ကုရှန်မင်၏ စကားများသည် ကုယိုကို လန့်ဖျပ်သွားစေ၏။
သူသည် ငယ်ရွယ်လွန်းသေးသည်။ သူတော်စင်တစ်ပါး ဖြစ်နေပြီဆိုသော်လည်း သူ၏စိတ်မှာ ကုရှန်မင်ကဲ့သို့ အဘိုးအိုတစ်ဦးလောက် မထက်မြတ်သေးပေ။
ရွာသူကြီး ပြောသည်မှာ အလွန် ယုတ္တိရှိကြောင်း ကုယို ဝန်ခံရပေမည်။ ယခင်က သူ အရာရာကို ရိုးရှင်းလွန်းစွာ တွေးခဲ့မိသည်။
အမှန်တကယ်တော့ ဘိုးဘေး၏ စောင့်ကြည့်မှုအောက်တွင် ကုမိသားစုသည် သင့်မြတ်နေဆဲ ဖြစ်၏။
သို့သော် နောက်ထပ် နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းကြာပြီးနောက်တွင်ရော ဘယ်လိုဖြစ်လာမည်နည်း။
ကုမိသားစု အကိုင်းအခက်များ ခွဲထွက်သွားပြီးနောက် သူတို့သည် မိသားစုတစ်ခုလို ရင်းနှီးနိုင်ပါဦးမည်လော။
ဤအချက်ကို မည်သူမျှ သေချာပေါက် မပြောနိုင်ချေ။
ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိသည်။
သို့သော် လူတိုင်းတွင် တစ်ကိုယ်ကောင်းဆန်သော စိတ်ရင်းများ ရှိစမြဲပင်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိုယ့်သွေးသား မျိုးဆက်ကိုသာ မသိစိတ်မှ ပိုမို မျက်နှာသာပေးတတ်ကြသည်။
အနာဂတ်တွင် ကုမိသားစု ကြီးမားလာသောအခါ ရွာသူကြီး ပြောသကဲ့သို့ပင် အကိုင်းအခက်များစွာ ကွဲထွက်သွားမည်မှာ သေချာလေသည်။
အကယ်၍ ထိုအချိန်ကျမှ ကုမိသားစုရွာသည် ယခုကဲ့သို့ အားနည်းနေဆဲ၊ သို့မဟုတ် အချင်းချင်း တိုက်ခိုက်ကာ ဖရိုဖရဲ ဖြစ်နေမည်ဆိုပါက သူတို့၏ အခြေအနေမှာ အမှန်တကယ် ဆိုးရွားသွားနိုင်ပေသည်။
သူတို့တွင် ကုမိသားစုဆိုသော နာမည်ရှိနေသဖြင့် လုံခြုံရေး ပြဿနာများ ရှိမည်မဟုတ်သော်လည်း ကုမိသားစု၏ အဓိက အချက်အချာနေရာမှ ပို၍ပို၍ ဝေးကွာသွားမည်မှာ အသေအချာပင်။
ထိုအချိန် မျိုးဆက် ရာချီ ထောင်ချီကြာပြီးနောက်တွင် ကုမိသားစုရွာမှ မျိုးဆက်များသည် ယခုကဲ့သို့ ကောင်းကင်တားမြစ်နယ်မြေအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပါဦးမည်လော။
ဤအချက်ကို တွေးမိသောအခါ ကုယို၏ ရင်ထဲတွင် အရေးတကြီး လိုအပ်မှုနှင့် တာဝန်သိစိတ်များ ဖြစ်ပေါ်လာကာ သူ၏ပခုံးများပင် လေးလံလာသလို ခံစားလိုက်ရသည်။
အင်မော်တယ်နယ်မြေသို့ ရောက်သွားပြီးနောက် ကုမိသားစုရွာကို ထမ်းပိုးရမည့် ကြီးလေးသော တာဝန်သည် သူ၏ပခုံးပေါ်သို့ ကျရောက်လာမည်ကို သူ သိလိုက်လေသည်။
" ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့ "
ကုယို၏ လေးနက်သော အမူအရာကို မြင်သောအခါ ကုရှန်မင်က သူ့ကို နှစ်သိမ့်လိုက်၏။
" ဘိုးဘေးရဲ့ စောင့်ကြည့်မှုအောက်မှာ အဆိုးဆုံး အခြေအနေထိ ရောက်မှာ မဟုတ်လောက်ပါဘူး... ပြီးတော့ အဲဒီမတိုင်ခင် ပြင်ဆင်ဖို့ အချိန်လည်း အလုံအလောက် ရပါသေးတယ်.....
