ချင်ကွမ်...
ရီထျန်းမင်က ထိုနာမည်ကို သေချာပေါက် ကြားဖူးထား၏။ ယင်းက လူတိုင်းသိသော နာမည်တစ်ခုဟုပင် ဆိုနိုင်ပေသည်။
ရှန်ပေါက်အဆောက်အဦးကို တည်ထောင်ခဲ့သူပင်။
ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်သွား၏။ ဤဒဏ္ဍာရီလာပုဂ္ဂိုလ်နှင့် ဤနေရာ၌ ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ချင်ကွမ်က ရီထျန်းမင်ကို အကဲခတ်လိုက်ပြီးနောက် ပြုံးလိုက်၏။ "စွမ်းရည်ရှိပြီး ထူးချွန်တဲ့ သခင်လေးပဲ"
ပြောပြီးနောက် သူမက ကဒ်ပြားတစ်ခုကို ထုတ်ယူကာ ရီထျန်းမင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "မင်းအတွက် လက်ဆောင်လေးပါ"
ထိုကဒ်ပြားကို မြင်လိုက်ရသည်တွင် သူတို့၏ ဘေးရှိ မိန်းကလေးမှာ ရင်ခုန်သံများပင် မြန်ဆန်သွားတော့၏။
သို့သော် ရီထျန်းမင်က ငြင်းဆန်လိုက်သည်။ သူက ပြောတော့မည့်ဆဲဆဲ၌ ချင်ကွမ်က "ယန်မိသားစုက ယန်မိသားစုပဲ၊ ရှန်ပေါက်အဆောက်အဦးက ရှန်ပေါက်အဆောက်အဦးပဲ။ ငါက ရှန်ပေါက်အဆောက်အဦးကို ကိုယ်စားပြုတယ်၊ ယန်မိသားစုကို မဟုတ်ဘူး"
ရီထျန်းမင်က ခေါင်းခါယမ်းလိုက်ဆဲပင်။ "ဘာကျေးဇူးမှ မရှိဘဲနဲ့ ဆုလာဘ်ကို ကျွန်တော် လက်မခံနိုင်ပါဘူး"
သူ့လက်ထဲရှိ ကဒ်ပြားက မည်သို့သော ကဒ်ပြားမျိုးဖြစ်သည်ကို သူ မသိသော်လည်း သူ၏ ဘေးရှိ မိန်းကလေး၏ အမူအရာကို ကြည့်ကာ သူက အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။
ယင်းက အင်မတန် တန်ဖိုးကြီးမည်ပင်။
ထို့ကြောင့်ပင် သူက အလွယ်တကူ လက်မခံရဲခဲ့ချေ။
ချင်ကွမ်က ပြုံးလိုက်၏။ "သိမ်းထားလိုက်ပါ။ နောက်ပိုင်းကျရင် မင်း ဒါကို လိုအပ်လာနိုင်တယ်"
ပြောပြီးနောက် သူမက အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် ချင်ကွမ်က ပျောက်ကွယ်သွားတော့၏။
ရီထျန်းမင်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူ၏ လက်ထဲရှိ ကဒ်ပြားကို ငုံ့ကြည့်လိုက်သည်။ ကဒ်ပြားက အဖြူရောင်ဖြစ်ကာ ယင်းပေါ်၌ 'ကွမ်' ဟူသော စာလုံးတစ်လုံးတည်းသာ ရှိနေ၏။
သူက အနည်းငယ် တွေဝေသွားသည်။
ထိုစဉ် မည်သည့်အချိန်ကတည်းက တံခါးဝသို့ ရောက်နေမှန်းမသိရသော မိန်းကလေးက မိုးကုတ်စက်ဝိုင်းဆီသို့ နက်ရှိုင်းစွာ အရိုအသေပေးလိုက်ကာ အချိန်အတော်ကြာမှသာ ပြန်လည်၍ မတ်တတ်ရပ်လိုက်၏။
ရီထျန်းမင်က ထိုမိန်းကလေးကို ကြည့်လိုက်သည်။ "မိန်းကလေး..."
