မင်းလည်း မသိဘူးလား။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ အဖြေကို ကြားသောအခါ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားမှာ ကျိန်ဆဲမိလုနီးပါး ဖြစ်သွားကြသည်။
မသိဘူး ဟုတ်လား!? ဘယ်သူက ယုံမှာလဲ!
ချန်းရှီအင်မော်တယ်ဘုရင်ရော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ပါ မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲမှာ သေဆုံးသွားတာလေ။ ပြီးတော့ မင်းက တခြားသူတွေထက် အရင် ဒီကိုရောက်နေတာဆိုတော့ ခုလေးတင် ဖြစ်သွားသမျှကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတာ သေချာနေတာပဲ။
မင်းက မသိဘူးဆိုရင် ဒီကျယ်ပြောလှတဲ့ အင်မော်တယ်နယ်မြေကြီးထဲမှာ တခြား ဘယ်သူကများ သိနိုင်တော့မှာလဲ!
" ဒီမှာ ကျန်ရစ်ခဲ့တဲ့ ချီအငွေ့အသက်ကို ကြည့်ရတာ... တာအိုရောင်းရင်း ကောင်းကင်ဖုံးလွှမ်းအရှင်က ကောင်းကင်ဖုံးလွှမ်း နယ်ပယ်ကို ခင်းကျင်းခဲ့တာ ဖြစ်ရမယ်... ဒါကြောင့် ဘာအငွေ့အသက်မှ အပြင်မထွက်ခဲ့တာပဲ "
" ဒါပေမယ့် ဒီနယ်ပယ်ထဲမှာ ဘာတွေဖြစ်သွားလို့ သူ အလကား သေဆုံးသွားရတာလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး "
ရှေးဟောင်း အင်မော်တယ်ဘုရင် တစ်ပါးမှ စဉ်းစားဟန်ဖြင့် ပြောဆိုလိုက်၏။
" ဟက်...! ယွဲ့လင်အင်မော်တယ်ဘုရင်... မင်းက ဒီလဝိညာဉ် ကောင်းကင်ဘုံရဲ့ အရှင်သခင်ဖြစ်ပြီး ဒီနယ်မြေရဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်ထားသူပဲ... အစကတည်းက မသိခဲ့ဘူးဆိုရင်တောင် ကောင်းကင်ဖုံးလွှမ်း နယ်ပယ် ပြိုကွဲသွားချိန်မှာ တစ်ခုခုကိုတော့ မင်း ခံစားသိသင့်တာပေါ့... ဘယ်လိုလုပ် ဘာမှမသိဘူးလို့ ပြောနိုင်ရတာလဲ "
အခြား ရှေးဟောင်း အင်မော်တယ်ဘုရင် တစ်ပါးကလည်း မယုံကြည်နိုင်စွာ ဝင်ရောက် ပြောဆိုလိုက်၏။
သူတို့သည် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် မည်သည့် ကိုယ်ရေးကိုယ်တာ ပတ်သက်မှုမျှ မရှိသလို သူ့အတွက် လက်စားချေပေးရန်လည်း ရည်ရွယ်ချက်မရှိကြချေ။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင် သေဆုံးရသည့် အကြောင်းရင်းကို ယွဲ့လင်ထံမှ အတင်းအကျပ် သိချင်နေကြခြင်းမှာ ရိုးရှင်းစွာပင် သူတို့ ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။
ဟုတ်ပေသည်။ သူတို့ ကြောက်ရွံ့နေကြ၏။
အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများအနေဖြင့် အရှင်ရှီနှင့် ကူအင်မော်တယ်ဘုရင်တို့ကဲ့သို့သော တည်ရှိမှုများသည် အင်မော်တယ်ဧကရာဇ်များ ဝင်မပါသရွေ့ ဤကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပေသည်။
၎င်းတို့သည် အင်မော်တယ်ဧကရာဇ်များကို သွားရောက်စော်ကားလောက်အောင် မမိုက်မဲကြသဖြင့် ရှေးခေတ်တစ်လျှောက်လုံး အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသည်ဆိုသော သတင်းမျိုး မရှိခဲ့ဖူးချေ။
သို့သော် ယခုအခါ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများထဲမှ တစ်ပါးဖြစ်သော ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်သည် အကြောင်းပြချက်မရှိ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်က ဘာကို ဆိုလိုသနည်း။
ဆိုလိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော သူတို့ကိုယ်တိုင်ပင် လုံခြုံမှု မရှိတော့ကြောင်းပင်။
ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ပင် သေဆုံးနိုင်မှတော့ သူတို့လည်း ကျိန်းသေ သေဆုံးနိုင်လေသည်။
ဤမတည်ငြိမ်မှုနှင့် မသေချာမှုများကြောင့်ပင် အမှန်တရားကို သူတို့ အပူတပြင်း သိချင်နေကြခြင်း ဖြစ်၏။
အင်မော်တယ်ဘုရင်များ၏ တစ်ပြိုင်နက် စူးစိုက်ကြည့်လာမှုကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ ရင်ထဲတွင် တင်းကျပ်သွားကာ အမှန်တရားကို ပြောပြလိုက်ချင်စိတ်များပင် ပေါ်လာမိသည်။ သို့သော် ကုချန်၏ရည်ရွယ်ချက်ကို သိထားသဖြင့် ကုချန်နှင့် ပတ်သက်သည့် အချက်အလက်ကို သူ မည်သို့ ထုတ်ဖော်ပြောဆိုရဲမည်နည်း။
ထို့ကြောင့် အင်မော်တယ်ဘုရင်များ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသော်လည်း သူသည် အေးဆေးစွာသာ ပြန်လည် ပြောဆိုလိုက်၏။
" ကျွန်မလည်း ခုလေးတင် ချီအငွေ့အသက်တချို့ကို ခံစားမိလို့ ဒီကို ပြေးလာခဲ့တာပဲ... ဒါပေမယ့် ကျွန်မတွေ့ခဲ့ရတာတွေက ရှင်တို့မြင်ရတာတွေနဲ့ ဘာမှမကွာပါဘူး... ချန်းရှီနဲ့ ကောင်းကင်ဖုံးလွှမ်းအရှင်ကို ဘယ်သူသတ်သွားလဲဆိုတာ ကျွန်မလည်း မမြင်လိုက်ရဘူးလို့ ပြောပြီးပြီပဲ "
" ယွဲ့လင်... မင်း ဘယ်သူ့ကို လာလှည့်စားနေတာလဲ! တာအိုရောင်းရင်း ချန်းရှီနဲ့ မင်းကြားမှာ ရန်ငြိုးရှိတယ်ဆိုတာ လူတိုင်းအသိပဲ "
" အခု တာအိုရောင်းရင်း ချန်းရှီက မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံထဲမှာ အကြောင်းပြချက်မရှိ သေဆုံးသွားရုံမကဘဲ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကိုပါ ဆွဲခေါ်သွားသေးတယ်... မင်းက ဘာမှမသိဘူးလို့ ပြောနေတာလား... သရဲကိုသာသွားလိမ်လိုက်! "
ချန်းရှီအင်မော်တယ်ဘုရင်နှင့် ဆက်ဆံရေးကောင်းမွန်သော ကွမ်ယီအင်မော်တယ်ဘုရင်မှာ မနေနိုင်တော့စွာ ဝင်ရောက်မေးခွန်းထုတ်လိုက်၏။
မကြာသေးမီကမှပင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် ဤလဝိညာဉ် ကောင်းကင်ဘုံ၌ ကျဆုံးသွားခဲ့ပြီး ယခု ချန်းရှီနှင့် ကောင်းကင်ဖုံးလွှမ်းအရှင်တို့ပါ ထပ်မံကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။
လဝိညာဉ် ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်သော ယွဲ့လင်အင်မော်တယ်ဘုရင်မှ ဤအရာအားလုံးကို လုံးဝ မသိပါဘူးဆိုလျှင် သရဲကသာ ယုံပေလိမ့်မည်။
ယွဲ့လင်အင်မော်တယ်ဘုရင်မှာ သူတို့ကို ပြီးစလွယ်ပြောကာ လှည့်စားနေကြောင်း ထင်ရှားလှပေသည်။
အင်မော်တယ်ဘုရင်များ စုံလင်နေခိုက် ယွဲ့လင်ထံမှ ရှင်းလင်းသော အဖြေတစ်ခုကို အတင်းတောင်းဆိုလိုသည့်အလား ကွမ်ယီအင်မော်တယ်ဘုရင်၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်သွား၏။
သူသည်လည်း ကြောက်ရွံ့နေသည်။ အဘယ်ကြောင့်ဆိုသော် ချန်းရှီနှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် ယခင်က ချန်းရှီသည် ယွဲ့လင်ကို ပစ်မှတ်ထားချိန်တိုင်း သူ ဝင်ရောက်ကူညီပေးခဲ့ဖူးသောကြောင့်ပင်။
