ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသည်တွင် ရီထျန်းမင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးက သူ၏ ရှေ့ မလှမ်းမကမ်း၌ ရပ်နေသည်အား မြင်လိုက်ရ၏။
ယခင်က သူတွေ့ဖူးသော ခြေတစ်ဖက်တည်းရှိသည့် အမျိုးသမီးဖြစ်ကာ သူမ၏ အနောက်ရှိ သံကြိုးကြီးက အင်မတန် သိသာထင်ရှားနေပြီး သံကြိုး၏ အစွန်းတစ်ဖက်က သူမ၏ ခြေထောက်၌ ချည်နှောင်ထားလျက် အခြားတစ်ဖက်က နံရံထဲသို့ နက်ရှိုင်းစွာ မြှုပ်ဝင်နေဆဲဖြစ်သည်။
ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်သွား၏။ "မင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက သူ့ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် "တရားဝင်အိမ်တော်အားလုံးကို ငါစောင့်ကြပ်နေတာ"
ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်သွား၏။ တရားဝင်အိမ်တော်များအားလုံးကို ဤအမျိုးသမီးက စောင့်ကြပ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ တစ်စုံတစ်ခုကို တွေးမိသွားသည်တွင် သူက "မင်းက အောက်ဘက်က သတ္တဝါတွေကို စောင့်ကြပ်နေတာလား၊ ဒါမှမဟုတ် အပေါ်က နတ်ဘုရားတွေကို စောင့်ကြပ်နေတာလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက သူ၏ မေးခွန်းကို မဖြေဘဲ သူ့ကို သိချင်စိတ်ဖြင့် အကဲခတ်လျက် ကြည့်နေ၏။
ရီထျန်းမင်က ထပ်မေးလိုက်သည်။ "မိန်းကလေး... မင်းက နတ်ဘုရားတစ်ပါးလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက သူ့ကို ကြည့်နေသော်လည်း ထိုမေးခွန်းကိုလည်း မဖြေခဲ့ချေ။
တစ်ဖက်လူက စကားပြောချင်ပုံ မရကြောင်း မြင်လိုက်ရသည်တွင် ရီထျန်းမင်ကလည်း ပါးနပ်စွာဖြင့် ဆက်မမေးတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်၏။
သို့သော် ထိုတရားဝင်အိမ်တော်ထဲမှ သူ ထွက်ခွာတော့မည့်ဆဲဆဲ၌ သူ၏ အနောက်ရှိ ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ရုတ်တရက် စကားပြောလာသည်။ "နင်က တကယ်ပဲ သက်ရှိသတ္တဝါအပေါင်းအတွက် လုပ်နေတာလား"
ရီထျန်းမင်က လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်၏။
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက သူ၏ ကျောပြင်ကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။ "တကယ်ပဲ သတ္တဝါအပေါင်းအတွက်လား"
ရီထျန်းမင်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြုံးကာ "ငါ့ဆရာက တစ်ခါပြောဖူးတာ ရှိတယ်၊ ဘာပြောခဲ့လဲဆိုတာ မင်းသိလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ခေါင်းခါယမ်းလိုက်သည်။
ရီထျန်းမင်က "သက်ရှိသတ္တဝါအပေါင်းအတွက် လုပ်တာနဲ့ ကိုယ့်အတွက် လုပ်တာက ပဋိပက္ခမဖြစ်ဘူးလို့ ငါ့ဆရာက ပြောခဲ့ဖူးတယ်"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် "သခင်လေးရီ... အကယ်၍ နင်က သက်ရှိသတ္တဝါအပေါင်းအတွက် တကယ်လုပ်နေတာ မဟုတ်ဘူးဆိုရင်တော့ နင်က အဲဒီလူရဲ့ ပြိုင်ဘက် သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး"
