နောက်ဆုံးတော့ အင်မော်တယ်နယ်မြေကို တက်လှမ်းဖို့ အချိန်ရောက်လာပြီ!
ကုချန်၏အသံ ထွက်ပေါ်လာသောအခါ ကုမိသားစုဝင် အားလုံး၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တောင့်တမှုများ ထွက်ပေါ်လာ၏။
လွန်ခဲ့သော ဆယ်နှစ်က နောက်ဆယ်နှစ်အကြာတွင် အင်မော်တယ်နယ်မြေသို့ တက်လှမ်းမည်ဟု ကုချန် ညွှန်ကြားခဲ့ကတည်းက ကုမိသားစုဝင် အားလုံးသည် ဤနေ့ကို တိတ်တဆိတ် စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။
အင်မော်တယ်နယ်မြေ!
ထိုအရာသည် အဆုံးမဲ့ကမ္ဘာ၏ အဆုံးအစမဲ့ နှစ်ကာလများတစ်လျှောက်လုံး မရေမတွက်နိုင်သော သက်ရှိများ၏ အမြင့်ဆုံး အိပ်မက်တစ်ခု ဖြစ်ခဲ့လေသည်။
ရှေးဟောင်း အမြင့်မြတ်ဆုံး တည်ရှိမှု အများအပြားသည် တားမြစ်နယ်မြေများအတွင်း နှစ်ပေါင်းများစွာ ဒုက္ခခံကာ အင်မော်တယ် တက်လှမ်းနိုင်ရန်အတွက်သာ နှစ်သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာတိုင်အောင် တိတ်ဆိတ်စွာ ပုန်းအောင်းနေခဲ့ကြသော်လည်း နောက်ဆုံးတွင် တစ်ဦးတစ်ယောက်မျှ အောင်မြင်ခဲ့ခြင်း မရှိချေ။
ယခုအခါ ကုမိသားစုသည် ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးနှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းတော့မည်ဖြစ်ရာ ဤကဲ့သို့ အိပ်မက်ဆန်သော ရလဒ်မှာ လူအများကို မည်သို့ စိတ်မလှုပ်ရှားစေဘဲ နေမည်နည်း။
" ငါ ကုယိုလည်း အင်မော်တယ်နယ်မြေကို တက်လှမ်းရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး "
ကုယိုသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်နေလေသည်။
သူသည် မူလက ကုမိသားစုရွာမှ ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် ဟွမ်သွမ့် မူလဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခဲ့သည်။ ဤဘဝတွင် သူ၏ အကြီးမားဆုံး အိပ်မက်မှာ ဒဏ္ဍာရီလာ ရှေးဟောင်းသူတော်စင် တစ်ပါးဖြစ်လာရန် ရည်မှန်းထားခြင်းသာ ဖြစ်သည်။
ဒဏ္ဍာရီလာ မဟာဧကရာဇ်အဆင့်ဆိုသည်ကိုမူ သူ တစ်ခါမှပင် မတွေးဝံ့ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ပါရမီဖြင့် ဧကရာဇ်ဖြစ်ရန် အခွင့်အရေး မရှိကြောင်း ကုယို သိထားသောကြောင့်ပင်။ ဤဘဝတွင် သူ သူတော်စင်ဖြစ်လာခြင်းကပင် ဘိုးဘေးသင်္ချိုင်းတွင် အမွှေးတိုင်ကြီး ထွန်းညှိရသကဲ့သို့ အလွန်ကံကောင်းလွန်းလှနေလေပြီ။
