"ဟေ့ကောင်။ငသိုက်။ ငါ့အတွက်အရက်သွားဝယ်ပေးစမ်း။မြန်မြန်ပြန်လာနော်။နောက်ကျရင် ငါ့လက်ထဲကဆေးကြိမ်လုံးကိုတွေ့လား။ "
"ဟုတ်ကဲ့ဆရာကြီး။ ကျုပ် ကျုပ်သွားလိုက်ပါ့မယ်။"
မိမရှိဖမရှိတစ်ကောင်ကြွက်ဖြစ်ခဲ့ရတဲ့ မင်းသိုက်ကိုငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာသူက ဆေးဆရာကြီးဦးမြိုင်ဟိန်း။ ဦးမြိုင်ဟိန်းက ဆေးလည်းကုသလို သိုက်လည်းတူးတဲ့ သိုက်ဆရာဆိုလည်းမမှားဘူး။ ဦးမြိုင်ဟိန်းအကြိုက်ဆုံးအရာက အရက်။ မနက်မိုးလင်းလာရင် အရက်နဲ့မျက်နှာသစ်တဲ့အထိကို စွဲစွဲလမ်းလမ်းဖြစ်နေတာပေါ့။ အခုလည်းမိုးမလင်းသေးဘူး မင်းသိုက်ကို အရက်ဆိုင်လွှတ်ပြီး အရက်ဝယ်ခိုင်းပြန်ပါပြီ။ မင်းသိုက်ခမျာမှာတော့ လူမှန်းသိတတ်စအရွယ်ကတည်းက အခုလို အသက် နှစ်ဆယ်ကျော်အရွယ်အထိ ဦးမြိုင်ဟိန်းရဲ့အာဏာစက်အောက်မှာ ကျွန်လိုအလုပ်လုပ်ပေးနေရတယ်။ ဦးမြိုင်ဟိန်းက မင်းသိုက်ကို သားအရင်းတစ်ယောက်လိုချစ်လို့ ပြုစုစောင့်ရှောက်ခဲ့တာတော့မဟုတ်ဘူး။ မင်းသိုက်ရဲ့မွေးရာပါပညာဗူးကိုထုတ်ယူချင်လို့ မင်းသိုက်ကို ငယ်စဉ်ကတည်းကပြုစုစောင့်ရှောက်ခဲ့တာ။ အချိန်တန်ရင် သူတတ်ထားတဲ့ပညာနဲ့ ထုံကူးပြီး မင်းသိုက်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ကြံထားတဲ့လူတစ်ယောက်။ ဒါတွေကိုမသိရှာတဲ့မင်းသိုက်ခမျာမှာတော့ ဦးမြိုင်ဟိန်းကို ကျေးဇူးရှင်ကြီးတစ်ယောက်လို ဖခင်အရင်းတစ်ယောက်လို သံယောဇဉ်တွယ်မိနေခဲ့တယ်။
"ဒီခွေးမသား။ ဒါလေးခိုင်းတာကို ဒီလောက်ကြာရသလား။ ကဲကွာ။ ကဲကွာ။"
"ကျုပ်ကြောက်ပါပြီအဘရယ်။ နောက်ဆို မြန်မြန်ပြန်လာပါ့မယ်။ကျုပ် ကျုပ်မှတ်ပါပြီ။"
အရက်သွားဝယ်တာကြာနေလို့ဆိုပြီး အကြောင်းမရှိအကြောင်းရှာကာ အခုလိုပဲ ရိုက်နှက်နှိပ်စက်လေ့ရှိသေးတာ။ အသက်နှစ်ဆယ်ကျော်အရွယ်ထိ ရိုက်နှက်ခံလာရတဲ့ မင်းသိုက်အဖို့ ဝမ်းနည်းလို့ ဝမ်းနည်းရကောင်းမှန်းလည်းမသိ။ ဦးမြိုင်ဟိန်းရဲ့လက်အောက်ကနေလွတ်အောင်လည်း သူမရုန်းနိုင်။
"တောက်။ နောက်ဆိုမင်းဒီ့ထက်ပိုနာမယ်။ မြဲမြဲမှတ်ထား။ကြားလား။"
