"ငါ့အဖြစ်ကတော့ အဲ့ဒါပါပဲ။ အခု ဒီမိန်းကလေးကို သူ့ရဲ့မူလသိုက်နန်းရှိရာပြန်ပို့ဖို့အခက်အခဲဖြစ်နေတာ။ အဲ့ဒါလေးကို မင်းတို့ကူညီပေးနိုင်မလား။"
"ကျုပ်ကြားဖူးတာတစ်ခုရှိတယ်။ သိုက်နန်းတစ်ခုမှာရှိကြတဲ့ အမျိုးသမီးတွေဟာ 'ငိုရင်ပုလဲ ရယ်ရင်ရွဲ' ဆိုပြီးစာဆိုရှိဖူးသတဲ့။ သူတို့ငိုကြွေးကြတဲ့အခါ ပုလဲလုံးလေးတွေကျလာတတ်ပြီး သူတို့ရယ်မောကြတဲ့အခါ ရွဲလုံးလေးတွေကျလာတတ်တယ်တဲ့ဗျ။ အခု ဒီမိန်းကလေးက အဲ့ဒီသိုက်ကများဖြစ်နေမလား။"
လှောင်အိမ်အတွင်းက မိန်းကလေးက ကျုပ်စကားကိုကြားတော့ ကျုပ်ရှိရာတစ်ချက်လှမ်းကြည့်တယ်။
"အဲ့တော့ ကျုပ်တို့က ဘယ်လိုလုပ်ပေးရမလဲ။"
"ငါစိုးရိမ်တာတစ်ခုပဲ။ အဲ့ဒါဘာလဲဆိုရင် ငါတို့သူ့ကိုပြန်ပို့ကြတဲ့အခါ သူတို့သိုက်နန်းက ပြန်လက်မခံမှာကိုစိုးရိမ်တာကွ။"
"အင်း။ အဲ့ဒါလည်းဟုတ်တာပဲ။ သူတို့သိုက်နန်းရှိရာကိုလည်းသိနေပေမဲ့ သူ့ကိုပြန်လက်မခံရင်ဘယ်လိုလုပ်ကြမတုန်းဆရာ။"
ကိုဖိုးတေကပါ ဝင်ပြောနေပြီမို့ ကျုပ်မှာ အဲ့ဒီမိန်းကလေးကိုပြန်ပို့ပေးဖို့ နည်းလမ်းစဉ်းစားရတော့တယ်။
"ဒါနဲ့ ကိုမင်းသိုက်က သူတို့ရဲ့သိုက်နန်းတည်နေရာကိုသိတယ်မလား။"
"အေးကွ။ သိပေမဲ့လည်း သိုက်နန်းတံခါးကိုဘယ်လိုဖော်ကြမတုန်း။"
မင်းသိုက်ပြောကာမှ ကျုပ်သတိရတယ်။ ဟုတ်တော့ဟုတ်သား။ သူ့အလိုလိုပညာဗူးပွင့်လာတဲ့လူတစ်ယောက်က အတွေ့အကြုံမရှိပဲနဲ့ သိုက်တံခါးဖော်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလေ။
"ကောင်းပြီလေ။ ကျုပ်တို့ အဲ့ဒီသိုက်နန်းတည်နေရာကိုသွားကြတာပေါ့။ ကျန်တဲ့ကိစ္စကိုတော့ ကျုပ်တာဝန်ထားပါ။"
"အဲ့နေရာကိုသွားတာကဟုတ်ပါပြီ။ ဒီမိန်းကလေးကိုဘယ်လိုခေါ်ခဲ့ကြမတုန်း။"
သိုက်က မိန်းကလေးကို သူ့ရဲ့သိုက်နန်းရှိရာပြန်ခေါ်သွားဖို့ကိုလည်း စဉ်းစားရပြန်ပြီ။စဉ်းစားရလွန်းလို့ ကျုပ်မှာခေါင်းတွေတောင်ခြောက်လာပြီ။ ဒီလိုကိစ္စတွေဖြစ်ပြီးမှတော့ မိန်းကလေးအနေနဲ့လည်း မင်းသိုက်ကိုဘယ်လိုယုံကြည်ရဲပါတော့မလဲ။
"ဒီမှာ အမိ။ အမိရဲ့မူလသိုက်နန်းရှိရာကိုပြန်ချင်သလား။"
