ထိုအကြည့်ကို ခံစားလိုက်ရသည်တွင် အဘိုးကြီးယန်၏ ဦးရေပြားက ချက်ချင်းဆိုသလို ထုံကျင်သွားကာ သူက သူ၏ ဘေးရှိလူကို ထုထောင်းတော့သည်။ "မေးဦးလေ၊ မင်းအမေခေါင်းကို သွားမေး... အသက်အန္တရာယ်ရှိတဲ့ ဒီလိုမေးခွန်းတွေ မေးဖို့လောက်ပဲ မင်းက သိတာ..."
ထိုလူ "..."
သို့သော် ထိုအကြည့်နှစ်ခုက ပျောက်ကွယ်မသွားခဲ့ချေ။
လိမ်ညာ၍ မလွတ်မြောက်နိုင်တော့ကြောင်း မြင်လိုက်ရသည်တွင် အဘိုးကြီးယန်က လက်နှစ်ဖက်ကို မြှောက်ကာ စကားထစ်အလျက် "ငါဘာမှ မသိပါဘူး၊ တကယ်ပါ၊ ငါ ဘာမှ မသိပါဘူး..."
ထိုအကြည့်နှစ်ခုက ပျောက်ကွယ်မသွားသေးချေ။
အဘိုးကြီးယန်က ချက်ချင်းဆိုသလို ငိုချလိုက်လေသည်။ "ငါ တကယ် ဘာမှမသိပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ... ငါ ဆက်ပြီး ဟိတ်ဟန်မထုတ်တော့ပါဘူး..."
သူက ငိုယိုနေစဉ်၌ ထိုအကြည့်နှစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားကြောင်းကို သူ သတိထားမိလိုက်သည်။
အဘိုးကြီးယန်က ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်တွင် အေးစက်သော ချွေးများက သူ၏ အဝတ်အစားများကို ချက်ချင်းဆိုသလို စိုရွှဲသွားစေ၏။
သူ၏ ဘေးရှိ ထိုအသံရှင်က "အဘိုးကြီးယန်... မင်းက အရမ်းကို သတ္တိကြောင်တာပဲ"
အဘိုးကြီးယန်က ခေါင်းခါယမ်းကာ လေသံဖျော့ဖျော့ဖြင့် "သူတို့က ငါ့ကို တကယ် သတ်ပစ်ကြမှာ..."
ထိုအမျိုးသမီး၏ ဒေါသကို သူသိပေသည်။
သူမ၏ အစ်ကိုမှလွဲ၍ သူမက မည်သူနှင့်မျှ နောက်ပြောင်လိမ့်မည် မဟုတ်ချေ။
အဘိုးကြီးယန်က ကြယ်တာရာကောင်းကင်စကြာဝဠာကို လှည့်ကြည့်ကာ လေသံဖျော့ဖျော့ဖြင့် "သက်ရှိသတ္တဝါအပေါင်းက စစ်တုရင်ရုပ်တွေနဲ့ တူတယ်၊ ငါကတော့... တစ်ဝက်လောက်ပဲ ပါတယ်"
...
ကြယ်တာရာကောင်းကင်တစ်ခုအတွင်း၌...
ရီထျန်းမင်က တင်ပျဉ်ခွေလျက် ထိုင်နေကာ မျက်လုံးများကို အနည်းငယ် မှိတ်ထားလျက် သူ၏ တစ်ကိုယ်လုံးကလည်း ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ ရှိနေ၏။
ရုတ်တရက် ရီထျန်းမင်က မျက်လုံးများ ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများထဲ၌ ကြယ်တာရာကောင်းကင်တစ်ခုက လှည့်ပတ်နေ၏။
ဝုန်း...
