ကြယ်တာရာကောင်းကင်တစ်ခုအတွင်း၌…
ရီထျန်းမင်က ရပ်တန့်လိုက်၏။ သူက ကြယ်တာရာကောင်းကင်အတွင်း၌ ရပ်နေကာ ကျယ်ပြောလှပြီး အဆုံးမဲ့သော ကြယ်တာရာကောင်းကင်ကြီးကို ကြည့်နေသည်။ သူက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီးနောက် စိတ်ဆန္ဒတစ်ခုဖြင့် များပြားလှသော သတ္တဝါများကို အာရုံခံလိုက်၏။ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံထားသူ မည်သူ့ကိုမဆို သူက အာရုံခံနိုင်ပေသည်။
သို့သော် သတ္တဝါအပေါင်းက သူ၏ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံလိုက်ရုံဖြင့် ထိုအရာက သူ၏အပေါ်၌ အမွှေးတိုင်ယုံကြည်မှုများ ရှိလာသည်ဟု မဆိုလိုချေ။
ကွမ်ချွန်စကြာဝဠာမှလွဲ၍ ဤနေရာ၌ သူက အမွှေးတိုင်ယုံကြည်မှုကို မရရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် သတ္တဝါအပေါင်းက သူ့ကို မသိကြသေးသောကြောင့်ပင်။
သို့သော် သူ့အတွက်မူ အလျင်လိုစရာ မရှိချေ။
ပထမအဆင့်က သတ္တဝါအားလုံးကို သက်ရှိသတ္တဝါအပေါင်းစာရင်းအား ကျင့်ကြံခိုင်းရန်ဖြစ်ကာ ဒုတိယအဆင့်ကမှ အမွှေးတိုင်ယုံကြည်မှုကို စုစည်းရန် ဖြစ်၏။
ရီထျန်းမင်က မျက်လုံးများ ဖွင့်လိုက်ကာ ကျယ်ပြောလှသော စကြာဝဠာကြယ်တာရာကောင်းကင်ကြီး၏ အနက်ပိုင်းသို့ မော့ကြည့်လိုက်သည်။ သူက လက်ဝါးကို ဖြန့်လိုက်ရာ ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းရှိ ရေတွက်၍ မရနိုင်သော ကြယ်များက စတင်တုန်ခါလာကြသည်မှာ တကယ်ကို ခမ်းနားကြီးကျယ်လှသော မြင်ကွင်းတစ်ခုပင်။
ကြယ်နတ်ဘုရားတာအို...
ဤသည်မှာ ကြယ်နတ်ဘုရား၏ မဟာတာအိုဖြစ်ကာ ယခုအခါ၌ ယင်းက သူ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။
သေချာပေါက် သူ တကယ်ဂရုစိုက်နေသည့်အရာက ဤကြယ်နတ်ဘုရားတာအိုသက်သက် မဟုတ်ချေ။
ယင်းမှာ ယခင်က သူတွေးခဲ့ဖူးသော ကိစ္စတစ်ခု ဖြစ်သည်။ သက်ရှိသတ္တဝါအပေါင်းဆိုသည်မှာ ဤအဆုံးမရှိသော ကြယ်များအားလုံး အပါအဝင်ပင် မဟုတ်ပါလော။
ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ အဆုံးအစမရှိအောင် ကျယ်ပြောလှသော စကြာဝဠာ၏ ကြယ်တာရာကောင်းကင်ကြီးအတွင်းရှိ များပြားလှသော ကြယ်များကို သူက အာရုံခံလိုက်သည်။
ဤကြယ်များအားလုံး၌ အသက်ရှိကြ၏။
အသက်ရှိခြင်းဆိုသည်မှာ သက်ရှိသတ္တဝါတစ်ဦး ဖြစ်ခြင်းပင်။
အသက်မရှိလျှင်တောင်မှ ၎င်းတို့က သက်ရှိသတ္တဝါများ ဖြစ်နေဆဲ ဖြစ်သည်။
ရီထျန်းမင်က ပြုံးလိုက်သော်လည်း သိပ်မကြာခင်၌ပင် ထိုအပြုံးက ခါးသက်သက် ဖြစ်သွား၏။
ရုပ်ခန္ဓာ...