ကျုပ်ရဲ့မေးခွန်းကို ပြန်မဖြေပဲ ခေါင်းသာငြိမ့်ပြတယ်။
"ဒါဆိုရင် အမိအနေနဲ့ ကျုပ်ကိုရောယုံကြည်သလား။"
ကျုပ်စကားဆုံးတော့ သံလှောင်အိမ်အတွင်းက မိန်းကလေးက ကျုပ်ရဲ့မျက်လုံးတွေကိုသေချာစိုက်ကြည့်နေတယ်။ ခဏလောက်ကြာတော့မှ ခေါင်းတစ်ချက်ငြိမ့်ပြတယ်။
"ဒါဆို မနက်ဖြန်ကျုပ်တို့အမိကို ပြန်လိုက်ပို့ပေးပါ့မယ်။ အခုတော့ ကောင်းကောင်းအနားယူလိုက်ပါအုံး။"
သိုက်စောင့်မိန်းကလေးဆီကယုံကြည်မှုကို အရယူပြီးတဲ့နောက် အနားယူခိုင်းလိုက်ပြီး ကျုပ်တို့ဆရာတပည့်တွေနဲ့ ကိုမင်းသိုက်တို့တတွေကတော့ မနက်ဖြန်လုပ်ရမဲ့အစီအစဉ်တွေအတွက် တိုင်ပင်ခဲ့ကြတယ်။ အားလုံးကလည်း ကျုပ်ရဲ့စကားကိုသဘောတူကြတာမို့ ခဏအတွင်းမှာပဲ တိုင်ပင်ဆွေးနွေးလို့ပြီးသွားခဲ့တယ်။ ညနေလည်းစောင်းပြီ။ ဗိုက်ကလည်းဆာပြီမို့ ကိုဖိုးတေလက်ရာကို အားလုံးအတူတူစားလိုက်ကြပြီး စောစောစီးစီးအနားယူခဲ့ကြတယ်။ မနက်ဖြန်ကျရင်တော့ ကျုပ်တို့ကြုံတွေ့ရအုံးမဲ့ပြဿနာတွေအတွက် ရင်လေးနေမိတယ်။
နောက်တစ်နေ့မနက်ရောက်တော့ သံလှောင်အိမ်အတွင်းက မိန်းကလေးကိုအပြင်ကိုခေါ်ထုတ်ကာ သာမန်လူတွေမမြင်ရလေအောင်ပြုလုပ်ထားဖို့ပြောလိုက်တယ်။ အခုမှ သတိထားမိတယ်။ သံလှောင်အိမ်ကြီးက သာမန်လှောင်အိမ်မဟုတ်ပဲ ကိုးသင်္ချိုင်းသံတွေနဲ့ချည်းပြုလုပ်ထားတဲ့ လှောင်အိမ်ကြီးပဲကိုး။ ကျုပ်တို့ဆရာတပည့်သုံးယောက်ရယ် ကိုမင်းသိုက်ရယ် သိုက်နန်းကမိန်းကလေးရယ်တို့ဟာ 'သာမညမြို့'စွန်က အိမ်ပျက်ကြီးရဲ့ အနောက်ဘက်က လူသွားလမ်းလေးအတိုင်းဆက်ဝင်လာခဲ့ကြရင်း သိုက်နန်းကမိန်းကလေးကို ပြန်ပို့ဖို့ရာအစီအစဥ်ကိုစတင်ခဲ့ကြပါတော့တယ်။
နေ့တစ်ဝက်လောက်လျောက်လာရင်းက ကျုပ်တို့လည်းအမောဆို့နေပြီ။ ဆက်ပြီးလည်းမလျောက်နိုင်တော့ဘူး။
" ဟေ့ ဟေ့လူကိုမင်းသိုက်။ ခင်ဗျားသွားမဲ့နေရာကမရောက်သေးဘူးလားဗျာ။ ကျုပ်တို့ဆက်မလျောက်နိုင်တော့ဘူးဗျ။"
"ရှေ့နားဆိုရောက်ပါပြီကွာ။ ဟိုးးးမှာတောင်အိမ်လေးတွေလှမ်းမြင်နေရပြီ။"