အဆုံးအစမရှိသော ကြယ်တာရာကောင်းကင်စကြာဝဠာအတွင်း၌ သိပ်သည်းလှသော ကြယ်တာရာစွမ်းအားများက ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားသည်မှာ တကယ့်ကို ခမ်းနားကြီးကျယ်လှသော မြင်ကွင်းတစ်ခုပင်။
ကြယ်တာရာစွမ်းအားများက ဒီရေလှိုင်းတစ်ခုကဲ့သို့ ရီထျန်းမင်၏ ခန္ဓာကိုယ်ထံ အပြည့်အဝ စီးဝင်သွား၏။ သိပ်မကြာခင်၌ပင် သူ၏ ခန္ဓာကိုယ်ထက်၌ မှိန်ဖျော့ဖျော့ ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်တည်လာသည်။ ကြယ်တာရာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ထိုချပ်ဝတ်တန်ဆာက တောက်ပစွာ လင်းလက်နေကာ ယင်း၏ အတွင်း၌ ကြယ်တာရာစွမ်းအားများကလည်း အဆုံးမရှိအောင် စီးဆင်းနေသည်မှာ အင်မတန် တောက်ပလင်းလက်နေ၏။
မသေမျိုးကြယ်တာရာခန္ဓာကိုယ်ပင်။
ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲ၌ အဆုံးမရှိသော ကြယ်တာရာစွမ်းအားများက လှိုင်းထသွား၏။
သူ၏ ရုပ်ခန္ဓာအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာသော ကြီးမားခမ်းနားသည့် ကြယ်တာရာစွမ်းအားများကို ခံစားလိုက်ရသည်တွင် ရီထျန်းမင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်တည်လာသည်။
သူ၏ ရုပ်ခန္ဓာက နတ်ဘုရားတုအဆင့်၏ အထွတ်အထိပ်၌ ရှိနှင့်နေပြီးဖြစ်ကာ ယခုအခါ၌ မသေမျိုးကြယ်တာရာခန္ဓာကိုယ်၏ အထောက်အပံ့ဖြင့် သူ၏ ရုပ်ခန္ဓာက အင်မတန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပေသည်။
သို့သော် တစ်ခုတည်းသော နောင်တရစရာအချက်မှာ သူက နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်သေးခြင်းပင်။
တကယ်တမ်း၌ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် နတ်ဘုရားတစ်ပါး လုံးဝဖြစ်လာနိုင်သော်လည်း နတ်ဘုရားတာအို မရှိသရွေ့ သူက နတ်ဘုရားမီးတောက်ကို ဝါးမျိုနိုင်လိမ့်မည် မဟုတ်ချေ။
ရီထျန်းမင်က အထက်ရှိ ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုနေရာ၌ နတ်ဘုရားတာအိုနှင့် နတ်ဘုရားမီးတောက်များကို နတ်ဘုရားအားလုံးက ထိန်းချုပ်ထားကြသည်။
နတ်ဘုရားဘယ်နှစ်ပါး အသက်ရှင်နေသေးသည်ကို သူ မသိသော်လည်း အတော်လေး များပြားနေသေးမည်မှာ သံသယဝင်စရာပင် မလိုချေ။
ခေတ္တအကြာတွင် ရုတ်တရက် သူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ပတ်ပတ်လည်၌ လျှို့ဝှက်ဆန်းကြယ်သော ပိုင်နက်တစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။
နတ်ဘုရားပိုင်နက်...
ဤသည်မှာလည်း ကြယ်နတ်ဘုရား၏ အစွမ်းထက်ဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ပေသည်။
တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်တွင် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ထိုပိုင်နက်က ပျောက်ကွယ်သွား၏။
ထိုစဉ် ရီထျန်းမင်၏ ဘေး၌ အကျဉ်းထောင်သခင် ထွက်ပေါ်လာသည်။ အကျဉ်းထောင်သခင်က လေးနက်သောအသံဖြင့် "အထွတ်အမြတ်နတ်ဘုရား... ခဲ့ရှန်းက ပြန်ထွက်မလာသေးဘူး။ သူက..."