ထိုမိန်းကလေးက အလျင်အမြန်ပင်။ "သခင်လေးရီ... ကျွန်မနာမည်က ကွမ်နန်ပါ၊ ကျွန်မကို မိန်းကလေးရှောင်နန်လို့ ခေါ်နိုင်ပါတယ်"
ရီထျန်းမင်က "မိန်းကလေးရှောင်နန်... ငါ့ရဲ့ ဒီကဒ်ပြားက ဘယ်အဆင့်လဲ"
မိန်းကလေးက ရီထျန်းမင်၏ လက်ထဲရှိ ကဒ်ပြားကို တစ်ချက်ကြည့်လိုက်ချိန်၌ သူမ၏ အမူအရာက အင်မတန် ရိုသေလေးစားမှုများ ပြည့်နှက်နေ၏။ "ဒီကဒ်ပြားကို မြင်ရတာက အဆောက်အဦးသခင်ကို မြင်ရတာနဲ့ အတူတူပါပဲ"
ဤကဒ်ပြားကို မြင်ရသည်က အဆောက်အဦးသခင်ကို မြင်ရသည်နှင့် အတူတူလော။
ရီထျန်းမင်မှာ မှင်သက်သွား၏။
သို့သော် ထိုအခိုက်အတန့်တိုင်အောင် ရီထျန်းမင်က ထိုကဒ်ပြား၏ တန်ဖိုးကို အမှန်တကယ် နားမလည်သေးချေ။
သို့သော် ကွမ်နန်ကမူ နားလည်ပေသည်။
ဤကဒ်ပြားဖြင့်ဆိုလျှင် သူမရှေ့ရှိ သခင်လေးရီက ရှန်ပေါက်အဆောက်အဦး၏ အရင်းအမြစ်များအားလုံးကို စုဆောင်း၍ အသုံးပြုနိုင်ပေသည်။
အားလုံးကိုပင်။
ထိုစဉ် ရုတ်တရက် အပေါ်ထပ်မှနေ၍ လူအိုကြီးတစ်ဦး ဆင်းလာ၏။ ထိုလူအိုကြီးက ခပ်ပွပွနတ်ဘုရားဝတ်ရုံကို ဝတ်ဆင်ထားကာ အနည်းငယ် ခါးကိုင်းနေပြီး ကြင်နာတတ်မည့်ပုံ ပေါ်၏။
လူအိုကြီး၏ အကြည့်က ရီထျန်းမင်ထံသို့ ကျရောက်လာ၏။ "သခင်လေးရီ... တိုက်ဆိုင်လိုက်တာ"
ရီထျန်းမင်က ပြုံးလိုက်သည်။ "ကျောင်းတော်သခင်ကု... တကယ်ကို တိုက်ဆိုင်တာပဲ"
ကျောင်းတော်သခင်ကု...
သူ့ရှေ့ရှိ ဤလူက ရှေးဟောင်းနတ်ဘုရားကျောင်းတော်၏ ကျောင်းတော်သခင် ဖြစ်သည်။
သူ့ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု ရီထျန်းမင်မှာ ထင်မထားခဲ့ချေ။
ကျောင်းတော်သခင်ကုက "သခင်လေးရီက ဒီလူအိုကြီးကို လာရှာတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ကျောင်းတော်သခင်ကု အချိန်လေးပေးပြီး စကားပြောလို့ ရမလား မသိဘူး"
ကျောင်းတော်သခင်ကုက ခေါင်းညိတ်လိုက်၏။ "ဒီမျက်နှာသာတော့ ငါပေးရမှာပေါ့"
ရီထျန်းမင်က "ကျေးဇူးတင်ပါတယ်"
ကျောင်းတော်သခင်ကုက "အပြင်မှာ လမ်းလျှောက်ရင်း စကားပြောကြမလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ"
သူတို့နှစ်ဦးက အပြင်ဘက်သို့ လျှောက်သွားလိုက်ကြသည်။
ကွမ်နန်က အနောက်မှ လိုက်လာသော်လည်း ခပ်လှမ်းလှမ်းမှသာ လိုက်ပါလာခဲ့၏။
ချင်ကွမ်က ရီထျန်းမင်အား ထိုကဒ်ပြားကို ပေးလိုက်ပြီးနောက် ကွမ်နန်၏ ရင်ထဲ၌ ရီထျန်းမင်၏ အဆင့်အတန်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လမ်းမထက်တွင်မူ...