ရီထျန်းမင်က ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ "မိန်းကလေး... ငါ့ရဲ့ ပြိုင်ဘက်က တကယ်ပဲ သူလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်သွားသည်။
ရီထျန်းမင်က ပြုံးကာ "မိန်းကလေး... ငါခန့်မှန်းကြည့်မယ်။ မင်းက နတ်ဘုရားများခေတ်ကနေ လာတာဖြစ်ရမယ်။ မင်းက တစ်ခုခုကို စောင့်ကြပ်နေပြီး အခုတော့ ငါ့ကို ရွေးရမလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ကို ရွေးရမလားဆိုတာကို တွေဝေနေတယ်။ ဘာလို့လဲဆိုတော့ မင်းက နှစ်ဖက်စလုံးကို သေချာနားမလည်နိုင်လို့ တွေဝေနေတာပဲ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲဆိုတော့... တကယ်တမ်းကျ မင်းက ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန်အတွေးတွေကို လုံးဝ မသိလို့ပဲ"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ရီထျန်းမင်ကို စိုက်ကြည့်လိုက်သည်။ "ငါ့အထက်မှာ ရှိတဲ့သူက ဘိုးဘေးနတ်ဘုရားလို့ နင်က ဘာလို့ ထင်ရတာလဲ"
ရီထျန်းမင်က ပြုံးကာ "မင်းက နတ်ဘုရားတွေကို မကြောက်ဘူး၊ တရားဝင်အိမ်တော်အားလုံးကို စောင့်ကြပ်နေတယ်၊ အောက်ဘက်ကို ဖိနှိပ်ထားပြီး အပေါ်ဘက်ကို ပိတ်ဆို့ထားတယ်။ မင်းကို ဒီလိုလုပ်ခိုင်းနိုင်တာ ဘိုးဘေးနတ်ဘုရားကလွဲပြီး တခြား ဘယ်သူရှိနိုင်ဦးမလဲဆိုတာကို ငါ တကယ် စဉ်းစားလို့ မရဘူး။ ငါ ထပ်ခန့်မှန်းကြည့်မယ်၊ မင်းက စောင့်နေတာ၊ အမှန်ကန်ဆုံးဖြစ်မယ့်သူကို စောင့်နေတာ... ဒါပေမဲ့ ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန်အတွေးတွေကို မင်း တကယ် သိရဲ့လား"
ဘိုးဘေးနတ်ဘုရား၏ အစစ်အမှန် အတွေးများ...
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်သွား၏။ "နင်က ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး လာပြောချင်နေတာလား"
ရီထျန်းမင်က သူမကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက ဘာလို့ အရူးတစ်ယောက်လို ပြုမူနေရတာလဲ"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီး၏ အကြည့်က အေးစက်သွားကာ ထိုနေရာတစ်ခုလုံး၏ အပူချိန်ကလည်း ရုတ်ခြည်းဆိုသလို သုညဒီဂရီအထိ ကျဆင်းသွား၏။ မျက်စိဖြင့် မမြင်နိုင်သော ဖိအားတစ်ခုက ရီထျန်းမင်ကို ချက်ချင်း လွှမ်းခြုံသွားသော်လည်း ရီထျန်းမင်က အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။
ရီထျန်းမင်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ "ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန်အတွေးတွေကို မင်းသိလားလို့ ငါက မေးရုံသက်သက်ပါပဲ၊ ဒါကို ငါက မင်းကို ဆရာလုပ်နေတယ်လို့ ချက်ချင်း မင်းက ပြောလာတယ်... ငါတို့က ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။ မင်းက အဲဒီလိုစကားမျိုး ပြောထွက်တာကို ငါ အရမ်းအံ့သြမိတယ်"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီး၏ မျက်နှာက အမူအရာကင်းမဲ့နေ၏။ "ခမည်းတော်နတ်ဘုရားရဲ့ အတွေးတွေကို ငါက နင့်ထက် ပိုပြီး ရှင်းရှင်းလင်းလင်း မသိဘူးလို့ ထင်နေတာလား"