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါသိတယ်"
အကျဉ်းထောင်သခင်က ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်ကာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ရီထျန်းမင်က "ကြယ်တာရာနယ်မြေအသီးသီးမှာ သက်ရှိသတ္တဝါအပေါင်းဉပဒေ ဖြန့်ဝေမှုကရော ဘယ်လိုနေလဲ"
အကျဉ်းထောင်သခင်က "အခက်အခဲအချို့ ရှိနေပေမယ့် ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီသွေးရောင်လမင်းကြီးက လူ့လောကကို တိုက်စားနေတုန်းပဲ..."
ရီထျန်းမင်က မော့ကြည့်လိုက်ရာ သူ၏ အမြင်အာရုံအဆုံး၌ သွေးရောင်လမင်းကြီးကို မြင်လိုက်ရ၏။
ရီထျန်းမင်က "ဒါက ဘယ်နတ်ဘုရားရဲ့ လက်ချက်လဲဆိုတာ သိလား"
အကျဉ်းထောင်သခင်မှာ တွေဝေသွား၏။ ထိုအရာကို အထွတ်အမြတ်နတ်ဘုရားက ပိုသိသင့်ခြင်း မဟုတ်ပါလော။
ရီထျန်းမင်က ပြုံးလိုက်သည်။ "ငါ မင်းကို စမ်းသပ်နေတာ"
အကျဉ်းထောင်သခင်က လေးနက်သောအသံဖြင့် "အဲဒါက နတ်ဆိုးနတ်ဘုရား ဖြစ်နိုင်တယ်လို့ ကျုပ် ခန့်မှန်းမိတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီသွေးရောင်လမင်းကြီးက အရမ်းကို နတ်ဆိုးဆန်တဲ့ပုံ ပေါက်နေတာကိုး"
ရီထျန်းမင်က ပြုံးလိုက်၏။ "မင်းခန့်မှန်းတာ အရမ်းကို တိကျတာပဲ"
အကျဉ်းထောင်သခင် "..."
ရီထျန်းမင်က ထပ်မေးလိုက်သည်။ "နတ်ဘုရားကျောင်းတော်အသီးသီးက အစောင့်အရှောက်တွေကို လေ့ကျင့်ပေးနေတာရော ဘယ်လိုနေလဲ"
ထိုစကားကို ကြားလိုက်ရသည်တွင် အကျဉ်းထောင်သခင်က ချက်ချင်းဆိုသလို အနည်းငယ် စိတ်လှုပ်ရှားသွား၏။ "သူတို့အားလုံး နတ်ဘုရားတုအဆင့်ကို ရောက်သွားကြပါပြီ"
လူလေးထောင်ကျော်လုံး နတ်ဘုရားတုအဆင့်တွင်လော။
ဤသည်မှာ သေချာပေါက် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရီထျန်းမင်က "သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းရှိလား"
အကျဉ်းထောင်သခင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "ကျုပ်တို့ရဲ့ မဟာအစီအရင်ကြီးနဲ့ သူတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းလို့ ရတယ်"
ရီထျန်းမင်က "ဒါဆို မင်းရဲ့ မဟာအစီအရင်ကြီးကို သိုလှောင်လက်စွပ်ထဲ ရွှေ့လိုက်၊ ပြီးတော့ ဘာပဲပေးဆပ်ရပါစေ သူတို့ကို လေ့ကျင့်ပေးလိုက်ပါ"
အကျဉ်းထောင်သခင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ"
ပြောနေရင်းဖြင့် သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "အထွတ်အမြတ်နတ်ဘုရား... မိန်းကလေးယုံရှီးကရော ဘယ်မှာလဲ။ သူမကို မတွေ့ရတာ အတော်ကြာပြီ"
ရီထျန်းမင်က ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့။ ငါ့အတွက် ကိစ္စတစ်ခု သွားလုပ်ဖို့ သူ့ကို ငါ စေလွှတ်လိုက်တာပါ"
ရီထျန်းမင်က သွေးရောင်လမင်းကြီးကို မော့ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ခြေတစ်လှမ်းဖြင့်ပင် သွေးရောင်လမင်းကြီးရှေ့သို့ ရောက်ရှိသွား၏။