ကုမိသားစုရွာက အခု ကောင်းကင်တားမြစ်နယ်မြေထဲမှာ နေနိုင်တာက အကောင်းဆုံး အခြေအနေနဲ့ အခွင့်အရေးပဲ.....
အင်မော်တယ်နယ်မြေကို ရောက်သွားပြီးရင်တော့ မင်းက ကုမိသားစုရွာက လူငယ်တွေကို ကြိုးကြိုးစားစား ကျင့်ကြံဖို့နဲ့ ပြဿနာမရှာဖို့ တိုက်တွန်းရမယ်နော်..... "
ကုရှန်မင်သည် ကုမိသားစုရွာကို စီမံခန့်ခွဲရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို ကုယိုအား ရှင်းလင်းစွာ လက်ဆင့်ကမ်းပေးလိုက်လေသည်။
သူသည် စာမတတ်သော သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း ကုရှန်မင်၏အမြင်တွင် ဂိုဏ်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခုကို စီမံခန့်ခွဲခြင်းသည် သေမျိုးရွာတစ်ခုကို စီမံခန့်ခွဲခြင်းနှင့်ကွာခြားမှုမရှိချေ။
စည်းလုံးညီညွတ်မှုကို ခိုင်မာစေခြင်း၊ ဆုပေးဒဏ်ပေး မျှတခြင်းနှင့် မျိုးနွယ်စုဝင်များကို တိုးတက်အောင် ကြိုးစားရန် တိုက်တွန်းခြင်းတို့သာ ဖြစ်လေသည်။
ကုရှန်မင်၏ လမ်းညွှန်မှုအပြီးတွင် ကုယို၏ အမူအရာမှာလည်း ပိုမို ပြေလျော့လာ၏။
ယခင်ကဲ့သို့ ဘယ်ကစရမှန်းမသိ လမ်းပျောက်နေသကဲ့သို့ မခံစားရတော့ဘဲ သူ၏ စိတ်ထဲတွင် ကုမိသားစုရွာ၏ ဖွံ့ဖြိုးတိုးတက်မှုကို စီမံခန့်ခွဲရန် အကြမ်းဖျင်း ပုံစံတစ်ခု ရှိနေပြီ ဖြစ်သည်။
ထို့နောက် ကုရှန်မင်နှင့် မလိုက်ပါလိုသော အခြား ကုမိသားစုရွာမှ သက်ကြီးရွယ်အို တစ်စုကို ကောင်းကင်တားမြစ်နယ်မြေ အပြင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
" တက်လာခဲ့ "
အထက်ကောင်းကင်တားမြစ်နယ်မြေရှိ လူအားလုံး ပြင်ဆင်မှုများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ခမ်းနားကြီးကျယ်သော အသံတစ်သံသည် အထက်ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
မူလက အရှေ့ဘက် တာအိုနယ်မြေအထက်တွင် ရပ်နားထားသော အထက်ကောင်းကင်တားမြစ်နယ်မြေသည် ပြင်းထန်စွာ တုန်ခါလာကာ အလယ်ပိုင်း တာအိုနယ်မြေဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားတော့သည်။
ကောင်းကင်တားမြစ်နယ်မြေ၏ လှုပ်ရှားမှုမှာ အဆုံးမဲ့ကမ္ဘာရှိ နယ်မြေငါးခုလုံးမှ သက်ရှိများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
" အထက်ကောင်းကင်တားမြစ်နယ်မြေ ရွေ့နေပြီ... အလယ်ပိုင်း တာအိုနယ်မြေဆီကို သွားနေပုံရတယ်... အလယ်ပိုင်း တာအိုနယ်မြေမှာ အထက်ကောင်းကင်တားမြစ်နယ်မြေက ဘာလုပ်မလို့လဲ "