"ဟုတ် ဟုတ်ကဲ့ပါအဘ။"
"သွား အခုချက်ချင်းငါ့မျက်စိရှေ့ကထွက်သွား။"
ဦးမြိုင်ဟိန်းဆီက အရိုက်ခံလို့ပဲဖြစ်ဖြစ် အဆူခံရလို့ပဲဖြစ်ဖြစ် မင်းသိုက်ဟာ ဘုရားပျက်ကုန်းကြီးပေါ်မှာတစ်ယောက်တည်းသွားထိုင်နေလေ့ရှိတယ်။မင်းသိုက်အတွက်တော့ အဲ့ဒီနေရာဟာ သွားနေကျနေရာတစ်ခုလိုဖြစ်နေတော့တယ်။ အခုလည်း မင်းသိုက် ထိုင်နေကျဘုရားပျက်ကုန်းကြီးပေါ်မှာတစ်ယောက်တည်း။
"ခိခိခိ။ ဟီးးဟီးးး။"
မခို့တရို့ရယ်သံကြောင့် မင်းသိုက်ဘေးဘီကိုကြည့်လိုက်မိတယ်။ ညနေစောင်းအချိန်မို့ ဒီလိုအချိန် ဒီခိုနေရာမှာ မင်းသိုက်တစ်ယောက်တည်းသာရှိနေသင့်တယ်။ စောနကကြားလိုက်ရတဲ့ရယ်သံကလည်း မိန်းကလေးရယ်သံဖြစ်နေတော့ ပိုလို့တောင်ကြောက်စိတ်တွေဝင်လာခဲ့တယ်။
"ဟေ့။ ဘယ်သူလဲကွ။ မမြင်ကွယ်ရာကနေ ခိုးရယ်မနေနဲ့။ ထွက်လာခဲ့စမ်း။"
"ကျွန်မကိုဘာမှမလုပ်ပါနဲ့ရှင်။ ရှင့်ကိုကြည့်ရင်းနဲ့ ရယ်ချင်စိတ်ကိုဘယ်လိုမှထိန်းမရလို့ပါ။"
"ကျုပ်ပုံစံက ရယ်ချင်စရာများကောင်းနေသလားအမိ။"
"အို အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ ယောက်ျားသားရယ်လို့မရှိတော့ ယောက်ျားလေးဆိုတာဘယ်လိုလူမျိုးလဲသိချင်လို့ ခိုးထွက်လာခဲ့တာပါ။ ကျွန်မဒီနေရာကိုရောက်တိုင်း ရှင့်ကိုအမြဲတွေ့တွေ့နေတော့ ရှင်နဲ့စကားပြောကြည့်ချင်လာလို့ ဘယ်ကစပြောရမလဲစဉ်းစားရင်းရယ်မိသွားတာပါ။"
နောက်ကျောဘက်ဆီကထွက်လာတဲ့ ဆံပင်အဖြူရောင်နဲ့မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရပြီး အဲ့ဒီမိန်းကလေးနဲ့ မင်းသိုက်တို့ စကားတွေပြောဖြစ်ကြတယ်။
"ဒါနဲ့နေပါအုံး။ မင်းတို့နေရာက ယောက်ျားလေးတွေမရှိဘူးဆိုတော့ ဘယ်လိုနေရာမျိုးမို့လဲ။"
"ဒါတွေကို တစ်နေ့ကျရှင်သိလာရမှာပါ။အခုတော့ကျွန်မသွားရတော့မယ်။"
ဆံပင်အဖြူရောင်နဲ့မိန်းကလေးက မင်းသိုက်ကို ကျောခိုင်းလှည့်ထွက်သွားပြီးတဲ့နောက် ခပ်လှမ်းလှမ်းအရောက်မှာ ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြောင့် နားမလည်နိုင်ဖြစ်နေတဲ့ မင်းသိုက်က အိပ်မက်များမက်နေလားဆိုပြီး ကိုယ့်အသားကို ဆွဲဆိတ်ကြည့်နေသေးတာ။