ရီထျန်းမင်က သူ၏ ကိုယ်ပိုင်ရုပ်ခန္ဓာကို ငုံ့ကြည့်လိုက်သည်။ လက်ရှိအချိန်၌ သူ၏ အကြီးမားဆုံးသော ကန့်သတ်ချက်မှာ ဤရုပ်ခန္ဓာ ဖြစ်သည်မှာ သံသယဝင်စရာပင် မလိုချေ။ သူ၏ လက်ရှိရုပ်ခန္ဓာက နတ်ဘုရားစကြာဝဠာကို မဆိုထားနှင့်၊ ကွမ်ချွန်စကြာဝဠာရှိ သတ္တဝါအပေါင်း၏ အမွှေးတိုင်ယုံကြည်မှုကိုပင် ခံနိုင်ရည်မရှိချေ။ ဤကျယ်ပြောလှသော စကြာဝဠာကြီးရှိ ကြယ်များနှင့် ပတ်သက်၍မူ... တွေးကြည့်ရုံဖြင့်ပင် သူ့ကို ခေါင်းကိုက်သွားစေ၏။
လက်ရှိ၌ သူက လှပသော ဇနီးပျိုလေးတစ်ဦးကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ရုပ်ခန္ဓာက ခွင့်မပြုသကဲ့သို့ ဖြစ်နေပေရာ ထိုအရာက အင်မတန် စိတ်ပျက်စရာ ကောင်းလှပေသည်။
သူက အများကြီး မတွေးတော့ဘဲ အတွေးများကို ရုပ်သိမ်းလိုက်ကာ ကြယ်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် အဝေးရှိ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီး၏ အနက်ပိုင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
အချိန်အတော်ကြာပြီးနောက်၌ သူက ရှေးဟောင်းကြယ်တာရာနယ်မြေသို့ ရောက်ရှိလာသည်။
ရှေးဟောင်းကြယ်တာရာနယ်မြေထဲသို့ သူ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် အင်မတန် အစွမ်းထက်သော အငွေ့အသက်တစ်ခုကို သူခံစားလိုက်ရ၏။ ရှေးဟောင်းကြယ်တာရာနယ်မြေ၏ အနက်ပိုင်းသို့ သူက လှမ်းကြည့်လိုက်ရာ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကလည်း သူ၏ ဘက်သို့ လှမ်းကြည့်လာသည်ကို သူခံစားမိလိုက်၏။
ရီထျန်းမင်က ရှေးဟောင်းကြယ်တာရာနယ်မြေ၏ အနက်ပိုင်းသို့ ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ "နတ်ဘုရားတုအဆင့်တွေ ကြားထဲမှာတောင် ကွာခြားချက်တွေ ရှိနေတဲ့ပုံပဲ။ ပြီးတော့ တော်တော်လေးကို သိသာတဲ့ ကွာခြားချက်တွေပဲ..."
ထိုအငွေ့အသက်က သာမန်နတ်ဘုရားတုအဆင့်ထက် အများကြီး သာလွန်နေခြင်းပင်။
ရီထျန်းမင်က အကြည့်လွှဲလိုက်၏။ သူ အကြည့်လွှဲလိုက်ပြီးနောက်တွင် ရှေးဟောင်းကြယ်တာရာနယ်မြေ၏ အနက်ပိုင်းမှ အကြည့်ကလည်း ပြန်လည်ရုတ်သိမ်းသွားသည်။
ရီထျန်းမင်က သူရပ်နေသောနေရာမှ ပျောက်ကွယ်သွား၏။ သိပ်မကြာခင်၌ပင် သူက ရှေးဟောင်းနတ်ဘုရားမြို့တော်သို့ ရောက်ရှိလာသည်။
ရှေးဟောင်းနတ်ဘုရား...