နေကလည်းပူ တစ်ကိုယ်လုံးချွေးတွေကလည်းရွှဲလို့ဆိုတော့ ဘယ်လောက်ပင်ပန်းလဲစဉ်းစားသာကြည့်ပေတော့။ ကိုမင်းသိုက်ညွှန်ပြရာကြည့်တော့လည်း ဟုတ်သားဟ။ ရှေ့မှာ ရွာတန်းလေးတစ်စုကိုလှမ်းမြင်နေရပြီ။ ကိုမင်းသိုက်ပြောသလိုရောက်တော့မယ်ဆိုပြီးသာ အားတင်းရင်းလျောက်လာခဲ့ရတယ်။ ကျုပ်တို့သွားရမဲ့နေရာကိုလည်းရောက်ရော ခြေကုန်လက်ပန်းကျပြီး ပစ်စလက်ခက်ထိုင်ချလိုက်မိတော့တာပါပဲ။
"အောင်မလေး။ မောလိုက်တာဗျာ။ ကျုပ်တို့ခရီးတွေတောက်လျောက်သွားလာတာပါ။ အခုလောက်ပင်ပင်ပန်းပန်း တစ်ခါမှ လမ်းမလျောက်ခဲ့ရဖူးဘူး။"
"ကဲပါဗျာ။ အဲ့ဒါတွေအသာထားပါအုံး။ အခုတော့နားကြအုံးဗျာ။ရွာထဲမှာ မင်းတို့စားဖို့သောက်ဖို့ တစ်ခုခုသွားစီစဉ်လိုက်အုံးမယ်။"
"ကိုမင်းသိုက်ပဲကြည့်စီစဉ်လိုက်ပါတော့ဗျာ။ ကျုပ်လည်းလှုပ်ကိုမလှုပ်ချင်တော့ဘူးရယ်။"
ကိုဖိုးတေခမျာမှာလည်း ပင်ပန်းလွန်းလို့ထင်ပါရဲ့။တစ်ခါမှမငြီးငြူဖူးတဲ့လူတောင် ဒီတစ်ခါတော့ အသံတောင်ကောင်းကောင်းမထွက်နိုင်တော့ဘူး။ကိုမင်းသိုက်က ကျုပ်တို့ကိုရွာတန်းလေးရဲ့ထိပ်က ပျဉ်ထောင်အိမ်လေးအတွင်းမှာ အနားယူစေပြီး သူကတော့ ရွာထဲကိုသွားကာ ကျုပ်တို့ စားသောက်ဖို့အတွက်ပြင်ဆင်တော့တယ်။
"အထဲကိုဝင်ခဲ့လေအမိ။ "
အိမ်အပေါက်ဝရှေ့မှာ ရပ်နေတဲ့ သိုက်နန်းကမိန်းကလေးကို အိမ်ထဲဝင်ခိုင်းပေမဲ့ ခေါင်းကိုသာ အကြိမ်ကြိမ်ခါရင်း ဝင်မလာခဲ့ဘူး။
"တယ်ပြောရဆိုရခက်ပါလားနော်။အမိတစ်ယောက်တည်းတောင် ဒီလောက်ခေါင်းမာနေပုံထောက်ရင် အမိတို့သိုက်နန်းမှာရှိတဲ့သူတွေက ပိုဆိုးကြမယ်ထင်ပါ့ဗျာ။"
"ကိုင်း။ စားကြစို့ဗျာ။ တောခေါင်ခေါင်ရွာလေးဆိုတော့ စုံစုံလင်လင်တော့မရှိဘူးဗျို့။ ရှိတာလေးတွေပဲ ရအောင်ဆွဲလာခဲ့တာ။"
"ဟ မြန်လှချည်လား ကိုမင်းသိုက်ရ။"
"ဟဲ မြန်ဆို ငါလည်းရွာထိပ်တင်ရှိတာဝယ်ပြီး အပြေးပြန်လာခဲ့တာလေ။ ကဲကဲ စားကြ။စားကြ။"
" ကျုပ်ဟိုမိန်းကလေးကို အထဲခေါ်နေတာမဝင်ဘူးတဲ့လေ။ လုပ်ပါ။ သူ့ကိုအထဲခေါ်လိုက်ပါအုံး။"
"သူဝင်မှာ မဟုတ်လောက်ဘူးနော်။"
"ဟမ်။ ဘာလို့တုန်းဗျ။"
