ရီထျန်းမင်က ဖြည်းဖြည်းချင်း လှည့်လာကာ မဟာတာအိုစုတ်တံအရှင်သခင်ကို ကြည့်၍ မေးလိုက်၏။ "ခင်ဗျားက သေချင်နေတာလား"
မဟာတာအိုစုတ်တံအရှင်သခင် ပြောတော့မည့်ဆဲဆဲ၌ ရီထျန်းမင်က လက်ကိုမြှောက်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။
မဟာတာအိုစုတ်တံအရှင်သခင်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ ရီထျန်းမင်က ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ သူက အင်္ကျီလက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
ဝုန်း...
ဓားအလင်းတန်းတစ်ခုနှင့် တာအိုအလင်းတန်းတစ်ခုက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာ၏။
ရီထျန်းမင်က ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် အကန့်အသတ်မဲ့အရှင်သခင် ထွက်ပေါ်လာ၏။ "မိတ်ဆွေလေး... မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ သူက အဲဒီလိုလူမျိုးမို့ပါ။ သူ့အဆင့်ထိ ဆင်းပြီး မတုံ့ပြန်ပါနဲ့"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "ဆရာကြီး... ခင်ဗျားစကားကို ကျွန်တော် နားထောင်လိုက်ပါ့မယ်"
ပြောပြီးနောက် သူက မဟာတာအိုစုတ်တံအရှင်သခင်ကို တစ်ချက်ကြည့်လိုက်ပြီးသည်တွင် လှည့်ထွက်သွားလေသည်။
မဟာတာအိုစုတ်တံအရှင်သခင်၏ အမူအရာက အနည်းငယ် ပျက်ယွင်းနေ၏။
ထိုအခိုက်အတန့်၌ အမျိုးသမီးတစ်ဦးက အကန့်အသတ်မဲ့အရှင်သခင်နှင့် မဟာတာအိုစုတ်တံအရှင်သခင်ထံသို့ လျှောက်လှမ်းလာသည်။
သူမက ရှန်ပေါက်အဆောက်အဦးမှ ကွမ်နန်ဖြစ်ကာ သူမက အကန့်အသတ်မဲ့အရှင်သခင်တို့နှင့်အတူ ရှိနေခြင်းပင်။
ကွမ်နန်က လေးနက်သောအသံဖြင့် "လူကြီးမင်းတို့နှစ်ယောက်... အခု ချက်ချင်း ထွက်သွားရပါလိမ့်မယ်"
သူတို့နှစ်ဦးက ရှန်ပေါက်အဆောက်အဦးမှတစ်ဆင့် ခိုးဝင်လာခဲ့ကြခြင်း ဖြစ်သဖြင့် အချိန်အကြာကြီး နေ၍ မရနိုင်ချေ။
မဟာတာအိုစုတ်တံအရှင်သခင်က မလှုပ်မယှက် ရပ်နေဆဲပင်။
သို့သော် အကန့်အသတ်မဲ့အရှင်သခင်က "သဘောထားလေး နည်းနည်းလောက် ကြီးစမ်းပါကွာ"
မဟာတာအိုစုတ်တံအရှင်သခင်က အေးစက်စွာဖြင့် "ငါက ဘာကို သဘောထားကြီးရမှာလဲ။ တကယ်တော့ ငါက သူ့ကို အထင်ကြီးလွန်းသွားတာ။ သောက်ရမ်းကို သဘောထားသေးသိမ်တဲ့ကောင်ကွာ..."
