"အစ်ကို့ကြည့်ရတာ ဒီနေ့တစ်မျိုးကြီးပဲ။ ဘာတွေဖြစ်နေလို့လဲဟင်။"
"ဟို ဘာ ဘာမှမဖြစ်ပါဘူးညီမရဲ့။ ညီမကို အစ်ကိုဒါလေးပေးချင်တယ်။လက်ခံပေးပါနော်။"
မင်းသိုက်က ဦးမြိုင်ဟိန်းပေးလိုက်တဲ့ နှင်းဆီပန်းတစ်ပွင့်ကို 'မြပုလဲသိုက်'က မိန်းကလေးရဲ့ခေါင်းမှာပန်ပေးလိုက်တယ်။
"ဒီပန်းလေးကို ဘာဖြစ်လို့ပေးတာလဲဟင်။"
"အစ်ကိုက ညီမကိုပန်စေချင်လို့ပေးတာပေါ့။ ဒီအတိုင်းဆိုပိုတောင်လှသွားသလိုပဲ။"
အဖြူရောင်ဆံနွယ်ထက်မှာ အနီရောင်နှင်းဆီတစ်ပွင့်က ခမ်းနားထယ်ဝါစွာရှိလို့နေတယ်။ စကားတွေပြောနေကြရင်း သိုက်စောင့်မိန်းကလေးရဲ့အမူအရာတွေ မမှန်တော့တာကို မင်းသိုက်သတိထားမိလာခဲ့တယ်။
"ဘယ်လိုဖြစ်တယ်မသိဘူးအစ်ကိုရယ်။ ညီမလေ အရမ်းအိပ်ချင်လာတာပဲ။ဝါးးးးး။"
သိုက်စောင့်မိန်းကလေးက တစ်ချက်သန်းလိုက်ပြီး မင်းသိုက်ရဲ့ပခုံးထက်မှာ အရုပ်လေးပမာ ငြိမ်သက်ကာ အိပ်မောကျသွားတော့တယ်။
"ဟားးးဟားးးးဟားးးးမင်းသိပ်တော်တယ်ကွာ။ မင်းဘေးက ကောင်မလေးကို ငါတို့နဲ့အတူခေါ်ခဲ့ကွာ။ဟုတ်ပြီလား။"
"ဟုတ် ဟုတ်ကဲ့အဘ။"
ဦးမြိုင်ဟိန်းရဲ့စကားကိုမလွန်ဆန်နိုင်တဲ့ မင်းသိုက်က ပြောသမျှစကားတိုင်းကိုနာခံရုံကလွဲလို့အခြားမရှိ။ အိပ်ပျော်နေတဲ့ မိန်းကလေးကို အသာအယာပွေ့ချီကာ သူတို့နေထိုင်ရာကိုခေါ်ဆောင်လာခဲ့တယ်။ တကယ်တော့ မင်းသိုက်ပန်ဆင်ပေးလိုက်တဲ့ နှင်းဆီပန်းဟာ သာမန်ပန်းမဟုတ်ပဲ ဦးမြိုင်ဟိန်းကိုယ်တိုင်စီရင်ပြုလုပ်ထားတဲ့ ပန်းတစ်ပွင့်ပေါ့လေ။ဦးမြိုင်ဟိန်းက သိုက်စောင့်မိန်းကလေးကို ထွက်မပြေးနိုင်အောင် ကြိုးနဲ့အထပ်ထပ်တုပ်ကာ စည်းတားထားလိုက်တယ်။ မင်းသိုက်ကတော့ ဦးမြိုင်ဟိန်းရဲ့အကြံအစည်အတိုင်း ကြိုးဆွဲရာ ကရတော့တာပေါ့။
"အင်း။ ဟင် ငါ ငါဘယ်ရောက်နေတာလဲ။"
"သတိရလာပြီလားညီမ။ ရေလေးသောက်လိုက်ပါအုံး။"
မေ့မျောနေရာက သတိပြန်ရလာတဲ့ သိုက်စောင့်မိန်းကလေးကို မင်းသိုက်က သောက်ရေတစ်ခွက်လှမ်းပေးလိုက်တယ်။
"ဟင် အစ်ကို။ အစ်ကိုကဘယ်လိုဖြစ်ပြီးညီမကိုဖမ်းထားရတာလဲ။ညီမကို လွှတ်ပေးပါ။ လွှတ်ပေးပါနော်။"
သူမကိုလွှတ်ပေးဖို့ တဆာဆာအော်ဟစ်နေတဲ့ သိုက်စောင့်မိန်းကလေးကို ဒီအတိုင်းရပ်ကြည့်နေရုံကလွဲလို့ မင်းသိုက်ဘာမှမတတ်နိုင်ခဲ့ဘူး။
"ဟိုကောင်မ အသံပြဲကြီးနဲ့လျောက်အော်မနေနဲ့။ တိတ်စမ်း။"
အဲ့အချိန်ဦးမြိုင်ဟိန်းက အခန်းအတွင်းဝင်ရောက်လာပြီး ငိုယိုနေတဲ့မိန်းကလေးကို အသံတိတ်သွားအောင် အော်ဟစ်လိုက်တယ်။
"ဟိုကောင် ဘေးကိုကပ်စမ်း။"