ရှေးဟောင်းကြယ်တာရာနယ်မြေ၌ ကိုးကွယ်ကြသော နတ်ဘုရားကို ရှေးဟောင်းနတ်ဘုရားဟု ခေါ်ကြသည်။ ထိုရှေးဟောင်းနတ်ဘုရားနှင့် ပတ်သက်၍ ကြယ်နတ်ဘုရား၌ မှတ်ဉာဏ်အချို့ ရှိနေသော်လည်း များများစားစားတော့ မဟုတ်ချေ။ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များထဲရှိ ထိုရှေးဟောင်းနတ်ဘုရားက ကောင်းမွန်သော နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ခံထားရ၏။
သူ၏ စရိုက်လက္ခဏာကလည်း တော်တော်လေး ကောင်းမွန်ပေသည်။
သူ၏ နာမည်ကျော်ကြားမှုကလည်း အင်မတန် ကောင်းမွန်၏။
ထို့ပြင် ဤရှေးဟောင်းနတ်ဘုရားက အင်မတန် ဉာဏ်ပညာကြီးမားကြောင်း ကောလာဟလများလည်း ရှိပေသည်။
ရီထျန်းမင်က ရှေးဟောင်းနတ်ဘုရားကျောင်းတော်သို့ တိုက်ရိုက်မသွားဘဲ ရှေးဟောင်းနတ်ဘုရားမြို့တော်သို့ လာလိုက်၏။ ထိုမြို့တော်က အင်မတန်ကြီးမားကာ သန်းပေါင်းရာနှင့်ချီသော သတ္တဝါများကို နေရာပေးနိုင်ကာ အင်မတန် စည်ကားသိုက်မြိုက်လှသည်။ ယင်းက နတ်ဘုရားစကြာဝဠာ၌ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့တော်ဟုပင် ဆိုနိုင်ပေသည်။
ဤမြို့တော်က အင်မတန် သဘောထားကြီးစွာဖြင့် အားလုံးကို လက်ခံထား၏။ မြို့တော်အတွင်း၌ ရှေးဟောင်းနတ်ဘုရား၏ ပုံတူပန်းချီကားချပ်များသာမက အခြားသော နတ်ဘုရားများ၏ ပုံတူပန်းချီကားချပ်များလည်း ရှိနေသည်။
ဤမြို့တော်၌ အမွှေးတိုင်ယုံကြည်မှုက လွတ်လပ်ခွင့် ရှိ၏။ ရှေးဟောင်းနတ်ဘုရားက သူ၏ လက်အောက်ခံများကို သူ့အပေါ်၌ အမွှေးတိုင်ယုံကြည်မှု ထားရှိရန် အတင်းအကျပ် မတောင်းဆိုခဲ့ချေ။
ရီထျန်းမင်က ရှေးဟောင်းနတ်ဘုရားမြို့တော်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ မြို့တော်က အင်မတန် စည်ကားနေကာ ကျယ်ဝန်းသော ရိပ်သာလမ်းမကြီးများထက်၌လည်း လူများဖြင့် ပြည့်နှက်နေလျက် လမ်း၏ တစ်ဖက်တစ်ချက်စီတွင်လည်း ဆိုင်ခန်းများ ရှိနေပေသည်။
သက်ဝင်လှုပ်ရှားနေသော ခံစားချက်မျိုးပင်။
ထို့ပြင် လမ်းမများထက်၌ ရှေးဟောင်းနတ်ဘုရားကျောင်းတော်မှ အစောင့်အရှောက်များက အချိန်နှင့်အမျှ ကင်းလှည့်ကာ စောင့်ကြပ်နေကြသည်။
ထိုစဉ် ရုတ်တရက် ရီထျန်းမင်က ဆိုင်တစ်ဆိုင်ကို မြင်တွေ့လိုက်ရ၏။
ထိုဆိုင်ကို မြင်လိုက်ရသည်တွင် သူက အမြင်မှားသည်ဟုပင် ထင်လိုက်မိကာ ရပ်နေသည့်နေရာ၌ တောင့်တင်းသွားတော့သည်။
ရှန်ပေါက်အဆောက်အဦးပင်...
သေစမ်း။
ရှန်ပေါက်အဆောက်အဦးက ဤနေရာတွင်လည်း ရှိနေသည်လော။
ရီထျန်းမင်မှာ အနည်းငယ် တွေဝေသွား၏။
မည်သူက ဖွင့်ထားပါသနည်း။
မဖြစ်နိုင်ခြင်းပင်။
နာမည်တူနေခြင်းများလော။
ရီထျန်းမင်က သူ၏ ရင်ထဲရှိ သံသယများကို ဖိနှိပ်လိုက်ကာ သူက ရှန်ပေါက်အဆောက်အဦးထံသို့ လျှောက်သွားလိုက်သည်။ ဤရှန်ပေါက်အဆောက်အဦးက အင်မတန် သေးငယ်လှကာ အောက်ဘက်၌ သူကြုံတွေ့ခဲ့ဖူးသော ရှန်ပေါက်အဆောက်အဦး၏ အတိုင်းအတာနှင့်စာလျှင် အများကြီး ကွာခြားလှပေသည်။
ရီထျန်းမင် ဝင်သွားသည်နှင့်တစ်ပြိုင်နက် မိန်းကလေးတစ်ဦးက သူ့ကို လာရောက်နှုတ်ဆက်သည်။ ထိုမိန်းကလေးက အသက်ဆယ့်ခြောက်နှစ်အရွယ်ခန့် ရှိပုံပေါ်ကာ သန့်ရှင်းသပ်ရပ်သော ပန်းပွင့်ပုံစံဂါဝန်လေးကို ဝတ်ဆင်ထားလျက် မျက်နှာထက်၌ တောက်ပသောအပြုံးတစ်ခုကို ဆင်မြန်းထားသည်။ "မင်္ဂလာပါ ဧည့်သည်တော်... ကျွန်မတို့ဆိုင်က မဖွင့်ရသေးတာမို့ လောလောဆယ် ဧည့်သည် လက်မခံသေးပါဘူးရှင့်"
ရီထျန်းမင်က သိချင်စိတ်ဖြင့် "မဖွင့်ရသေးဘူးလား"
ထိုမိန်းကလေးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ မနေ့ကမှ ဆိုင်စဖွင့်ထားတာပါ"
ရီထျန်းမင်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက်တွင် "မိန်းကလေး... ဒီဆိုင်ကို ဘယ်သူဖွင့်ထားတာလဲ"
ထိုမိန်းကလေးက ပြုံးလိုက်သည်။ "ကျွန်မတို့ရဲ့ အဆောက်အဦးသခင်ပါ"
ရီထျန်းမင်က သိချင်စိတ်ဖြင့် "မင်းတို့ရဲ့ အဆောက်အဦးသခင်နဲ့ တွေ့လို့ရမလား"
မိန်းကလေးက တောင်းပန်လိုက်သည်။ "သခင်လေး... မရပါဘူးရှင်"
ပြောနေရင်းဖြင့် သူမက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ထပ်ပြောလိုက်၏။ "သခင်လေး... ကျွန်မတို့ဆိုင်က မဖွင့်ရသေးလို့ လောလောဆယ် ဧည့်သည် လက်ခံလို့ မရသေးပါဘူး။ နောက်နေ့မှ ပြန်လာခဲ့ပေးလို့ ရမလားရှင့်"
သူမက ဘာဆိုလိုသည်အား ရီထျန်းမင်က သေချာပေါက် နားလည်သော်လည်း သူက ထွက်မသွားသေးချေ။ ယင်းအစား သူက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ မိန်းကလေးထံသို့ ကမ်းပေးလိုက်၏။ "မိန်းကလေး... ငါ နည်းနည်းသိချင်နေလို့၊ ငါ့အတွက် မေးခွန်းအချို့လောက် ဖြေပေးလို့ ရမလား"