"သဘောထား သေးသိမ်တယ်တဲ့လား"
အကန့်အသတ်မဲ့အရှင်သခင်က တိုက်ရိုက်ပင် ပြန်လည်ချေပလိုက်၏။ "မိန်းကလေးချွင်ချွင်က သူ့ကို ခေါ်လာပြီး မင်းကို လာရှာတုန်းကရော မင်းက သူ့ကို တစ်ချက်လေးတောင် လှည့်ကြည့်ခဲ့လို့လား။ အခု မင်းက သူ့ကို လာရှာပြီး သူက မင်းကို လျစ်လျူရှုလိုက်တော့ မင်းက သူ့ကို သဘောထားသေးသိမ်တယ်လို့ ပြောနေသေးတာလား။ ချီးပဲ... သဘောထားသေးသိမ်တာက မင်းကိုယ်တိုင်ပဲလေ"
မဟာတာအိုစုတ်တံအရှင်သခင် မဆိုထားနှင့်၊ ထိုနေရာ၌ ရီချွန်နှင့် ဝတ်စုံပြောင်ဝတ်အမျိုးသမီးတို့ ရှိနေခဲ့မည်ဆိုလျှင်ပင် သူက ပြန်လည်ချေပရဲပေသည်။ မဟုတ်သေးချေ၊ ဝတ်စုံပြောင်ဝတ်အမျိုးသမီးကိုတော့ သူ ပြန်မချေပရဲပေ။
အကန့်အသတ်မဲ့အရှင်သခင်၏ ပြစ်တင်ပြောဆိုမှုကို ခံလိုက်ရသည်တွင် မဟာတာအိုစုတ်တံအရှင်သခင်၏ အမူအရာက အတော်လေး ပျက်ယွင်းသွားသော်လည်း နောက်ဆုံး၌ သူက သက်ပြင်းရှည်ကြီးတစ်ခုသာ ချလိုက်ကာ မကျေမနပ်ဖြင့် ပြောလိုက်၏။ "သောက်ကျိုးနည်း... ယန်မိသားစုက မျိုးဆက်သုံးဆက်တိုင်တိုင် ပြိုင်ဘက်ကင်းခဲ့တာ။ ယန်ကျာ့လို ကောင်မျိုး ထွက်ပေါ်လာမယ်လို့ ဘယ်သူက သိနိုင်မှာလဲ။ ပြောစမ်းပါဦး၊ အဲဒါက ငါ့အပြစ်လို့ မင်းက ပြောချင်တာလား"
သူက အပြစ်တင်ခံရခြင်းကို မကျေနပ်ခြင်း မဟုတ်ချေ။ ယန်မိသားစု၌ မျိုးဆက်သုံးဆက်တိုင်တိုင် ကံကြမ္မာသားတော်များ ရှိခဲ့ကာ မျိုးဆက်သုံးဆက်တိုင်တိုင် ပြိုင်ဘက်ကင်းခဲ့၏။ ယခင်က ယန်မိသားစုကို မျက်ကန်းတစ္ဆေ ထောက်ခံနေခြင်းက အမြဲတမ်း မှန်ကန်ခဲ့ပေသည်။
ယန်ကျာ့လိုမျိုးတစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။ အကန့်အသတ်မဲ့အရှင်သခင်က မဟာတာအိုစုတ်တံအရှင်သခင်ကို တစ်ချက်ကြည့်လိုက်၏။ "ဒီကိစ္စကြောင့်လား။ ဆရာမကြီးဝတ်စုံပြောင်ဝတ်အမျိုးသမီးရဲ့ သဘောထားက အဲဒီကောင်လေးအပေါ်မှာ ပြောင်းလဲသွားတာကို မင်းတွေ့လိုက်ရလို့ သူ့ကို လာရှာတာ မဟုတ်လား"
တိုက်ရိုက် ဖော်ထုတ်ခံလိုက်ရသည်တွင် မဟာတာအိုစုတ်တံအရှင်သခင်မှာ ချက်ချင်းဆိုသလို အနေခက်သွား၏။
သို့သော် အကန့်အသတ်မဲ့အရှင်သခင် ပြောသည်က တကယ်ကို မှန်ကန်ပေသည်။ သူကိုယ်တိုင်လည်း အင်မတန် အံ့အားသင့်နေခဲ့၏။ သေစမ်း။ ထိုကောင်လေးက သွေးတစ်စက်လေးသက်သက် မဟုတ်ပါသလော။
ဝတ်စုံပြောင်ဝတ်အမျိုးသမီး၏ လက်ရှိသဘောထားအရ ဤကိစ္စက ထင်သလောက် ရိုးရှင်းပုံမရချေ။ အဘယ်ကြောင့်ဆိုသော် ဝတ်စုံပြောင်ဝတ်အမျိုးသမီးက ရီထျန်းမင်၏ဘက်၌ လုံးဝကို ရပ်တည်နေသောကြောင့်ပင်။
ထိုအရာက သူစိတ်ပြောင်းသွားပြီး နှစ်ဖက်စလုံး၌ လောင်းကြေးထပ်ချင်ရသည့် အဓိကအကြောင်းအရင်း ဖြစ်၏။
