ဤနေရာကား အရာအားလုံးကို အသစ်ကနေ ပြန်စရမည့် အင်မော်တယ်နယ်မြေ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ ကျယ်ပြောလှသော မြင့်မြတ်သည့် အငွေ့အသက်ကို ခံစားလျက် ကုချင်းရွဲ့၏ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေ၏။ သူသာမက အခြား ကုမိသားစု တပည့်များအားလုံးလည်း အလားတူ ခံစားနေကြရသည်။
အောက်ကမ္ဘာတွင်ရှိစဉ်က အထက်ကောင်းကင်တားမြစ်နယ်မြေသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဘိုးဘေးရှိနေသရွေ့ သူတို့ကို ကာကွယ်ပေးထားမည်ဖြစ်ရာ ဘာကိုမှ ကြောက်စရာမလိုဟု သိထား၍ ကုမိသားစု တပည့်များမှာ တစ်ခါမှ စိုးရိမ်ပူပန်ခဲ့ခြင်း မရှိချေ။
သို့သော် ယခုနေရာသည် အဆုံးမဲ့ကမ္ဘာ မဟုတ်တော့ဘဲ အင်မော်တယ်နယ်မြေ ဖြစ်နေလေပြီ။
ရှေးယခင်ကတည်းက အောက်ကမ္ဘာမှ သက်ရှိများ၏ အမြင်တွင် အင်မော်တယ်နယ်မြေသည် အမြင့်မြတ်ဆုံးနေရာတစ်ခု ဖြစ်သည်။ ၎င်းနေရာရှိ ကျွမ်းကျင်သူ အရေအတွက်မှာလည်း အောက်ကမ္ဘာထက် များစွာ သာလွန်လေသည်။
အထူးသဖြင့် အင်မော်တယ်နယ်မြေသို့ မဝင်ရောက်မီ ကုမိသားစု တပည့်များ ရောက်ရောက်ချင်း မျက်စိမလည်သွားစေရန် အင်မော်တယ်နယ်မြေ၏ အခြေအနေအချို့ကို ရှင်းပြပေးရန် ကောင်းကင်နတ်သမီး ရှောင်းယွဲ့အား ကုချန်မှ တမင်သက်သက် ခိုင်းစေခဲ့၏။
တစ်ချိန်တည်းမှာပင် တပည့်များ ကျင့်ကြံခြင်းကို ပိုမို ကြိုးစားလာစေရန် ဖိအားပေးလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်၏။ ယခု အင်မော်တယ်နယ်မြေသို့ ရောက်လာသောအခါ ကုမိသားစု တပည့်များမှာ သဘာဝကျကျပင် စိုးရိမ်နေကြလေသည်။
သူတို့၏စိတ်ထဲတွင် ဘိုးဘေးဖြစ်သူ ကုချန်သည် ပြိုင်ဘက်ကင်းဖြစ်သော်လည်း အင်မော်တယ်နယ်မြေသို့ ရောက်လာပြီးနောက်တွင်တော့ အဆုံးမဲ့ကမ္ဘာတုန်းကလို သူတို့ကို အပြည့်အဝ အကာအကွယ် မပေးနိုင်တော့ဟု ထင်မြင်နေကြသောကြောင့်ပင်။
ထို့ကြောင့် အင်မော်တယ်နယ်မြေသို့ မလာမီ ကုတောက်လင်က အင်မော်တယ်နယ်မြေရောက်ပါက ကုမိသားစုအတွက် ပြဿနာမရှာဘဲ သိုသိုသိပ်သိပ် နေထိုင်ကြရန် မိသားစုဝင်အားလုံးကို တမင်သက်သက် မှာကြားခဲ့သည်။
ကုမိသားစုဝင်များ၏ အနည်းငယ် စိုးရိမ်နေသော မျက်နှာများကို ကြည့်ကာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ ရယ်ချင်စိတ်ပေါက်သွား၏။
ဤလူများသည် ကုချန်၏စွမ်းအားကို မသိကြသော်လည်း သူဟာ သိထား၏။ ဤလူသည် အင်မော်တယ်အရှင် တစ်ပါးကိုပင် လက်ဗလာဖြင့် ဆွဲဖြဲပစ်ခဲ့သူ ဖြစ်သည်။
အင်မော်တယ်အရှင်အဆင့် တည်ရှိမှုတစ်ခုသည် ဤကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အရှင်သခင်ဟု သတ်မှတ်နိုင်ကာ အင်မော်တယ်ဘုရင် မပေါ်လာသရွေ့ အရပ်မျက်နှာအနှံ့ မားမားမတ်မတ် ရပ်တည်နိုင်လေသည်။ ထို့ကြောင့် ကုမိသားစုအနေဖြင့် ဤမျှ စိုးရိမ်နေရန် မလိုချေ။
