သွားမယ်!
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှာ ထိတ်လန့်သွားကာ ဤအတိုင်း ဆက်သွား၍မရကြောင်း သိလိုက်၏။
ထိုသူ၏စွမ်းအားမှာ အလွန်အမင်း ကြီးမားလွန်းလှရာ သူ၏ရုပ်သွင် အစစ်အမှန်ကို ထုတ်ဖော်ပြီးသည့်တိုင်အောင် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။ ဤသူမှာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် လမ်းကြောင်းကို ရှာတွေ့ထားပြီးသား ' ဧကရာဇ်တစ်ပိုင်း ' အဆင့်များ ဖြစ်နေလေမလား။
ကံဆိုးလိုက်တာ!
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ မျက်နှာမှာ အလွန်အမင်း အကျည်းတန်နေလေသည်။
အစက ကိစ္စသေးသေးလေးဟုသာ ထင်မှတ်ခဲ့သဖြင့် ချန်းရှီအင်မော်တယ်ဘုရင်၏ သတ်မှတ်ချက်များကို သဘောတူကာ ကူညီရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်ဝက်တွင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ပေါ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ဤသူ၏စွမ်းအားမှာ သူ၏စိတ်ကူးထက် များစွာ သာလွန်နေလေသည်။
" နောက်ပေါက်လေး... မင်းကို ငါ မှတ်ထားမယ် "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ကုချန်အား စူးစိုက်ကြည့်လိုက်၏။ ယခုအချိန်တွင် မည်သည့် ရင့်သီးသော စကားမျိုးပင်ပြောပြော အဓိပ္ပာယ်မရှိတော့ကြောင်း သူ သိ၏။ ထို့ကြောင့် အနာဂတ်တွင် အခွင့်အရေးရပါက ဤအကြွေးကို ပြန်ဆပ်ရန် ပြင်ဆင်ထားသည့်အနေဖြင့် ကုချန်၏ချီအငွေ့အသက်ကို သူ၏စိတ်ထဲတွင် ခိုင်မာစွာ မှတ်သားထားလိုက်လေသည်။
" ဝှစ်...! "
ညကောင်းကင်ယံမှာ လှိုင်းထသွားကာ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို ရစ်ပတ်သွားသည့် ထူထပ်သော အနက်ရောင် ကုလားကာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
အတွေးတစ်ချက်ဖြင့် အဆုံးမဲ့ ညဥ့်ယံမှာ သူ့အား ဖုံးကွယ်သွားကာ မိုင်သောင်းချီဝေးသော နေရာသို့ မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးလွတ်မြောက်ရန် ကူညီပေးလိုက်လေသည်။
ဤနေရာအား လွှမ်းခြုံထားသော ကောင်းကင်ဖုံးလွှမ်း နယ်ပယ်သည်လည်း ပျောက်ကွယ်တော့မည့်အလား ဖြည်းညင်းစွာ လှိုင်းထလာ၏။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ ဆုတ်ခွာလိုစိတ်များမှာ မြင့်တက်လာရကာ ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကိုပင် ဆက်လက်မထိန်းသိမ်းထားတော့ဘဲ ချက်ချင်း ထွက်ပြေးရန် ရည်ရွယ်လိုက်လေသည်။
ထွက်ပြေးနေစဉ်အတွင်း သူသည် လက်ကိုဆန့်ထုတ်ကာ ချန်းရှီအင်မော်တယ်ဘုရင်ကို ဖမ်းဆုပ်၍ သူနှင့်အတူ ဆွဲခေါ်သွားလေ၏။
အမှန်တကယ်တော့ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ချန်းရှီအင်မော်တယ်ဘုရင်၏ သေရေးရှင်ရေးကို ဂရုစိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိချေ။ သို့သော် ချန်းရှီမှာ သူ့ကို ပေးစရာရှိသည့် ဆုကြေးများ မပေးရသေးပေ။ ဤအတိုင်း ထွက်သွားလိုက်ပါက အချည်းနှီး ခရီးစဉ်တစ်ခု ဖြစ်မသွားပေဘူးလော။
