အခုတော့ ဒေါက်တာဘခက်ရဲ့ဇနီးလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီမို့ ကျုပ်တို့ဆရာတပည့်တွေ 'သာမညမြို့'လေးကိုနှုတ်ဆက်ရတော့မယ်။ ဒေါက်တာဘခက်က ခဏလောက်ဆက်နေခိုင်းပေမဲ့လည်း ကျုပ်တို့လိုလူတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြာကြာနေလို့မကောင်းတာမို့ နားလည်အောင်ပြောပြပြီး ဒေါက်တာဘခက်နဲ့ဇနီးဖြစ်သူတို့ကိုနှုတ်ဆက်ပြီးထွက်ခွာလာခဲ့ကြတယ်။ 'သာမညမြို့'စွန်ကနေ ခရီးဆက်ခဲ့ရင်းက ကျုပ်ခေါင်းထဲမှာ ရိပ်ကနဲဖြစ်ပြီး မူးသွားတာမို့ ခဏလောက်အနားယူဖို့ စီစဉ်ခဲ့ရသေးတယ်။
"ဆရာ့ကိုပြောသားပဲဗျာ။ ဒေါက်တာဘခက်တို့ဆီမှာ သက်သာအောင် နေပါအုံးဆိုတာ ဆရာကမှ မနေချင်ပဲ။"
"အခုလည်းကျုပ်ဘာမှမဖြစ်ပါဘူးကိုဖိုးတေရာ။ နေပြင်းတော့ ခေါင်းထဲမှာမိုက်ကနဲဖြစ်သွားရုံတင်ပါ။"
ပါးစပ်က ပွစိပွစိပြောနေပေမဲ့လည်း ကျုပ်အနားကမခွာပဲ ကိုဖိုးတေက ပြုစုပေးရှာတယ်။ ကိုမိုးကြိုးကတော့ ကျုပ်အတွက်သောက်ဆေးတွေပြင်နေလေရဲ့။
"ရော့ဆရာ။ ဆေးလေးသောက်လိုက်အုံး။ ကျုပ်သေချာလေးစပ်ပေးထားတယ်။"
ကိုမိုးကြိုးပေးတဲ့ဆေးကိုသောက်ပြီး မျက်ခွံတွေလေးလံလာတာမို့ ရောက်တဲ့နေရာမှာပဲ ခေတ္တအနားယူကြဖို့ပြောလိုက်တယ်။
"ကျုပ်အရမ်းအိပ်ချင်လာလို့ ဒီမှာခဏနားကြရအောင်ဗျာ။ဒီပုံစံအတိုင်း ရှေ့ဆက်သွားရင်လည်း ခရီးဖင့်တာပဲအဖတ်တင်လိမ့်မယ်။"
"ကျုပ်တို့ကတော့ဆရာ့သဘောအတိုင်းပဲဗျို့။"
အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်မှာ လေတဖြူးဖြူးနဲ့ အိပ်ရတာက တယ်လည်းဇိမ်ကျသကိုး။ ကိုဖိုးတေက စားဖို့သောက်ဖို့ပြင်ဆင်နေပြီး ကိုမိုးကြိုးကတော့ လိုအပ်မဲ့ဆေးဝါးတွေပြင်နေလေရဲ့။
"ကောင်လေး။ ထ ထ ။ တို့ဆီကို အရှိန်အဝါပြင်းပြင်းနဲ့လူတစ်ယောက်လာနေတယ်။"
ဗျဂ္ဂရဲ့အသံကိုကြားလိုက်ရပြီး ကျုပ်မျက်လုံးတွေကအလိုလိုပွင့်လာခဲ့တယ်။ အိပ်နေရာကခေါင်းထောင်ကြည့်လိုက်တော့ ကျုပ်တို့ရှိရာလာနေတဲ့ အသားညိုညိုဒေါင်ကောင်းကောင်းနဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်။