ရီထျန်းမင်က ပြုံးကာ "ဒါဆို မင်းဘာလုပ်ရမယ်ဆိုတာကို ငါပြောခဲ့ဖူးလို့လား။ မိန်းကလေး... ဘိုးဘေးနတ်ဘုရားရဲ့ အတွေးတွေကို မင်းသိတယ်လို့ မင်းပြောတယ်မလား။ ဒါဆို ဘိုးဘေးနတ်ဘုရားရဲ့ အတွေးတွေက ဘာလဲဆိုတာကို ငါ့ကို ပြောပြနိုင်မလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက မဖြေချေ။
ရီထျန်းမင်က ခေါင်းခါယမ်းလိုက်၏။ "အကယ်၍ မင်းသာ ဘိုးဘေးနတ်ဘုရားရဲ့ အတွေးတွေကို တကယ်သိခဲ့မယ်ဆိုရင် မင်းကိုယ်မင်း ဒီနေရာမှာ နှစ်ပေါင်းများစွာ အကျဉ်းချထားမှာ မဟုတ်ဘူး။ မင်းက မသေချာလို့ ရွေးချယ်မှု မလုပ်နိုင်တာပဲ။ မင်းက စောင့်ကြည့်နေတယ်၊ လေ့လာနေတယ်... မင်းကို ငါပြောပြမယ်၊ ဘိုးဘေးနတ်ဘုရားရဲ့ အတွေးတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ။ သူက အပေါ်ရော အောက်ကိုပါ ဖိနှိပ်ထားတယ်၊ အဲဒါက အကောင်းဆုံး သက်သေပဲ။ သူက ဟန်ချက်ညီမှုကို လိုချင်တယ်၊ ဒါပေမဲ့ အောက်ခြေက လူတွေအတွက် မတရားဘူးလို့လည်း သူခံစားရတယ်၊ ဒါပေမဲ့ သူ့မှာ ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိဘူး..."
ပြောနေရင်းဖြင့် သူက ခေါင်းခါယမ်းလိုက်သည်။ "လူပဲဖြစ်ဖြစ်၊ နတ်ဘုရားပဲဖြစ်ဖြစ် သူတို့အကြောက်ဆုံးက ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ဘက် ဖြစ်နေတာကိုပဲ။ ဒီကိစ္စတွေကို မင်းနဲ့ ငါလာပြောနေတာက ငါ့ကို တစ်ခုခု ကူညီပေးဖို့အတွက် မင်းကို လိုချင်လို့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ အကူအညီကို ငါမလိုဘူး၊ ပြီးတော့ ငါက ဘိုးဘေးနတ်ဘုရားရဲ့ လမ်းစဉ်ကို လိုက်နေတာလည်း မဟုတ်ဘူး"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ပြန်လည်ချေပလိုက်၏။ "နင်က ဘာလို့ ဘိုးဘေးနတ်ဘုရားရဲ့ လမ်းစဉ်ကို မလိုက်တာလဲ"
ရီထျန်းမင်က တိုက်ရိုက်ပင်။ "ဘာလို့လဲဆိုတော့ ငါက မိုက်လို့လေ"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီး "..."
ရီထျန်းမင်၏ စကားများနှင့် သူမက လုံးဝ အသားမကျကြောင်း ရှင်းလင်းနေပေသည်။
ရီထျန်းမင်က သူမကို တစ်ချက်ကြည့်လိုက်၏။ "မိန်းကလေး... မင်းက ငါ့ကို အထင်သေးသလို ငါ့ပြိုင်ဘက်ကိုလည်း အထင်သေးနေတာပဲ။ ရိုးရိုးရှင်းရှင်းဆိုရရင်... ဒီအဆင့်တိုက်ပွဲက မင်းကစားဖို့ မဟုတ်ဘူး။ ငါက မင်းကို နှိမ့်ချပြောဆိုနေတာလည်း မဟုတ်ဘူး၊ စေတနာအမှန်နဲ့ ပြောနေတာ။ ဝင်မပါနဲ့၊ ဘယ်သူ့ကိုမှ မရွေးချယ်နဲ့၊ ကောင်းကောင်း နေထိုင်သွားပါ၊ ပြီးတော့ အဲဒီရှင်းပြလို့ မရတဲ့ ကိစ္စတွေနဲ့ မင်းကိုယ်မင်း ထပ်ပြီး ချည်နှောင်မထားပါနဲ့တော့။ မင်းရဲ့ ခမည်းတော်နတ်ဘုရား အပါအဝင် ဘယ်သူ့ကိုမှ မင်း လှုပ်ရှားစေနိုင်မှာ မဟုတ်ဘူး"
ပြောပြီးနောက် သူက လှည့်ထွက်သွားတော့၏။
ရီထျန်းမင်က တရားဝင်အိမ်တော်ထဲမှ ထွက်သွားတော့မည်ကို မြင်လိုက်ရသည်တွင် ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ရုတ်တရက် ထပ်မေးလိုက်သည်။ "ခမည်းတော်နတ်ဘုရားက ဘာလုပ်ချင်တာလဲဆိုတာကို နင် သိလား။ သူက..."