သို့သော် နောက်ပိုင်း သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် ကုယိုအတွက် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ဟွမ်သွမ့် မူလဂိုဏ်းသည် ကျူးကျော်လာသော နတ်ဆိုးနယ်မြေ သက်ရှိများ၏ မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ အပြင်သို့ စွန့်စားခရီးထွက်နေခိုက်ဖြစ်၍ သီသီလေး လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုမိသားစုရွာသို့ သူ ပြန်ရောက်လာသောအခါ တစ်ချိန်က သာမန်ရွာငယ်လေးသည် ယခုအခါ ဒဏ္ဍာရီလာ ကောင်းကင်တားမြစ်နယ်မြေရှိ ကုမိသားစုနှင့် ဆက်နွှယ်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။
သူကိုယ်တိုင်လည်း ကောင်းကင်တားမြစ်နယ်မြေရှိ ထိုကုမိသားစု မဟာဧကရာဇ်၏ သွေးသားမျိုးဆက် တစ်ယောက် ချက်ချင်း ဖြစ်သွားခဲ့လေသည်။
ထိုအချိန်မှစ၍ သူ၏ဘဝသည် လှည့်ကွက်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။ ဘိုးဘေး၏ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဆင့်ခေါ်ခြင်းကို ခံရကာ အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခုထံမှ လမ်းညွှန်မှုများ ရရှိခဲ့ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို အသုံးပြုခွင့် ရရှိခဲ့သည်။
နှစ်တစ်ရာတည်းအတွင်းမှာပင် သူ တစ်သက်လုံး တောင့်တခဲ့ရသော သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုမျှမက ယနေ့တွင် သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ အင်မော်တယ်နယ်မြေသို့ပါ တက်လှမ်းတော့မည် ဖြစ်သည်။
ဤသည်မှာ ခေတ်အဆက်ဆက်မှ မဟာဧကရာဇ်များနှင့် ရှေးဟောင်းဧကရာဇ်များပင်လျှင် မည်သည့်အခါမျှ မအောင်မြင်ခဲ့သော အရာတစ်ခု ဖြစ်လေသည်။
" အဟွတ်! အဟွတ်! ရှောင်ယို... မင်း အင်မော်တယ်နယ်မြေကို ရောက်သွားပြီးရင်တော့ ပေါ့ပေါ့ဆဆ နေလို့မရဘူးနော်... အင်မော်တယ်နယ်မြေက ငါတို့ အဆုံးမဲ့ကမ္ဘာထက် အဆများစွာ ပိုကြီးတယ်လို့ ငါ ကြားဖူးတယ် "
" အဲဒီမှာက ပါရမီရှင်တွေနဲ့ ကျွမ်းကျင်သူတွေက တိမ်တွေလို ပိုလို့တောင် စုဝေးနေကြသေးတာ "
" ကုမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ မင်းက အားလုံးကို နောက်မဆွဲထားမိစေနဲ့နော် "
ရွာသူကြီး ကုရှန်မင်သည် တောင်ဝှေးကို အားပြုကာ ကုယိုထံသို့ လျှောက်လာ၍ ချောင်းဟန့်ရင်း ဆုံးမစကား ပြောဆို၏။
