ချွေးမအငယ်ရဲ့ စွပ်စွဲပြောဆိုမှုကို ရင်ဆိုင်ရချိန်မှာတော့ လင်းဖန်ရင်းက အစောပိုင်းက ထုန်ယောင်အပေါ် ပြသခဲ့တဲ့ အေးစက်စက် အမူအရာကို လျှော့ချလိုက်တယ်။ မျက်လုံးတွေ နီရဲနေလျက် သူမက တိုးတိုးလေး ပြောတယ်၊ "ငါ တစ်ခဏလောက် တွေဝေသွားခဲ့တာပါ၊ အခုကိစ္စက တကယ်တော့ ငါ့အမှားချည်းပါပဲ လီကျွမ်းရယ်။ ညည်း စိတ်သက်သာရာ ရမယ်ဆိုရင် ငါ့ကို ကြိုက်သလို ပြောနိုင်ပါတယ်။ ငါ ပြန်မပြောပါဘူး"
မျက်ရည်တွေ စီးကျလာရင်း သူမက ဆက်ပြောတယ်၊ "ရှောင်ချန်နဲ့ ယောင်ယောင်တို့ကို ယွမ်ယွမ်လေးနဲ့ အချိန်ဖြတ်သန်းခိုင်းရင် သူတို့ကိုယ်ပိုင် ကလေးရလာဖို့ ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ်လို့ အယူသီးပြီး မတွေးခဲ့သင့်ဘူး။ ရှောင်ချန် ပြောတာ မှန်ပါတယ်။ ကလေး ယူမယ် မယူဘူးဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ငါက ဒီလောက်ကြီး ဝင်မစွက်ဖက်သင့်ခဲ့ဘူး။ နင်တို့တွေ အကုန်လုံး အရွယ်ရောက်နေကြပြီ၊ ကိုယ်ပိုင် ဘဝတွေနဲ့မို့ ငါ ဝင်ပါခဲ့တာ မှားသွားပါတယ်"
လင်းဖန်ရင်းရဲ့ အမှားဝန်ခံတဲ့ စကားတွေက တော်တော်လေးကို ပါးနပ်တယ်လို့ ပြောရမယ်။
တစ်ဖက်မှာလည်း သူမက အမှားကို ဝန်ခံလိုက်တော့ ကျန်လီကျွမ်းမှာ ဒေါသထွက်စရာ နေရာမရှိတော့ဘူး။ နောက်တစ်ဖက်မှာကျတော့ သူမက သားအကြီးဆုံးကို ငဲ့ညှာလို့သာ ဒီအမှားတွေ ကျူးလွန်ခဲ့ရတာပါဆိုပြီး သူမကိုယ်သူမ ပုံဖော်လိုက်တယ်။ သူမက သားအကျိုးအတွက် အရာအားလုံး လုပ်ပေးခဲ့ပေမယ့် ဆစ်ချန်က ကျေးဇူးကန်းတယ် ဆိုတဲ့ သဘောမျိုးတောင် သက်ရောက်သွားအောင် ပြောဆိုနိုင်ခဲ့တယ်။
ကျန်လီကျွမ်းကသာ ဆက်ပြီး ရန်ဖြစ်နေမယ်ဆိုရင် သူမက ခဲအိုနဲ့ မရီးဖြစ်သူတို့ရဲ့ ခံစားချက်တွေကို မငဲ့ညှာဘူးလို့ ထင်စရာ ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ သူမရဲ့ ကလေးကို တိတ်တိတ်လေး ခေါ်သွားခံရတာကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ကျော်သွားခွင့် ပေးနိုင်မှာလဲ။ သူမ ငြိမ်မနေနိုင်ဘူး။