ရီထျန်းမင်က ရပ်တန့်သွားကာ လက်ကို ဝှေ့ယမ်းလျက် ထပ်မံဖြတ်ပြောလိုက်၏။ "သူ ဘာလုပ်ချင်လဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ အခုချိန်မှာ ငါ ရီထျန်းမင် လုပ်ချင်တာကိုလည်း ဘယ်သူမှ တားဆီးလို့ မရဘူး"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီး၏ အမူအရာက အင်မတန် မကျေမနပ် ဖြစ်သွားသည်။ "အကယ်၍ နင်သာ အဲ့ဒီလိုလုပ်မယ်ဆိုရင် နတ်ဘုရားတွေအားလုံးက နင့်ကို ပစ်မှတ်ထားလာကြလိမ့်မယ်၊ နင်..."
ရီထျန်းမင်က သူမကို ထပ်မံဖြတ်ပြောလိုက်၏။ "ငါက နတ်ဘုရားတွေကို ဂရုစိုက်နေတဲ့ပုံ ပေါက်နေလို့လား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက လေးနက်သောအသံဖြင့် "အဲဒီလောက်ထိ မမောက်မာပါနဲ့..."
ရီထျန်းမင်က ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ "မိန်းကလေး... မူလအကြောင်းအရာကိုပဲ ပြန်သွားကြရအောင်။ ငါက တကယ်ပဲ သက်ရှိသတ္တဝါအပေါင်းအတွက် လုပ်နေတာလားလို့ မင်းက ငါ့ကို မေးခဲ့တယ်။ မင်းရဲ့ မသိစိတ်ထဲက အဓိပ္ပာယ်ဟာ ငါ့အတွက်ငါ ပုန်ကန်နေတာလားလို့ မေးချင်နေတာမလား။ ဒါပေမဲ့ ငါက မင်းကို ပြန်မေးချင်တယ်။ အကယ်၍ တရားဝင်အိမ်တော်စကြာဝဠာက သတ္တဝါတွေသာ မပုန်ကန်ကြဘူးဆိုရင် နတ်ဘုရားတွေက သူတို့အတွက် ကန့်သတ်ချက်တွေကို ဖွင့်ပေးပြီး တရားဝင်အိမ်တော်စကြာဝဠာကနေ ထွက်ခွာခွင့် ပေးမှာလား။ သူတို့ ပေးမှာလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးမှာ တိတ်ဆိတ်သွား၏။
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "အောက်ခြေက လူတွေလည်း ခုခံကြမှာပဲ။ ပထမဆုံး ခုခံခဲ့တဲ့သူက ငါ ရီထျန်းမင် မဟုတ်ဘူး၊ ကွမ်ချွန်ဓားသခင်ပဲ။ အကယ်၍ ငါ မအောင်မြင်ဘူးဆိုရင်တောင် အောက်ဘက်ကနေ တခြားတစ်ယောက် ထပ်ပေါ်လာဦးမှာပဲ"
ထိုနေရာသို့ရောက်သော် သူက ရုတ်တရက် ရယ်မောလိုက်၏။ "မိန်းကလေး... မင်းကို မေးခွန်းတစ်ခု မေးမယ်။ ဘိုးဘေးနတ်ဘုရားက အောက်ခြေက လူတွေကို ခုခံစေချင်တယ်လို့ မင်း ထင်လား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးမှာ မှင်သက်သွား၏။ ထိုမေးခွန်းကို သူမက တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။