" ရွာသူကြီး... ကျွန်တော်တို့နဲ့အတူ အင်မော်တယ်နယ်မြေကို တကယ်ပဲ မလိုက်တော့ဘူးလား "
သူ့ဘေးရှိ ရွာသူကြီးကို ကြည့်ကာ ကုယိုမှာ မနေနိုင်စွာ မေးမြန်းလိုက်၏။
လွန်ခဲ့သော ငါးနှစ်က ကုဝူရှန့်သည် ကုမိသားစုရွာမှ ရွာသူရွာသား အားလုံးကို အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြောင်းရွှေ့ရန်နှင့် အထက်ကောင်းကင်တားမြစ်နယ်မြေနှင့်အတူ အင်မော်တယ်နယ်မြေသို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ကုရှန်မင် အပါအဝင် ကုမိသားစုရွာမှ သက်ကြီးရွယ်အို အချို့သည် ကုဝူရှန့်၏ ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြလေသည်။
သူတို့သည် အင်မော်တယ်နယ်မြေသို့ မသွားကြဘဲ ကုမိသားစုရွာတွင်သာ ကျန်ရှိသော ဘဝကို ဖြတ်သန်းရန် ရည်ရွယ်ထားကြ၏။
" အဟွတ်! အဟွတ်! အင်မော်တယ်နယ်မြေက ကောင်းပါတယ်... ဒါပေမယ့် ငါ့လို အဘိုးအို တစ်ယောက်နဲ့တော့ မကိုက်ညီပါဘူး... အသက် နောက်ထပ် အနှစ်တစ်ရာ ပိုရှင်သန်ရပြီး မင်းတို့ လူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ကြီးပြင်းလာပြီး အောင်မြင်မှုတွေ ရလာတာကို မြင်ရတာနဲ့တင် ငါ အရမ်း ကျေနပ်နေပါပြီ "
ကုရှန်မင်၏ အိုမင်းနေသော မျက်နှာပေါ်တွင် သက်သာရာရမှုနှင့် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
သူသည် ကျင့်ကြံခြင်းကို နားမလည်သော သာမန် သေမျိုးတစ်ယောက်သာ ဖြစ်ရာ ပုံမှန်အားဖြင့် ယခုအချိန်အထိ အသက်ရှင်မနေသင့်ပေ။
ကုဝူရှန့် ကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းကာ ကုမိသားစုရွာရှိ သက်ကြီးရွယ်အိုများ၏ သွေးကြောများကို ရှင်းလင်းပေး၍ သူတို့ သောက်သုံးရန် နတ်ဆေးများကို ချီးမြှင့်ခဲ့သောကြောင့်သာ ကုမိသားစုရွာ၏ သက်ကြီးရွယ်အိုများသည် နောက်ထပ် အနှစ်တစ်ရာ တိုး၍ ယခုအချိန်အထိ ပိုမို အသက် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုရှန်မင်နှင့် အခြားသူများသည် ကျင့်ကြံထားခြင်း မရှိသဖြင့် ဤမျှ နှစ်ပေါင်းများစွာ ပိုမို ရှင်သန်နိုင်ခဲ့ခြင်းကပင် ကောင်းကင်ကို ဆန့်ကျင်သော ကံကောင်းမှုတစ်ခု ဖြစ်နေလေပြီ။
