ကျုပ်တို့လာခဲ့တဲ့ဘက်ဆီမှာက မုန်တိုင်းထန်နေပေမဲ့ ဒီဘက်လောကမှာကျ သာယာတဲ့ရာသီဥတုနဲ့အတူ လေပြေအေးကလေးတွေကတိုက်လို့။ လူ့လောကဘက်ခြမ်းနဲ့များကွာပါ့။ ကျုပ်တို့နဲ့အတူပါလာတဲ့ မိန်းကလေးက မြင်းဖြူကြီးပေါ်မှာ ခံ့ခံ့ညားညားနဲ့လိုက်ပါသွားတယ်။ ကျုပ်တို့မှာဖြင့် အဖမ်းခံရတဲ့ အကျဉ်းသားတွေလို ငြိမ်ငြိမ်လေးလိုက်ပါခဲ့ရတယ်။ ပန်းပေါင်းစုံပျိုးထားတဲ့ ဥယျာဉ်ကြီးတစ်ခုရဲ့ရှေ့ကဖြတ်သွားတဲ့အချိန်မှာ အမျိုးသမီးစစ်သည်တွေဟာ တုံ့ဆိုင်းခြင်းမရှိပဲ ရပ်တန့်သွားကြတယ်။
"သမီးတော်လေး။ အမလေး။ မယ်မယ်ဖြင့်လေ စိတ်တွေပူလိုက်ရတာကွယ်။"
ရောင်စုံပန်းပင်တွေကြားကထွက်လာတဲ့ အမျိုးသမီးတစ်ဦးကိုမြင်လိုက်ရတယ်။ အဲ့ဒိအမျိုးသမီးက ဒိသိုက်ကြီးရဲ့ သိုက်နန်းရှင် သခင်မကြီး သုနန္ဒာဒေဝီပဲဖြစ်ရမယ်။
"ဒီနှစ်ယောက်က ဘယ်ကဘယ်လိုပါလာတာလဲ။"
"မယ်မယ်ဘုရား။ ဒီအမျိုးသားနှစ်ယောက်က သခင်မလေးကို ပြန်လိုက်ပို့ကြတဲ့သူတွေပါ။ မယ်မယ်ဘုရားနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြလို့ရအောင် တစ်ပါတည်းခေါ်ဆောင်လာခဲ့ခြင်းပါ။"
"ကောင်းပြီ။ သမီးတော်လေးကို နန်းဆောင်ရှိရာခေါ်တောင်သွားပေတော့။"
စောနကပဲ သူ့သမီးတော်လေးကို စိတ်ပူနေတဲ့ဟန်ပြပေမဲ့ ကျုပ်တို့ကိုစကားပြောတဲ့လေသံက တစ်မျိုးပြောင်းသွားတယ်။ အင်းပေါ့လေ။ ဒီသိုက်နန်းက သာမန်သိုက်နန်းတွေနဲ့မှ မတူပဲ။
" ကဲလာကြ။ ဘယ်ကစပြီးပြောကြမလဲ။"
သိုက်နန်းရှင်သခင်မသုနန္ဒာဒေဝီက ကျုပ်တို့ကိုနေရာထိုင်ခင်းပေးပြီး ကျုပ်တို့နဲ့သူ့ရဲ့သမီးတော် သုဝဏ္ဏဒေဝီတို့ ဆုံခဲ့ပုံတွေကိုပြန်ပြောပြစေချင်နေပုံရတယ်။ အဲ့ဒါနဲ့ ကျုပ်ကပဲကြားထဲကဝင်ပြီး ပြောပြရတော့တယ်။ အကြောင်းစုံကိုသိသွားတဲ့နောက်မှာတော့ ပတ်ဝန်းကျင်လေထုအနေအထားက ရုတ်ချည်းပြောင်းလဲသွားပြီး တင်းမာလာတာကိုသတိထားလိုက်မိတယ်။
"တောက်။ ဒါကြောင့်မို့ နင်တို့ယောက်ျားတွေကိုယုံလို့မရတာပေါ့။ ငါ့သမီးတော်လေးဘာမှမဖြစ်ပေလို့နော်။ မဟုတ်ရင် နင်တို့နှစ်ကောင်လုံး အသေဆိုးနဲ့သေအောင်ကျိန်စာတိုက်ပစ်လိုက်လို့ရတယ်။နားလည်လား။"
" တကယ်တော့ ဒီလိုဖြစ်သွားရတာ ကျုပ်အပြစ်တွေကြောင့်လည်းပါပါတယ်။ သခင်မကြီး အပြစ်ပေးချင်တယ်ဆိုရင် ကျုပ်ကိုပဲပေးပါ။ ဒီက ဆရာက ကျုပ်အကူအညီတောင်းလို့သာ သိုက်နန်းတံခါးကိုဖွင့်ပေးရတာပါ။"
"ကောင်းပြီလေ။ ကိုယ့်အမှားကိုယ်ဝန်ခံရဲတဲ့ မင်းရဲ့သတ္တိကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့မင်းကိုတော့ သေချာပေါက်အပြစ်ပေးမှရမယ်။လာ ရှေ့နားကိုတိုး။"
သိုက်နန်းရှင်သခင်မ သုနန္ဒာဒေဝီက ကိုမင်းသိုက်ကိုအနားခေါ်လိုက်ပြီး နဖူးကိုလက်နဲ့ထောက်ထားလိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ဘာတွေရွတ်မှန်းမသိဘူး။ ခဏအကြာမှာ ကိုမင်းသိုက်ခွေကျသွားတာမို့ ကျုပ်ကပဲလှမ်းဖမ်းလိုက်ရတယ်။
" ကောင်လေး။ နင့်လူကိုခေါ်သွားတော့။ ဒီနေ့ဒီအချိန်ကစလို့ သူဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပြီး အရူးအနှမ်းဘဝနဲ့ ဆယ်နှစ်တိုင်တိုင်နေရဖို့ ငါကျိန်စာတိုက်လိုက်တယ်။ အခုနင်တို့ပြန်လို့ရပြီ။"
ဘာမှအထွန့်တက်ပြီးမပြောနိုင်တော့ပဲ ကိုမင်းသိုက်ကိုထမ်းခေါ်ပြီးတာနဲ့ 'မြပုလဲသိုက်'အတွင်းကနေ ကျုပ်တို့ကိုစောင့်နေတဲ့ ကိုဖိုးတေတို့ရှိရာကိုသာ ပြန်လာခဲ့လိုက်တယ်။ ကျုပ်တို့လူ့လောကဘက်ကိုပြန်ရောက်တော့ နေ့ခင်းအချိန်တောင်ဖြစ်နေပါပေါ့လား။
***
ပြီး။
မှတ်ချက်။ ။စိတ်ကူးယဉ်ရေးသားထားသောဇာတ်လမ်းဖြစ်ပါသဖြင့် အမှားများပါခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းအား
ဦးထိပ်ထားလျက်
လေးစားစွာဖြင့်
မောင်ပိုင်(ပုလဲ)