" တော်ပါသေးရဲ့..... "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ထွက်ခွာသွားချိန်တွင် သူ့ကို ခေါ်သွားရန် မမေ့ခဲ့သည်ကို မြင်သောအခါ ချန်းရှီအင်မော်တယ်ဘုရင်မှာလည်း သက်ပြင်းချကာ သက်သာရာရသွားတော့၏။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ကိုယ့်လွတ်မြောက်ရေးကိုသာ ဂရုစိုက်ကာ သူ့ကို စွန့်ပစ်သွားမည်ကို သူ အမှန်တကယ် စိုးရိမ်ခဲ့မိသည်။
ထိုကြမ်းတမ်းသော နတ်ဘုရားသည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပင် တိုက်ပွဲတွင် ဖိနှိပ်ထားနိုင်ခဲ့၏။ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် ထွက်သွားပြီးနောက် ထိုသူ၏လက်မှ သူ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု ချန်းရှီအင်မော်တယ်ဘုရင် မထင်ထားချေ။
ယွဲ့လင်က ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အကူအညီကို ဘယ်ကနေ ရှာတွေ့လာတာလဲ။
ပြီးတော့ ဒီလူက ယွဲ့လင်ကို ဘာလို့ ကူညီရတာလဲ။
ချန်းရှီအင်မော်တယ်ဘုရင်၏ ရင်ထဲတွင် မကျေမချမ်းဖြစ်မှုများ ပေါ်လာလေသည်။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်အား သူ့ကိုယ်သူ ' တန်ရာတန်ကြေး ' အဖြစ် ပေးအပ်ခဲ့သည်ဟု သူ အလိုအလျောက် မှတ်ယူလိုက်မိ၏။
ထိုသို့မဟုတ်ပါက အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုသည် ယွဲ့လင်အင်မော်တယ်ဘုရင်အား ဤမျှအထိ အဘယ်ကြောင့် ကူညီရမည်နည်း။
သူ့အတွက် အနည်းငယ် ကူညီပေးရန် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပင် သူကိုယ်တိုင် ကြီးမားသော တန်ရာတန်ကြေး ပေးခဲ့ရ၏။ သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်ကမူ ယွဲ့လင်အင်မော်တယ်ဘုရင်အတွက်နှင့် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပင် စစ်ကြေညာရဲရုံသာမက တစ်ယောက်ယောက် မသေမချင်း မရပ်တန့်မည့်ပုံစံပင် ပေါက်နေလေသည်။
အကယ်၍ သူသာ ကြီးမားသော အကျိုးအမြတ်များ မရရှိခဲ့ပါက ထိုသို့သော အလုပ်မျိုးကို အဘယ်ကြောင့် လုပ်မည်နည်း။
ထို့ကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်မှ ထိုသူ့အား ကိုယ်ခန္ဓာ ပေးအပ်ခဲ့ခြင်းမှာ သေချာ၏။
ကျက်သရေမရှိလိုက်တာ!
သူ အချိန်ကြာမြင့်စွာ လိုချင်တပ်မက်နေခဲ့သော ' အဆီတဝင်းဝင်းနဲ့ အသားတုံး ' လေးသည် ယခုအခါ အခြားတစ်ယောက်၏ ပါးစပ်ထဲသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
ချန်းရှီအင်မော်တယ်ဘုရင်၏ မျက်နှာမှာ အနည်းငယ် တွန့်ချိုးသွား၏။ ဤအကျပ်အတည်းမှ လွတ်မြောက်သည်နှင့် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်၏ အကြွင်းအကျန် တစ်ယောက်ဖြစ်ကြောင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးသို့ ချက်ချင်း သတင်းဖြန့်ရန် သူ ဆုံးဖြတ်ထားလိုက်လေသည်။
သူ မရနိုင်တဲ့အရာကို တခြား ဘယ်သူမှလည်း မရစေရဘူး!