ယခုအခါ ကုရှန်မင်ကဲ့သို့သော ကုမိသားစုရွာမှ သက်ကြီးရွယ်အိုများသည် အသက်ရှင်ရန် နှစ်များစွာ မကျန်တော့ဘဲ သူတို့ဘဝ၏ နောက်ဆုံးအချိန်များသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ကုရှန်မင်နှင့် အခြား သက်ကြီးရွယ်အိုများသည် ဆွေးနွေးပြီးနောက် အင်မော်တယ်နယ်မြေသို့ မသွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ကုယိုကဲ့သို့ လူငယ်များသည် သူတို့၏ဘဝခရီးလမ်းကို ယခုမှ စတင်ရုံသာ ရှိသေး၍ စိတ်လှုပ်ရှားစရာ ကောင်းသောအရာများစွာက သူတို့ကို စောင့်ကြိုနေသဖြင့် စူးစမ်းလေ့လာရန် အင်မော်တယ်နယ်မြေသို့ သွားရမည်မှာ သဘာဝကျပေသည်။
သို့သော် ခန္ဓာကိုယ် တစ်ဝက်ခန့် မြေကြီးထဲ ရောက်နေပြီဖြစ်သော ကုရှန်မင်ကဲ့သို့ ကုမိသားစုရွာမှ သက်ကြီးရွယ်အိုများအတွက်မူ သူတို့၏ အမြစ်များသည် ကုမိသားစုရွာတွင်သာ ရှိလေသည်။
သူတို့၏ တစ်သက်တာလုံးကို ကုမိသားစုရွာတွင်သာ ဖြတ်သန်းခဲ့ကြသည်။
ယခု သူတို့ဘဝ၏ နောက်ဆုံးအချိန်များတွင် သူတို့ လိုချင်သည်မှာ ကံကြမ္မာကို ဆန့်ကျင်၍ ပိုမို အသက်ရှင်ရန် မဟုတ်ဘဲ ရွာရှိ သူတို့၏ အမြစ်များထံသို့ တိတ်ဆိတ်စွာ ပြန်သွားရန်သာ ဖြစ်လေသည်။
ထို့အပြင် ကုရှန်မင်နှင့် အခြားသူများသည် အင်မော်တယ်နယ်မြေသို့ မသွားလိုခြင်း၏ နောက်ထပ် လျှို့ဝှက်အကြောင်းရင်းတစ်ခု ရှိသေး၏။
ထိုအရာမှာ ကုမိသားစု တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်သောကြောင့်ပင်။
" ဟုတ်ကဲ့ပါ "
ရွာသူကြီးမှာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း မြင်သောအခါ ကုယိုသည် ဆက်လက် ဖိအားမပေးတော့သော်လည်း သူ၏ရင်ထဲတွင် အနည်းငယ် ခါးသီးနေသလို ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် အင်မော်တယ်နယ်မြေသို့ သွားပြီးနောက် ဤကုမိသားစုရွာမှ သက်ကြီးရွယ်အိုများကို သူ နောက်တစ်ကြိမ် ပြန်တွေ့ရမည် မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။
" ကောင်လေး... မတ်မတ်ရပ်စမ်း! ကုမိသားစုရွာရဲ့ အနာဂတ်က မင်း ထမ်းပိုးဖို့ လိုအပ်သေးတယ် "
ကုယို၏ အနည်းငယ် စိတ်ဓာတ်ကျနေသော အမူအရာကို မြင်သောအခါ ကုရှန်မင်သည် သူ၏ပခုံးကို ပုတ်ကာ အားပေးလိုက်၏။
" ငါတို့ ကုမိသားစုရွာက... အထက်ကောင်းကင်တားမြစ်နယ်မြေဆီ ပြန်ရောက်လာပြီး ဘိုးဘေးတွေနဲ့ ပြန်လည် ချိတ်ဆက်နိုင်ခဲ့တာ မှန်ပါတယ်.....
ဒါပေမယ့် မိသားစုတစ်ခု ကြီးထွားလာတဲ့အခါမှာ မျိုးဆက်အသီးသီးအဖြစ် သေချာပေါက် ကွဲထွက်သွားလိမ့်မယ်... ကုမိသားစုရွာက အနောက်ကျဆုံးမှ ပြန်ရောက်လာတာဆိုတော့ စွမ်းအားအရ အားလုံးထဲမှာ အားအနည်းဆုံး ဖြစ်နေတာ သေချာတယ်.....