ထိုအမျိုးသမီး၏ အမူအရာကို မြင်လိုက်ရသည်တွင် ရီထျန်းမင်က ချက်ချင်းဆိုသလို ခေါင်းခါယမ်းလိုက်သည်။ "မိန်းကလေး... စဉ်းစားကြည့်လေ။ အကယ်၍ မင်းရဲ့ ခမည်းတော်နတ်ဘုရားက တရားဝင်အိမ်တော်မှာရှိတဲ့ သတ္တဝါတွေကို တကယ်ပဲ ဂရုမစိုက်ဘူးဆိုရင် ဘာလို့ သူတို့ကို မျှော်လင့်ချက် ပေးခဲ့မှာလဲ။ အကယ်၍ သူက ဟန်ချက်ညီမှုကိုပဲ တကယ်လိုချင်ခဲ့တယ်ဆိုရင် အဲဒီအချိန်တုန်းက ဟန်ချက်ညီမှုက ရှိပြီးသားလေ။ သူက ဘာလို့ တာအိုကို ဖြန့်ကြဲခဲ့တာလဲ။ ဟုတ်တယ်မလား"
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "အကယ်၍ သူကိုယ်တိုင်သာ တာအိုကို မဖြန့်ကြဲခဲ့ဘူးဆိုရင် အဲဒီအထွတ်အမြတ်နတ်ဘုရားသုံးပါး အပါအဝင် နတ်ဘုရားတွေအားလုံးက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ ဟုတ်တယ်မလား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက "ဟုတ်တယ်။ ဘယ်သူကမှ ခမည်းတော်နတ်ဘုရားကို ထိခိုက်အောင် မလုပ်နိုင်ဘူး"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ဒါဆို သူက တာအိုကို ဖြန့်ကြဲလိုက်တာဟာ ဒီဟန်ချက်ညီမှုကို ချိုးဖျက်ပြီး ဒီအောက်ခြေအဆုံးက သတ္တဝါတွေဆီ အခွင့်အရေးတစ်ခု ပေးချင်လို့ဆိုတဲ့ သဘောပဲ... ဒါက သူ့ရဲ့ အစစ်အမှန်အတွေးနဲ့ ရည်ရွယ်ချက်ပဲ။ ဒါကြောင့် အကယ်၍ မင်းသာ သူ့ကို တကယ် ကူညီချင်တယ်ဆိုရင် ငါ့ကို ကူညီလိုက်"
ဟန် "..."
ထိုအခိုက်အတန့်၌ ဟန်က ရင်းနှီးနေသော ခံစားချက်တစ်ခုကို ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏... လွန်ခဲ့သော အချိန်ကာလတစ်ခုဖြစ်သည့် လူသားဓားသခင်၏ ခေတ်ကာလတုန်းက ခံစားချက်မျိုးပင်။
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးသည်လည်း ရီထျန်းမင်၏ လှည့်ပတ်ပြောဆိုနေသော စကားများကြောင့် မှင်သက်သွား၏။
ရီထျန်းမင်က ဆက်ပြောလိုက်၏။ "တစ်ခါတလေကျရင် အဲဒီလောက် မရှုပ်ထွေးပါဘူး။ ဘိုးဘေးနတ်ဘုရားက တာအိုကို ဖြန့်ကြဲလိုက်တာက ခေတ်ဟောင်းရဲ့ နည်းလမ်းတွေက အလုပ်မဖြစ်တော့ဘူးလို့ သူခံစားလိုက်ရလို့ပဲ။ သူက အသစ်တစ်ခုခုကို လိုချင်ခဲ့တာ၊ ဒါမှမဟုတ် အပြောင်းအလဲတစ်ခုခု လိုအပ်နေခဲ့တာပေါ့။ မိန်းကလေး... ငါ ရီထျန်းမင်ရဲ့ စံနှုန်းတွေနဲ့ အတွေးတွေက သေချာပေါက် မှန်ကန်တယ်လို့တော့ ငါ မပြောရဲပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ငါစမ်းသပ်ရဲတယ်။ အကယ်၍ မင်း ငါ့ကို ယုံကြည်တယ်ဆိုရင် ငါနဲ့ ပူးပေါင်းဖို့အတွက် ကြိုးစားကြည့်လို့ ရတယ်။ အကယ်၍ မယုံကြည်ဘူးဆိုရင်လည်း ငါ့ပြိုင်ဘက်ကို ရွေးချယ်လိုက်ပေါ့။ မင်းကို ငါ ဘယ်တော့မှ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ပါဘူး"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် "သခင်လေးရီ... နင်ပြောနေတာတွေက ငါ့ကို လှည့်စားဖို့ ကြိုးစားနေသလိုမျိုး ဖြစ်နေပေမယ့် နင်ပြောတာတွေက အဓိပ္ပာယ်ရှိတယ်ဆိုတာကို ငါ့ရင်ထဲမှာတော့ သိပါတယ်။ တစ်ချိန်တုန်းက ကွမ်ချွန်ဓားသခင်ကို ခမည်းတော်နတ်ဘုရား ရွေးချယ်ခဲ့တဲ့သူလို့ ငါထင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျမှ သူ မဟုတ်ဘူးဆိုတာကို ငါ သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကွမ်ချွန်ဓားသခင်ရဲ့ အမိန့်က ဟန်ချက်ညီမှု ဖြစ်နေတုန်းပဲလေ။ ဒါပေမဲ့ နင်ကတော့ မဟုတ်ဘူး..."
ရီထျန်းမင်က ပြုံးကာ "ငါက ကိုယ်ပိုင်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သာမန်ပြည်သူတွေကို အသုံးချသွားမှာ မိန်းကလေးက စိုးရိမ်နေတယ်ဆိုတာကို ငါ သိပါတယ်"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
ရီထျန်းမင်က "ငါ ရီထျန်းမင်က အဲဒီလောက်ထိ မမြင့်မြတ်ပါဘူး။ ငါလုပ်နေတာတွေက သာမန်ပြည်သူတွေအတွက်ဆိုတာကို ငါ ဝန်ခံသလို ငါ့အတွက်လည်း ပါတာပဲ။ ပြီးတော့ ဒီနှစ်ခုက ပဋိပက္ခမဖြစ်ဘူးလို့လည်း ငါ ခံစားရတယ်။ ငါက... လိပ်ပြာသန့်ပါတယ်"
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "မိန်းကလေးကို ငါ နားချနိုင်ဖို့ မျှော်လင့်ပေမယ့် မင်းကို ငါလေးစားမိပါတယ်။ အကယ်၍ မင်းသာ ငါ့ကို ရွေးချယ်ခဲ့မယ်ဆိုရင် ငါ အရမ်းကို ကျေးဇူးတင်မိမှာပါ။ အကယ်၍ မင်း ငါ့ကို မရွေးချယ်ခဲ့ဘူးဆိုရင်လည်း ငါ နားလည်ပေးနိုင်ပါတယ်"
ရုတ်တရက် ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက "အဲဒီဝတ်စုံပြောင်ဝတ် အမျိုးသမီးကရော ဘယ်လိုထင်လဲ"
ရီထျန်းမင်မှာ တိတ်ဆိတ်သွားသည်။
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက တစ်စုံတစ်ခုကို သဘောပေါက်သွားကာ အလျင်အမြန်ပင်။ "တောင်းပန်ပါတယ်..."