ယွဲ့လင်၏ အထောက်အထား ပေါ်ပေါက်သွားပါက အင်မော်တယ်ဘုရင် ဘီလူးကြီးများ အပါအဝင် စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင်များ၏ အာရုံစိုက်မှုသည် သူ့အပေါ် ကျိန်းသေပေါက် ကျရောက်လာမည် ဖြစ်သည်။
အဲဒီအချိန်ကျရင် မင်း ဘယ်လောက်ပဲ မောက်မာနေပါစေ ယွဲ့လင်ကို ကာကွယ်နိုင်ပါဦးမလား။
ချန်းရှီအင်မော်တယ်ဘုရင်သည် မနာလိုမှုနှင့် မုန်းတီးမှုတို့ဖြင့် တွေးတောလိုက်လေသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်သွားသော အေးစက်စက် အသံတစ်သံမှာ ချန်းရှီအင်မော်တယ်ဘုရင်၏ ရင်ကို တင်းကျပ်သွားစေခဲ့သည်။
" မင်းတို့ကို ထွက်သွားဖို့ ငါကိုယ်တော်က ပြောလိုက်လို့လား "
" ဘုန်း! "
ကောင်းကင်ကို တုန်လှုပ်သွားစေမည့် လက်သီးတစ်ချက်သည် ချန်းရှီအင်မော်တယ်ဘုရင်နှင့် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်တို့၏ ဆုတ်ခွာမည့် လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့လိုက်လေသည်။
" နောက်ပေါက်လေး... မင်းက ဒီနေ့ ငါအရှင်နဲ့ သေရေးရှင်ရေး တိုက်ခိုက်ဖို့ အမှန်တကယ် ရည်ရွယ်ထားတာလား "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်၏ အသံမှာ အေးစက်နေ၏။ ယနေ့ သူ့ကို အလွတ်ပေးရန် ကုချန် ရည်ရွယ်ချက် မရှိကြောင်းကို သူ သိလိုက်ပုံရလေသည်။
" ဘန်း! "
ကုချန်သည် ဘာမျှမပြောဘဲ လက်သီးများကိုသာ ဆက်တိုက် လွှဲယမ်းလိုက်၏။ ဧကရာဇ်လက်သီးသည် ကောင်းကင်ကို ပိတ်လှောင်သွားကာ တောင်ပြိုရေလျှံသကဲ့သို့ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို ခေါင်းမဖော်နိုင်လောက်အောင် ဖိနှိပ်ထားလေသည်။
" အား!! "
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ကုချန်၏ မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အသက်ရှူရချောင်ရန် အချိန်အနည်းငယ် ရရှိရေးအတွက် ကြီးမားသော လက်ကိုဆန့်ထုတ်ကာ ချန်းရှီအင်မော်တယ်ဘုရင်ကို သူ၏ရှေ့သို့ တိုက်ရိုက် ပစ်ပေါက်လိုက်ပြီး ကုချန်၏လက်သီးကို ကာကွယ်လိုက်လေသည်။
ရုတ်တရက် အငိုက်မိသွားသဖြင့် ချန်းရှီအင်မော်တယ်ဘုရင်သည် အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့သော်လည်း ကုချန်၏ ဧကရာဇ်လက်သီးကို မည်သို့ တားဆီးနိုင်မည်နည်း။
ကုချန်၏လက်သီး ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် ချန်းရှီအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲထွက်သွားတော့၏။ ကုချန်၏အကြည့်မှာ တုန်လှုပ်ခြင်း မရှိချေ။ သူ၏လက်သီးမှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်း စွမ်းအားသည် ပြန်လည်ဖွဲ့စည်းရန် ရုန်းကန်နေသော ချန်းရှီအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ရိုက်ချိုးပစ်လိုက်ကာ အသားနှင့် သွေးများကို ပြိုကျပျက်စီးသွားစေခဲ့သည်။
" ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်... ကျွန်တော့်ကို ကယ်ပါဦး "
ချန်းရှီအင်မော်တယ်ဘုရင်မှ အထပ်ထပ် အော်ဟစ်ကာ အသံကျယ်ကျယ်ဖြင့် အကူအညီ တောင်းလိုက်လေသည်။
သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် သူ့ကို ကယ်တင်ရန် မကြိုးစားတော့ချေ။ ကုချန်သည် သူ့ကို သေရေးရှင်ရေး တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် မြင်ပြီးဖြစ်သည်။ ဤအခြေအနေမျိုးတွင် သူကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုယ် သီသီလေး ကာကွယ်နိုင်ရာ ဤအသုံးမကျသောလူကို ကာကွယ်ရန် မည်သို့ ခွန်အားပို ရှိနေမည်နည်း။
ကုချန်ကို တားဆီးရန် ချန်းရှီအင်မော်တယ်ဘုရင်ကို ရှေ့သို့ ပစ်ပေါက်လိုက်ကတည်းက ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် သူ့ကို စွန့်ပစ်လိုက်ပြီ ဖြစ်လေသည်။
" ဟင့်အင်း...! "
ချန်းရှီအင်မော်တယ်ဘုရင်၏ ဟိန်းဟောက်သံတွင် နာကြည်းမှုနှင့် မကျေချမ်းမှုများ ပြည့်နှက်နေ၏။
သို့သော် သူ၏ အသားနှင့် သွေးများ လုံးဝ ပြိုကျပျက်စီးသွားသည်နှင့်အမျှ အော်ဟစ်သံများမှာလည်း ရုတ်ချည်း ရပ်တန့်သွားတော့သည်။
ချန်းရှီအင်မော်တယ်ဘုရင်... ကျဆုံးလေပြီ!