ငါ ဆက်ပြီး မစီမံနိုင်တော့ဘူး... ဒါပေမယ့် ငါတို့ ကုမိသားစုရွာရဲ့ ပထမဆုံး ကျင့်ကြံသူနဲ့ ပထမဆုံး သူတော်စင် တစ်ယောက်အနေနဲ့... အနာဂတ်မှာ ကုမိသားစုရွာရဲ့ အခြေအနေအလုံးစုံကို မင်းက ဂရုစိုက်သင့်တယ် "
" ဒီရွာသူကြီး နေရာက မင်းအတွက်ပဲ! "
" ဗျာ? "
ကုရှန်မင်၏စကားကို ကြားသောအခါ ကုယိုသည် မချေပဘဲ မနေနိုင်တော့ချေ။
" ရွာသူကြီး... ကျွန်တော်တို့ ကုမိသားစုက တခြား မိသားစုတွေနဲ့ မတူဘူးလေ! ဘိုးဘေးက မျိုးနွယ်စုအတွင်းက အတွင်းရေး ပဋိပက္ခတွေနဲ့ အချင်းချင်း တိုက်ခိုက်တာကို အမုန်းဆုံးဆိုတာ ရွာသူကြီးလည်း သိတာပဲ... ကြည့်လေ... ကျွန်တော်တို့ ကုမိသားစုရွာ အထက်ကောင်းကင်တားမြစ်နယ်မြေကို ရောက်လာကတည်းက ခွဲခြားဆက်ဆံခံရတာမျိုး ဘယ်အချိန်က ကြုံဖူးလို့လဲ "
" အရင်းအမြစ်တွေ ခွဲဝေတာပဲဖြစ်ဖြစ်၊ ကျင့်စဉ်တွေ သင်ပေးတာပဲဖြစ်ဖြစ် အားလုံးက တခြား ကုမျိုးနွယ်စုဝင်တွေနဲ့ စံနှုန်းတူတူပဲ... ဘာမှ ချွင်းချက်မရှိဘူး... ရွာသူကြီးက အများကြီး လျှောက်တွေးနေတာပါ "
" မိုက်မဲလိုက်တာ! "
မမျှော်လင့်စွာဘဲ ကုယို၏စကားများကို ကုရှန်မင်မှ သဘောမတူခဲ့ချေ။
သူသည် တောင်ဝှေးကို အားပြုကာ ကုယိုအား စူးရှစွာ ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။
" ဘိုးဘေးက ဒီလိုကိစ္စတွေကို မနှစ်သက်တာ သေချာပါတယ်... ဒါပေမယ့် ရေရှည်ကို ကြည့်မယ်ဆိုရင် ငါတို့ ကုမိသားစုက သေချာပေါက် ပိုပိုပြီး ကြီးပွားတိုးတက်လာလိမ့်မယ်.....
လောလောဆယ်တော့ ကုမျိုးနွယ်စုဝင် အားလုံးက ဘိုးဘေးရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေကြလို့... ကောင်းကင်တားမြစ်နယ်မြေအတွင်းမှာ နေထိုင်ပြီး သင့်သင့်မြတ်မြတ် ရှိနေကြတာပေါ့.....
ဒါ့အပြင် လက်ရှိ ကုမျိုးနွယ်စုဝင် အားလုံးက ကုမိသားစုရဲ့ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းလာခဲ့ကြတာဆိုတော့... ဖြောင့်မတ်မှန်ကန်မှုကို သဘာဝကျကျ နားလည်ကြပြီး အမှားလုပ်ကြမှာ မဟုတ်ဘူး...
ဒါပေမယ့် နောက်နှစ်တစ်သောင်း၊ နှစ်သိန်း၊ ဒါမှမဟုတ်... နှစ်သန်းပေါင်းများစွာ ကြာတဲ့အခါကျရင်ရော ဘယ်လိုလုပ်မလဲ......
ကုမိသားစုဝင် အားလုံးက ကောင်းကင်တားမြစ်နယ်မြေထဲမှာပဲ အမြဲတမ်း နေကြလိမ့်မယ်လို့ မင်း ထင်နေတာလား.....
အဲဒီအခါကျရင် သူတို့တွေ ပြန့်ကျဲသွားပြီး အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာ ရှိမနေနိုင်ဘူးလား.....
အဲဒီအချိန်ကျရင် ဘိုးဘေးရဲ့ ထိန်းချုပ်မှုမရှိတဲ့ နောက်ဆက်တွဲ မျိုးဆက်သစ် ကုမိသားစုဝင်တွေက... ကုမိသားစုဝင် အားလုံးကို ကိုယ့်သွေးသားလိုမျိုး တန်းတူညီတူ ဆက်ဆံကြမယ်ဆိုတာကို သေချာပေါက် အာမခံနိုင်ဦးမလား... ဒါမှမဟုတ် ကိုယ့်သွေးသား မျိုးဆက်ကိုပဲ အာရုံစိုက်ပြီး တန်ဖိုးထားကြမလား "
***