သို့သော် ရီထျန်းမင်ကမူ... ထိုမျှလောက် အလျှော့မပေးတတ်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ရုတ်တရက် သူတို့၏ ဘေးရှိ ကွမ်နန်က ထပ်မံသတိပေးလိုက်သည်။ "လူကြီးမင်းတို့နှစ်ယောက်... အခု ထွက်သွားရပါတော့မယ်"
အကန့်အသတ်မဲ့အရှင်သခင်က သေရည်တစ်ငုံ သောက်လိုက်၏။ "သွားကြစို့၊ သွားကြစို့"
မဟာတာအိုစုတ်တံအရှင်သခင်က အကန့်အသတ်မဲ့အရှင်သခင်ကို ကြည့်လိုက်သည်။ "မင်းက သူ့နောက်ကို လိုက်လို့ ရတယ်။ သူက မင်းကို..."
အကန့်အသတ်မဲ့အရှင်သခင်က တိုက်ရိုက်ပင် လက်ဝှေ့ယမ်းကာ သူ့ကို ဖြတ်ပြောလိုက်၏။ "အရင်တုန်းက ငါသူ့ကို ကူညီခဲ့တာဟာ အဲဒီအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကို တွေးပြီး ကူညီခဲ့တာ မဟုတ်ဘူး။ ယန်မိသားစုက လူတွေကို အဲဒီလောက်ထိ အနိုင်ကျင့်နေတဲ့အပေါ် ငါကြည့်မရလို့ ကူညီခဲ့တာ"
ထိုအကြောင်းကို ပြောနေရင်းဖြင့် သူက မဟာတာအိုစုတ်တံအရှင်သခင်ကို ကြည့်လိုက်သည်။ သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "အစ်ကိုကြီး... ဆက်ပြီး မရုန်းကန်ပါနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ ခေတ်က ကုန်သွားခဲ့ပြီလေ"
ခေတ်က ကုန်သွားခဲ့ပြီလော။
ထိုစကားကို ကြားလိုက်ရသည်တွင် ရုတ်တရက် မဟာတာအိုစုတ်တံအရှင်သခင်၏ အမူအရာက ရှုပ်ထွေးသွား၏။
အကန့်အသတ်မဲ့အရှင်သခင်ကလည်း သက်ပြင်းချလိုက်သည်။ မည်မျှထိ မလွယ်ကူသည်အား သူ သေချာပေါက် သိ၏။ သူကိုယ်တိုင်လည်း တစ်ချိန်က ကံကြမ္မာသားတော်တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဤခံစားချက်ကို သူက အနက်ရှိုင်းဆုံး နားလည်ပေသည်။
မည်သူကမှ မိမိတို့ခေတ်ကြီး၏ စွန့်ပစ်ခံရခြင်းကို မလိုလားကြချေ၊ အထူးသဖြင့် တစ်ချိန်က ဂုဏ်ကျက်သရေရှိခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖူးသူများအတွက် ပိုခက်ခဲ၏။
မဟာတာအိုစုတ်တံအရှင်သခင်သည်လည်း ထိုကဲ့သို့ပင်။
သို့သော် အကန့်အသတ်မဲ့အရှင်သခင်က ယင်းကို အင်မတန် ရှင်းလင်းစွာ မြင်တွေ့ခဲ့၏။ သူရော မဟာတာအိုစုတ်တံအရှင်သခင်ပါ ခေတ်တိုင်းကို လွှမ်းမိုးနိုင်စွမ်း မရှိကြချေ။
ကိုယ့်ကိုယ်ကိုယ် နားလည်စွာဖြင့် အချိန်မီ နောက်ဆုတ်ခြင်းကသာလျှင် မှန်ကန်သော လမ်းစဉ်ပင်။
မဟာတာအိုစုတ်တံအရှင်သခင်က အကန့်အသတ်မဲ့အရှင်သခင်ကို လှည့်ကြည့်လိုက်၏။ "မင်းက တကယ့်ကို အသုံးမကျတဲ့ ငါးဆားနယ်တစ်ကောင် ဖြစ်နေပြီပဲ"
အကန့်အသတ်မဲ့အရှင်သခင်က ရယ်မောလိုက်သည်။ "ငါးဆားနယ်တစ်ကောင် ဖြစ်နေတာ ဘာမှ မမှားပါဘူး။ ငါက နေ့တိုင်း သေရည်လေး သောက်ပြီး ခြေထောက်လေး ဆေးနေရုံပဲ... ဘယ်လိုပဲဖြစ်ဖြစ် ခြေထောက်တာအိုကလည်း တာအိုတစ်ခုပဲ မဟုတ်လား။ ဟားဟား..."