"အမေ... အမေက ဒီကိစ္စကို အစ်ကိုချန်နဲ့ မမယောင်တို့အတွက် လုပ်ပေးတယ်ဆိုရင်တောင် ကျွန်မတို့ကို တစ်ခွန်းလောက်တော့ ပြောခဲ့လို့ မရဘူးလား။ ဘာလို့ ဘယ်သူမှမသိအောင် တိတ်တိတ်လေး ကလေးကို ခေါ်သွားရတာလဲ။ ဘိုရီနဲ့ ကျွန်မတို့ ဘယ်လောက်တောင် စိုးရိမ်ပူပန်သွားရလဲဆိုတာ အမေ သိရဲ့လား။ ပြီးတော့ အစ်ကိုချန် ကိုယ်တိုင်က ဆရာဝန်လေ။ ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအတွက် အမေက ပူပန်နေရတာလဲ။ တကယ်လို့ သူတို့ ကျန်းမာရေးမှာ တစ်ခုခု မှားယွင်းနေတယ်ဆိုရင် ဆေးကုသမှု ခံယူဖို့ သူတို့ဘာသာ သိမှာပေါ့။ မြို့ကြီးပြကြီးမှာ နေပြီး ပိုက်ဆံလည်း မရှားတဲ့သူတွေဆိုတော့ သူတို့ ရှာမတွေ့နိုင်တဲ့ ဆရာဝန်များ ရှိနေလို့လား။ အမေ ဟိုထူးဆန်းတဲ့ ဆေးမြီးတိုတွေ ပို့ပေးတုန်းကလည်း ကျွန်မ အမေ့ကို ပြောခဲ့သေးတယ် မဟုတ်လား။ အဲဒီ ဖြစ်သလိုလုပ်ထားတဲ့ အရာတွေကို တကယ်ပဲ သောက်လို့ ရပါ့မလား။ အဆိပ်ဖြစ်သွားမှာကို အမေ မကြောက်ဘူးလား"
ကျန်လီကျွမ်း ဒေါသထွက်နေတဲ့အတိုင်း သူမရဲ့ စကားတွေကို နည်းနည်းလေးမှ ထိန်းချုပ်မထားဘူး။ သူမ ပြောလိုက်တဲ့ စကားလုံးတိုင်းက လင်းဖန်ရင်းကို ဓားနဲ့ ထိုးစိုက်လိုက်သလို ခံစားရစေတယ်။ အခြေအနေကောင်းတဲ့ မိသားစု နောက်ခံနဲ့ သူမကို ငြိမ်အောင် ထိန်းပေးမယ့် ဆစ်ဘိုရီသာ မရှိရင်၊ သူမက လင်းဖန်ရင်း မျက်နှာကို ဖြတ်ရိုက်ပြီးလောက်ပြီ။
ကလေးကို ပြုစုစောင့်ရှောက်ပေးရမယ့် အချိန်ကျတော့ အရိပ်အယောင်တောင် မပြဘဲ၊ တိတ်တိတ်လေး ခေါ်သွားဖို့ကျတော့ နည်းနည်းလေးမှ ဝန်လေးမနေဘူး။
ပတ်ဝန်းကျင် ရွာတွေထဲမှာ သူမလိုမျိုး ထူးထူးဆန်းဆန်း ပြုမူတတ်တဲ့ ယောက္ခမ တစ်ယောက်မှ မရှိဘူး။ ကောင်းမွန်တဲ့ ဘဝလေး ရှိနေရက်နဲ့၊ ဒီလို မလိုအပ်တဲ့ ပြဿနာတွေကို ဖန်တီးနေရတာ။
ကျန်လီကျွမ်းရဲ့ စကားနဲ့ တိုက်ခိုက်မှုအောက်မှာ လင်းဖန်ရင်း ခေါင်းမဖော်နိုင်တော့ဘူး။ သူမက သားအငယ်ကို တစ်ချက် လှမ်းကြည့်လိုက်တော့၊ သူမဘက်က ကာကွယ်ပေးမယ့် စကားတစ်ခွန်းမှ မပြောတာကို မြင်လိုက်ရလို့ ခါးသီးတဲ့ ဆေးလုံးကို မြိုချလိုက်ရသလို ခံစားလိုက်ရတယ်။ သူမ ဘယ်လောက်ပဲ မှားနေပါစေ၊ ကိုယ့်သားအရင်းက သူမကို ဒီလို စော်ကားခံနေရတာကို ဘယ်လိုလုပ် ခွင့်ပြုထားနိုင်ရတာလဲ။
နာကြည်းမှုကို ခံစားလိုက်ရတော့ လင်းဖန်ရင်းရဲ့ လေသံ ပြောင်းသွားတယ်။ "ကလေး ဒါမှမဟုတ် ယောင်ယောင် တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ အပြည့်အဝ တာဝန်ယူပါတယ်"
ကျန်လီကျွမ်းက အလိုအလျောက် ပြန်အော်လိုက်တယ်။ "အမေ့အသက်က ကျွန်မသားလေးနဲ့ နှိုင်းယှဉ်လို့ ရလို့လား"
လင်းဖန်ရင်းက ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီးပြီ။ သူမသားလေးကတော့... တအားကို ငယ်ရွယ်သေးတာလေ။
"လီကျွမ်း" ဆစ်ဘိုရီက မိန်းမဖြစ်သူရဲ့ စကားတွေ နည်းနည်း လွန်သွားတယ်လို့ ခံစားရလို့ သူမကို သတိပေးလိုက်တယ်။
ကျန်လီကျွမ်းလည်း သူမ စကားလွန်သွားမှန်း သတိထားမိသွားလို့ နှာမှုတ်လိုက်ပြီး စကားဆက်မပြောတော့ဘူး။ ဒါပေမဲ့ လင်းဖန်ရင်းက ဒီအကြောင်းအရာကို အလွတ်မပေးဘူး။ "ဟုတ်တယ်၊ ငါ့အသက်က တန်ဖိုးမရှိဘူးလေ။ ယွမ်ယွမ်နဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ။ အဲဒီတုန်းက ရှောင်ချန်ရဲ့ အဖေနဲ့အတူ ငါပါ သေသွားခဲ့သင့်တာ။ အဲဒါဆိုရင် နင်တို့အားလုံးအတွက် အနှောင့်အယှက် ဖြစ်နေမှာ မဟုတ်ဘူး။ ငါ အခုချိန်ထိ အသက်မရှင်နေသင့်တာပါ"
ဆစ်ဘိုရီက ဒီစကားတွေကို ကြားလိုက်ရတော့ ခက်ခဲခဲ့တဲ့ အဲဒီနှစ်တွေကို ပြန်တွေးမိပြီး စိတ်ပျော့သွားတယ်။ "အမေ... ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ။ လီကျွမ်းက ယွမ်ယွမ်အတွက် စိုးရိမ်လွန်းလို့ ဒေါသထွက်သွားတာပါ။ ဒီကိစ္စကို ဒီမှာတင် ထားလိုက်ကြရအောင်၊ ဘယ်သူမှ ထပ်မပြောကြနဲ့တော့"
သူတို့အားလုံးက မိသားစုဝင်တွေချည်းပဲ။ ဆက်ပြီး ရန်ဖြစ်နေလည်း ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ သူ့မိန်းမ နိုင်သည်ဖြစ်စေ၊ သူ့အမေ နိုင်သည်ဖြစ်စေ၊ သူကတော့ စိတ်မကောင်း ဖြစ်ရမှာ သေချာတယ်။