ဤသွေးရောင်လမင်းကြီး ထွက်ပေါ်လာကတည်းက နတ်ဘုရားစကြာဝဠာတစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်နေခဲ့ကာ ယင်းကို နတ်ဘုရားများ၏ အမျက်ဒေါသပြယုဂ်တစ်ခုအဖြစ် ယူဆကုန်ကြပြီး လူအများအပြားက ခွင့်လွှတ်မှုတောင်းခံရန်အတွက် နတ်ဘုရားကျောင်းတော်များထံသို့ ချက်ချင်း ပြေးသွားခဲ့ကြသည်။
ရီထျန်းမင်က သူ့ရှေ့ရှိ သွေးရောင်လမင်းကြီးကို ကြည့်လိုက်၏။ သူက စကားအပိုများ မပြောတော့ဘဲ ရုတ်တရက် လက်ဝါးဖြန့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် စကြာဝဠာ၏ အနက်ပိုင်းမှနေ၍ ကြယ်တာရာစွမ်းအားတိုင်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုစဉ် သွေးရောင်လမင်းကြီးက အန္တရာယ်ကို အာရုံခံမိသွားသကဲ့သို့ ရုတ်ခြည်းဆိုသလို ပြင်းထန်စွာ တုန်ခါသွား၏။ ထို့နောက် ၎င်း၏ အတွင်းမှနေ၍ သွေးရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် စကြာဝဠာကြယ်တာရာကောင်းကင်က သွေးပင်လယ်ကြီးတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားလေသည်။
စွမ်းအားနှစ်ခု ရိုက်ခတ်သွားချိန်၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်ခုက ထိုစကြာဝဠာအစိတ်အပိုင်းမှနေ၍ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာ၏။
ရီထျန်းမင်က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်ရောင်အလင်းတန်းတစ်ခုက တိုက်ခတ်သွားပြီးနောက် များပြားလှသော သွေးရောင်အလင်းတန်းများကို ချက်ချင်းဆိုသလို ကြိတ်ခြေဖျက်ဆီးပစ်လိုက်သည်။
အောက်ဘက်ရှိ များပြားလှသော လူများကလည်း တစ်ပြိုင်နက်တည်းဆိုသလို ခေါင်းမော့ကာ စကြာဝဠာ၏ အနက်ပိုင်းသို့ စိုက်ကြည့်ကြကုန်၏။
ရီထျန်းမင်ကို မြင်လိုက်ရသည်တွင် လူအများအပြား၏ မျက်လုံးများမှာလည်း ချက်ချင်းဆိုသလို စိတ်အားထက်သန်လာကြသည်။
သေချာပေါက် သူတို့၏ မျက်လုံးများထဲ၌ ဤသူက ရီထျန်းမင်မဟုတ်ဘဲ ကြယ်နတ်ဘုရား ဖြစ်၏။
ဤကာလအတွင်း၌ နတ်ဘုရားကျောင်းတော်အချို့က ရီထျန်းမင်ကို မြှင့်တင်ပေးရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။ အခြားနည်းလမ်း မရှိချေ၊ စကြာဝဠာကို တည်ငြိမ်စေပြီး လူများကို ပေါင်းစည်းရန်အတွက် ခေါင်းဆောင်တစ်ယောက် ရှိရမည်ဖြစ်ကာ ရီထျန်းမင်သာလျှင် ထိုကိစ္စကို လုပ်ဆောင်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်နတ်ဘုရားဟူသော ဂုဏ်ပုဒ်က အင်မတန် လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲပင်။
ထို့ပြင် သူက ထိပ်တန်းအစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေ၏။
ထိုအခိုက်အတန့်၌ ရီထျန်းမင်က များပြားလှသော သတ္တဝါများ၏ အကြည့်များကို သေချာပေါက် ခံစားနေရသည်။ ထိုမျှမကသေးဘဲ အင်မတန် များပြားလှသော ယုံကြည်ခြင်းစွမ်းအားကိုလည်း သူခံစားနေရ၏။ သို့သော် ထိုယုံကြည်ခြင်းစွမ်းအားများကို သူက ကြယ်တာရာစွမ်းအားများအဖြစ်သို့ မပြောင်းလဲခဲ့ချေ။
ရီထျန်းမင်က သွေးရောင်မီးတောက်များ အဆက်မပြတ် လွင့်စင်နေလျက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်နေသည့် သွေးရောင်လမင်းကြီးကို ကြည့်လိုက်၏။