မဟာတာအိုစုတ်တံအရှင်သခင်က ခေါင်းခါယမ်းလိုက်၏။ "မင်းကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး"
အကန့်အသတ်မဲ့အရှင်သခင်က ရယ်မောလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ... အဲဒီအကြောင်းတွေ တွေးမနေပါနဲ့တော့။ မင်းကို ခြေထောက်ဆေးဖို့ ငါ ဒကာခံပါ့မယ်"
ပြောပြီးသည်နှင့် သူက မဟာတာအိုစုတ်တံအရှင်သခင်ကို ဆွဲခေါ်ကာ ထွက်ခွာသွားတော့၏။
မဟာတာအိုစုတ်တံအရှင်သခင်က ရီထျန်းမင်ထွက်ခွာသွားသော လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကန့်အသတ်မဲ့အရှင်သခင်နှင့်အတူ ထွက်ခွာသွားလေသည်။
ထိုစဉ် ရုတ်တရက် အဝေးရှိ အကန့်အသတ်မဲ့အရှင်သခင်က ကွမ်နန်ကို လှည့်ကြည့်လိုက်၏။ "မိန်းကလေးရှောင်နန်... မင်းတို့ရဲ့ အဆောက်အဦးသခင်ချင်ကရော ဘယ်မှာလဲ"
ကွမ်နန်က ပြုံးလိုက်သည်။ "သူက ထွက်ခွာသွားပါပြီ"
အကန့်အသတ်မဲ့အရှင်သခင်က "ဒီကနေ ထွက်ခွာသွားတာလား"
ကွမ်နန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
အကန့်အသတ်မဲ့အရှင်သခင်မှာ အနည်းငယ် သိချင်သွား၏။ "မိန်းကလေးရှောင်နန်... မင်းတို့ ရှန်ပေါက်အဆောက်အဦးရဲ့ စီးပွားရေးကွန်ရက်ကရော ဘယ်လောက်အထိတောင် ကျယ်ပြန့်နေပြီလဲ"
ကွမ်နန်က မျက်တောင်တဖျတ်ဖျတ်ဖြင့် "ကျွန်မသိတာကတော့... အဆောက်အဦးသခင်အတွက်ဆိုရင် နတ်ဘုရားစကြာဝဠာက နာရီဝက်လောက်ပဲ နေဖို့ ထိုက်တန်တယ်ဆိုတာပါပဲ"
အကန့်အသတ်မဲ့အရှင်သခင်က ခေါင်းညိတ်လိုက်၏။ "နားလည်ပြီ"
ချင်ကွမ်အတွက် နတ်ဘုရားစကြာဝဠာက နာရီဝက်လောက်သာ နေရန် ထိုက်တန်သည်လော။ ထိုအရာက တွေးကြည့်ရန်ပင် ခက်ခဲပေသည်။
ထိုအမျိုးသမီးက စကြာဝဠာတစ်ခုလုံး၌ သူမ၏ စီးပွားရေးကို တကယ်ချဲ့ထွင်ချင်နေခြင်းပင်။
ယခင်က ယန်မိသားစုမျိုးဆက်များ ထွက်ပေါ်မလာသရွေ့ ရှန်ပေါက်အဆောက်အဦး၏ ဩဇာလွှမ်းမိုးမှုက ကွမ်ချွန်ကောလိပ်ထက် တကယ်ကို သာလွန်နေမည်မှာ သံသယဝင်စရာပင် မလိုချေ။
အကန့်အသတ်မဲ့အရှင်သခင်နှင့် မဟာတာအိုစုတ်တံအရှင်သခင်တို့ ထွက်ခွာသွားပြီးနောက် ကွမ်နန်လည်း လှည့်ထွက်သွားလိုက်၏။ သူမက ရှေးဟောင်းကြယ်တာရာနယ်မြေရှိ ရှန်ပေါက်အဆောက်အဦးသို့ ပြန်သွားလိုက်သည်။ လက်ရှိ ရှန်ပေါက်အဆောက်အဦးက အင်မတန် သေးငယ်နေဆဲဖြစ်ကာ လမ်းဘေးဆိုင်ငယ်လေးတစ်ခုမျှသာ ဖြစ်၏။