သို့သော် မိန်းကလေးက ထိုသိုလှောင်လက်စွပ်ကို တစ်ချက်ပင် မကြည့်ချေ။ သူမက ပြုံးကာ "ဧည့်သည်တော်... အဲဒီလို လုပ်စရာ မလိုပါဘူး။ သိချင်တာ ရှိရင် မေးလို့ရပါတယ်ရှင်။ မေးခွန်းအချို့ကို ကျွန်မ ဖြေနိုင်ပေမယ့် အချို့ကိုတော့ ဖြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နားလည်ပေးဖို့ တောင်းဆိုပါတယ် ဧည့်သည်တော်"
သူမက သိုလှောင်လက်စွပ်ကို တစ်ချက်ပင် မကြည့်သည်အား မြင်လိုက်ရသည်တွင် ရီထျန်းမင်က သူ၏ အတွေးများကို ပို၍ပင် အတည်ပြုနိုင်သွား၏။ ဤဆိုင်က ကွမ်ချွန်စကြာဝဠာမှ ရှန်ပေါက်အဆောက်အဦးဖြစ်ကြောင်း ရှင်းလင်းနေ၏။
ရီထျန်းမင်က သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ကာ ပြုံးလိုက်သည်။ "မိန်းကလေး... မင်းတို့က ကွမ်ချွန်စကြာဝဠာကနေ လာကြတာလား"
သူက ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုမိန်းကလေး၏ မျက်နှာထက်ရှိ အပြုံးက ချက်ချင်းဆိုသလို တောင့်တင်းသွား၏။
သူမ၏ အမူအရာကို ကြည့်ကာ ရီထျန်းမင်က ပြုံးလိုက်သည်။ "ငါက ဒီအတိုင်း မေးကြည့်တာပါ"
မိန်းကလေးက ရီထျန်းမင်ကို ကြည့်လိုက်ချိန်၌ သူမ၏ မျက်လုံးများထဲတွင် သံသယဖြစ်နေသည့် အရိပ်အယောင်တစ်ခု ဖြစ်တည်လာ၏။ "သခင်လေး... ကွမ်ချွန်စကြာဝဠာအကြောင်းကို ဘယ်... ဘယ်လိုလုပ်ပြီး သိနေတာလဲ။ ဒါက မဖြစ်နိုင်လို့ပါ"
ရီထျန်းမင်က "ငါလည်း အဲဒီကနေ လာခဲ့တာလေ"
ထိုမိန်းကလေးက ခေါင်းခါယမ်းလိုက်၏။ "ဒါဆို ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ တရားဝင်အိမ်တော်မှာ အဲဒီသခင်မလေး စောင့်ကြပ်နေတာလေ၊ သာမန်လူတွေက လုံးဝကို..."
ထိုနေရာသို့အရောက်တွင် သူမက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကာ အလျင်အမြန်ပင် စကားရပ်လိုက်သည်။ သူမက ရီထျန်းမင်ကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "ရှင်က... ရှင့်ရဲ့ မျိုးရိုးနာမည်က ရီများလား"
ရီထျန်းမင်က ပြုံးလိုက်၏။ "ဟုတ်တယ်"
"ရီထျန်းမင်..."
မိန်းကလေးက အံ့အားသင့်စွာဖြင့် "တကယ်ပဲ ရှင်ဖြစ်နေတာကိုး"
ရီထျန်းမင်ကလည်း အနည်းငယ် အံ့အားသင့်သွား၏။ "မင်းက ငါ့အကြောင်း ကြားဖူးလို့လား"
မိန်းကလေးက ပြုံးလိုက်သည်။ "သခင်လေး... မေ့သွားပြီလား။ ကျွန်မတို့က ရှန်ပေါက်အဆောက်အဦးကလေ၊ ပြီးတော့ အရင်တုန်းက သခင်လေးနဲ့ ယန်မိသားစုက..."