မည်သို့ပင်ဆိုစေ ကုချန်သည် ယခင်က အောက်ကမ္ဘာမှ အင်မော်တယ်နယ်မြေသို့ တက်လှမ်းလာခဲ့ကြသော ထိုအမြင့်မြတ်ဆုံး တည်ရှိမှုများနှင့် လုံးဝ မတူညီပေ။
သို့သော် ထိုသို့တွေးနေစဉ်မှာပင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ မျက်နှာထားမှာ ရုတ်တရက် တောင့်တင်းသွားကာ သူ၏အကြည့်များသည်လည်း အထက်ကောင်းကင်တားမြစ်နယ်မြေအပြင်ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ အလိုအလျောက် ရောက်သွားရာ သူ၏လှပသော မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာမှနေ၍ ခမ်းနားကြီးကျယ်သော အရှိန်အဝါကြီးတစ်ခု အထက်ကောင်းကင်တားမြစ်နယ်မြေဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူ ခံစားလိုက်ရသောကြောင့်ပင်။
ထိုအရှိန်အဝါသည် အင်မော်တယ်အရှင်အဆင့်ကိုပင် ကျော်လွန်နေပုံရှိကာ အမြင့်မြတ်ဆုံး အင်မော်တယ်ဘုရင်အဆင့်များသာ ပိုင်ဆိုင်သော အငွေ့အသက်မျိုး ဖြစ်နေလေသည်။
မဖြစ်နိုင်တာ?!
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ရင်ထဲတွင် ထိတ်လန့်သွားတော့သည်။ အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေသို့ ရောက်ရောက်ချင်းမှာပင် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု၏ အာရုံစိုက်မှုကို ချက်ချင်း ခံလိုက်ရပြီလော။
ဒါ ရယ်စရာ မဟုတ်ဘူး!
အကယ်၍ ထိုအင်မော်တယ်ဘုရင်ကသာ ရည်ရွယ်ချက် မကောင်းပါက အထက်ကောင်းကင်တားမြစ်နယ်မြေသည် အန္တရာယ်ကျရောက်နိုင်ပေ၏။
" ဒါ အရှင်သခင်ရဲ့ မျိုးဆက်တွေများလား "
အဝေးဆီရှိ မိုးကုတ်စက်ဝိုင်းဆီမှ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကျက်သရေရှိစွာ ရောက်ရှိလာ၏။ ကုချန်သည် အထက်ကောင်းကင်တားမြစ်နယ်မြေကို ခေါ်ဆောင်လာရန် အင်မော်တယ်တံခါးကို ဖွင့်လိုက်ချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်ထံသို့လည်း သတင်းပို့ကာ ကုမိသားစုကို နေရာချထားပေးရန် ပြင်ဆင်ဖို့ လာရောက်စေခဲ့သည်။
ကုချန်၏အမိန့်ကို ရင်ဆိုင်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်သည် လုံးဝ မပေါ့ဆရဲဘဲ ချက်ချင်း အပြေးလာခဲ့သည်။ ထို့နောက် တက်လှမ်းလာသော အထက်ကောင်းကင်တားမြစ်နယ်မြေကို သူ မြင်တွေ့လိုက်ရသလို ကုမိသားစုကိုလည်း အသိအမှတ်ပြုလိုက်၏။
သေချာသွားပြီးနောက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ အထက်ကောင်းကင်တားမြစ်နယ်မြေဆီသို့ ချက်ချင်း ပျံသန်းလာခဲ့လေသည်။
ယွဲ့လင်အင်မော်တယ်ဘုရင် နီးကပ်လာသည်နှင့်အမျှ အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ လူတိုင်းသည်လည်း သူ၏တည်ရှိမှုကို သတိထားမိသွားကြတော့သည်။ သတိမထားမိစရာ အကြောင်းမရှိပေ။