"ဘာလို့ဆို ဒီအိမ်ထဲမှာပဲ သူ့အတွက်အိပ်မက်ဆိုးလိုအရာတွေက ဖြစ်ပျက်ခဲ့တာဆိုတော့ သူဝင်မှာမဟုတ်ဘူး။"
"ဟာဗျာ။ စောစောကမပြောဘူး။ဒါဆိုလည်း ကိုမင်းသိုက်ကဘာလို့ ဒီနေရာကိုပဲပြန်လာရတာတုန်း။"
"ဟ ငါ့မှာ ဒီနေရာကလွဲလို့ ကျန်တဲ့နေရာသွားစရာမှမရှိတာကွ။ "
"ဆရာတို့ကလည်းဗျာ ကလေးတွေကျနေတာပဲ။ စကားများမနေကြနဲ့တော့လေ။ စားစရာရှိတာစားကြဗျို့။ ညနေကျရင်လည်း ကျုပ်တို့ထပ်ပြီးပင်ပန်းအုံးမယ်မလား။"
ကျုပ်နဲ့ကိုမင်းသိုက်တို့ စကားများနေခိုက် ကိုဖိုးတေက စားစရာတွေကိုပလုပ်ပလောင်းစားကာ ဝင်ဖြန်ဖြေတာမို့ စကားမများတော့ပဲ စားစရာရှိတာကိုသာဆက်စားနေမိတယ်။ သိုက်နန်းက မိန်းကလေးကတော့ အိမ်ထဲကိုခြေတစ်လှမ်းတောင် မဝင်လာပဲ အိမ်ရှေ့တံစက်မြိတ်အောက်က ကွပ်ပျစ်လေးပေါ်မှာငုတ်တုတ်ကလေးထိုင်နေတာတွေ့လိုက်ရတယ်။ ကျုပ်တို့ညနေမှာလုပ်ကြမဲ့အစီအစဉ်အတွက် လိုအပ်တာတွေပြင်ဆင်နေကြရင်း နေလုံးကြီးကအနောက်အရပ်ဆီကို တိမ်းပါးသွားခဲ့ပြီ။ သိပ်မကြာခင်မှာပဲ အမှောင်ထုကကြီးစိုးလာပြီမို့ ကိုမင်းသိုက်ခေါ်ဆောင်ရာ 'မြပုလဲသိုက်နန်း' တည်ရှိရာ ဘုရားပျက်ကုန်းကြီးဆီကို ဦးတည်ခဲ့ကြတော့တယ်။
"ဟိုးးမှာတွေ့လား။ အဲ့နေရာက ငါ အဲ့ဒီမိန်းကလေးနဲ့စတွေ့ခဲ့တဲ့နေရာပဲ။ "
တောင်ကမူလေးလိုဖြစ်နေတဲ့ ကုန်းမြင့်လေးကိုလက်ညှိုးထိုးပြရင်း ကိုမင်းသိုက်က ရှေ့ကဦးဆောင်သွားတယ်။ ကျုပ်တို့ဆရာတပည့်သုံးယောက်ကနောက်ကလိုက်ခဲ့ရတာပေါ့။ စကားနည်းတဲ့ ကိုမိုးကြိုးကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း လူအားလုံးရဲ့အနောက်ဆုံးမှာ သတိနဲ့လိုက်ပါလာခဲ့တယ်။ ကိုမင်းသိုက်က တောင်ကမူလေးပေါ်ကိုတက်သွားပြီး ဟိုဟိုဒီဒီလျောက်ရှာကြည့်နေသေးတယ်။
"ဟေ့လူ။ ခင်ဗျားဘာလုပ်နေတာလဲ။"
"သိုက်နန်းဝင်ပေါက်တံခါးကိုများတွေ့မလားဆိုပြီးတက်ရှာကြည့်နေတာပေါ့ကွ။"
"ဟာ ဒီလူအတော်ပိန်းတာပဲ။ ဆရာ့လူကိုလည်းကြည့်ပြောအုံးနော်။ တော်ကြာနေ ဂေါက်သွားအုံးမယ်။"
ကိုဖိုးတေက အားပါပါနဲ့ပြောချလိုက်တော့ ဒေါသတွေထွက်ပြီး ရှူးရှူးရှဲရှဲဖြစ်ကာ ကိုမင်းသိုက်ကအောက်ကိုဆင်းချလာပါလေရော။