ယခု ချန်းရှီ သေဆုံးသွားပြီဖြစ်ရာ ချန်းရှီအင်မော်တယ်ဘုရင် ကျဆုံးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရပါက ကွမ်ယီအင်မော်တယ်ဘုရင်သည် သေချာပေါက် စိတ်အေးနိုင်မည် မဟုတ်ချေ။
" ကျွန်မ မသိဘူးလို့ ပြောပြီးပြီပဲ "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကွမ်ယီအင်မော်တယ်ဘုရင်ကို ကြည့်ကာ ယခင်ကဲ့သို့ပင် အေးတိအေးစက် လေသံဖြင့် ပြန်လည် ဖြေဆိုလိုက်၏။
" ကွမ်ယီအင်မော်တယ်ဘုရင်မှာ စွမ်းရည်ရှိရင် ရှင်ဘာသာရှင် သေချာ စုံစမ်းကြည့်လိုက်ပေါ့ "
" ဒါပေမယ့် ကျွန်မ ကြိုပြောထားမယ်... စုံစမ်းနေရင်းနဲ့ မတော်တဆ အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုခုကို စော်ကားမိပြီး အပြစ်ပေးခံရတာ... ဒါမှမဟုတ် ကျဆုံးသွားတာမျိုး ဖြစ်ရင် ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော် "
အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုခု?
ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားကြောင့် အင်မော်တယ်ဘုရင်များ၏ ရင်ထဲတွင် အလိုအလျောက် တင်းကျပ်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်ကို သတ်ဖြတ်သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် သေချာပေါက် ပတ်သက်နေမည်ဟု လူတိုင်းက တိတ်တဆိတ် ကောက်ချက်ချထားပြီးဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ယွဲ့လင်မှ ဤစကားများကို ရည်ရွယ်ချက်မရှိသလိုမျိုး ပြောလိုက်သောအခါ ထိုနေရာရှိ အင်မော်တယ်ဘုရင်များ အားလုံး အလေးအနက် မတွေးဘဲ မနေနိုင်တော့ချေ။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုမှ အမြင့်မြတ်ဆုံး တည်ရှိမှုဟု ခေါ်ဆိုရလောက်သည်အထိဆိုလျှင် အင်မော်တယ်ဘုရင်များ၏ အထက်တွင်ရှိသော အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသာ ဖြစ်နိုင်ပေသည်။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှာ သူ့ကို ကာကွယ်ပေးမယ့် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုများ ရှိနေတာလား။
ဝိညာဉ်ဧကရာဇ်လား။ ပထမဧကရာဇ်လား။ ရွှမ်ဧကရာဇ်လား။ ဒါမှမဟုတ် ဘယ်သူလဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမြတ်သော တည်ရှိမှု အသီးသီး၏ နာမည်များသည် ထိုအင်မော်တယ်ဘုရင်များ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားတော့၏။
ထိုအချိန်၌ပင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည်လည်း ယခင်က ဤနေရာ၌ပင် ကျဆုံးခဲ့ကြောင်း ထိုအင်မော်တယ်ဘုရင်များ ပြန်လည်သတိရသွားကြသည်။
ထိုစဉ်က ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင် သေဆုံးသွားချိန်တွင် အခြား အင်မော်တယ်ဘုရင်များမှာ သူတို့၏ နောက်ကွယ်ရှိ အင်မော်တယ်ဧကရာဇ်များထံ သတင်းပို့ခဲ့သော်လည်း နောက်ဆုံးတွင် ဤကိစ္စကို ဘေးဖယ်ထားခဲ့ကြပြီး မည်သည့် အင်မော်တယ်ဧကရာဇ်ကမျှ လဝိညာဉ် ကောင်းကင်ဘုံသို့ ဆင်းသက်ကာ စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ချေ။ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