ကျောင်းတော်သခင်ကုနှင့် ရီထျန်းမင်တို့က ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြ၏။ ရုတ်တရက် ကျောင်းတော်သခင်ကုက "သခင်လေးရီရဲ့ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ငါဖတ်ပြီးပြီ၊ တကယ်ကို ထူးခြားဆန်းကြယ်တဲ့ ဉပဒေသတစ်ခုပဲ"
ကျောင်းတော်သခင်ကုက ရီထျန်းမင်ကို လှည့်ကြည့်လိုက်၏။ "သခင်လေးရီက ငါတို့ရဲ့ ရှေးဟောင်းကြယ်တာရာနယ်မြေ အကြောင်းကိုရော လေ့လာပြီးပြီလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "နည်းနည်းပါးပါးတော့ လေ့လာထားပါတယ်"
ကျောင်းတော်သခင်ကုက ပြုံးလိုက်၏။ "တကယ်တော့ ဒီလူအိုကြီးကလည်း မင်းကို ကျေးဇူးတင်ရမှာပါ"
ရီထျန်းမင်က "ဘာအတွက် ကျေးဇူးတင်ရမှာလဲ"
ကျောင်းတော်သခင်ကုက "ငါတို့ရဲ့ ရှေးဟောင်းကြယ်တာရာနယ်မြေကို တိုက်ရိုက်ကြီး စစ်မတိုက်သလို အတင်းအကျပ် အညံ့မခံခိုင်းလို့ သခင်လေးရီကို ကျေးဇူးတင်တာပါ"
ရီထျန်းမင်က ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် "အဲဒီရှေးဟောင်းနတ်ဘုရားက ထူးခြားတဲ့ နတ်ဘုရားတစ်ပါးပဲ"
ကျောင်းတော်သခင်ကုက စိတ်ဝင်စားသွားသည်။ "ဘယ်လိုမျိုး ထူးခြားတာလဲ"
ရီထျန်းမင်က "သူက သတ္တဝါအပေါင်းကို ရွေးချယ်ခွင့် ပေးခဲ့တယ်လေ။ သူ့ကို ယုံကြည်ဖို့အတွက် အတင်းအကျပ် ဖိအားမပေးခဲ့ဘူး"
ကျောင်းတော်သခင်ကုက ပြုံးလိုက်၏။ "နတ်ဘုရားတစ်ပါးက ကောင်းကောင်းမွန်မွန် ပြုမူနေသရွေ့ သတ္တဝါအပေါင်းကလည်း သဘာဝကျကျနဲ့ ရင်ထဲကနေ ယုံကြည်လာကြလိမ့်မယ်လို့ ရှေးဟောင်းနတ်ဘုရားကနေ တစ်ခါပြောဖူးတယ်"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "အဲဒါက အဓိပ္ပာယ်ရှိပါတယ်"
ကျောင်းတော်သခင်ကုက "သခင်လေးရီက စစ်ပွဲစတင်မှာလား"
ရီထျန်းမင်က "ကျွန်တော် တွေဝေနေမိတယ်"
ကျောင်းတော်သခင်ကုက "ဒါဆို ဆွေးနွေးဖို့နေရာ ရှိသေးတာပေါ့"
ရီထျန်းမင်က ပြုံးလိုက်၏။ "ဒီနေ့ ကျွန်တော် ဒီကိုလာတာက ကျောင်းတော်သခင်ကုနဲ့ စကားပြောချင်လို့ပါ"