" ငါလည်း မသိဘူး... ဒါပေမယ့် အထက်ကောင်းကင်တားမြစ်နယ်မြေက ရှေးခေတ်ကတည်းက အရှေ့ဘက် တာအိုနယ်မြေအထက်မှာပဲ အမြဲတမ်း ရပ်နားထားတာ တစ်ခါမှ မရွေ့ဖူးဘူး... အခု ရုတ်တရက်ကြီး ရွေ့လာတာဆိုတော့ ကောင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး "
စွမ်းအားကြီး ကျင့်ကြံသူများသည် ဖြည်းညင်းစွာ ရွေ့လျားနေသော အထက်ကောင်းကင်တားမြစ်နယ်မြေကို ကြည့်ရင်း သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် မငြိမ်မသက်မှုများကို ခံစားနေကြရသည်။
အထက်ကောင်းကင်တားမြစ်နယ်မြေမှာ အဘယ်ကြောင့် ရုတ်တရက် ရွေ့လျားလာသည်ကို သူတို့ မသိကြသော်လည်း ကောင်းသော အကြောင်းပြချက်တော့ မဟုတ်လောက်ပေ။
အရှေ့ဘက် တာအိုနယ်မြေမှ သက်ရှိများဟာတော့ ထိုအချိန်တွင် အောင်ပွဲခံနေကြလေသည်။
အဘယ်ကြောင့်ဆိုသော် အထက်ကောင်းကင်တားမြစ်နယ်မြေ ထွက်သွားခြင်းက သူတို့ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အနာဂတ်တွင် မည်သည့် ဘေးအန္တရာယ်မျိုး ရှိလာသည်ဖြစ်စေ အလယ်ပိုင်း တာအိုနယ်မြေမှ သက်ရှိများကသာ ပထမဆုံး ခံစားရမည် ဖြစ်သည်။
တစ်ဖက်တွင်မူ အလယ်ပိုင်း တာအိုနယ်မြေမှ သက်ရှိများသည် တဖြည်းဖြည်း နီးကပ်လာသော အထက်ကောင်းကင်တားမြစ်နယ်မြေကို ကြည့်ရင်း အားလုံး၏မျက်နှာပေါ်တွင် နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ ပေါ်လာ၏။
ဒီကံဆိုးမိုးမှောင်ကျတဲ့ အထက်ကောင်းကင်တားမြစ်နယ်မြေက အလယ်ပိုင်း တာအိုနယ်မြေမှာ အကြောင်းပြချက်မရှိ ဘာလာလုပ်တာလဲ။
နယ်မြေငါးခုမှ သက်ရှိများသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အရှင်သခင်မှာ ဘာလုပ်ရန် ရည်ရွယ်နေသနည်းဟု တွေးကာ မငြိမ်မသက် ဖြစ်နေကြစဉ်မှာပင် သက်ရှိအားလုံးကို တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။
လက်တစ်ဖက်သည် အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းမှ ထွက်ပေါ်လာကာ အလယ်ပိုင်း တာအိုနယ်မြေ၏ ကောင်းကင်ယံဆီသို့ တိုက်ရိုက် ဆန့်ထွက်လာ၏။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လေဟာနယ်များ ပျက်စီးသွားတော့သည်။
ထို့နောက် ထိုလက်ကြီးမှ ရုတ်တရက် အင်မော်တယ်ချီများနှင့် ဝိညာဉ်အလင်းတန်းများ တောက်ပနေသည့် အက်ကွဲကြောင်းကြီးတစ်ခုကို အကြမ်းပတမ်း ဆုတ်ဖြဲဖွင့်လှစ်လိုက်လေသည်။
ဒါ... ကောင်းကင်ချောက်နက်ပဲ!