အကယ်၍ ထိုစဉ်က ရှေးဟောင်းမကောင်းဆိုးဝါးကို သတ်ခဲ့သူသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှ အင်မော်တယ်ဧကရာဇ်သာ ဖြစ်မည်ဆိုပါက အရာအားလုံးသည် ယုတ္တိရှိသွားလေပြီ။
အင်မော်တယ်ဧကရာဇ်တစ်ပါးက ကိုယ်တိုင် ဝင်ပါနေပြီဆိုမှတော့ အခြား အင်မော်တယ်ဧကရာဇ်များက မျက်နှာသာပေးကြမည်မှာ သဘာဝပင်။ ထို့ကြောင့် သူတို့သည် ဘာကိုများ သွားစုံစမ်းနေရမည်နည်း။ ရှေးဟောင်းမကောင်းဆိုးဝါးအရှင် သေဆုံးရခြင်းမှာ အလကားဖြစ်သွားရ၏။
ယခု ချန်းရှီနှင့် ကောင်းကင်ဖုံးလွှမ်းအရှင်တို့၏ ကိစ္စမှာလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
ဒါပေမယ့် ယွဲ့လင်အင်မော်တယ်ဘုရင်ရဲ့ နောက်ကွယ်က ဘယ်အင်မော်တယ်ဧကရာဇ်လဲ။
မှတ်မိပြီ။ ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်က ရှေးခေတ်တုန်းက အင်မော်တယ်ဧကရာဇ် တစ်ပါးကို စော်ကားမိခဲ့တယ်လို့ ကောလာဟလ ကြားဖူးတယ်။ အခု ဝင်ပါလိုက်တာ အဲဒီအင်မော်တယ်ဧကရာဇ်များ ဖြစ်နေမလား။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အတွေးများစွာသည် ထိုအင်မော်တယ်ဘုရင်များ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်မှ ' တည်ရှိမှု ' သည် ကြီးမြတ်သော အင်မော်တယ်ဧကရာဇ် တစ်ပါးဖြစ်ကြောင်း သူတို့ဘာသာ အလိုအလျောက် ကောက်ချက်ချလိုက်ကြတော့သည်။
ယခု ဝင်ပါလိုက်သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သိသွားပြီဖြစ်ရာ ထိုအင်မော်တယ်ဘုရင်များသည် ဆက်လက် အတင်းအကျပ် မေးခွန်းထုတ်ရဲလောက်အောင် အကင်းမပါးသူများ မဟုတ်ကြတော့ချေ။
နောက်ကွယ်မှ လှုပ်ရှားနေသော အင်မော်တယ်ဧကရာဇ်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြသရန် ဆန္ဒမရှိသည်ဖြစ်ရာ သူတို့သာ ဆက်လက် ဖိအားပေးနေပါက အင်မော်တယ်ဧကရာဇ်တစ်ပါးကို အကြောင်းပြချက်မရှိ စော်ကားလိုက်သကဲ့သို့ ဖြစ်မသွားပေဘူးလော။
ထိုနေရာရှိ မည်သည့် အင်မော်တယ်ဘုရင်မျှ အရူးများ မဟုတ်ကြရာ သေချာပေါက် မည်သူကမျှ ထိုသို့ မလုပ်ချင်ကြပေ။
ယွဲ့လင်အင်မော်တယ်ဘုရင်၏ နောက်ကွယ်တွင် အင်မော်တယ်ဧကရာဇ်တစ်ပါး ရှိနေကြောင်း သိရရုံဖြင့် လုံလောက်လေပြီ။
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် သူတို့ကို အကြောင်းပြချက်မရှိ ပြဿနာရှာမည် မဟုတ်ချေ။ အနာဂတ်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်ကို မတော်တဆ မစော်ကားမိစေရန် သတိထားရုံသာ လိုအပ်တော့သည်။
" တာအိုရောင်းရင်း ယွဲ့လင် မပြောချင်လည်း ရပါတယ်... ဒါဆိုရင်လည်း ငါတို့ကို အရင် သွားခွင့်ပြုပါဦး "
အင်မော်တယ်ဘုရင်များသည် မိမိတို့အတွက် သင့်တော်သော ထွက်ပေါက်တစ်ခုကို အလျင်အမြန် ရှာဖွေလိုက်ကြ၍ စကားအနည်းငယ်မျှ ပြောဆိုကာ ယွဲ့လင်အင်မော်တယ်ဘုရင်ကို နွေးထွေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် အားလုံး ထွက်ခွာသွားကြလေသည်။
ရုတ်တရက် အငိုက်မိသွားသော ကွမ်ယီအင်မော်တယ်ဘုရင် တစ်ပါးတည်းသာ ထိုနေရာတွင် တောင့်တင်းစွာ ရပ်ကျန်ခဲ့တော့၏။
သူသည် ကျားအရေခြုံ၍ ခြိမ်းခြောက်ရန်ပင် အချိန်မရလိုက်မီ ထိုအင်မော်တယ်ဘုရင်များ အားလုံး လစ်ထွက်သွားကြလိမ့်မည်ဟု အမှန်တကယ် မထင်မှတ်ထားခဲ့ချေ။
***