"ခင်ဗျားဘာစကားပြောတာလဲ။ပြန်ပြောလိုက်စမ်း။"
"ကဲပါဗျာ။ အချင်းချင်းတွေပဲကို ပြဿနာမဖြစ်ချင်ကြစမ်းပါနဲ့။ ဟိုမှာဆရာလည်း ဘာလုပ်ရမလဲစဉ်းစားနေပါတယ်။"
ပြဿနာဖြစ်တော့မဲ့ နှစ်ယောက်ကို ကိုမိုးကြိုးကပဲ ကြားထဲကဝင်ပြောပေးရတယ်။ ဒီလိုအခြေအနေတွေမှာ အတွေ့အကြုံမရှိသေးတော့လည်း ကိုမင်းသိုက်ကိုအပြစ်ပြောရမှာ အခက်သား။
"ကျုပ်အသင့်ပြင်ခိုင်းထားတဲ့ပစ္စည်းတွေပါတယ်မို့လား။"
"အကုန်လုံးစုံစုံလင်လင်ပါတယ်ဆရာရေ။"
"ဒါဆိုလည်း အဲ့ပစ္စည်းတွေထုတ်ပြီး ကျုပ်ပြောထားတဲ့အတိုင်း လုပ်လိုက်တော့ဗျာ။"
အလုပ်လုပ်တဲ့အခါ သွက်သွက်လက်လက်ရှိလှတဲ့ ကိုဖိုးတေက ကျုပ်တို့ဒီကိုမလာခင်ပြင်ဆင်ခိုင်းထားတဲ့ အရိုးတွေကို နေရာလေးခုမှာစိုက်ထူလိုက်တယ်။
" အရှင်းဆုံးပြောရရင် ဒီကအမိတို့ရဲ့သိုက်နန်းက အလွယ်တကူနဲ့ဖွင့်ပေးမှာမဟုတ်ဘူး။ အကြမ်းနည်းသုံးသင့်ရင်လည်း သုံးရမယ်ဗျ။ ကဲ ပြင်လို့ဆင်လို့ပြီးရင် အားလုံးနောက်ဆုတ်ကြ။"
အရိုးတွေကို အရပ်လေးမျက်နှာမှာစိုက်ထူလိုက်ပြီး အရိုးတွေအပေါ်ကနေ အမဲသွေးတွေလောင်းချလိုက်ပြီးတာနဲ့ ကိုဖိုးတေအပါအဝင် ကျန်တဲ့နှစ်ယောက်က ကျုပ်နောက်မှာလာရပ်နေကြတယ်။
"ဟော့ဒီနေရာမှာရှိတဲ့ 'မြပုလဲသိုက်နန်း'ကိုသွားရာ သိုက်တံခါး အခုချက်ချင်းပွင့်လာစမ်းဟေ့။ ငါဆရာအမိန့်ပေးနေတယ်။ အခုချက်ချင်းပွင့်စမ်း။"
အမိန့်ပြန်ပြီးတာနဲ့ မြေကြီးပေါ်ကိုခြေထောက်နဲ့ဆောင့်ချလိုက်တာ ပြင်းထန်တဲ့မြေငလျင်ကြီးလှုပ်ခါသွားသလိုခံစားလိုက်ရတယ်။ စောနက စိုက်ထူထားတဲ့အရိုးတွေဟာလည်း အနက်ရောင်အခိုးအငွေ့တွေပေါ်ထွက်လာပြီး ကောင်းကင်ပေါ်ကိုထောင်တက်သွားတယ်။
"ဂျိမ်း။ အုုံး။ ဂျိမ်း။"
ကောင်းကင်တစ်ခွင်မှာ ချက်ချင်းဆိုသလို မိုးသားတိမ်တိုက်တွေဖြစ်ပေါ်လာပြီး လျှပ်စီးတွေပါလက်လာတယ်။ တစ်ချက် တစ်ချက်မိုးကြိုးပစ်လိုက်တဲ့အသံက နားစည်ကွဲမတတ်ပဲ။ ကောင်းကင်ထက်က လျှပ်စီးကြောင်းကြီးက စိုက်ထူထားတဲ့အရိုးတွေကိုလာရောက်ထိမှန်ပြီး အချိန်အကြာကြီးကို လျှပ်စီးကြောင်းကြီးထိနေတုန်းပဲ။ အနားလည်းမကပ်ရဲ။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ။ တိုင်ပတ်တော့တာပါပဲ။