ရီထျန်းမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေလှမ်းနှင့်အတူ ဓားတစ်လက်က သူ၏ လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။ ယင်းက ချင်ချွန်ဓားတဖြစ်လဲ ကံကြမ္မာဓားပင်။
သူက စကားအပိုများ မပြောတော့ဘဲ ဓားအလင်းတန်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားကာ သူရပ်နေသောနေရာမှ ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာချိန်၌ သွေးရောင်လမင်းကြီးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရုတ်တရက် သွေးရောင်လမင်းကြီးက ပြင်းထန်စွာ တုန်ခါသွားကာ စကြာဝဠာကြယ်တာရာကောင်းကင်တစ်ခုလုံးကို ဝါးမျိုချင်နေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းတစ်ခုကို တိုက်ရိုက် ထုတ်လွှတ်လိုက်၏။
ရီထျန်းမင်က လက်ကိုမြှောက်ကာ ဓားချက်တစ်ချက် ခုတ်ချလိုက်သည်။ ဤဓားချက်ထဲ၌ အဆုံးမရှိသော ကြယ်တာရာစွမ်းအားများ ပါဝင်နေ၏။
နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ သွေးရောင်လမင်းကြီးက ရုတ်ခြည်းဆိုသလို အပိုင်းပိုင်းအစစ ကွဲအက်သွားကာ သွေးရောင်အလင်းတန်းများ ပြန့်ကျဲသွားပြီးနောက် အပိုင်းအစများကလည်း ကြယ်တာရာကောင်းကင်၌ ပွင့်လန်းလာသော တောက်ပသည့် မီးရှူးမီးပန်းတစ်ခုသဖွယ် လွင့်စင်သွားကြသော်လည်း အဆုံးမရှိသော ဖိအားများနှင့် ကြောက်ရွံ့မှုများကို သယ်ဆောင်လာ၏။
ရီထျန်းမင်က ဓားကို ကိုင်ဆောင်ထားလျက် ထိုနေရာကို စိုက်ကြည့်နေသည်။ သွေးရောင်မီးတောက် အပိုင်းအစများ ပြန့်နှံ့သွားတော့မည့်ဆဲဆဲ၌ သူက အင်္ကျီလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာစွမ်းအား ဓားအလင်းတန်းလှိုင်းတစ်ခုက တိုက်ခတ်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုအပိုင်းအစများက ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
သွေးရောင်လမင်းကြီး ကွဲအက်သွားခြင်းပင်။
အောက်ဘက်ရှိ များပြားလှသော လူများက တစ်ပြိုင်နက်တည်း အောင်ပွဲခံဟစ်ကြွေးလိုက်ကြ၏။
အရိပ်ထဲ၌ ချူနိုင်းနှင့် အခြားသူများကလည်း ကိုယ်စီပြုံးလိုက်ကြသည်။ စောနက သူတို့ အင်မတန် စိုးရိမ်နေခဲ့ကြခြင်းပင်။ အကယ်၍ ဤအထွတ်အမြတ်နတ်ဘုရားကသာ သွေးရောင်လမင်းကြီးကို မဖယ်ရှားနိုင်ပါလျှင်... ကစားပွဲအား ဆက်ကစားနေခြင်းက ဘာအဓိပ္ပာယ် ရှိပါတော့မည်နည်း။
ရီထျန်းမင်က သွေးရောင်လမင်းကြီးကို ခုတ်ပိုင်းလိုက်ချိန်၌ ယင်းက သေချာပေါက် အင်မတန် စိတ်ဓာတ်တက်ကြွစေခဲ့၏။
ရီထျန်းမင်က သွေးရောင်လမင်းကြီး ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်နေဆဲပင်။ သွေးရောင်လမင်းကြီး လုံးဝ ပျောက်ကွယ်သွားသည်နှင့် ရုတ်တရက် ထိုနေရာ၌ သွေးရောင်မျက်လုံးတစ်လုံး ထွက်ပေါ်လာ၏။ ထိုသွေးရောင်မျက်လုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုက နတ်ဘုရားစကြာဝဠာတစ်ခုလုံးအပေါ်သို့ ရုတ်ခြည်း ကျဆင်းလာတော့၏။