မိန်းကလေးအနားက မင်းသိုက်ကို ဟောက်လိုက်ပြီး မိန်းကလေးအနီးကိုတိုးကပ်လာတဲ့ ဦးမြိုင်ဟိန်းရဲ့မျက်ဝန်းထဲမှာ ရမ္မက်မီးလျှံတွေကအပြည့်။
"ကဲ မိန်းကလေး။ နင်တို့သိုက်နန်းရှိရာကို ငါတို့ကိုခေါ်သွားမလား။ ဒီမှာတင်ပဲ နင်ပိုင်ဆိုင်တဲ့ရတနာတွေကိုထုတ်ပေးမလား။ အဲ့နှစ်ခုထဲက တစ်ခုကိုရွေး။"
"နင့်လိုအယုတ်တမာကောင်ကို သိုက်နန်းဆီလည်းခေါ်မသွားဘူး။ ငါ့ရဲ့ကိုယ်ပိုင်ရတနာပစ္စည်းတွေလည်းရမယ်မထင်နဲ့။"
ပြတ်ပြတ်သားသားငြင်းဆိုလိုက်တဲ့ မိန်းကလေးကိုကြည့်ပြီး ဒေါသတွေထွက်လာတဲ့ ဦးမြိုင်ဟိန်းက မင်းသိုက်ရှေ့မှာတင်ပဲ သိုက်စောင့်မိန်းကလေးကို မတော်မတရားကျင့်ဖို့ ကြံတော့တယ်။
"အောက်တန်းစားကောင် ငါ့ကိုမထိနဲ့လွှတ်စမ်း။ ငါ့ကိုလွှတ်စမ်း။ အီးးးးဟီးးးးး။ "
ဘယ်လိုမှရုန်းကန်မရတဲ့အဆုံး သိုက်စောင့်မိန်းကလေးက ငိုချင်းချတော့တယ်။
"ဒေါက် ။ ဒေါက် ။ ဒေါက် ။"
သိုက်စောင့်မိန်းကလေးစတင်ငိုကြွေးတာနဲ့ သူမရဲ့မျက်ဝန်းအိမ်က ရွှေရောင်အဖြစ်ပြောင်းသွားပြီး ကျဆင်းလာတဲ့ မျက်ရည်တွေက အရောက်တောက်ပတဲ့ ပုလဲလုံးတွေအဖြစ်ပြောင်းလဲသွားတယ်။ အဲ့ဒီပုလဲလုံးတွေကိုလောဘတကြီးကောက်ယူနေတဲ့ ဦးမြိုင်ဟိန်းရဲ့နောက်မှာ မင်းသိုက်ဟာဒေါသတကြီးရပ်ကြည့်နေတယ်။ မင်းသိုက်ရဲ့ခန္ဓာကိုယ်အနှံ့မှာ ပြင်းထန်တဲ့အရှိန်အဝါတွေဖုံးအုပ်သွားတယ်။ လောဘဇောနဲ့ပုလဲလုံးတွေကိုကောက်ယူနေတဲ့ ဦးမြိုင်ဟိန်းကတော့ ဒါကိုသတိမထားမိခဲ့ဘူး။
" ငိုစမ်း။ကောင်မ။ နင်အားရပါးရငိုစမ်း။ဟားးဟားးဟားးးး။"
သိုက်စောင့်မိန်းကလေးအနားကိုကပ်သွားပြီး အတင်းအကြပ်ဖက်ဖို့ကြိုးစားနေတဲ့ ဦးမြိုင်ဟိန်းတစ်ယောက် မျက်လုံးကြီးပြူးကာ ခဏတာရပ်တန့်သွားတယ်။
"အဟွတ်။ အော့။ ဝေါ့။"
ဦူမြိုင်ဟိန်းရဲ့ပါးစပ်အတွင်းက မြင်မကောင်းလောက်အောင်သွေးတွေအန်ရင်း မျက်ဖြူဆိုက်ပြီးသိုက်စောင့်မိန်းကလေးရဲ့ရှေ့မှာလဲကျသေဆုံးသွားခဲ့တယ်။
"အစ်ကိုတောင်းပန်ပါတယ်။ အစ်ကိုတောင်းပန်ပါတယ်ညီမရယ်။မငိုပါနဲ့တော့နော်။"
သိုက်စောင့်မိန်းကလေးကို ပွေ့ဖက်ရင်း မင်းသိုက်က နှစ်သိမ့်ပေးနေရှာတယ်။ တကယ်တော့ မင်းသိုက်ရဲ့ရင်ထဲမှာ အနှစ်နှစ်အလလက စုစည်းထားခဲ့တဲ့နာကျင်မှုတွေ ၊ ကိုယ့်မျက်စိရှေ့မှာတင် အားနွဲ့တဲ့မိန်းမသားတစ်ယောက်ကို နှိပ်စက်အနိုင်ကျင့်မှုတွေက မင်းသိုက်ရဲ့ဝမ်းတွင်းမှာပါလာခဲ့တဲ့ ပညာဗူးကိုအလိုလိုပွင့်သွားစေခဲ့ပြီး အကြည့်တစ်ချက်တည်းနဲ့တင် လူယုတ်မာဦးမြိုင်ဟိန်းကို ဇီဝိန်ကြွေစေခဲ့တယ်။
***