ထိုနေရာသို့ရောက်သော် သူမက ဆက်မပြောတော့ချေ။
ရီထျန်းမင်က ပြုံးလိုက်၏။ "မိန်းကလေးတို့က ဒီအပေါ်ကို ဘယ်လိုလုပ် ရောက်လာကြတာလဲဆိုတာ ငါသိချင်မိတယ်။ တရားဝင်အိမ်တော်ကနေ တစ်ဆင့်ပဲလား"
မိန်းကလေးက ခေါင်းခါယမ်းလိုက်သည်။ "မဟုတ်ပါဘူး"
ရီထျန်းမင်က သိချင်စိတ်ဖြင့် "ဒါဆို ဘယ်လိုလုပ်ပြီးတော့လဲ"
ဤတစ်ကြိမ်၌မူ မိန်းကလေးက ဘာမှမပြောချေ။
ရီထျန်းမင်က ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို ငါ မမေးတော့ဘူး။ ဒီတစ်ခေါက် လာတဲ့သူတွေ အများကြီးပဲလား"
မိန်းကလေးက ခေါင်းခါယမ်းလိုက်၏။ "ကျွန်မနဲ့ ကျွန်မတို့ရဲ့ အဆောက်အဦးသခင် နှစ်ယောက်တည်းပါ။ အနာဂတ်မှာ ကျွန်မက ဒီနေရာကို တာဝန်ယူရမှာပါ။ ကျွန်မတို့ရဲ့ အဆောက်အဦးသခင်က အခု တစ်စုံတစ်ယောက်နဲ့ စေ့စပ်ညှိနှိုင်းနေပါတယ်။ သဘောတူညီချက် ရသွားတာနဲ့ ဆိုင်စဖွင့်လို့ ရပါပြီ"
ရီထျန်းမင်က အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။ "မင်းတို့ရဲ့ အဆောက်အဦးသခင်က အပေါ်ထပ်မှာလား"
မိန်းကလေးက ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်"
ရီထျန်းမင်က အပေါ်ထပ်သို့ မော့ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရချေ။
ရုတ်တရက် မိန်းကလေးက သိချင်စိတ်ဖြင့် "သခင်လေးရီ... အဲဒီကြယ်နတ်ဘုရားကို ဝါးမျိုလိုက်ပြီလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "အင်း"
ထိုမိန်းကလေးက နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်သည်။ "ဒါက တကယ်ကို မယုံနိုင်စရာပဲ။ အဲဒီကြယ်နတ်ဘုရားက ထိပ်တန်းအစစ်အမှန်နတ်ဘုရားတစ်ပါးလေ၊ ဒါကိုတောင် သခင်လေးက သူ့ကို ဝါးမျိုနိုင်ခဲ့တာပဲ... အို... ဟုတ်သားပဲ၊ သက်ရှိသတ္တဝါအပေါင်းဉပဒေကလည်း မကြာသေးခင်ကမှ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုလုံးမှာ ပြန့်နှံ့နေတာလေ။ ဒါကလည်း သခင်လေးရဲ့ လက်ချက်ပဲ မဟုတ်လား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။
ထိုမိန်းကလေးက "သခင်လေး... ဒီနတ်ဘုရားစကြာဝဠာမှာလည်း သက်ရှိသတ္တဝါအပေါင်းစာရင်းကို တည်ထောင်ဖို့ စီစဉ်နေတာလား"
ရီထျန်းမင်က ပြုံးလိုက်၏။ "အဲဒီသဘောပါပဲ"
ထိုမိန်းကလေးက ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "အကယ်၍ သခင်လေးအနေနဲ့ ဒီစကြာဝဠာမှာ သက်ရှိသတ္တဝါအပေါင်းစာရင်းကို တကယ်သာ တည်ထောင်နိုင်မယ်ဆိုရင် သခင်လေးက ဒီစကြာဝဠာရဲ့ ကျင့်ကြံခြင်းစနစ်ကို လုံးဝ ပြောင်းလဲပစ်နိုင်မှာပဲ။ ဒါပေမဲ့..."