ကျောင်းတော်သခင်ကုက ခေါင်းညိတ်လိုက်သည်။ "သခင်လေးရီက ပွင့်လင်းတဲ့သူဆိုတော့ ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ရှေးဟောင်းကြယ်တာရာနယ်မြေမှာရှိတဲ့ လူတွေက အရမ်းကို ကောင်းကောင်းမွန်မွန် နေထိုင်နေကြပြီး ပုန်ကန်ချင်စိတ်လည်း မရှိကြပါဘူး။ ငါတို့က အေးအေးချမ်းချမ်း နေထိုင်ချင်ရုံ သက်သက်ပါပဲ၊ ရှေးဟောင်းကြယ်တာရာနယ်မြေက ဘယ်စစ်ပွဲကိုမှ မလိုလားပါဘူး"
ရီထျန်းမင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။ "အဲဒီလိုပဲ ဖြစ်သင့်တာပေါ့"
ကျောင်းတော်သခင်ကုက "သခင်လေးရီမှာ ဒါပေမဲ့ဆိုတာတော့ ရှိလိမ့်မယ်... ဟုတ်တယ်မလား"
ရီထျန်းမင်က "ရှေးဟောင်းနတ်ဘုရားက ရှေးဟောင်းနတ်ဘုရားစကြာဝဠာမှာ ရှိတဲ့ သတ္တဝါတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခဲ့ပေမယ့် ရှေးဟောင်းကြယ်တာရာနယ်မြေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရားဝင်အိမ်တော်စကြာဝဠာက သတ္တဝါတွေကိုတော့ ရွေးချယ်ခွင့် မပေးခဲ့ဘူးလေ။ ဒါကြောင့် ကျွန်တော်က အဲဒီသတ္တဝါတွေကို ရွေးချယ်ခွင့်တစ်ခု ပေးချင်တယ်"
ကျောင်းတော်သခင်ကုက မျက်မှောင်ကြုတ်သွား၏။ "သခင်လေးရီ... အဲဒါက အကြောင်းပြချက် မခိုင်လုံဘူးနော်"
ရီထျန်းမင်က ကျောင်းတော်သခင်ကုကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ "ဘာကြောင့်များ အကြောင်းပြချက်က မခိုင်လုံရတာလဲ"
ကျောင်းတော်သခင်ကုက "အဲဒီတရားဝင်အိမ်တော်စကြာဝဠာမှာ ရှိကြတဲ့ သတ္တဝါတွေဟာ ရှေးဟောင်းကြယ်တာရာနယ်မြေရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်း ရှိနေခဲ့တာလေ။ သူတို့က ငါတို့ ရှေးဟောင်းကြယ်တာရာနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းပဲ..."
ရီထျန်းမင်က "ဒါဆိုရင် ကျောင်းတော်သခင်ကုက သူတို့ကို ရှေးဟောင်းကြယ်တာရာနယ်မြေဆီ လာခွင့်ပြုပြီး ကျောင်းတော်သခင်တို့နဲ့ တူညီတဲ့ အခွင့်အရေးတွေ၊ သက်သာချောင်ချိရေး အကျိုးခံစားခွင့်တွေကို ပေးနိုင်မလား"
ကျောင်းတော်သခင်ကု၏ အမူအရာက မည်းသည်းသွား၏။ "သခင်လေးရီ... တရားဝင်အိမ်တော်စကြာဝဠာတိုင်းကို ငါတို့ကိုယ်တိုင် သိမ်းပိုက်ခဲ့တာ။ သူတို့က ငါတို့ ရှေးဟောင်းနတ်ဘုရားစကြာဝဠာရဲ့ အရင်းအမြစ်တွေပဲ။ ငါတို့ရဲ့ ရှုထောင့်ကနေ ကြည့်ရင်..."