ယွဲ့လင်အင်မော်တယ်ဘုရင်သည် အင်မော်တယ်ဘုရင် တစ်ပါး၏ အရှိန်အဝါကို တမင်သက်သက် ထုတ်ဖော်ပြသခြင်း မရှိသော်လည်း မည်သို့ပင်ဖြစ်စေ သူသည် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုဖြစ်ရာ သူ၏ သက်ရှိအဆင့်အတန်းသည် အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ လူတိုင်းထက် အတိုင်းအဆမရှိ ပိုမို မြင့်မားနေလေသည်။
ကုချင်းရွဲ့နှင့် အခြားသူများ၏ အမြင်တွင်မူ သူသည် တောက်ပသော နေမင်းကြီးထက်ပင် ပို၍ စူးရှနေလေသည်။ အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်များနှင့် အရှင်သခင် ဆိုသူများမှာ ယွဲ့လင်အင်မော်တယ်ဘုရင်ရှေ့တွင် ဆန်စေ့တစ်စေ့နှင့်မျှပင် မယှဉ်သာဘဲ မှေးမှိန်ကာ အရောင်အဝါ ကင်းမဲ့သွားကြမည် ဖြစ်သည်။
" ဒါ ဘယ်သူလဲ... ငါတို့ အထက်ကောင်းကင်တားမြစ်နယ်မြေဆီ ချဉ်းကပ်လာပြီး ဘာလုပ်မလို့လဲ "
ကုချင်းရွဲ့မှ စိုးရိမ်တကြီး မေးမြန်းလိုက်၏။
" ငါမမှားဘူးဆိုရင် ဒါက ကြီးမြတ်တဲ့ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှု တစ်ပါး ဖြစ်ရမယ် "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ သူ၏အသံတွင် ဖုံးကွယ်၍မရသော လေးနက်မှုများ ပါဝင်နေလေသည်။
အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှု?!
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စကားကို ကြားသောအခါ ကုချင်းရွဲ့ရော ယဲ့ယင်းယင်းနှင့် အခြားသူများပါ ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။ အင်မော်တယ်ဘုရင်အဆင့်ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ယခင် ရှင်းပြချက်များမှတစ်ဆင့် သူတို့ သိရှိထားပြီး ဖြစ်သည်။
ဤကျယ်ပြောလှသော အင်မော်တယ်နယ်မြေတွင်ပင် အင်မော်တယ်ဘုရင် တစ်ပါးသည် ပြိုင်ဘက်ကင်းလုနီးပါး တည်ရှိမှုတစ်ခုဟု ဆိုနိုင်ပေသည်။
ယခုလို ပြိုင်ဘက်ကင်းလုနီးပါး တည်ရှိမှုတစ်ခုသည် အထက်ကောင်းကင်တားမြစ်နယ်မြေအား ပစ်မှတ်ထားနေပြီလော။
အထူးသဖြင့် သူ၏ဆရာဖြစ်သူ စကားသံထဲမှ စိုးရိမ်မှုနှင့် လေးနက်မှုများကို ခံစားမိသောကြောင့် ကုချင်းရွဲ့မှာ ပို၍ပင် စိုးရိမ်နေမိသည်။
ပုံမှန်အားဖြင့် အခြေအနေ မည်မျှခက်ခဲပါစေ သူ၏ဆရာသည် အမြဲတစေ တည်ငြိမ်အေးဆေးသည့် အမူအရာကို ထိန်းသိမ်းထားကာ ဤအရာများသည် ဘာမှမဟုတ်ကြောင်း၊ ဘိုးဘေးရှိနေသရွေ့ အရာအားလုံးကို ဖြေရှင်းနိုင်ကြောင်း သူ့ကို နှစ်သိမ့်ပေးလေ့ရှိသည်။ သို့သော် ယခုမူကား ဆရာဖြစ်သူမှာ ထိုစကားများကို မပြောတော့ချေ။
ဒါက ဘာကို ဆိုလိုတာလဲ။
ကုချင်းရွဲ့ ချက်ချင်း သဘောပေါက်သွား၏။
ဤသည်မှာ ဆရာဖြစ်သူ၏ အမြင်တွင်ပင် ဘိုးဘေးသည် ဤလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်၏ ပြိုင်ဘက် မဖြစ်နိုင်ဟု ထင်နေသောကြောင့် ဖြစ်မည်။
ဘယ်လိုလုပ်ကြမလဲ။
ကုချင်းရွဲ့၏စိတ်ထဲတွင် ချက်ချင်း ဗြောင်းဆန်သွားတော့၏။ ဤသို့ မခံစားရသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။