ချန်းရှီ သေသွားပြီ။
ချန်းရှီအင်မော်တယ်ဘုရင် လုံးဝ ပျက်သုဉ်းပျောက်ကွယ်သွားသည်ကို ကြည့်ကာ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် သက်သာရာရမှုများ ရုတ်တရက် ဖြစ်ပေါ်လာ၏။
ဤနှစ်များတစ်လျှောက်လုံး ချန်းရှီအင်မော်တယ်ဘုရင်သည် သူ့ကို လိုချင်တပ်မက်နေခဲ့ကာ တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးနေခဲ့သည်။
ယခုအခါ ဤပြဿနာသည် နောက်ဆုံးတွင် လုံးဝ ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။
ယနေ့မှစ၍ မည်သူကမျှ သူ၏လျှို့ဝှက်ချက်ကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်ခြင်း၊ ပြဿနာရှာခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။
ဤကြီးမားသော လျှို့ဝှက်အန္တရာယ်ကြီး ပျောက်ကွယ်သွားပြီဖြစ်ရာ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ မည်သို့ သက်သာရာမရဘဲ နေမည်နည်း။
ဤအရာအားလုံးမှာ ကုချန်၏ အကူအညီကြောင့်ပင် ဖြစ်လေသည်။
ကုချန်အား ကြည့်သော ယွဲ့လင်အင်မော်တယ်ဘုရင်၏ အကြည့်များတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။
ကုချန်အနေဖြင့် အသက်သာဆုံး နည်းလမ်းဖြစ်သော ချန်းရှီအင်မော်တယ်ဘုရင်ကို ရိုးရှင်းစွာ နောက်ဆုတ်သွားအောင် လုပ်ခြင်းအား ရွေးချယ်၍ရကြောင်း သူ သိလေသည်။
သို့သော် ယခုအခါ သူ့အတွက်နှင့် တစ်ဖက်လူသည် ချန်းရှီအင်မော်တယ်ဘုရင်ကို တုံ့ဆိုင်းမနေဘဲ အင်အားသုံး၍ ကွပ်မျက်ပစ်ခဲ့ကာ ယခု ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပင် အလွတ်မပေးလိုတော့ချေ။
ဒီလိုလူမျိုးကို သစ္စာခံရတာက မဆိုးလောက်ဘူး ထင်တယ်?
ယွဲ့လင်အင်မော်တယ်ဘုရင်သည် တစ်ကိုယ်တည်း ငြိမ်သက်စွာ တွေးတောလိုက်မိ၏။
ချန်းရှီအင်မော်တယ်ဘုရင် သေဆုံးသွားခြင်းက မည်သည့် လှိုင်းဂယက်မျှ မဖြစ်ပေါ်စေခဲ့ချေ။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် ချန်းရှီ ကျဆုံးသွားသော နေရာကို တုန်လှုပ်ခြင်းကင်းမဲ့စွာ အေးစက်စက် ကြည့်နေလေသည်။
" အသုံးမကျတဲ့ အမှိုက်ကောင်... ငါအရှင်ကို အချိန်ခဏလေး ရအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် မင်း သေရတာ တန်ပါတယ် "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်မှ အေးစက်စွာ ပြောလိုက်၏။
ကုချန်ကို ခဏတာ တားဆီးရန် ချန်းရှီအင်မော်တယ်ဘုရင်ကို ရှေ့သို့ ပစ်ပေါက်လိုက်ချိန်တွင် သူ ဘာမှမလုပ်ဘဲ နေခဲ့ခြင်း မဟုတ်ချေ။ ယင်းအစား သူသည် လက်သင်္ကေတများကို ဆက်တိုက် ဖန်တီးကာ တစ်ခုခုကို တိတ်တဆိတ် ပြင်ဆင်နေခဲ့ခြင်း ဖြစ်လေသည်။
ယခု ချန်းရှီအင်မော်တယ်ဘုရင် သေဆုံးသွားချိန်တွင် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည်လည်း သူ၏တိတ်တဆိတ် ပြင်ဆင်မှုများကို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
" နောက်ပေါက်လေး... ငါ ဒီလှုပ်ရှားမှုကို ဖန်တီးပြီးကတည်းက တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး... ဒီနည်းလမ်းကို ထုတ်သုံးအောင် ငါအရှင်ကို တွန်းအားပေးနိုင်တဲ့ ပထမဆုံးလူက မင်းပဲ "
" ဘာပဲဖြစ်ဖြစ် ငါအရှင်ရဲ့ နောက်ဆုံးအဆုံးအဖြတ် လက်နက်နဲ့ သေရတာဆိုတော့ မင်း ဂုဏ်ယူဖို့ လုံလောက်နေပါပြီ "
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အေးစက်စက် အကြည့်များဖြင့် ကုချန်ထံသို့ စိုက်ကြည့်လိုက်ကာ ယုတ်မာစွာ ရယ်မောလိုက်လေသည်။
***