ရုတ်တရက် ထွက်ပေါ်လာသော အင်မော်တယ် အလင်းတန်း အက်ကွဲကြောင်းကြီးကို ကြည့်ပြီးနောက် ကောင်းကင်ချောက်နက်ဆီသို့ ဆက်တိုက် ရွေ့လျားနေသော ကောင်းကင်တားမြစ်နယ်မြေကို ကြည့်ကာ နယ်မြေငါးခုမှ သက်ရှိများ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရလေသည်။
ဒီကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က အထက်ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးကို ဦးဆောင်ပြီး အင်မော်တယ်နယ်မြေဆီ တက်လှမ်းဖို့ ရည်ရွယ်နေတာများလား။
" အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က... သူရဲ့ မျိုးနွယ်စု တစ်ခုလုံးကို ဦးဆောင်ပြီး အင်မော်တယ် တက်လှမ်းဖို့ ကြိုးစားနေတာလား! "
" အိပ်မက်မက်နေလိုက်...! လူတစ်ယောက် တက်လှမ်းဖို့ကတောင် အလွန်အမင်း ခက်ခဲနေပြီကို သူက မျိုးနွယ်စု တစ်ခုလုံးကို ဦးဆောင်ပြီး တက်လှမ်းချင်တယ်တဲ့လား "
" ဟီးဟီး...! ဒီအထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က တကယ်ကို မောက်မာလွန်းတယ်... အင်မော်တယ် လမ်းစဉ်က ခွေးကြောင်တွေ ပေါ့ပေါ့ပါးပါး ဖြတ်သွားလို့ရတဲ့ အရာလို့ သူ တကယ် ထင်နေတာလား "
လှောင်ပြောင်သံများနှင့် အထင်အမြင်သေးသော စကားသံများသည် နယ်မြေငါးခု၏ နေရာအနှံ့မှ ပဲ့တင်ထပ်လာ၏။
ကုချန်သည် ဤအရာကို အောင်မြင်နိုင်လိမ့်မည်ဟု မည်သည့် သက်ရှိကမျှ မယုံကြည်ကြချေ။
အထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က စွမ်းအားကြီးတာ မှန်ပေမယ့် မျိုးနွယ်စု တစ်ခုလုံးကို တက်လှမ်းဖို့ လုပ်နေတာလား။
အဆုံးမဲ့ကမ္ဘာ စတင်ဖြစ်တည်ကတည်းက ဒီလို သာဓကမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးချေ။
သို့သော် ဤပုရွက်ဆိတ်များ၏ ဝေဖန်ပြောဆိုမှုများကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ ဂရုစိုက်ခြင်းမရှိခဲ့ချေ။
သူသည် အင်မော်တယ်နယ်မြေတွင် ခိုင်မာစွာ ခြေကုပ်ယူထားပြီးဖြစ်ကာ ကောင်းကင်တားမြစ်နယ်မြေကို အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားခြင်းမှာ ရိုးရှင်းသော ကိစ္စတစ်ခုမျှသာ ဖြစ်ကြောင်း ဤပုရွက်ဆိတ်များ မည်သို့ သိနိုင်မည်နည်း။
အင်မော်တယ်တံခါး၏ နောက်ကွယ်တွင် ကုချန်၏ တတိယကိုယ်ပွားသည် အင်မော်တယ်ဘုရင် အမှတ်အသားကို ကိုင်ဆောင်ထား၏။
သူ၏နတ်ဝိညာဉ်အာရုံမှာ လှုပ်ရှားသွားကာ ခမ်းနားကြီးကျယ်သော အင်မော်တယ်တံခါးပေါ်သို့ အင်မော်တယ် ရောင်ခြည်တစ်ခု ရိုက်ခတ်သွားလေသည်။