သူမက ရှန်ပေါက်အဆောက်အဦးထဲသို့ ဝင်ရောက်သွားချိန်၌ အတွင်းရှိ ရာနှင့်ချီသော လူများက သူမကို တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။ "ကြီးကြပ်ရေးမှူးနန်ကို ဂါရဝပြုပါတယ်"
လူတိုင်းက အင်မတန် ရိုသေလေးစားနေကြကာ သူတို့၏ အသံများ၌ အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ သူတို့ထဲမှ အများအပြားမှာ နတ်ဘုရားတုအဆင့် သန်မာသူများပင်။
ကွမ်နန်၏ မျက်နှာက အမူအရာ ကင်းမဲ့နေသည်။ သူမက အနီးအနားရှိ ကုလားထိုင်တစ်ခုထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။
ခန်းမထဲရှိ လူများက အလျင်အမြန် ဖယ်ပေးလိုက်ကြသည်။
ထိုအခိုက်အတန့်၌ ကွမ်နန်က နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦး မဟုတ်တော့ဘဲ ရှန်ပေါက်အဆောက်အဦး၏ အစွမ်းထက်သော ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်နေလေပြီ။
ကွမ်နန်က ထိုင်ချလိုက်ပြီးနောက် သူမရှေ့ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ မည်သူကမှ သူမကို မျက်လုံးချင်း မဆုံရဲကြဘဲ ခေါင်းငုံ့ထားကြ၏။
ကွမ်နန်က တည်ငြိမ်စွာဖြင့် "ကြီးကြပ်ရေးမှူးမု၊ ကြီးကြပ်ရေးမှူးလန်၊ ကြီးကြပ်ရေးမှူးကျိုး၊ ကြီးကြပ်ရေးမှူးဖူ..."
ကြီးကြပ်ရေးမှူးလေးဦးက အလျင်အမြန် ရှေ့ထွက်လာကြ၏။
ကွမ်နန်က "ပြောကြ"
ကြီးကြပ်ရေးမှူးမုက ရှေ့ထွက်လာကာ နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ "ကြီးကြပ်ရေးမှူးနန်... ကြယ်တာရာနယ်မြေလေးခုလုံးမှာ ကွန်ရက်တွေ ဖြန့်ကျက်ပြီးသွားပါပြီ။ ဆိုင်ဖွင့်တာနဲ့တစ်ပြိုင်နက် နတ်ဘုရားစကြာဝဠာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ချက်ချင်း လက်ဝါးကြီးအုပ်ပြီး လုံးဝအသစ်ဖြစ်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခုကို ဖန်တီးပါမယ်။ ဒါပေမဲ့ စီးပွားရေးအဖွဲ့အစည်းအများအပြားက သဘောမတူကြသေးပါဘူး..."
