"ကိုယ့်မှာ အမှားမရှိရင် ဘယ်တော့မှ အမှားဝန်မခံဘူး"
ဝေရော့သည်လည်း တင်းမာစွာဖြင့် ပြန်လည် ဖြေလိုက်သည်။
ယွမ်ရှီးသည် ထိုသို့ဖြေကြားမှုကြောင့် ဒေါသအလွန်ထွက်သွားပြီး အပြစ်ပေးရန် အမိန့်ပေးလိုက်သည်။
"ချွေဖိန်၊ အထိန်းတော်ကျန်း... သူ့ကို ထင်းရှူးဂိုဒေါင်ထဲ ခေါ်သွားပြီး ပိတ်ထားလိုက်…အစာလည်း မကျွေးနဲ့ ဘယ်တော့ အမှားဝန်ခံမလဲဆိုတာ စောင့်ကြည့်မယ်၊ အဲဒီကျမှ ပြန်ထုတ်ပေးမယ်"
"သခင်မကြီး"
အထိန်းတော်ကျန်းနှင့် ချွေဖိန်တို့လည်း သခင်မကြီး၏ ပြောစကားကြောင့် လန့်ကုန်ကြသည်။
သခင်မကြီးသည် တစ်ခါမျှ ဤမျှလောက်ထိ ဒေါသမထွက်ဖူးသည့်အပြင် သမီးအရင်းကို ထင်းရှူးဂိုဒေါင်ထဲ ပိတ်လှောင်သည်အထိ မရက်စက်ဖူးပေ။
"ငါခိုင်းတာ မကြားဘူးလား..အခုချက်ချင်းလုပ်"
ယွမ်ရှီးမှ ထပ်မံအမိန့်ပေးသဖြင့် ဝေရော့ကို ခေါ်သွားကြရသည်။ ဝေရော့သည် မည်သည့်စကားမှ ထပ်မံပြောကြားခြင်း မရှိကာ ကိုယ်တိုင်ပင် ထွက်သွားခဲ့သည်။
ထင်းရှူးဂိုဒေါင်ထဲ ရောက်သောအခါ အထိန်းတော်ကျန်းမှ တိုးတိုးလေး အကြံပေးသည်။
"သခင်မလေးရယ်... သခင်မကြီးကို အမှားဝန်ခံလိုက်ပါ..အလျှော့ပေးစကားလေး ပြောလိုက်ရင် သူခွင့်လွှတ်မှာပါ နောက်ခါ မလုပ်တော့ဘူးလို့ပဲ ပြောလိုက်ပါ"
"ကျွန်မ ဘာမှမမှားဘဲ ဘာလို့ ဝန်ခံရမှာလဲ"
ဝေရော့၏ စကားကြောင့် အထိန်းတော်ကြီးလည်း သက်ပြင်းချကာ တံခါးကို သော့ခတ်ပြီး ထွက်သွားတော့သည်။
ဂိုဒေါင်တံခါး ပိတ်သွားသည်နှင့် ဝေရော့၏ ပတ်ဝန်းကျင်မှာ မှောင်အတိ ကျသွားသည်။ ဖုန်နံ့နှင့် ထင်းခြောက်နံ့များသာ လွှမ်းမိုးနေသည်။
ဝေရော့သည် ကောက်ရိုးပုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ အပေါ်ဘက်ရှိ ပြတင်းပေါက်ငယ်လေးမှ လရောင်အချို့ ဖြာကျနေသော်လည်း ညဉ့်အအေးဒဏ်က သူမကို တုန်ယင်စေသည်။
သူမသည် အတိတ်ဘဝကို ပြန်လည်အမှတ်ရသွားသည်။ အရင်ဘဝက သူမတွင် အရက်သမား ဖခင်နှင့် အလိုလိုက်လွန်းသော မိခင်ရှိခဲ့သည်။
သူမသည် ကြိုးစားမှုကြောင့် ထိပ်တန်းတက္ကသိုလ် တက်ခဲ့ရသော်လည်း ဆိုးရွားသော မိသားစုပတ်ဝန်းကျင်မှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။
သူမ၏ ဖခင်သည် သူမထံမှ ငွေတောင်းသည်ကို မပေးလျှင် သူမကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူမှာ သူမကို ကာကွယ်ရင်း ဖခင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး နောက်ဆုံးတွင် သူမကိုယ်တိုင်လည်း ကတ်ကြေးဖြင့် ဖခင်ကို ပြန်လည်သတ်ဖြတ်ခဲ့ရသည်။
ယခုဘဝတွင် သူမသည် ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်နေသော်လည်း မိသားစု၏ စိတ်တိုင်းမကျမှုတစ်ခုကြောင့် အပြစ်ပေးခံနေရပြန်သည်။
"စာဖတ်ရင် ဘဝကို ထိန်းချုပ်နိုင်မယ်" ဆိုသော အတွေးမှာ အရင်ဘဝကလည်း မအောင်မြင်ခဲ့သည့်အတိုင်းပင် ယခုဘဝတွင်လည်း သူမကိုယ်သူမ အားကိုးရာမဲ့နေသကဲ့သို့ ခံစားရသဖြင့် အသက်ရှူပင် ကျပ်လာတော့သည်။
အခြားတစ်ဖက်တွင် ဆရာဝန်ရောက်လာပြီး ဝေချင်းဝမ်ကို စစ်ဆေးပေးကာ ဆေးညွှန်းရေးပေးသည်။
ထိုအချိန်တွင် အထိန်းတော်လီသည် ဝေချင်းဝမ်ကို ပြုစုရင်းဖြင့် ပြောလေသည်။
“သခင်မလေး... မကြောက်ပါနဲ့..ဒီကိစ္စကို ဘယ်သူမှ မသိနိုင်ပါဘူး..သခင်မလေးကသာ စိတ်ခိုင်ခိုင်ထားရင် အားလုံး အဆင်ပြေသွားမှာပါ"
ဝေချင်းဝမ်သည် စိုးရိမ်တကြီးဖြင့် ပြန်လည်ကာ ပြောလေသည်။
"ဒါပေမဲ့ အထိန်းတော်ရယ်... ကျွန်မ စိတ်မကောင်းဘူး..အစ်မ အခုလို အပြစ်ပေးခံရတာ မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်…အမေက အစ်မကို ထင်းရှူးဂိုဒေါင်ထဲ ပိတ်ထားလိမ့်မယ်လို့ မထင်ခဲ့ဘူး..."
