်ပေးလိုက်သည်။
"ဘာရပ်ကြည့်နေတာလဲ..မင်းသခင်လေးကို အမြန်တိုက်လေ"
ရှောင်ပေ့သည် ရုတ်တရက် တုံ့ဆိုင်းနေသဖြင့် ရှို့မေမှ အော်ငေါက်လိုက်လေသည်။
"ဒီ... ဒီဆေးက ဘယ်ကရတာလဲဟင်"
ရှောင်ပေ့သည် စိုးရိမ်ကြီးစွာဖြင့် မေးလေသည်။
"ဘယ်ကရလဲ မင်းသိဖို့မလိုဘူး..မင်းသခင်လေး အသက်ကယ်နိုင်ရင် ပြီးတာပဲ..ငါတို့သခင်မလေးက မင်းသခင်လေးကို အန္တရာယ်ပြုမလား..မင်းသခင်လေးက ဒီအခြေအနေရောက်နေပြီပဲ..ငါတို့က ဘာလို့ အပင်ပန်းခံနေဦးမှာလဲ"
ရှောင်ပေ့လည်း စဉ်းစားနိုင်ခြင်းမရှိတော့သဖြင့် ဆေးခွက်ကိုယူကာ ဝေကျင်းယီ၏ ပါးစပ်ထဲသို့ ဇွန်းဖြင့် ဂရုတစိုက် ခွံ့ကျွေးလိုက်သည်။
ထိုစဉ် ဝေရော့သည် ပုဝါကို ရေအေးဆွတ်၊ ညှစ်ပြီး ဝေကျင်းယီ၏ ကိုယ်အထက်ပိုင်းကို လိုက်ပွတ်ပေးသည်။
ထို့နောက် အပ်စိုက်အိတ်ကိုဖွင့်ကာ ရှည်လျားလှပသော ငွေအပ်များကို ထုတ်လိုက်သည်။
ငွေအပ်များကို မြင်လိုက်ရသောအခါ ရှောင်ပေ့၏ မျက်နှာမှာ ဖြူလျော့သွားပြီး လက်များ တုန်ယင်လာသဖြင့် ဆေးရည်များပင် ဖိတ်စင်ကုန်သည်။
"အာရုံမပျံ့လွင့်နဲ့..မင်းလုပ်စရာရှိတာကိုပဲ အာရုံစိုက်…အခုချိန်မှာ မင်းမှာ ငါ့ကိုယုံကြည်ဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး"
ဝေရော့သည် တည်ကြည်သော လေသံဖြင့် ရှောင်ပေ့အား ပြောလိုက်သည်။
ရှောင်ပေ့လည်း စိတ်ကိုစုစည်းကာ ဆက်လက်လုပ်ဆောင်သည်။
ဝေရော့သည် အပ်ကိုကိုင်လျက် လျင်မြန်တိကျစွာဖြင့် ဝေကျင်းယီ၏ ခန္ဓာကိုယ်ပေါ်ရှိ အဓိကအရေးကြီးသော နေရာ များကို အပ်စိုက်လိုက်သည်။ ထိုအချိန်မှာပင် အပြင်ဘက်တွင် ဆူညံသံများကြားရပြီး လူအချို့ ရောက်လာကြသည်။
"သခင်မလေး..."