"ငါ ဘာပြောလိုက်လို့လဲ။ ငါ့အသက်က တန်ဖိုးမရှိဘူးလို့ ဝန်ခံလိုက်တာ မှားသွားလို့လား" လင်းဖန်ရင်းက ညည်းတွားလိုက်တယ်။ "နင်လည်း နင့်အစ်ကိုနဲ့ တထေရာတည်းပဲ။ ငါ စကားတစ်ခွန်းလောက် ပြောတာကိုတောင် နင်တို့က သည်းမခံနိုင်ကြဘူး မဟုတ်လား။ နင်တို့ ညီအစ်ကိုတွေ အပ်နဲ့ ချည်ကြိုးရှာပြီး ငါ့ပါးစပ်ကို လာချုပ်ထားလိုက်ပါလား။ အဲဒါဆိုရင် ငါ စကားမပြောရတော့ဘဲ ဘယ်သူ့ကိုမှ အနှောင့်အယှက် ပေးမိမှာ မဟုတ်ဘူး"
ကျန်လီကျွမ်းက အများကြီး ပြောခဲ့တာတောင်၊ သူမသားက သူမဘက်ကနေ ကာကွယ်ပေးမယ့် စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ အခု သူမက ပြန်ပက်လိုက်တဲ့ အချိန်ကျမှ၊ သူမသားက မိန်းမဖြစ်သူကို စတင် ကာကွယ်ပေးနေတော့တယ်။ သူမက သားနှစ်ယောက်ကို မမောမပန်းနိုင် ပြုစုပျိုးထောင်ခဲ့ပေမယ့်၊ အခုတော့ သူတို့ နှစ်ယောက်လုံးက သူမကို ဂရုမစိုက်ဘူးဆိုတာ တွေ့လိုက်ရတယ်။
လင်းဖန်ရင်းက ပိုတွေးလေလေ၊ မတရားခံရတယ်လို့ ပိုခံစားရလေလေပဲ။ သူမက ခုံပုလေးပေါ် ထိုင်ချလိုက်ပြီး တိတ်တိတ်လေး စတင် ငိုကြွေးနေတော့တယ်။ ဆစ်ဘိုရီမှာ ခေါင်းကိုက်လာပြီး ဘာလုပ်ရမှန်း လုံးဝ မသိတော့ဘူး။ သူလည်း ဘေးနားမှာ တိတ်တိတ်လေး ဝင်ထိုင်လိုက်တယ်။
ကျန်လီကျွမ်းက ဒေါသထွက်နေတော့ သဘာဝကျကျပဲ တောင်းပန်မှာ မဟုတ်ဘူး။ ထုန်ယောင်ကလည်း ကြားဝင်စေ့စပ်ပေးဖို့ ပျင်းနေတယ်။ အပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာတဲ့အထိ အခန်းထဲက လေထုက တင်းမာနေခဲ့တယ်။
ထုန်ယောင် တံခါးကို ဖွင့်လိုက်တော့ ရန်ပွဲအတွက် လာတဲ့ပုံစံမျိုးနဲ့ အပြင်မှာ ရပ်နေတဲ့ ဆစ်ဝေမင်းနဲ့ ဆစ်ရှောင်ဟွေးတို့ကို တွေ့လိုက်ရတယ်။ လင်းဖန်ရင်းရဲ့ ငိုသံကို ကြားတာနဲ့ ဆစ်ရှောင်ဟွေးက ထုန်ယောင်ကို လမ်းဖယ်သွားအောင် တိုက်ရိုက် တွန်းဖယ်လိုက်ပြီး၊ လင်းဖန်ရင်း အနားကို အမြန်ပြေးသွားကာ မေးလိုက်တယ်။
"အမေ... ထုန်ယောင်က အမေ့ကို အနိုင်ကျင့်လိုက်တာလား"
ဆစ်ဝေမင်းလည်း အနောက်ကနေ လိုက်ဝင်လာတော့၊ မူလကတည်းက သေးငယ်နေတဲ့ ဧည့်ခန်းလေးက ချက်ချင်းကို ကျပ်ကျပ်တည်းတည်း ဖြစ်သွားတယ်။ ငိုထားလို့ မျက်လုံးတွေ မို့အစ်နေတဲ့ လင်းဖန်ရင်းကို မြင်တော့၊ သူက ဆစ်ဘိုရီကို မျက်မှောင်ကြုတ်ကြည့်ပြီး မေးတယ်။ "ဘာဖြစ်ကြတာလဲ"