အခြေအနေတွေငြိမ်သွားအောင်စောင့်ရင်း အရိုးတွေစိုက်ထားတဲ့နေရာမှာ တံခါးကြီးတစ်ချပ်ပွင့်လာတာကို တွေ့လိုက်ရတယ်။ ဟိုဘက်လောကမှာတော့လင်းထိန်နေပေမဲ့ ဒီဘက်မှာကတော့ ကမ္ဘာပျက်မတတ်ပဲ။
"ဆရာ ဟိုမှာကြည့်ပါအုံး။"
ကိုဖိုးတေက ထိတ်ထိတ်ပြာပြာနဲ့ကျုပ်ကိုလှမ်းပြောတော့ သူညွှန်ပြရာကြည့်လိုက်မိတယ်။ ဒေါက်ကောင်းတဲ့မြင်းဖြူကြီးတွေစီးပြီး တံခါးပေါက်ကြီးထဲကထွက်လာကြတဲ့ အမျိုးသမီးစစ်သည်တော်တွေ မနည်းမနောပါ့လား။
"သိုက်နန်းတံခါးကို အခွင့်မရှိပဲဖွင့်လိုက်တာဘယ်သူလဲဟေ့။"
ရှေ့ဆုံးက အမျိုးသမီးက မိုးရေတွေကြားထဲမှာ ဩဇာအာဏာပါတဲ့အသံနဲ့အော်လိုက်တယ်။
"ဒီတံခါးကို ဖွင့်လိုက်တာကျုပ်ပဲ။ ဘာပြဿနာရှိလို့လဲ။"
"ဘာ။ ဘာပြဿနာရှိလို့လဲဟုတ်လား။ မတူညီတဲ့လောကနှစ်ခုကို ဆက်သွယ်ချင်နေမှတော့ ဒီဘက်မှာ ကမ္ဘာပျက်သလိုဖြစ်နေပြီမဟုတ်လား။"
"ကျုပ်လည်း ဟိုးအရင်တုန်းက သိုက်တံခါးပေါင်းများစွာကိုဖွင့်ခဲ့ဖူးပါတယ်။ ဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး။"
အားလုံးရဲ့ရှေ့ကိုထွက်လာရင်း အမျိုးသမီးစစ်သည်တော်နဲ့ အပြန်အလှန်စကားပြောလိုက်ကြတယ်။ ကျုပ်ကိုအဲ့ဒီအမျိုးသမီးက စားမတတ်ဝါးမတတ်ကြည့်ပြီးတာနဲ့ မေးခွန်းတွေတရစပ်မေးတော့တာပဲ။
"ဒါဆိုသင်က သိုက်ဆရာလား။ ငါတို့သိုက်ကိုတူးဖို့လာတာဆိုရင်တော့ သင်မှားသွားပြီ။ သင်က ဘာ့ကြောင့် သိုက်နန်းတံခါးကိုဖွင့်ရတာလဲ။ သင်ဘာကိုအလိုရှိတာလဲ။"
"နေ နေပါအုံး။ ခင်ဗျားမေးခွန်းတွေအတော်များနေပြီ။ ကျုပ်သိုက်တံခါးကိုဖွင့်ရတာက ဟော့ဒီကအမိကြောင့်ပါ။"
ကျုပ်တို့အားလုံးရဲ့နောက်မှာရပ်နေတဲ့ သိုက်နန်းကမိန်းကလေးကိုလက်ညှိုးထိုးပြလိုက်တော့ မြင်းဖြူကြီးပေါ်ကအမျိုးသမီးဟာ ပြာပြာသလဲဆင်းလာပြီး မိန်းကလေးကိုပြေးဖက်တယ်။