"ဒါက သူ့အမှားနဲ့သူ ဖြစ်တာပါ သခင်မလေး..သခင်မကြီးက သခင်မလေးကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ပြတာပဲ…ဝေချင်းရော့သာ မဟုတ်ဘဲ တခြားသူဆိုရင် သခင်မကြီး ဒီလောက် ဒေါသထွက်မှာ မဟုတ်ဘူး"
အထိန်းတော်လီသည် ဝေချင်းဝမ်ကို စိတ်အေးစေရန် နှစ်သိမ့်ပေးလိုက်သည်။
ဝေချင်းဝမ်လည်း "မနက်လင်းရင် ကျွန်မ အမေ့ဆီသွားပြီး အစ်မအတွက် တောင်းပန်ပေးမယ်" ဟု ဆိုလိုက်သည်။
အထိန်းတော်လီကလည်း "မနက်ကျရင် သွားကြတာပေါ့.. အခုတော့ အနားယူလိုက်ပါ" ဟု ပြောရင်း "ဒီကိစ္စကို ဘယ်တော့မှ ပြန်မပြောပါနဲ့၊ စိတ်ထဲမှာ မေ့သွားလောက်သည်အထိ" ဟု သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝေကျင်းယီသည် မျက်လုံးပွင့်လာသည်။ ခေါင်းကိုက်နေသေးသော်လည်း ကိုယ်လက်များ ပေါ့ပါးသွားသည်။
"သခင်လေး နိုးလာပြီပဲ"
ရှောင်ပေ့သည် သူ၏သခင်လေး ပြန်ကောင်းလာသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"အစ်မကြီး လာသွားသေးလား"
ဝေကျင်းယီမှ မေးလိုက်လေသည်။ ရှောင်ပေ့သည် ဝေရော့မှ သူ့ကို ဘယ်လိုကယ်တင်ခဲ့ကြောင်းနှင့် သူမ ဝမ်မေယွမ်တွင် ပြဿနာတက်ကာ အခေါ်ခံလိုက်ရကြောင်း အားလုံးကို ပြောပြလိုက်သည်။
"မင်းပြောချင်တာက ငါအခု နိုးလာတာ သူကယ်လို့ပေါ့ ဟုတ်လား"
ဝေကျင်းယီလည်း ထိုအဖြစ်အပျက်ကို ကြားလိုက်သောအခါ အံ့သြသွားသည်။
ဝေရော့သည် သူ့အတွက်နှင့် မိသားစုထံ ထိပ်တိုက်တွေ့ခဲ့သည်ကို သိလိုက်ရသောအခါ သူ ကုတင်ပေါ်မှ ထရန် ကြိုးစားသည်။
"သခင်လေး..ဘယ်သွားမလို့လဲ..သခင်မလေးရော့က အနားယူရမယ်လို့ မှာသွားတယ်လေ"
"ငါ့ကို ထူပေး... ချမ်းယွမ် ကို သွားမယ်"
ဝေကျင်းယီ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ၏ အမိန့်မှာ ပြတ်သားလှသည်။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဝေကျင်းယီ ရုတ်တရက် ရပ်လိုက်သည်။ တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် "ငါ့ကို ကုတင်ပေါ် ပြန်ပို့ပေး" ဟု ပြန်ပြောသည်။
ရှောင်ပေ့ နားမလည်သော်လည်း သခင်လေး နားချင်သည်ဆို၍ ပြန်ပို့ပေးလိုက်သည်။
ဝေကျင်းယီသည် ကုတင်ပေါ်သို့ ပြန်လှဲလိုက်ကာ မှာကြားလိုက်သည်။
"မင်း အခုချက်ချင်း အစောင့် ကျင့်ဟူ ဆီ သွားပါ.. ငါ အရမ်းနေမကောင်းဖြစ်ပြီး သတိမေ့နေတယ်၊ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သွားပြောလိုက်"
***