ရှို့မေလည်း ထိုအခြေအနေကြောင့် စိုးရိမ်တကြီး လှမ်းကြည့်သည်။
"တံခါးမှာ သွားစောင့်နေ၊ ငါ ခဏနေရင် ပြီးပြီ"
အပြင်ဘက်တွင် ရောက်လာသော သူများမှာ ယွမ်ရှီးအနားတွင် နေသော အထိန်းတော်ကျန်း နှင့် ချွေဖိန် တို့ပင် ဖြစ်သည်။
"အစ်မကြီး အထဲမှာ ရှိလား"
အထိန်းတော်ကျန်းမှ ရှို့မေအား မေးလိုက်သည်။
ရှို့မေက ရှိကြောင်းဖြေလိုက်ရာ အထိန်းတော်ကျန်းမှ "သခင်မကြီးက ဝမ်မေယွမ်မှာ စောင့်နေတယ်၊ အစ်မကြီးကို ထွက်လာခဲ့ဖို့ ပြောလိုက်ပါ" ဟု ဆိုသည်။
ရှို့မေသည် တံခါးကို ကိုယ်ဖြင့်ပိတ်ရပ်ကာ ငြင်းဆိုလိုက်သည်။
"ခဏစောင့်ပါဦး..သခင်မလေး အလုပ်မပြတ်သေးလို့ပါ..ပြီးတာနဲ့ ထွက်လာပါလိမ့်မယ်”
အထိန်းတော်ကျန်းသည် ဝေရော့မှာ အပြစ်ပေးခံရမည်ကို ကြောက်သဖြင့် ပုန်းနေသည်ဟု ထင်မှတ်ကာ အတင်းဝင်မည်လုပ်သော်လည်း ရှို့မေမှာ အဝင်မခံခဲ့ပေ။
အခန်းထဲတွင် ဝေရော့သည် အပြင်က ရန်ဖြစ်သံများကို ဂရုမစိုက်ဘဲ အပ်စိုက်ခြင်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် အပ်များကို လူမမြင်ခင် အမြန်သိမ်းဆည်းလိုက်သည်။
"သူ ခဏတော့ ထပ်ပြီး သတိမေ့နေဦးမယ်..အားလုံးအဆင်ပြေရင် မနက်ဖြန်မနက်ကျ နိုးလာလိမ့်မယ်"
ထို့နောက် ဝေရော့သည် ရှောင်ပေ့ကို ပြောလိုက်သည်။
"ဒီပုလင်းထဲမှာ ဆေးနှစ်လုံး ကျန်သေးတယ်..သူနိုးလာရင် တစ်လုံးတိုက်၊ နောက်နေ့ညကျရင် တစ်လုံးထပ်တိုက်ပါ ပြီးတော့... ဒီနေ့ ငါလုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့၊ နားလည်လား"
ရှောင်ပေ့သည် တွေဝေစွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
ဝေရော့သည် တံခါးဝသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် ရှို့မေနှင့် အားပြိုင်နေရသော အထိန်းတော်ကျန်း နှင့် ချွေဖိန်တို့မှာ အားများကုန်ခမ်းနေကြပြီ ဖြစ်သည်။
"ငါ့အစေခံကို အကျပ်မကိုင်ပါနဲ့..ငါ နင်တို့နဲ့ လိုက်ခဲ့မယ်"
ဝေရော့သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် ဝေရော့ကို ဝမ်မေယွမ်သို့ ခေါ်ဆောင်သွားကြသည်။
ဝမ်မေယွမ်တစ်ခုလုံး မီးရောင်များ ထိန်ထိန်လင်းနေပြီး အိပ်ရာမှ နိုးလာသော ယွမ်ရှီးသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ထိုင်နေသည်။
အထိန်းတော်လီမှာမူ သူမ၏ရှေ့တွင် ဒူးထောက်လျက် ရှိနေသည်။
ဝေရော့ ရောက်သွားသောအခါ ယွမ်ရှီးက ဒေါသတကြီး မေးပါတော့သည်။
"ရော့အာ... သမီး ဘာဖြစ်နေတာလဲ..ညသန်းခေါင်ကြီး ဝမ်ဝမ်ရဲ့ အဆောင်ကို သွားပြီး ဘာလို့ ပြဿနာရှာရတာလဲ ဝမ်ဝမ်ကို တွန်းလှဲလိုက်ရုံတင်မကဘူး..သူ့ခြေထောက်က သွေးတွေတောင် အများကြီး ထွက်နေပြီ..ဒါကို သမီး ဘယ်လိုရှင်းပြမလဲ"
***