"သ သခင်မလေးမို့လားဟင်။ ဘယ်လိုဖြစ်ပြီး လူစိမ်းယောက်ျားလေးတွေနဲ့အတူပါလာရတာလဲသခင်မလေးရယ်။ သခင်မလေး သိုက်နန်းကပျောက်သွားကတည်းက အားလုံးက စိတ်ပူနေကြတာ။ သခင်မကြီးကလည်း တမှိုင်မှိုင်နဲ့ သခင်မလေးကို အရမ်းစိတ်ပူနေရှာတာ။"
ဟ ကျုပ်တို့တော့အဲ့မှာတင် မြွေခြောက်ကိုက်ပြီ။ သိုက်နန်းရှင်ရဲ့သမီးဖြစ်သူကိုမှ ပြန်လာပို့မိရတယ်လို့သာ အတွေးထဲမှာတွေးနေမိတယ်။
"ဒါဆို ဒီမိန်းကလေးက သိုက်နန်းရှင်လား။"
"မဟုတ်ဘူး။ ဒါပေမဲ့ သခင်မလေးက ယခုလက်ရှိသိုက်နန်းရှင်သခင်မကြီး သုနန္ဒာဒေဝီရဲ့ သမီး နောက်တက်မဲ့သိုက်နန်းရဲ့အရှင်သခင်အသစ် သခင်မလေး သုဝဏ္ဏဒေဝီ။ "
" ဒါဆို ကျုပ်တို့ပြန်လို့ရပြီလား။မိုးတေလည်းရွာနေတော့ တအားချမ်းနေပြီဗျ။"
အလိုက်ကန်းဆိုးမသိတဲ့ ကိုဖိုးတေက မျက်နှာရိပ်မျက်နှာကဲပြလည်း သူပြောချင်ရာဇွတ်ကိုပြောတော့တာ။
"သင်တို့သွားလို့မရသေးဘူး။ သခင်မကြီးနဲ့လိုက်တွေ့ပြီး အကြောင်းစုံရှင်းပြရအုံးမယ်။ ကျွန်ုပ်နဲ့တစ်ပါတည်းလိုက်ခဲ့ရမယ်။"
" ကောင်းပြီလေ။ ဒါဆိုလည်း ကျုပ်နဲ့ဟော့ဒီက ကိုမင်းသိုက်နဲ့လိုက်ခဲ့မယ်။"
"ဆရာ ဖြစ်ပါ့မလားဆရာရဲ့။"
"ဖြစ်ပါတယ်ကိုဖိုးတေရာ။ ကိုဖိုးတေတို့က ကျုပ်တို့ဒီကိုမလာခင်နားခဲ့တဲ့ အိမ်ကိုပြန်နှင့်ကြ။ အဲ့မှာပဲစောင့်နေနော်။"
ကျုပ်စကားကြောင့် အနားကပ်လာတဲ့ကိုဖိုးတေကို ကိုမိုးကြိုးနဲ့အတူ စောင့်ရမဲ့နေရာကိုပြောပြလိုက်တယ်။ ကိုဖိုးတေသာ 'မြပုလဲသိုက်'ထဲကိုပါလာရင် ရှေ့မကြည့်နောက်မကြည့်ပြောတာနဲ့ပဲ ပြဿနာကထပ်တက်အုံးမယ်ဆိုတာတွေးမိလို့ ချန်ထားရစ်ခဲ့ရတာပေါ့။
"ကောင်းပြီလေ။ ဒါဆိုသင်တို့နှစ်ယောက်ကလိုက်ခဲ့။ ဟိုနှစ်ယောက်က ဒီနေရာကလှည့်ပြန်လိုက်တော့။"
" ပြန်မှာပါဗျ။ ပြန်မှာပါ။ နှင်စရာမလိုပါဘူး။"
ဒေါကြီးမောကြီးနဲ့ထွက်သွားတဲ့ ကိုဖိုးတေကိုကြည့်ပြီး မြင်းဖြူပေါ်က စစ်သည်တော်အမျိုးသမီးကတော့ ဒီလူဘယ်လိုလူလဲဆိုပြီးတွေးနေလောက်မှာသေချာတယ်။ ကိုမိုးကြိုးတို့ခပ်လှမ်းလှမ်းရောက်တော့မှ ကျုပ်နဲ့ ကိုမင်းသိုက်တို့ ပွင့်နေတဲ့ သိုက်တံခါးကနေ အတွင်းဘက်ဆီကိုဝင်ခဲ့ကြတယ်။
***