သူ့ဦးလေး အသက်ရှင်နေသေးပြီး ကျိုတိုမှာ နေထိုင်နေတယ်ဆိုတာ ပထမဆုံး သိလိုက်ရချိန်တုန်းက ဆစ်ဘိုရီ တကယ်ကို ဝမ်းသာခဲ့တာပါ။ ဒါပေမဲ့ သူ့ဦးလေးကြောင့် သူ့အမေ ကျိုတိုကို ရောက်လာကတည်းက၊ သူက သူ့ငယ်ဘဝက မနှစ်မြို့စရာ မှတ်တမ်းတချို့ကို အခါအားလျော်စွာ ပြန်တွေးမိနေခဲ့တယ်။ ထုန်ယောင်ဆီက ကြားခဲ့ရတဲ့ အကြောင်းအရာတွေပါ ပေါင်းထည့်လိုက်တော့၊ အဲဒါက သူ့ကို သူ့ဦးလေးအပေါ် အပြစ်ရှာချင်တဲ့ အမြင်မျိုးနဲ့ ကြည့်မိစေတယ်။
အထူးသဖြင့် သူ့ဦးလေးက ရှောင်ဟွေးအပေါ် ဘယ်လောက်တောင် မျက်နှာသာပေးပြီး ရုပ်ချင်းလည်း ဆင်တူနေလဲဆိုတာကို စဉ်းစားကြည့်တဲ့အခါ၊ ဆစ်ဘိုရီက အသိဉာဏ်မဲ့သူ မဟုတ်ဘူးလေ။ အချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့မှာ သံသယတွေ ရှိနေပေမယ့် မယုံကြည်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ အဲဒါကြောင့် သူ့ဦးလေးကို စတင် မုန်းတီးလာပြီး သူ့အမေကို ဦးလေးနဲ့ အဆက်အသွယ် မလုပ်စေချင်တော့ဘူး။
အခု၊ တိုက်ပွဲဝင်ဖို့ ပြင်ဆင်လာတဲ့အလား အိမ်ထဲကို လှမ်းဝင်လာတဲ့ သူ့ဦးလေးကို မြင်တော့ ဆစ်ဘိုရီက ပိုပြီးတောင် မကျေမနပ် ဖြစ်သွားတယ်။ မျက်နှာထား တင်းမာစွာနဲ့ သူက ပြန်ပက်လိုက်တယ်။ "ဦးလေးက ဒီကို ဘာလာလုပ်တာလဲ"
မမျှော်လင့်ဘဲ၊ ဒီစကားတွေ သူ့ပါးစပ်က ထွက်သွားတာနဲ့ တစ်ပြိုင်နက် လင်းဖန်ရင်းက ချက်ချင်း ငိုရပ်လိုက်ပြီး ဖြေတယ်။ "ဒီမနက် နင့်ဦးလေးနဲ့ ရှောင်ဟွေးကို လာခဲ့ဖို့ ငါ ခေါ်လိုက်တာ"
ထုန်ယောင်က ခါးသီးစွာ ရယ်မောလိုက်တယ်။ စောစောက ဆစ်ရှောင်ဟွေး မေးတုန်းက လင်းဖန်ရင်းက စကားတစ်ခွန်းမှ မပြောခဲ့ပေမယ့်၊ အခုတော့ တော်တော်လေး စိတ်အားထက်သန်စွာ ဖြေနေတယ်လေ။
တင်းမာတဲ့ မျက်နှာထားနဲ့ ဆစ်ဘိုရီက ပြောတယ်။ "ကျွန်တော်တို့ မိသားစု ကိစ္စတွေက သူတို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ကို ဘာလို့ ခေါ်လိုက်ရတာလဲ"