ချူနိုင်းနှင့် အခြားသူများမှာ အကြီးအကျယ် လန့်ဖြန့်သွားကြသည်။
နတ်ဘုရားတစ်ပါး ဆင်းသက်လာခြင်းလော။
သတ္တဝါအပေါင်းမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားက လုံးဝကို ကြောက်မက်ဖွယ်ကောင်းလှ၏။ ယင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စကြာဝဠာတစ်ခုလုံးရှိ သတ္တဝါအပေါင်းက အသက်ရှူရခက်ခဲသွားသလို ချက်ချင်း ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များက ပြိုကျပျက်စီးတော့မည့်အလား ခံစားရရုံသာမက သူတို့၏ စိတ်ဝိညာဉ်များကပါ ကြိတ်ခြေဖျက်ဆီးခံရတော့မည့်အလား ခံစားလိုက်ကြရခြင်းပင်။
ဤအရာက နတ်ဘုရားတစ်ပါးလော။
ရီထျန်းမင်က ထိုသွေးရောင်မျက်လုံးကို ကြည့်နေသော်လည်း သူ၏ အကြည့်က အင်မတန် တည်ငြိမ်နေသည်။
ထိုစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေပြင်ကြား၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ထိုလျှို့ဝှက်ဆန်းကြယ်သောစွမ်းအား ထွက်ပေါ်လာသည်နှင့် ယခင်က နတ်ဘုရားစွမ်းအားမှာ တိုက်ရိုက်ဆိုသလို ဖိနှိပ်ခံလိုက်ရပြီးနောက် ချက်ချင်းဆိုသလို ကြိတ်ခြေဖျက်ဆီးခံလိုက်ရသည်။ ထိုသွေးရောင်မျက်လုံးသည်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားကာ တစ်ခါမှ မထွက်ပေါ်ခဲ့ဖူးသည့်အလား မျက်စိတစ်မှိတ်စာအချိန်အတွင်း၌ လုံးဝ ပျောက်ကွယ်သွားတော့၏။
ပျောက်သွားလေပြီ။
အောက်ဘက်ရှိ လူတိုင်းမှာ အနည်းငယ် မှင်သက်သွားကြသည်။
ချူနိုင်းနှင့် အခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက အတိတ်ကာလက ဘိုးဘေးနတ်ဘုရား ချန်ထားခဲ့သော ဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်ဖြစ်ကြောင်းကို သူတို့ သေချာပေါက် သိကြ၏။
လူ့လောကထဲသို့ နတ်ဘုရားများ ဆင်းသက်ခွင့် မရှိချေ။
ထိုဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်က ရှိနေဆဲပင်။
ချူနိုင်းနှင့် အခြားသူများကလည်း သက်ပြင်းချလိုက်ကြ၏။ အကယ်၍ ထိုကန့်သတ်ချက် မရှိပဲ နတ်ဘုရားများက လူ့လောကသို့ ဆင်းသက်လာကြမည်ဆိုပါလျှင်... မည်သူက ခုခံနိုင်ပါမည်နည်း။
သူတို့က ရီထျန်းမင်ကို ကြည့်လိုက်ကြသည်။ သူတို့ရှေ့ရှိ ဤအထွတ်အမြတ်နတ်ဘုရားက အင်မတန် သန်မာသော်လည်း ဤအထွတ်အမြတ်နတ်ဘုရားက နတ်ဘုရားများအားလုံးကို တစ်ယောက်တည်း ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။
ကြယ်တာရာကောင်းကင်အတွင်း၌ ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ သူက လက်ဆန့်ထုတ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အာရုံခံလိုက်၏။
ဤအခိုက်အတန့်၌ ထိုလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားက လုံးဝ ပျောက်ကွယ်မသွားသေးချေ။ ယင်းက ကောင်းကင်နှင့် မြေပြင်ကြား၌ ပုန်းကွယ်နေသော ရေအောက်ရေစီးကြောင်းတစ်ခုနှင့် တူကာ ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် အမြဲတမ်း ရှိနေ၏။
ဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်...