ကွမ်နန်က တည်ငြိမ်စွာဖြင့် "သူတို့ သဘောမတူတာက ကိစ္စမရှိဘူး။ ဆိုင်ဖွင့်ပြီးတာနဲ့ ငွေကြေးစစ်ပွဲကို ချက်ချင်းစတင်လိုက်။ သူတို့ ဘာပဲရောင်းရောင်း၊ ငါတို့က သူတို့စျေးထက် ငါးဆလျှော့ပြီး ရောင်းမယ်... သူတို့ လုံးဝ ပြိုလဲသွားတဲ့အထိပဲ"
ကြီးကြပ်ရေးမှူးမုက ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
ကွမ်နန်က ဆက်ပြောလိုက်၏။ "ဒီလောကမှာ အချမ်းသာဆုံးသူတွေက နတ်ဘုရားတွေကို မှီခိုနေကြတဲ့ မိသားစုတွေပဲ။ ဒီလောကရဲ့ အရင်းအမြစ်တွေနဲ့ ဓနဥစ္စာအများစုကို သူတို့က ထိန်းချုပ်ထားကြတာ။ ဆိုင်ဖွင့်ပြီးတာနဲ့ စျေးကွက်သစ်တစ်ခုကို ဖန်တီး၊ သူတို့ကို ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်၊ ပြီးတော့မှ သူတို့ကို လုံးဝ အပြတ်ရှင်းပစ်လိုက်..."
ထိုနေရာသို့ရောက်သော် သူမ၏ အကြည့်က ရုတ်တရက် အေးစက်သွား၏။ ဤနေရာသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထိုနတ်ဘုရားများကို မှီခိုနေသော မိသားစုများ၏ ဓနဥစ္စာများကို ရိတ်သိမ်းရန်ပင်။
ပုံမှန်အတိုင်း ငွေရှာနေခြင်းက အင်မတန် နှေးလွန်း၏။
ပထမဆုံး ရိတ်သိမ်းမည်ပင်။ ထို့နောက် လက်ဝါးကြီးအုပ်ပေမည်။ နောက်ဆုံး၌ အမိန့်များကို သတ်မှတ်မည် ဖြစ်၏။ သူမ သတ်မှတ်ထားသော အမိန့်များအောက်၌ ငွေရှာမှသာ ငွေအမြောက်အမြား ရနိုင်မည်ဖြစ်သည်။
ကြီးကြပ်ရေးမှူးမုက ခေါင်းညိတ်လိုက်သည်။ "လက်အောက်ငယ်သား နားလည်ပါပြီ"
ကွမ်နန်က "လောလောဆယ် ကြယ်တာရာနယ်မြေလေးခုက လူတွေအားလုံးဟာ သက်ရှိသတ္တဝါအပေါင်းဉပဒေကို လေ့လာနေကြတယ်... အတွင်းဘဏ္ဍာတိုက်ကနေ အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ သန်းတစ်ရာကို ထုတ်ယူပြီး ဆုငွေထုတ်လိုက်ပါ။ သက်ရှိသတ္တဝါအပေါင်းဉပဒေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တဲ့သူ ဘယ်သူ့ကိုမဆို အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ ပမာဏတစ်ခုကို ဆုချီးမြှင့်မယ်... အတိုချုပ်ပြောရရင် သက်ရှိသတ္တဝါအပေါင်းဉပဒေကို လေ့လာဖို့ သူတို့ကို အားပေးရမယ်"
ကြီးကြပ်ရေးမှူးမုက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "ကြီးကြပ်ရေးမှူးနန်... ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ"
ကွမ်နန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "ငါပြောတဲ့အတိုင်းသာ လုပ်"
ကြီးကြပ်ရေးမှူးမုက အလျင်အမြန် အရိုအသေပေးလိုက်သည်။ "နားလည်ပါပြီ"
ထို့နောက် ကွမ်နန်က ထပ်ပြောလိုက်၏။ "ရှေးဟောင်းကြယ်တာရာနယ်မြေမှာရှိတဲ့ ရှေးဟောင်းနတ်ဘုရားကျောင်းတော်က သက်ရှိသတ္တဝါအပေါင်းဉပဒေ ကျင့်ကြံတာကို တားမြစ်ထားတယ်။ ဒါကြောင့် ဒီနယ်မြေကို အထူးဂရုစိုက်ဖို့ လိုတယ်။ ဒီနေရာမှာ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံဖို့အတွက် လူတွေ ပိုပြီး စေလွှတ်ရမယ်၊ အထူးသဖြင့် ရှေးဟောင်းနတ်ဘုရားကျောင်းတော်နဲ့ ဆက်နွယ်နေတဲ့ မိသားစုတွေကိုပေါ့။ သက်ရှိသတ္တဝါအပေါင်းဉပဒေကို မကျင့်ကြံတဲ့ ဘယ်မိသားစုနဲ့မဆို ပူးပေါင်းဆောင်ရွက်တာကို တားမြစ်ရမယ်။ ပြီးတော့ အောက်ခြေက သာမန်ကျင့်ကြံသူတွေအတွက် သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံတဲ့သူတွေဆီ အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ ထောက်ပံ့ကြေးတစ်ခု ပေးမယ်..."