ပြောနေရင်းဖြင့် သူမက ရီထျန်းမင်ကို ကြည့်ကာ ဆက်ပြောလိုက်၏။ "သခင်လေးရဲ့ လက်ရှိရုပ်ခန္ဓာက သတ္တဝါအပေါင်းရဲ့ အမွှေးတိုင်ယုံကြည်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးမလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ခံနိုင်ရည် မရှိပါဘူး"
ထိုမိန်းကလေးက ပြုံးလိုက်၏။ "ခံနိုင်ရည် မရှိဘူးဆိုပေမယ့် သခင်လေးရဲ့ ဉာဏ်ပညာနဲ့ဆိုရင် သေချာပေါက် ဖြေရှင်းမယ့်နည်းလမ်း ရှိနေလောက်ပြီလို့ ကျွန်မ ထင်ပါတယ်။ ဟုတ်တယ်မလား"
ရီထျန်းမင်က ပြုံးလိုက်သည်။ "မင်းတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ရှန်ပေါက်အဆောက်အဦးက နတ်ဘုရားစကြာဝဠာရဲ့ စျေးကွက်တစ်ခုလုံးကို သိမ်းပိုက်ဖို့ဆိုတာ အချိန်အကြာကြီး လိုအပ်မှာ မဟုတ်ပါဘူး"
ထိုမိန်းကလေးက ပြုံးလိုက်၏။ "နတ်ဘုရားစကြာဝဠာရဲ့ စျေးကွက်တစ်ခုလုံးကို ဆယ်နှစ်အတွင်း သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်"
"ဆယ်နှစ် ဟုတ်လား"
ရီထျန်းမင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ထိုမိန်းကလေးက ခေါင်းညိတ်လိုက်၏။ "နည်းနည်းတော့ နှေးနေပါသေးတယ်။ အဓိကကတော့ လောလောဆယ် တရားဝင်အိမ်တော်စကြာဝဠာက နတ်ဘုရားစကြာဝဠာနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ မရသေးလို့ပါ။ အဲဒီလိုသာ မဟုတ်နေရင် ဒီထက်ပိုမြန်နိုင်ပါတယ်"
ရီထျန်းမင်က "ကမ္ဘာနှစ်ခုလုံးကို ဖွင့်ပေးလို့ ရလား"
ထိုမိန်းကလေးက ခေါင်းခါယမ်းလိုက်၏။ "မရသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ ဘိုးဘေးနတ်ဘုရားရဲ့ အမြင့်ဆုံးဉပဒေသ ရှိနေလို့လေ။ အပေါ်ကို တက်လာတဲ့ ကျွန်မတို့ကမ္ဘာက လူတွေအားလုံးဟာ သူတို့ရဲ့ ကျင့်ကြံခြင်းတွေ ဖိနှိပ်ခံရလိမ့်မယ်။ ဒါ့ပြင် ဒီမှာက နတ်ဘုရားအမျိုးမျိုးလည်း ရှိနေပြီး သူတို့က ကျွန်မတို့ကို သိပ်ကြိုဆိုကြတာ မဟုတ်ဘူး။ ဒီတစ်ခေါက်ဆိုရင် ကျွန်မတို့ရဲ့ အဆောက်အဦးသခင်ကိုယ်တိုင် ထွက်လာခဲ့ရတာပါ၊ အဲဒီလိုမှ မဟုတ်ရင် ဒီမှာ ခြေချဖို့တောင် နေရာရနိုင်မှာ မဟုတ်ပါဘူး"
ရီထျန်းမင်က သိချင်စိတ်ဖြင့် "ဒီကိုရောက်လာပြီးတော့ ဘာတွေရောင်းဖို့ စီစဉ်ထားလဲ"
ထိုမိန်းကလေးက ပြုံးလိုက်၏။ "ကျွန်မတို့က အကုန်ရောင်းပါတယ်။ ဒီမှာရှိတဲ့ စီးပွားရေးက ရင့်ကျက်မှု မရှိသေးဘူးလေ။ ဒီကိုရောက်လာပြီးတဲ့နောက်မှာ ကျွန်မတို့က ဒေသခံ စီးပွားရေးအဖွဲ့အစည်းအချို့ကို အရင်ဆုံး သိမ်းပိုက်ဖို့ စီစဉ်ထားတယ်၊ ပြီးတော့မှ စီးပွားရေးပုံစံသစ်တစ်ခုကို တည်ထောင်ဖို့ပါ..."