ဤဘိုးဘေးနတ်ဘုရား၏ ကန့်သတ်ချက်ကို သူထိတွေ့လိုက်ချိန်၌ မည်သည့် ရန်လိုမှုကိုမျှ သူ မခံစားရချေ။
ရီထျန်းမင်မှာ တိတ်ဆိတ်သွား၏။ ဤကန့်သတ်ချက်သည် နတ်ဘုရားများကို ဖိနှိပ်ထားရုံသာမက တရားဝင်အိမ်တော်အတွင်းရှိ သတ္တဝါများကိုလည်း ဖိနှိပ်ထားခြင်းပင်။
ယခင်က တရားဝင်အိမ်တော်ရှိ သတ္တဝါများကို အစစ်အမှန်နတ်ဘုရားများ ချန်ထားခဲ့သော ကန့်သတ်ချက်များက ဖိနှိပ်ထားသည်ဟု သူထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်သည့်ပုံပင်။
ခေတ္တအကြာတွင် ရီထျန်းမင်က လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက အထက်ရှိ ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ခေတ္တကြာသည်တွင် သူက ကွမ်ချွန်ဓားသခင် ဖောက်ထွက်ခဲ့သော မဟာတာအိုလမ်းကြောင်းထက်သို့ ရောက်ရှိလာ၏။
သူက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ထားကာ ထိုမဟာတာအိုလမ်းကြောင်းထက်၌ ဖြည်းဖြည်းချင်း လျှောက်လှမ်းလိုက်သည်။ ကွမ်ချွန်ဓားသခင် ဖောက်ထွက်ခဲ့သော မဟာတာအိုလမ်းကြောင်းက ဘိုးဘေးနတ်ဘုရား ချန်ထားခဲ့သော ကန့်သတ်ချက်ကြောင့် ဖျက်ဆီးမခံခဲ့ရချေ။
အဘယ်ကြောင့်ပါနည်း။
ရီထျန်းမင်မှာ အင်မတန် နားမလည်နိုင် ဖြစ်နေ၏။
အခြားတစ်ဖက်၌ ချူနိုင်းနှင့် အခြားသူများကလည်း အနောက်မှ လိုက်လာကြသည်။ ရီထျန်းမင်က မျက်လုံးများ မှိတ်လျက် မဟာတာအိုလမ်းကြောင်းထက်၌ လျှောက်လှမ်းနေကာ အတွေးနက်နေပုံရသည်ကို မြင်လိုက်ရသည်တွင် သူတို့ထဲမှ မည်သူကမှ သူ့ကို သွားမနှောင့်ယှက်ကြချေ။
ကျင်းချင်က လေးနက်သောအသံဖြင့် "အထွတ်အမြတ်နတ်ဘုရားက ဘာလုပ်နေတာလဲ"
ချူနိုင်းက "သူက ကွမ်ချွန်ဓားသခင် ချန်ထားခဲ့တဲ့ မဟာတာအိုကို နားလည်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်..."
ကျင်းချင်က နားမလည်နိုင် ဖြစ်နေဆဲပင်။ "ဘာဖြစ်လို့လဲ"
ချူနိုင်းက သူ့ကို တစ်ချက်ကြည့်လိုက်၏။ "ငါလည်း ဘာဖြစ်လို့လဲဆိုတာကို တကယ် သိချင်နေတာပဲ"
ကျင်းချင် "..."