ကြီးကြပ်ရေးမှူးမုက လေးနက်သောအသံဖြင့် "ကြီးကြပ်ရေးမှူးနန်... အကယ်၍ ဒီလိုသာဆိုရင် အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ သန်းတစ်ရာက လုံလောက်မှာ မဟုတ်ဘူး..."
ကွမ်နန်က "မလုံလောက်ရင် အတွင်းဘဏ္ဍာတိုက်ကနေ ထပ်ထုတ်။ ရှေးဟောင်းကြယ်တာရာနယ်မြေတင်မကဘဲ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရားဝင်အိမ်တော်စကြာဝဠာတွေမှာပါ တတ်နိုင်သမျှ ပြန့်နှံ့အောင် လုပ်ရမယ်။ ပထမဆုံး အဲဒါကို မြှင့်တင်ဖို့ ငွေကိုသုံး။ အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် ငွေမရှိလည်း သူတို့ဘာသာ တက်တက်ကြွကြွ ကျင့်ကြံလာကြလိမ့်မယ်"
ကြီးကြပ်ရေးမှူးမုနှင့် အခြားသူများက အနည်းငယ် နားမလည်နိုင် ဖြစ်နေကြသော်လည်း သူတို့က ခေါင်းညိတ်လိုက်ကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် အထက်မှ သူဌေးက အချက်တစ်ချက်တည်းကိုသာ မဟုတ်ဘဲ အလုံးစုံအခြေအနေကို အမြဲတမ်း ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း သူတို့ သိထားသောကြောင့်ပင်။
ရုတ်တရက် ကွမ်နန်က ထပ်ပြောလိုက်၏။ "အတွင်းဘဏ္ဍာတိုက်ကနေ နောက်ထပ် အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ သန်းတစ်ရာကို ထပ်ထုတ်။ ဒီအမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ သန်းတစ်ရာကို မော့ခယ်နတ်ဘုရားအကျဉ်းထောင်မှာရှိတဲ့ မော့ခယ်မဟာအစီအရင်ကြီးကို အပြည့်အဝ ရန်ပုံငွေထောက်ပံ့ဖို့ သုံးမယ်။ ပြီးတော့ နတ်ဘုရားစကြာဝဠာတစ်ခုလုံးမှာရှိတဲ့ အစီအရင်သခင်တွေကို အခုချက်ချင်း ရှာဖွေ၊ သူတို့ကို စျေးကြီးပေးပြီး ခေါ်ယူလိုက်၊ ပြီးတော့ အဲဒီမော့ခယ်မဟာအစီအရင်ကြီးကို ပြုပြင်ဖို့အတွက် ကူညီပေးဖို့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို ပို့လိုက်..."