ရီထျန်းမင်က ပြုံးကာ "အရိုးသားဆုံးပြောရရင် သူဘာတွေးနေလဲဆိုတာကို ငါ တကယ်မသိဘူး။ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒီသာမန်ပြည်သူတွေပဲဖြစ်ဖြစ်၊ အမိန့်ပဲဖြစ်ဖြစ်၊ တခြား ဘယ်လိုအယူအဆမျိုးပဲဖြစ်ဖြစ်... သူ့ရဲ့ မျက်လုံးထဲမှာတော့ အဲဒါတွေအားလုံးက အရမ်းကို အသေးအဖွဲဆန်တဲ့ ကိစ္စလေးတွေပဲ ဖြစ်လောက်တယ် မဟုတ်လား"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက သက်ပြင်းခပ်ဖျော့ဖျော့ ချလိုက်သည်။ "သူက တကယ်ကို ခန့်မှန်းရခက်တာပဲ... တကယ်တော့ သခင်လေး... အကယ်၍ သခင်လေးသာ သူက သခင်လေးကို ထောက်ခံတဲ့အကြောင်း အပြင်ကို ထုတ်ဖော်ပြောပြဖို့ ဆန္ဒရှိမယ်ဆိုရင် ငါတင်မကဘဲ တခြားလူအများအပြားကလည်း သခင်လေးကို ထောက်ခံဖို့ အရမ်းကို လိုလိုလားလား ရှိလာကြလိမ့်မယ်လို့ ငါယုံကြည်တယ်"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "ငါက သူ့ကို အဲဒီလို အသုံးချဖို့ အခွင့်အရေး မရှိပါဘူး"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးမှာ နားမလည်နိုင် ဖြစ်သွား၏။
ရီထျန်းမင်က ပြုံးကာ "ဒေါသထွက်လို့တော့ မဟုတ်ပါဘူး၊ ပြီးတော့ ငါက ခေတ်နောက်ကျနေတဲ့သူ တစ်ယောက်လည်း မဟုတ်ဘူး။ ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်လို့ရတာတွေ ရှိသလို လုပ်လို့မရတာတွေလည်း ရှိတာပဲလေ... သူ့ကို ငါက ဘယ်လိုအနေအထားမျိုးနဲ့ အသုံးချရမှာလဲ။ အကယ်၍ သူက ဒေါသမထွက်ဘူးဆိုရင်တောင် အဲဒီလိုလုပ်တာက မှားတယ်လို့ ငါခံစားရတယ်"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ငါ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သခင်လေးရီ... သခင်လေးရဲ့ ပြိုင်ဘက်မှာ ရှိတဲ့ အဆက်အသွယ်တွေနဲ့ အာဏာကို သခင်လေး သိလား။ ငါပြောနိုင်တာကတော့ အဲဒါက သခင်လေးစိတ်ကူးနိုင်တာထက် အများကြီး သာလွန်နေတယ် ဆိုတာပါပဲ"
ရီထျန်းမင်က "ငါ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပြီးပါပြီ"
ခြေတစ်ဖက်တည်းနှင့် အမျိုးသမီးက "ဒါဆို နောက်တစ်လှမ်းဆုတ်ဖို့ရော စဉ်းစားဖူးလား"
ရီထျန်းမင်က "မိန်းကလေး... မင်းနားလည်ထားရမှာက ငါနဲ့ ငါ့ပြိုင်ဘက်ဟာ နတ်ဘုရားတာအိုအတွက် တိုက်ခိုက်နေကြတာ မဟုတ်ဘူးဆိုတာပဲ၊ စံနှုန်းတွေအတွက် တိုက်ခိုက်နေကြတာ။ ဒီလိုတိုက်ပွဲမျိုးမှာ... တစ်ယောက်ယောက်က နောက်ဆုတ်လိုက်လို့ ရလို့လား။ ဒါ့ပြင် သူကလည်း နောက်ဆုတ်မှာ မဟုတ်ဘူးလေ၊ ဒါဆို ငါ ရီထျန်းမင်က ဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်မှာလဲ။ နောက်ဆုတ်တဲ့သူက သေချာပေါက် သေရမှာပဲ။ ဒါကြောင့် ငါ ရီထျန်းမင်မှာ နောက်ဆုတ်စရာလမ်း မရှိဘူး။ စကားတစ်ခွန်းတည်းပဲ ရှိတယ်။ သေခြင်းနဲ့ရှင်ခြင်းကို ပေါ့ပေါ့ပါးပါး သဘောထားပြီး သေတဲ့အထိ တိုက်ခိုက်မယ်"
ပြောနေရင်းဖြင့် သူက ရယ်မောလိုက်၏။ "တစ်ယောက်ယောက်က နောက်ဆုတ်ရမယ်ဆိုရင်တောင် သူက ငါ ရီထျန်းမင်ကို ရှောင်ရှားသွားရမှာ၊ ငါ ရီထျန်းမင်က သူ့ကို ရှောင်ရှားသွားရမှာ မဟုတ်ဘူး"
***