ရုတ်တရက် အနီးအနားရှိ ကျဲကျဲက ဝင်ပြောလိုက်သည်။ "မင်းတို့တွေ မေးခွန်းတစ်ခုကို မတွေးဖူးကြဘူးလား။ ကွမ်ချွန်ဓားသခင် ချန်ထားခဲ့တဲ့ မဟာတာအိုက ဘာလို့ ကျန်ရစ်နေနိုင်ရတာလဲ..."
သူတို့အားလုံး မျက်မှောင်ကြုတ်သွားကြ၏။
ကျဲကျဲက အဝေးသို့ စိုက်ကြည့်လိုက်သည်။ "စောနက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားဟာ ဘိုးဘေးနတ်ဘုရားရဲ့ ကန့်သတ်ချက်ဆိုတာ ရှင်းနေတာပဲ။ ဘိုးဘေးနတ်ဘုရားရဲ့ ကန့်သတ်ချက်က နတ်ဘုရားတွေကို ဖိနှိပ်ထားရုံသာမကဘဲ အောက်ဘက်က တရားဝင်အိမ်တော်စကြာဝဠာမှာရှိတဲ့ သတ္တဝါတွေကိုလည်း ဖိနှိပ်ထားတာလေ။ အပေါ်ကို တက်လာတဲ့သူ ဘယ်သူမဆို ဖိနှိပ်ခံရမှာပဲ။ ဒါပေမဲ့ ကွမ်ချွန်ဓားသခင်က အပေါ်ကို တက်လာပြီးတဲ့နောက် သူက ဖိနှိပ်မခံရရုံသာမကဘဲ အဲဒီလို မဟာတာအိုမျိုးကိုတောင် ချန်ထားနိုင်ခဲ့သေးတယ်... အဲဒါက အရမ်းကို ပုံမှန်မဟုတ်ဘူးလို့ မင်းတို့ မထင်ဘူးလား"
ချူနိုင်းမှာ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ "မင်းဆိုလိုချင်တာက... ကွမ်ချွန်ဓားသခင်ရဲ့ ခွန်အားဟာ... ဘိုးဘေးနတ်ဘုရားကို ယှဉ်နိုင်တယ်လို့လား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျင်းချင်က ချက်ချင်းဆိုသလို ငြင်းဆိုလိုက်သည်။ "အောက်ဘက်စကြာဝဠာက လာတဲ့ သတ္တဝါတစ်ယောက်က ဘိုးဘေးနတ်ဘုရားကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်ဘူး"
ကျဲကျဲက သူ့ကို စိုက်ကြည့်လိုက်၏။ "အချက်အလက်တွေက မင်းရှေ့မှာ ချထားပြီးပြီလေ၊ အဲဒါကို မင်းက ယုံဖို့ လိုသေးလို့လား"
ကျင်းချင်၏ အမူအရာက အနည်းငယ် မှုန်ကုပ်သွားသည်။ "ဒါက... တကယ်ကို မယုံနိုင်စရာပဲ"
ကျဲကျဲက အဝေးရှိ မဟာတာအိုလမ်းကြောင်းကို မော့ကြည့်လိုက်၏။ "သူက ဘိုးဘေးနတ်ဘုရားကို ယှဉ်နိုင် မယှဉ်နိုင်ဆိုတာတော့ ငါမသိဘူး၊ ဒါပေမဲ့ သေချာတာကတော့ ဘိုးဘေးနတ်ဘုရား ချန်ထားခဲ့တဲ့ ကန့်သတ်ချက်က ကွမ်ချွန်ဓားသခင်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ဘူးဆိုတာပဲ... ဘိုးဘေးနတ်ဘုရားရဲ့ ကန့်သတ်ချက်က သူ့ကို ပစ်မှတ်မထားတာ ဖြစ်နိုင်သလို ဒါမှမဟုတ် ကွမ်ချွန်ဓားသခင်က ဘိုးဘေးနတ်ဘုရားရဲ့ ကန့်သတ်ချက်ကို တိုက်ရိုက်ရင်ဆိုင်ပြီး နောက်ဆုံးမှာ အနိုင်ရသွားတာလည်း ဖြစ်နိုင်တယ်"
***