ရီထျန်းမင်က လက်မြှောက်လိုက်ကာ ကျောင်းတော်သခင်ကုကို တားဆီးလိုက်သည်။ "ကျောင်းတော်သခင်ကု... ကျွန်တော်တို့က အကြောင်းပြချက်ကို ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။ ရပ်တည်ချက်ကို ဆွေးနွေးတဲ့အထိ ဘယ်လိုလုပ်ပြီး ရောက်သွားရတာလဲ။ အကယ်၍ ရပ်တည်ချက်ကို ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်က ကိုယ့်ရပ်တည်ချက်မှာပဲ ကိုယ်ရပ်တည်ရလိမ့်မယ်"
ကျောင်းတော်သခင်ကု၏ အမူအရာက ခက်ထန်သွား၏။
ရီထျန်းမင်က ပြုံးလိုက်သည်။ "ကျောင်းတော်သခင်ကုက ကျွန်တော့်ကို အထွတ်အမြတ်နတ်ဘုရားလို့ မခေါ်ဘဲ သခင်လေးရီလို့ အမြဲခေါ်နေတာဟာ ကျွန်တော်က မူလက မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိနေလို့ပဲ။ ကျောင်းတော်သခင်ကုက ကျွန်တော်ဟာ အစစ်အမှန်မည်သူမည်ဝါဖြစ်ကြောင်းကို သိမသိတော့ ကျွန်တော်မသိဘူး"
ကျောင်းတော်သခင်ကုမှာ တိတ်ဆိတ်သွား၏။
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ကျောင်းတော်သခင်ကုရဲ့ အမူအရာကို ကြည့်ရတာ ရှင်းရှင်းလင်းလင်း သိနေတဲ့ပုံပဲ။ ဒါဆိုရင် အကြောင်းပြချက်ကို မပြောဘဲ ရပ်တည်ချက်ကို ပြောမယ်ဆိုရင်ရော... ကျွန်တော့်ရဲ့ ရပ်တည်ချက်အရ ဘာလို့ ကျွန်တော်တို့က အကျဉ်းချခံရပြီး အသတ်ခံဖို့ စောင့်နေရမှာလဲ"
ကျောင်းတော်သခင်ကုက လေးနက်သောအသံဖြင့် "သခင်လေးရီ... အဲဒီတရားဝင်အိမ်တော် စကြာဝဠာတွေက ငါတို့ ရှေးဟောင်းကြယ်တာရာနယ်မြေရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တွေပဲ။ သူတို့သာ မရှိရင် ငါတို့ ရှေးဟောင်းကြယ်တာရာနယ်မြေမှာရှိတဲ့ လူတွေက ဘယ်လိုလုပ် ကျင့်ကြံကြမလဲ။ သခင်လေးက ငါတို့ရဲ့ ကျင့်ကြံခွင့်ကို တိုက်ရိုက်ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာပဲ။ ငါတို့ မဆိုထားနဲ့၊ ရှေးဟောင်းကြယ်တာရာနယ်မြေက ဘယ်သူကမှ သဘောတူမှာ မဟုတ်ဘူး"
ရီထျန်းမင်က လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်၏။ သူက ကျောင်းတော်သခင်ကုကို လှည့်ကာ ကြည့်လိုက်သည်။ "အခု ကျောင်းတော်သခင်ကု ပြောနေတာက အကြောင်းပြချက်လည်း မဟုတ်ဘူး၊ ရပ်တည်ချက်လည်း မဟုတ်ဘူး။ ခွန်အားကို ပြောနေတာပဲ"
ကျောင်းတော်သခင်ကုက လေးနက်သောအသံဖြင့် "သခင်လေးရီ... အရိုးသားဆုံးပြောရရင် ငါတို့က နတ်ဘုရားမျိုးဆက်တွေနဲ့ ဆက်သွယ်ထားပြီးသားပါ။ ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားကျောင်းတော်က သူတို့ကို ကူညီပေးဖို့ သူတို့က မျှော်လင့်နေကြတယ်၊ ဒါပေမဲ့ ငါက သဘောတူဖို့ မရွေးချယ်ခဲ့ပါဘူး။ သခင်လေးရီက ငါတို့ကို အတင်းအကျပ် ဖိအားမပေးသရွေ့ ငါတို့ရဲ့ ရှေးဟောင်းကြယ်တာရာနယ်မြေက ဘယ်ဘက်ကိုမှ မကူညီဘဲ ကြားနေအနေနဲ့ နေနိုင်ပါတယ်။ ဒါပေမဲ့ သခင်လေးရီက ငါတို့ကို အတင်းအကျပ် ဖိအားပေးဖို့ တင်းခံနေမယ်ဆိုရင်တော့ ငါတို့ရဲ့ ရှေးဟောင်းကြယ်တာရာနယ်မြေက ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကျောင်းတော်သခင်ကု... ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေ၊ ရပ်တည်ချက်တွေနဲ့ ခွန်အားတွေကို ဘေးဖယ်ထားပြီး တခြားရှုထောင့်ကနေ ဆွေးနွေးကြရင်ရော ဘယ်လိုလဲ"
ကျောင်းတော်သခင်ကုမှာ အနည်းငယ် သိချင်သွားသည်။ "ဘယ်လိုရှုထောင့်မျိုးလဲ"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကျွန်တော်တို့ကိုယ်တိုင်ပေါ့"
ကျောင်းတော်သခင်ကုက မျက်မှောင်ကြုတ်သွားသည်။ "ငါတို့ကိုယ်တိုင် ဟုတ်လား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကျွန်တော်တို့ကိုယ်တိုင်အတွက် တွေးကြည့်ရအောင်။ ကျောင်းတော်သခင်ကုက နတ်ဘုရားတုအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီး ကျွန်တော်တွေ့ဖူးသမျှ ကျောင်းတော်သခင်တွေထဲမှာ အသန်မာဆုံးပဲ။ ဒါပေမဲ့ ရှေ့ဆက်ပြီး မတက်လှမ်းချင်တော့ဘူးလား"
ကျောင်းတော်သခင်ကုက ရီထျန်းမင်ကို ကြည့်လိုက်သည်။ "လူတိုင်းက ရှေ့ဆက်တက်လှမ်းချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ သခင်လေးရီ... အခု မင်းလုပ်နေတာက မှန်ကန်တဲ့ကိစ္စ မဟုတ်ဘူး။ မင်းက ပုန်ကန်နေတာ၊ ပြီးတော့ နတ်ဘုရားအားလုံးနီးပါးကို ဆန့်ကျင်နေတာလေ။ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်လေးတစ်ခုကြောင့် ရှေးဟောင်းကြယ်တာရာနယ်မြေတစ်ခုလုံးကို ငါ ဒုက္ခမပေးချင်ဘူး"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကျောင်းတော်သခင်ကု... ရှေးဟောင်းကြယ်တာရာနယ်မြေရဲ့ ရွေးချယ်မှုကို ကျွန်တော် လေးစားပါတယ်"
ပြောပြီးသည်နှင့် သူက တိုက်ရိုက်ပင် လှည့်ထွက်သွားလေသည်။
ကျောင်းတော်သခင်ကုမှာ နားမလည်နိုင် ဖြစ်နေ၏။
သူက ရှေးဟောင်းကြယ်တာရာနယ်မြေကို ဤအတိုင်း လွှတ်ပေးလိုက်သည်လော။
သူက လုံးဝ နားမလည်နိုင်ဖြစ်သွားခြင်းပင်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ယင်းက သူ့အတွက် ကောင်းသောကိစ္စတစ်ခုပင်။ ရှေးဟောင်းကြယ်တာရာနယ်မြေက စစ်ပွဲမှ ကင်းလွတ်ခွင့် ရနိုင်ပေသည်။
ဤသခင်လေးရီနှင့် သူက တစ်ခါမှ မဆက်ဆံဖူးသော်လည်း ဤသခင်လေးရီက ကတိတည်သူတစ်ဦးဖြစ်ကြောင်း သူခံစားမိ၏။ တစ်ဖက်လူက သူတို့ကို အတင်းအကျပ် ဖိအားမပေးသရွေ့ ရှေးဟောင်းကြယ်တာရာနယ်မြေကလည်း သေချာပေါက် အဆင်ပြေလိမ့်မည်ပင်။
သို့သော် ကိစ္စများက ထိုမျှလောက် ရိုးရှင်းလိမ့်မည် မဟုတ်ကြောင်းကိုလည်း သူ၏ မသိစိတ်က သတိပေးနေ၏။
အခြားတစ်ဖက်၌ ကွမ်နန်က ရီထျန်းမင်၏ အနောက်မှနေ၍ လိုက်လာခဲ့သည်။