ရုတ်တရက် ကြီးကြပ်ရေးမှူးတစ်ဦးက "ကြီးကြပ်ရေးမှူးနန်... နတ်ဘုရားစကြာဝဠာမှာ ထိပ်တန်းအစီအရင်သခင်တွေလို့ သတ်မှတ်ခံရတဲ့ အစီအရင်သခင်အချို့ကို ကျုပ်သိပါတယ်၊ ဒါပေမဲ့ သူတို့က ရှေးဟောင်းကြယ်တာရာနယ်မြေကနေ လာကြတာ၊ ပြီးတော့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က ပုန်ကန်တဲ့အဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေတာဆိုတော့... သူတို့ သွားလောက်မှာ မဟုတ်ဘူး"
ကွမ်နန်က "သူတို့ကို ငွေပိုပေးလိုက်"
ထိုကြီးကြပ်ရေးမှူးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "အကယ်၍ ငွေပိုပေးတာတောင် သူတို့က မသွားဘူးလို့ ငြင်းရင်ရော"
ကွမ်နန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "သူတို့မှာ မိသားစုတွေ မရှိဘူးလား"
ကြီးကြပ်ရေးမှူး "..."
ကွမ်နန်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီးနောက် ခန်းမထဲရှိ လူတိုင်းကို အကဲခတ်လျက် ကြည့်လိုက်၏။ "အားလုံးပဲ... စျေးကွက်ဆိုတာက စစ်မြေပြင်တစ်ခုပဲဆိုတာကို နားလည်စေချင်တယ်။ သနားညှာတာမှု လုံးဝ မရှိရဘူး။ သနားညှာတာမှုက ကြီးမားတဲ့ အရာတွေကို မပြီးမြောက်စေနိုင်ဘူး။ အဆောက်အဦးသခင်က ဒီမှာ နာရီဝက်ပဲ နေသွားတာ... ပြီးတော့ ငါတို့က နတ်ဘုရားစကြာဝဠာရဲ့ စျေးကွက်တစ်ခုလုံးကို နှစ်ဝက်အတွင်းမှာ သိမ်းပိုက်ရလိမ့်မယ်။ ငါတို့က နူးညံ့တဲ့ နည်းဗျူဟာတွေနဲ့ စတင်လို့ ရတယ်။ နူးညံ့တဲ့ နည်းဗျူဟာတွေက အလုပ်မလုပ်ရင် ကြမ်းတမ်းတဲ့ နည်းဗျူဟာတွေကို သုံးမယ်။ အကယ်၍ သူတို့က ပူးပေါင်းဖို့ ငြင်းဆန်နေတုန်းပဲဆိုရင်တော့... သူတို့ကို သေခိုင်းလိုက်။ သေသွားတဲ့လူတွေက ပြန်မခုခံနိုင်တော့ဘူး"
ပြောနေရင်းဖြင့် သူမက ခန်းမထဲရှိ လူတိုင်းကို ထပ်မံ၍ အကဲခတ်ကြည့်လိုက်သည်တွင် သူမ၏ အကြည့်က အင်မတန် ထက်မြက်နေပေသည်။ "အကယ်၍ နင်တို့သာ တာဝန်ကို မပြီးမြောက်နိုင်ဘူးဆိုရင်... နင်တို့ သေရလိမ့်မယ်"
အားလုံး "..."
ရုတ်တရက် ကွမ်နန်က "ငါ့အတွက် အမွှေးတိုင်ယုံကြည်မှု နတ်ဘုရားပုံဆောင်ခဲ သန်းတစ်ရာလောက် ထုတ်ပေးထား..."
တစ်နာရီခန့် ကြာပြီးနောက်တွင်...
ကွမ်နန်က ရီထျန်းမင်ကို သွားရှာလိုက်၏။ ရီထျန်းမင်ကို မြင်လိုက်ရသည်တွင် သူမက အပြစ်ကင်းစင်ပြီး ပွင့်လင်းရိုးသားသော မိန်းကလေးငယ်လေးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။ သူမက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ရီထျန်းမင်ထံ ကမ်းပေးလိုက်ပြီးနောက် ပြုံးလျက် "သခင်လေးရီ... မကြာသေးခင်ကပဲ အဲဒီနတ်ဘုရားကျောင်းတော် အစောင့်အရှောက်တွေကို ရှင်က လေ့ကျင့်ပေးနေတယ်လို့ ကျွန်မ ကြားထားပါတယ်။ ဒါက သခင်လေးရီကို ကူညီနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ ရှန်ပေါက်အဆောက်အဦးကနေ ဖော်ပြတဲ့ ရိုးသားမှုလေးတစ်ခုပါ"
***