"အားးးလားးးလားးး။ နာလိုက်တာဗျာ။ ဒါဆို အခုဖြစ်နေတာတွေက အိပ်မက်မဟုတ်ဘူးပေါ့။"
မှောင်စပြုလာပြီမို့ မင်းသိုက်လည်း အဲ့ဒီအကြောင်းကိုဆက်မတွေးတော့ပဲ ဦးမြိုင်ဟိန်းရှိရာကိုပြန်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ မင်းသိုက်ဟာ ဦးမြိုင်ဟိန်းရဲ့ရိုက်နှက်နှိပ်စက်မှုတွေခံရတိုင်း ဘုရားပျက်ကုန်းကြီးပေါ်က ဆံပင်အဖြူရောင်မိန်းကလေးနဲ့ စကားတွေပြောရင်း တဖြေးဖြေးရင်းနှီးလာကြတယ်။
"ဒါဆို အစ်ကိုက အဲ့ဒီလူကြီးနဲ့နေရတာ အတော်ပင်ပန်းမှာပဲနော်။ "
"ဒါတွေကလည်း အစ်ကိုအတိတ်ဘဝက ဝဋ်ကြွေးတွေကြောင့်မို့နေမှာပါလေ။ တစ်နေ့တော့ အစ်ကို ဒီဘဝကြီးကနေ လွတ်မြောက်နိုင်မှာပါ။"
"အင်းပါ။ ဒါဆိုညီမကလည်း အစ်ကို့ကို အဲ့ဒီလူကြီးရဲ့လက်က အမြန်ရုန်းထွက်နိုင်ပါစေလို့ ဆုတောင်းပေးနေပါ့မယ်။ "
"ဒါနဲ့လေ အစ်ကိုနဲ့စတွေ့တုန်းက ညီမပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ညီမတို့နေတဲ့နေရာမှာ ယောက်ျားသားတွေမရှိဘူးဆိုတာက ဘာကြောင့်များလဲ။ အစ်ကိုဒီအတိုင်းသိချင်လို့မေးတာနော်။ စပ်စုတယ်တော့မထင်ပါနဲ့။"
"အဲ့လိုလည်းမထင်ပါဘူးအစ်ကိုရယ်။ ညီမကလည်း အစ်ကို့ကို ပြောပြချင်နေတာပါ။ ဒီလိုအစ်ကိုရဲ့ တကယ်တော့ ညီမတို့က လူစင်စစ်တွေမဟုတ်ဘူး။ ဟော့ဒီဘုရားပျက်ကြီးအတွင်းက ဌာပနာတွေကိုစောင့်ရှောက်နေရတဲ့ သိုက်စောင့်တွေပေါ့။ ညီမတို့သိုက်ကို 'မြပုလဲသိုက်'လို့လည်းခေါ်ကြတယ်။ ဘာလို့ဆို ညီမတို့စောင့်ရှောက်ရတဲ့ ရတနာပစ္စည်းတွေထဲကအများစုက အင်မတန်ရှားပါးပြီးအဖိုးတန်တဲ့ ပုလဲလုံးတွေကပိုများလို့ပေါ့။ နောက်ပြီး သိုက်နန်းထဲမှာက ညီမတို့လိုမိန်းမသားတွေပဲရှိကြတာလေ။ ညီမတို့သိုက်နန်းအတွင်းမှာ တင်းကြပ်ထားတဲ့စည်းကမ်းတွေရှိတာမို့ ပြင်ပလောကနဲ့အဆက်အသွယ်လည်းမလုပ်ရသလို တစ်ခြားသော သိုက်နန်းတွေနဲ့လည်း အဆက်အသွယ်မလုပ်ရပါဘူး။"
"အော် ဒါကြောင့်ကိုး။ ဒါဆို ဘာလို့ညီမက အပြင်ကိုထွက်လာလို့ရတာလဲ။"