ကွမ်နန်သည်လည်း အနည်းငယ် နားမလည်နိုင်ဖြစ်နေ၏။ "သခင်လေးရီ... ရှေးဟောင်းကြယ်တာရာနယ်မြေကို တကယ်ပဲ လက်လွှတ်လိုက်တော့မလို့လား။ ရှေးဟောင်းကြယ်တာရာနယ်မြေက နတ်ဘုရားစကြာဝဠာမှာ အကြီးမားဆုံး ကြယ်တာရာနယ်မြေဖြစ်ပြီး ခွန်အားတွေ၊ အရင်းအမြစ်တွေ အများဆုံးရှိနေတဲ့ နေရာလေ"
ရီထျန်းမင်က ရပ်တန့်လိုက်ပြီးနောက် လေသံဖျော့ဖျော့ဖြင့် "မိန်းကလေးရှောင်နန်... သက်ရှိသတ္တဝါအပေါင်းဉပဒေကို ဘယ်လိုထင်လဲ"
ကွမ်နန်က "အရမ်းကောင်းပါတယ်"
သို့သော် ရီထျန်းမင်က ခေါင်းခါယမ်းလိုက်၏။ "လောကကြီးမှာ ပြီးပြည့်စုံတဲ့ ဉပဒေသဆိုတာ မရှိသလို ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ဘူး။ ဉပဒေသဖြစ်စေ၊ စည်းမျဉ်းဖြစ်စေ၊ မဟာတာအိုဖြစ်စေ... ဘယ်အရာကမှ တကယ်ပြီးပြည့်စုံနေမှာ မဟုတ်ဘူး... ငါက ပြီးပြည့်စုံမှုကို မရှာဖွေနိုင်ဘူး၊ အားနည်းချက်တွေနဲ့ မပြည့်စုံမှုတွေကို ငါသည်းခံရလိမ့်မယ်..."
ပြောနေရင်းဖြင့် သူက ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းသို့ မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ "မဟာတာအိုဆိုတာ ပြီးပြည့်စုံလို့ မရဘူး၊ ဘယ်တော့မှ ပြီးပြည့်စုံမှာလည်း မဟုတ်ဘူး၊ ပြီးတော့ လုံးဝကို ပြီးပြည့်စုံနေလို့လည်း မဖြစ်ဘူး..."
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် ကွမ်နန်က အတွေးနက်သွား၏။
ကုန်းမြေတိုက်ကြီးတစ်ခု၏ တစ်နေရာ၌...
ရုတ်တရက် အမျိုးသားနှစ်ဦးက ဆင်းသက်လာသည်။
ဦးဆောင်လာသူမှာ ဆုတောင်းခြင်းနတ်ဘုရားဖြစ်ကာ သူ့ဘေး၌မူ ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်ရုံနှင့် အမျိုးသား ရှိနေ၏။
ဤကုန်းမြေတိုက်ကြီး၏ အထက်၌ များပြားလှသော ထူးဆန်းသည့် သတ္တဝါကြီးများက ဟိန်းဟောက်လျက် ပျံသန်းနေကြသည်။ သူတို့က ချောက်ကမ်းပါးကြီးထဲမှ လွတ်မြောက်လာသော နတ်ဆိုးများနှင့် တူကာ ပုံစံအမျိုးမျိုး ရှိကြ၏။ အချို့က ကြေးခွံများ ဖုံးလွှမ်းနေကာ ဓားသွားကဲ့သို့ တောင်ပံများရှိပြီး ရုပ်ဆိုးကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အချို့က အငွေ့များ စုစည်းထားသကဲ့သို့ ပုံရိပ်ယောင်ဆန်နေကာ ရင်လေးဖွယ်ရာ စူးရှသောအသံများကို ထုတ်လွှတ်နေကြသည်။
ထိုသတ္တဝါများက ကောင်းကင်ယံ၌ ယှက်နွယ်နေကြကာ နေ၊ လနှင့် ကြယ်များကိုပင် ကွယ်ပျောက်စေနိုင်သော ပရမ်းပတာအခြေအနေတစ်ခုကို ဖန်တီးထားကြသည်။ သူတို့၏ ဟိန်းဟောက်သံများက စကြာဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်မှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများကို ကြည့်လျက် အနီရောင်ဝတ်ရုံနှင့် အမျိုးသားက မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "ကောင်းကင်နတ်ဆိုးတွေ..."