ထို့နောက် နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ မူလက မလှုပ်မယှက်ဖြစ်နေသော အင်မော်တယ်တံခါးသည် ဖြည်းညင်းစွာ ပွင့်ဟလာကာ အင်မော်တယ်တံခါး၏ အဟမှတစ်ဆင့် အဆုံးမဲ့ အင်မော်တယ်ချီများသည် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲသို့ စီးဝင်လာတော့သည်။
အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အောက်တွင် ဧရာမ ပုံရိပ်ယောင် လက်ဝါးကြီးတစ်ခု စုစည်းဖြစ်ပေါ်လာ၍ အထက်ကောင်းကင်တားမြစ်နယ်မြေကို သယ်ဆောင်ကာ ကောင်းကင်ချောက်နက်၏ နက်ရှိုင်းရာဆီသို့ ပျံသန်းသွားလေသည်။
ဒီရေလှိုင်းကဲ့သို့ စီးဝင်လာသော အင်မော်တယ်ချီများသည် မရေမတွက်နိုင်သော သက်ရှိများ၏ ဝေဖန်ပြောဆိုမှုများကို ရုတ်တရက် ရပ်တန့်သွားစေခဲ့၏။
စွမ်းအားကြီး ကျင့်ကြံသူ အများအပြားပင်လျှင် ကောင်းကင်ချောက်နက်၏ အဆုံးတွင် ခမ်းနားကြီးကျယ်သော အင်မော်တယ်တံခါး ဖြည်းညင်းစွာ ပွင့်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
အင်မော်တယ်တံခါး အမှန်တကယ် ပွင့်လာပြီ.....
ဤအထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေသို့ အမှန်တကယ်ပင် တက်လှမ်းနိုင်တော့မည်လော။
" ဟုတ်တယ်... ဒီအထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က အင်မော်တယ်တံခါး ပွင့်လာတဲ့ အခွင့်အရေးကို အရယူပြီး အထက်ကောင်းကင်တားမြစ်နယ်မြေကို အဲ့ဒီကိုတက်လှမ်းဖို့ ဦးဆောင်နေတာ ဖြစ်ရမယ်! "
" အခွင့်အရေးက တစ်ခါပဲ လာတတ်တာ... ငါလည်း တက်လှမ်းချင်တယ်... ငါလည်း အင်မော်တယ် တက်လှမ်းချင်တယ်! "
" ဟားဟား! ငါ သိသားပဲ... ဒီအထက်ကောင်းကင်တားမြစ်နယ်မြေရဲ့ အရှင်သခင်က ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ... သူက အင်မော်တယ် တက်လှမ်းဖို့ အချိန်ကိုက် အရယူလိုက်တာပဲ! "
နယ်မြေငါးခု၏ နေရာအနှံ့မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ပဲ့တင်ထပ်လာ၏။
စွမ်းအားကြီး ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်သို့ ပျံတက်ကာ ကောင်းကင်ချောက်နက်ဆီသို့ ပျံသန်းသွားကြတော့သည်။
အင်မော်တယ် တက်လှမ်းရန် အခွင့်အရေးမှာ သူတို့ရှေ့တွင်ပင် လက်တစ်ကမ်းအလို၌ ရှိနေလေပြီ။ ဤကဲ့သို့ တစ်သက်မှာ တစ်ခါသာ ရနိုင်သော အခွင့်အရေးကို သူတို့ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
အဲ့ဒီကုမိသားစု မဟာဧကရာဇ်က ကုမိသားစု တစ်ခုလုံးကို ဦးဆောင်ပြီး အင်မော်တယ် တက်လှမ်းနိုင်မှတော့ သူတို့ မလုပ်နိုင်စရာ အကြောင်းမရှိဘူးလေ။
***