"ညီမက သိုက်နန်းရှင်မသိအောင်ခိုးထွက်လာရတာပါ။ တကယ်လို့ ဒီအကြောင်းကိုသာသိုက်နန်းရှင်သိသွားရင် ညီမကိုသိုက်ကနေ နှင်ထုတ်ကြလိမ့်မယ်။"
"ညီမအဖြစ်ကလည်း တကယ်မလွယ်တာပဲနော်။"
"ဟို ညီမ ပြန်ရတော့မယ်အစ်ကို။ နောက်တစ်နေ့ ဒီနေရာမှာပဲပြန်တွေ့ကြတာပေါ့။"
'မြပုလဲသိုက်'က မိန်းကလေးဟာ မင်းသိုက်ကို နှုတ်ဆက်ပြီးတာနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။ မင်းသိုက်နဲ့ သိုက်နန်းအတွင်းက မိန်းကလေးတို့ စကားပြောနေကြတာကို အကွယ်နေရာတစ်ခုက ချောင်းကြည့်နေတဲ့ ဦးမြိုင်ဟိန်းကိုတော့ သတိမထားမိခဲ့ကြဘူး။
"ငါ့သား။ ဒီကိုလာစမ်းပါအုံးကွ။"
ငယ်စဉ်ကတည်းက နာမည်တပ်ပြီးခေါ်လာခဲ့တဲ့ ဦးမြိုင်ဟိန်းတစ်ယောက် မင်းသိုက်အိမ်ကိုပြန်ရောက်လာတာနဲ့ ငါ့သားလို့အစချီပြီး သိချင်တဲ့အကြောင်းအရာတွေကို ချော့မော့ပြီးမေးတော့တယ်။ မိဘမေတ္တာဆိုတာဘာမှန်းရေရေရာရာမသိခဲ့ရတဲ့ မင်းသိုက်ခမျာမှာတော့ အဲ့ဒီအချိန်က အပျော်ဆုံးပေါ့။
"ငါ့သားမင်းအခုသွားသွားတွေ့နေတဲ့ မိန်းကလေးက လူမဟုတ်ဘူးဆိုတာကိုရော သိသလား။"
"ဟုတ်အဘ။ ကျုပ် ကျုပ်သိပါတယ်အဘ။"
"သူတို့က ဘယ်နေရာကလာပါတယ်လို့ပြောဖူးသလား။"
" ပြောဖူးတယ်အဘ။ သူတို့က 'မြပုလဲသိုက်'က သိုက်စောင့်တွေတဲ့။"
"ပြီးတော့ ဘာတွေဆက်ပြောသေးလဲ။"
" ပြီး ပြီးတော့ ...။"
"ဟာ အဲ့နေရာတင် ရပ်မနေနဲ့ဆက်ပြောလေကွာ။"
"ပြီးတော့ သူတို့သိုက်က အလွန်တန်ဖိုးကြီးတဲ့ ပုလဲလုံးတွေကိုစောင့်ကြပ်နေရတာလို့ပြောပါတယ်အဘ။"
စိတ်မရှည်တော့တဲ့ ဦးမြိုင်ဟိန်းက မင်းသိုက်ကိုဟောက်လိုက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ သူသိသမျှ ပြန်ပြောနေရှာတယ်။
"အေး။ဟုတ်ပြီ။ ဒါဆို နောက်တစ်ခါသူနဲ့တွေ့ရင် ငါခိုင်းတဲ့အတိုင်းလုပ်ရမယ်နော်။ကြားလား။"
"ဟုတ် ဟုတ်ကဲ့အဘ။ ကြား ကြားပါတယ်။"
ဦးမြိုင်ဟိန်းရဲ့ခေါင်းထဲမှာ ဘယ်လိုမျိုးမကောင်းတဲ့အကြံအစည်တွေတွေးနေမလဲဆိုတာကိုတော့ မင်းသိုက်တစ်ယောက်မသိခဲ့ရှာဘူး။
***