ဆုတောင်းခြင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။ "ဒါတွေက သူတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်တွေ မဟုတ်သေးဘူး။ သူတို့က လူသားတွေရဲ့ နှလုံးသားတွေ၊ မကောင်းတဲ့ အတွေးတွေ၊ လောဘတွေနဲ့ အပြစ်တွေကို ဝါးမျိုဖို့အတွက် စကြာဝဠာအသီးသီးဆီကို သူတို့ကိုယ်သူတို့ စီမံကိန်းလုပ်ဖို့ နတ်ဆိုးပညာရပ်အချို့ကို အသုံးပြုကြတယ်... အကယ်၍ အတိတ်ကာလတုန်းက ဘိုးဘေးနတ်ဘုရားကသာ သူတို့ကို ချိတ်ပိတ်ပြီး မဖိနှိပ်ထားခဲ့ဘူးဆိုရင် စကြာဝဠာအသီးသီးက သူတို့ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်နေလောက်ပြီ"
ထိုအကြောင်းကို ပြောနေရင်းဖြင့် သူက ခေတ္တမျှ ရပ်တန့်သွားကာ ထပ်ပြောလိုက်၏။ "မကြာသေးခင်က နှစ်တွေအတွင်းမှာ သူတို့က ပိုပြီး ဂနာမငြိမ် ဖြစ်လာကြတယ်။ သူတို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ စွမ်းအားတွေကို စုစည်းပြီးတော့ လူ့လောကထဲကို လူငယ်လေးတစ်ယောက်ကိုတောင် စေလွှတ်လိုက်ကြသေးတယ်..."
အနီရောင်ဝတ်ရုံနှင့် လူငယ်က လေးနက်သောအသံဖြင့် "အဲဒါက အစ်ကိုကြီးပြောတဲ့ မဟာတာအိုစွန့်လွှတ်သူလား"
ဆုတောင်းခြင်းနတ်ဘုရားက ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ သခင်လေးရီကြောင့် သူ့ကို ဖြေရှင်းဖို့ လောလောဆယ်တော့ ငါ့မှာ အချိန်မရှိသေးဘူး"
ပြောနေရင်းဖြင့် သူက ကောင်းကင်ယံအစွန်းသို့ မော့ကြည့်လိုက်၏။ ထိုအဆုံးစွန်၌ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ လင်းလက်နေ၏။ ယင်းက ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ ထိုမဟာတာအိုပြင်ပရှိ နတ်ဆိုးများကို တိုက်ခိုက်နေသော လူငယ်တစ်ဦးပင်။ သူ၏ ဓားအလင်းတန်းက အင်မတန် ထက်မြက်လှကာ သူလွှဲယမ်းလိုက်တိုင်း ကောင်းကင်နတ်ဆိုးများက သူ့ကို တိုက်ရိုက်မရင်ဆိုင်ရဲဘဲ အကြောက်တရားဖြင့် နောက်ဆုတ်သွားကြသည်မှာ အင်မတန် ထိတ်လန့်စရာ ကောင်းလှ၏။
အနီရောင်ဝတ်ရုံနှင့် လူငယ်၏ အကြည့်ကလည်း ထိုလူငယ်ထံသို့ ကျရောက်သွား၏။ "သူက ဘယ်သူလဲ"
ဆုတောင်းခြင်းနတ်ဘုရားက လေသံဖျော့ဖျော့ဖြင့် "ယန်မိသားစု... အကယ်၍ ယန်မိသားစုကသာ ကူညီပေးမယ်ဆိုရင် အရမ်းကောင်းမှာပဲ"
အနီရောင်ဝတ်ရုံနှင့် လူငယ်က "သူက ငါတို့နဲ့ ပူးပေါင်းဖို့ သဘောတူပါ့မလား"
ဆုတောင်းခြင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။ "သူက သဘောတူမှာပါ။ ငါတို့ထက်တောင် သူက ရီထျန်းမင်ကို သေစေချင်တဲ့စိတ် ပိုပြင်းပြနေတာလေ"
***