"မင်းတို့ကိုလိုက်ရှာရတာကလည်း ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာထက်ကိုဆိုးနေပါရောလား။"
"ဒီကနောင်ကြီးက ကျုပ်တို့ကိုသိလို့လားဗျ။"
"ဟာ ဘယ်လိုမေးလိုက်တာပါလိမ့်။ မသိပဲနေမလား။ ဆရာစိုင်းမောက်နဲ့ သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကို တို့လောကမှာ မသိတဲ့သူမရှိသလောက်ပဲဟေ့။"
ကိုဖိုးတေရဲ့အမေးကို ပြန်ဖြေတဲ့အဲ့ဒီလူရဲ့စကားပြောပုံဆိုပုံအရ သာမန်လူတော့မဟုတ်လောက်ဘူး။ စောနကလည်းဗျဂ္ဂက ကျုပ်တို့ဆီလာနေတဲ့လူဟာ အင်မတန်အရှိန်အဝါပြင်းလွန်းတယ်လို့သတိပေးထားတယ်။ အဲ့ဒီလူကို ကျုပ်ရဲ့ပညာစက်မျက်လုံးနဲ့လှမ်းကြည့်လိုက်တော့ နည်းနည်းနောနော အောက်စက်တွေလား။ သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံထားတဲ့ပညာစက်တွေက အတော်များတာပဲ။
"ဒါနဲ့လာရင်းကိစ္စကိုပြောပါအုံး။ ကျုပ်တို့ကိုဘာကိစ္စတွေ့ချင်နေရတာတုန်း။"
"မင်းတို့ကိုတွေ့ချင်တဲ့အကြောင်းက အရေးကြီးလုပ်ရမဲ့ကိစ္စတစ်ခုရှိလို့ဟေ့။ အဲ့ဒီကိစ္စကိုငါကိုယ်တိုင်လုပ်မှာဆိုပေမဲ့ မင်းတို့ပါကူညီရင်တော့ပိုကောင်းတာပေါ့ကွာ။"
"ကျုပ်တို့ကဘာ့ကြောင့်လုပ်ပေးရမှာတုန်းဗျ။ ကျုပ်တို့ကခင်ဗျားအကြောင်းလည်းဘာမှသိရသေးတာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားပြောတဲ့အရေးကြီးကိစ္စဆိုတာလည်း ဘာမှန်းမသိရဘူး။"
"မင်းတို့ကိုငါပြောပြမှာပေါ့ကွာ။ ဒီလိုနေရာမျိုးမှာပြောလို့မကောင်းဘူး။ ငါနဲ့လိုက်ခဲ့ကြ။ ဟိုရောက်ရင် အကြောင်းစုံရှင်းပြပေးမယ်။"
အဲ့ဒီလူက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး ကျုပ်တို့ကိုသူနဲ့တစ်ပါတည်းလိုက်ခဲ့ဖို့ခေါ်တော့တယ်။ ဒီလိုနေရာမျိုးဆို သိပ်ပြောစရာမလိုတဲ့ကိုဖိုးတေက ကျုပ်ကိုလှမ်းကြည့်လိုက်တာမို့ အသာတကြည်ပဲခေါင်းငြိမ့်ပြလိုက်တယ်။
"ကောင်းပြီလေ။ ကျုပ်တို့တွေလိုက်ခဲ့မယ်။ တစ်ခုတော့ပြောထားမယ်နော်။ ကျုပ်တို့ကိုအန္တရာယ်ပြုဖို့လာတာဆိုရင်တော့ အခုကတည်းက လှည့်ပြန်လိုက်တာကောင်းမယ်။"
"စိတ်ချပါကွာ။ မင်းတို့ကိုအန္တရာယ်ပြုဖို့နေနေသာသာ မင်းတို့နဲ့လည်း ပညာချင်း မယှဉ်ရဲပါဘူး။"