ထိုအခါမှသာ ဘိုးဘေးသည် အရာအားလုံးကို မစွမ်းဆောင်နိုင်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။
လူတစ်ယောက်ထက် သာသော လူတစ်ယောက် အမြဲရှိသလို ကောင်းကင်တစ်ခုအထက်မှာ နောက်ထပ် ကောင်းကင်တစ်ခု အမြဲရှိစမြဲပင်။ ဤလောကတွင် ဘိုးဘေး မစွမ်းဆောင်နိုင်သော အရာများလည်း ရှိနေသေးသည်။
ယွဲ့လင်အင်မော်တယ်ဘုရင် ရောက်လာမှုကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေ တစ်ခုလုံးသည် ဖိအားများစွာဖြင့် လေထုထဲတွင် ရစ်ပတ်ခံလိုက်ရ၏။
ဤကဲ့သို့ဖိအားများလှသော လေထုကို ကုချန်သည် ကျိန်းသေ ခံစားသိရှိနိုင်ရာ ကုချင်းရွဲ့နှင့် အခြားသူများ ဘာတွေးနေသည်ကိုလည်း သူ သိမြင်နိုင်၏။ သို့သော်လည်း သူ တမင်သက်သက် ဖွင့်မပြောဘဲ နေလိုက်၏။
ဒီကလေးတွေ နိုးနိုးကြားကြား ရှိနေတာက ကောင်းပါတယ်။ အနာဂတ်မှာ သူတို့ အရမ်း မောက်မာမသွားတာပေါ့။
" ဒီအင်မော်တယ်ဘုရင်က ဘာလို့ ရောက်လာတာလဲ... အထက်ကောင်းကင်တားမြစ်နယ်မြေ တက်လှမ်းလာတဲ့ နေရာက ဒီအင်မော်တယ်ဘုရင်ရဲ့ နယ်မြေဖြစ်နေလို့များလား "
" မဟုတ်သေးပါဘူး... အောက်ကမ္ဘာကနေ တက်လှမ်းလာတဲ့ လူတွေအတွက် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုက ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းလာရမှာလဲ... သူက တစ်ချက်လေးတောင် လှည့်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး... ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတယ် "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အတွေးများမှာ ရှုပ်ထွေးနေကာ ယွဲ့လင်အင်မော်တယ်ဘုရင် ရောက်လာခြင်းကို လုံးဝ နားမလည်နိုင် ဖြစ်နေပုံရသည်။
အင်မော်တယ်တံခါး မပွင့်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ အခုမှ အထက်ကောင်းကင်တားမြစ်နယ်မြေက အင်မော်တယ်တံခါးကို ဖြတ်ပြီး အင်မော်တယ်နယ်မြေကို ဝင်ရောက်လာလို့ ဒီအင်မော်တယ်ဘုရင်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားတာများလား။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အကြည့်သည် ကုချန်ထံသို့ အလိုအလျောက် ရောက်သွားရာ အင်မော်တယ်ဘုရင် ရောက်လာခြင်းက စိုးရိမ်ထိတ်လန့်စေခြင်း မရှိသည့်အလား၊ သို့မဟုတ် လုံးဝ အံ့အားမသင့်သွားသည့်အလား ကုချန်၏မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ရှိနေဆဲဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
" ထူးဆန်းတယ်... ဒီအင်မော်တယ်ဘုရင် ရောက်လာတာကို ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အံ့ဩပုံမရဘူး... သူကပဲ တည်ငြိမ်ချင်ယောင် ဆောင်နေတာလား... ဒါမှမဟုတ် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ဘုရင်ကိုများ သိနေတာလား "
***