ပြောနေရင်းဖြင့် သူမက ရီထျန်းမင်ကို ကြည့်ကာ ပြုံးလိုက်သည်။ "သခင်လေးရီ... အခုဆို သခင်လေးလည်း အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုကို ပေါင်းစည်းလိုက်ပြီပဲ။ အနာဂတ်မှာ ကျွန်မတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေတောင် ရှိလာနိုင်တယ်။ ဒါပေမဲ့ သခင်လေးရီ... အဲဒီနတ်ဘုရားမျိုးဆက်တွေကိုတော့ သတိထားရလိမ့်မယ်နော်"
ရီထျန်းမင်က "မင်းက နတ်ဘုရားမျိုးဆက်တွေအကြောင်း သိနေတာလား"
ထိုမိန်းကလေးက မျက်တောင်တဖျတ်ဖျတ်ဖြင့် "သေချာတာပေါ့။ ကျွန်မတို့ ဒီကိုရောက်လာပြီးတဲ့နောက်မှာ ပထမဆုံးအလုပ်က ဒီကမ္ဘာအကြောင်း နားလည်အောင် လုပ်ဖို့ပဲလေ။ နတ်ဘုရားမျိုးဆက်တွေအားလုံးက အရမ်းအစွမ်းထက်ကြတယ်။ အရင်က သူတို့အားလုံး လွတ်လွတ်လပ်လပ် နေခဲ့ကြပေမယ့် မကြာသေးခင်ကတော့ သူတို့အားလုံး ပေါင်းစည်းသွားကြပြီ... သူတို့က ခေါင်းဆောင်တစ်ယောက်ကို ရှာတွေ့သွားတဲ့ပုံပဲ။ ဒါပေမဲ့ ဒီခေါင်းဆောင်က ဘယ်သူလဲဆိုတာကိုတော့ ကျွန်မတို့ မသိရသေးပါဘူး"
ရီထျန်းမင်က ပြုံးလိုက်၏။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုမိန်းကလေးက နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်သည်။ "ရပါတယ်ရှင်။ ဒီမှာ တွေ့ရတာက တစ်ရွာတည်းသားတွေ အချင်းချင်း တွေ့ရသလိုပါပဲ"
တစ်ရွာတည်းသားများလော။
ထိုအသုံးအနှုန်းကို သူ တစ်ခါမှ မကြားဖူးချေ။ သူ မေးတော့မည့်ဆဲဆဲ၌ ထိုအခိုက်အတန့်တွင် ရုတ်တရက် အပေါ်ထပ်မှနေ၍ အမျိုးသမီးတစ်ဦး ဆင်းလာ၏။ ထိုအမျိုးသမီး၏ ဝတ်စားဆင်ယင်မှုက အတော်လေး ထူးဆန်းပေသည်။ သူမက လက်တိုအင်္ကျီနှင့် ဂါဝန်တိုကို ဝတ်ဆင်ထားကာ ခါးတွင်လည်း အဝတ်အိတ်ငယ်လေးတစ်လုံးကို ကန့်လန့်ဖြတ် လွယ်ထားပေသည်။
ဂါဝန်တိုနှင့် ထိုအမျိုးသမီးကို မြင်လိုက်ရသည်တွင် ရီထျန်းမင်၏ ရှေ့ရှိ မိန်းကလေးက အလျင်အမြန် လျှောက်သွားကာ အရိုအသေပေးလိုက်၏။ "အဆောက်အဦးသခင်ချင်..."
အဆောက်အဦးသခင်ချင်ဟု ခေါ်သော အမျိုးသမီးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ရီထျန်းမင်ကို ကြည့်ကာ ပြုံးလိုက်၏။ "မင်းက ရီထျန်းမင်လား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
အဆောက်အဦးသခင်ချင်က ပြုံးလိုက်၏။ "တွေ့ရတာဝမ်းသာပါတယ်၊ ငါ့နာမည်က ချင်ကွမ်ပါ”
***