"ဟုတ်ပြီ။ ဒါဆိုခင်ဗျားရှေ့ကသွား။ ကျုပ်တို့နောက်ကလိုက်ခဲ့မယ်။"
ကျုပ်တို့ကိုလာခေါ်တဲ့လူစိမ်းက ကျုပ်တို့လာခဲ့တဲ့လမ်းအတိုင်းပြန်ထွက်သွားတာကိုတွေ့ရတယ်။ သူ့နောက်မှာက ကျုပ်တို့ဆရာတပည့်သုံးယောက်ပေါ့။ 'သာမညမြို့'စွန်ကိုရောက်တော့ ကျုပ်တို့လာခဲ့တဲ့လမ်းရဲ့ ဆန့်ကျင်ဘက်အရပ်ကိုကွေ့ဝင်သွားပြီး ခြုံတွေထူထပ်နေတဲ့ လမ်းဘက်ကို တည့်တည့်ကြီးဝင်လာခဲ့ကြတယ်။ ဆူးခြုံတွေထဲမှာလူသွားလမ်းလေးတစ်ခုကိုတွေ့နေရပြီ။ အဲ့ဒီလမ်းတွေအတိုင်းဝင်လာခဲ့ပြီးတဲ့နောက်မှာတော့ အိုဟောင်းနေပြီဖြစ်တဲ့ အိမ်ဟောင်းကြီးတစ်လုံးကိုတွေ့လိုက်ကြရတယ်။
"ကဲ ရောက်ပြီ။ လာကြ။ အထဲဝင်ခဲ့ကြ။"
လူစိမ်းကဦးဆောင်ပြီးအိမ်ထဲကိုဝင်သွားတယ်။ ကျုပ်တို့ပါအတူလိုက်ဝင်ခဲ့ရတော့တာပေါ့။ ဖုန်အလိမ်းလိမ်းတက်နေတဲ့ ပရိဘောဂတွေနဲ့ အဖြူရောင်ပိတ်စအုပ်ထားတဲ့ပရိဘောဂတွေများစွာကိုတွေ့လိုက်ရပြီး အိမ်ကြီးရဲ့အပေါ်ထပ်ဆီကိုတက်လာခဲ့ကြတယ်။ အိမ်ကြီးရဲ့အပေါ်ထပ်က အခန်းတစ်ခုထဲမှာကတော့ အဖြူရောင်ပိတ်စကြီးနဲ့ဖုံးအုပ်ထားတဲ့ သေတ္တာကြီးတစ်လုံးကိုတွေ့လိုက်ရပြန်တယ်။ လူစိမ်းကအဲ့ဒီသေတ္တာကြီးရှေ့မှာရပ်လိုက်ပြီး ဖုံးအုပ်ထားတဲ့အဖြူရောင်ပိတ်စကြီးကိုဆွဲချလိုက်တယ်။
"ဟာ ။ ဟေ့လူ။ ခင်ဗျားဘာတွေလုပ်နေတာလဲ။"
"ဒါမျိုးတော့ ကျုပ်လက်မခံဘူးနော်။"
"နေ နေကြပါအုံး။ မင်းတို့ကိုအစအဆုံးရှင်းပြပါ့မယ်။"
အဖြူရောင်ပိတ်စကြီးနဲ့ဖုံးအုပ်ထားတာက ကြီးမားတဲ့သေတ္တာကြီးလို့ကျုပ်ထင်ထားတာ။ ဘယ်ဟုတ်ပါ့မတုန်း။ တကယ်တော့ ကြီးမာတဲ့သံလှောင်အိမ်ကြီးတစ်ခုကို ဖုံးအုပ်ထားတာဖြစ်နေတယ်။ သံလှောင်အိမ်ကြီးထဲမှာက အဖြူရောင်ဆံနွယ်တွေနဲ့ မိန်းကလေးတစ်ဦးရှိနေတာတွေ့လိုက်ရတာမို့ ကျုပ်တို့အတော်ဒေါသဖြစ်မိတာအမှန်ပဲ။ နောက်တော့မှ လူစိမ်းက ကျုပ်တို့ကိုအဖြစ်အပျက်အားလုံးရှင်းပြတော့တယ်။
"ငါ့နာမည်က မင်းသိုက်။ ငါလည်းမင်းလိုပဲ ငယ်စဉ်ကတည်းက ဝမ်းတွင်းမှာပညာဗူးပါလာခဲ့သူတစ်ယောက်ပေါ့။ ခက်တာက ငါဆရာတင်မှားခဲ့တာပဲ။"
အဲ့ဒီလိုနဲ့ မင်းသိုက်က သူ့ဘဝဇာတ်ကြောင်းကို ကျုပ်တို့အားလုံးသိအောင်ပြန်ပြောပြပါတော့တယ်။
***