လင်းဖန်ရင်း မဖြေရသေးခင်မှာပဲ ဆစ်ရှောင်ဟွေးက ပေါက်ကွဲထွက်လာတယ်။ "ဦးလေးနဲ့ ကျွန်မသာ မလာခဲ့ရင်၊ အမေက နင်တို့ သုံးယောက်ရဲ့ အနိုင်ကျင့်မှုကြောင့် ရူးသွားတော့မှာပဲ။ အစ်ကိုလတ်... နင် ဘယ်တုန်းက ဒီလောက် သွေးအေးသွားရတာလဲ။ အမေက ငါတို့ကို ပြုစုပျိုးထောင်ဖို့ အခက်အခဲတွေ အများကြီး ဖြတ်သန်းခဲ့ရတာ။ အမေ့ခမျာ တစ်ရက်လေးတောင် အနားမရခဲ့ဘူး။ နင်က အမေ့ကို ဂရုမစိုက်ပေးနိုင်ဘူး ဆိုရင်တောင်၊ ဘာလို့ အပြင်လူတွေနဲ့ ပေါင်းပြီး အမေ့ကို ဒုက္ခပေးနေရတာလဲ"
ဆစ်ရှောင်ဟွေးရဲ့ မျက်လုံးထဲမှာတော့ သူတို့က သွေးသားတော်စပ်သူတွေ ဖြစ်ပြီး၊ ထုန်ယောင်နဲ့ ကျန်လီကျွမ်းက အပြင်လူတွေပဲလေ။
အစ်ကိုကြီးက ထုန်ယောင်ဘက်က ပါသလို၊ အစ်ကိုလတ်ကလည်း ကျန်လီကျွမ်းဘက်ကနေ ပါနေတယ်။ သူတို့က လက်ထပ်ပြီးတာနဲ့ အမေကို မေ့သွားတဲ့လူတွေလို ပြုမူနေကြတာ။ သူတို့မှာ ကိုယ်ချင်းစာတရား ဆိုတာ နည်းနည်းလေးမှ မရှိဘူး။
"ဒါ နင် ဝင်ပြောရမယ့် နေရာမဟုတ်ဘူး။ ပါးစပ်ပိတ်ထား"
ဆုန့်ယွီနဲ့ ခိုးရာလိုက်သွားကတည်းက ဒေါသထွက်စရာ အကြောင်းရင်း ဖြစ်နေတဲ့ ဆစ်ရှောင်ဟွေးကို ဆစ်ဘိုရီက စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ သူ နည်းနည်း စိတ်ငြိမ်သွားခါစ ရှိသေး၊ သူမက ကွာရှင်းဖို့ တောင်းဆိုလာပြီး သူ့အစ်ကိုကြီး အပင်ပန်းခံ တည်ဆောက်ထားတဲ့ မိသားစုပုံရိပ်ကို ဖျက်ဆီးပစ်လိုက်တယ်။ အခုလည်း သူမက ပြဿနာတွေ လာရှာနေပြီး သူ့မိန်းမနဲ့ မရီးကို အပြင်လူလို့ ခေါ်ရဲတဲ့ သတ္တိရှိနေသေးတယ်။
သူသာ အခု ဘာမှမပြောရင်၊ သူ့မရီးနဲ့ မိန်းမတို့ ဒေါသပေါက်ကွဲတော့မယ် ဆိုတာကို ဆစ်ဘိုရီ သိတယ်။
အစက စကားပြောဖို့ ပြင်ထားတဲ့ ထုန်ယောင်ဟာ ဆစ်ဘိုရီရဲ့ စကားကို ကြားပြီးနောက် စိတ်လျှော့လိုက်တယ်။ အသိဉာဏ်ရှိတဲ့ မတ်လေး တစ်ယောက် ရှိနေတော့၊ အခြေအနေ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ဖို့ သူမ ဆုံးဖြတ်လိုက်တယ်။
အပိုင်း ( ၃၉၂ ) ပြီးဆုံး
မှတ်ချက် - ဆောင်ယုကို ဆုန့်ယွီလို့ ပြောင်းလဲခေါ်ဆိုပါမည်။
***