ကုချင်းရွဲ့၏ဘိုးဘေးသည် ထိုအင်မော်တယ်ဘုရင်နှင့် သဘောတူညီချက် တစ်ခုခု ရရှိထားပြီးဖြစ်နေမည်လော။
ထိုအချိန်၌ပင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ရုတ်တရက် ပေါ်လာလေသည်။
လွန်ခဲ့သော နှစ်တစ်ရာက ကုချန်သည် သူ့အား အင်မော်တယ်နယ်မြေသို့ ဖိတ်ခေါ်ခဲ့သည့် ကိစ္စကို သူ ရုတ်တရက် သတိရသွား၏။ အင်မော်တယ်တံခါးမှာ ပိတ်နေခဲ့သည်ဖြစ်ရာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုမှလွဲ၍ မည်သူမျှ ဖွင့်နိုင်မည် မဟုတ်ချေ။
ထိုစဉ်က ကုချင်းရွဲ့၏ဘိုးဘေးသည် အင်မော်တယ်နယ်မြေသို့ မည်သို့ သွားရောက်ခဲ့သနည်း။ အင်မော်တယ်ဘုရင်တစ်ပါး ဝင်ရောက်စွက်ဖက်ကာ အင်မော်တယ်တံခါးကို ဖွင့်ပေးခဲ့ခြင်းသာ ဖြစ်ရပေမည်။
ထို့အပြင် ထိုစဉ်က ကုချင်းရွဲ့၏ဘိုးဘေးသည် အင်မော်တယ်နယ်မြေသို့ သွားသောခရီးမှ မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိကြောင်းလည်း ပြောဆိုခဲ့သေး၏။ ဤအချက်က အင်မော်တယ်တံခါး ဖွင့်ခြင်းသည် ကုချင်းရွဲ့ဘိုးဘေး၏ ထိန်းချုပ်မှုအောက်တွင် မရှိကြောင်းကို ပိုမို သက်သေပြနေလေသည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်တစ်ရာက ကုချန်ကို အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ခွင့်ရစေရန် အင်မော်တယ်တံခါးကို ဖွင့်ပေးခဲ့သူမှာ ယခု အထက်ကောင်းကင်တားမြစ်နယ်မြေဆီသို့ ဆင်းသက်လာမည့် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်ပင် ဖြစ်နိုင်ခြေ များလွန်းလှပေသည်။
ယခု အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းမှာလည်း ထိုအင်မော်တယ်ဘုရင်၏ လက်ချက်ဖြစ်ကြောင်း ပြောရန်ပင် မလိုတော့ချေ။
ထိုသို့မဟုတ်ပါက အထက်ကောင်းကင်တားမြစ်နယ်မြေ အင်မော်တယ်နယ်မြေသို့ ရောက်ရောက်ချင်းတွင် တစ်ဖက်လူက အဘယ်ကြောင့် လာရောက် 'ကြိုဆို' ရမည်နည်း။
ကုချင်းရွဲ့၏ ဘိုးဘေးနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်တို့သည် အရင်ကတည်းက သိကျွမ်းနေခဲ့ကြပြီး သူတို့ကြားတွင် တိတ်တဆိတ် သဘောတူညီချက်အချို့ ရရှိထားသည်မှာ သေချာလေသည်။
ထို့ကြောင့် ရုတ်တရက် ဆင်းသက်လာသော အင်မော်တယ်ဘုရင်ကို ရင်ဆိုင်ရချိန်၌ ကုချင်းရွဲ့ ဘိုးဘေး၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲမသွားခြင်းမှာ မဆန်းတော့ပေ။ သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်ကာ တစ်ဖက်လူတွင် ရန်လိုမှု မရှိသောကြောင့်သာ ဖြစ်ပေမည်။
ဤအချက်ကို တွေးမိသောအခါ ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ မျက်နှာအမူအရာမှာ အတော်လေး ပြေလျော့သွားလေသည်။
ရုတ်တရက် ရောက်ရှိလာသော အင်မော်တယ်ဘုရင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေအပေါ် ရန်လိုမှု မရှိကြောင်း သေချာလျှင် လုံလောက်လေပြီ။
သို့သော်.....
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုချန်အား တိတ်တဆိတ် ထပ်မံကြည့်လိုက်မိ၏။ အင်မော်တယ်ဘုရင်တစ်ပါးသည် ကုချင်းရွဲ့၏ ဘိုးဘေးနှင့် မည်သို့သော သဘောတူညီချက်မျိုး ရယူခဲ့သနည်း။ သူ အနည်းငယ် စဉ်းစားကြည့်ရုံဖြင့် အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။
ကုချင်းရွဲ့၏ ဘိုးဘေးသည် အင်မော်တယ် မဖြစ်သေးသော်လည်း ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ကာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုပင် လျစ်လျူမရှုနိုင်သော အဆုံးအစမဲ့ အလားအလာများကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်သည် ကုချင်းရွဲ့ဘိုးဘေး၏ ပါရမီကို အသိအမှတ်ပြုကာ ကူညီပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုသို့မဟုတ်ပါက ထိုအင်မော်တယ်ဘုရင်သည် အင်မော်တယ်တံခါးကို ဖွင့်ပေးရန် အဘယ်ကြောင့် နှစ်ကြိမ်တိုင်တိုင် အပင်ပန်းခံ ကူညီပေးခဲ့ရသည်ကို ရှင်းပြရန် အကြောင်းပြချက် မရှိချေ။ သို့သော် ကုချင်းရွဲ့၏ ဘိုးဘေးသည် ထိုအင်မော်တယ်ဘုရင်၏ တပည့်အဖြစ် ခံယူကာ သစ္စာခံရန် ဆုံးဖြတ်လိုက်ခြင်းများလော။
အဘယ်ကြောင့်မှန်းမသိ ဤဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ရင်ထဲ၌ အနည်းငယ် စိတ်ပျက်အားငယ်သွားသလို ခံစားလိုက်ရလေသည်။
ဤခရီးစဉ်တစ်လျှောက်လုံး သူ၏စိတ်ထဲတွင် ကုချန်၏ပုံရိပ်သည် အရာအားလုံးကို ရှင်းလင်းဖယ်ရှားနိုင်သော ပြိုင်ဘက်ကင်း တစ်ဦးသာ ဖြစ်ခဲ့၏။
ယခု တစ်ဖက်လူသည် အင်မော်တယ်ဘုရင် ဖြစ်နေလျှင်တောင်မှ ကုချန်သည် သူတစ်ပါးလက်အောက်၌ သစ္စာခံရမည်ဟု တွေးမိသောအခါ သူ လက်ခံရန် ခက်ခဲနေမိသည်။ ထိုခံစားချက်မှာ သူ၏ရင်ထဲမှ စိတ်ကူးယဉ် အိပ်မက်တစ်ခု ပြိုကျပျက်စီးသွားသကဲ့သို့ပင်။
သို့သော် အင်မော်တယ်ဘုရင်တစ်ပါး၏ တပည့်ဖြစ်လာခြင်းမှာ အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်ကြောင်းကိုမူ ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ဝန်ခံရပေမည်။ ယခုအခါ အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေသို့ ရောက်ကာစဖြစ်၍ နေရာသစ်နှင့် စိမ်းသက်နေဆဲ ဖြစ်သည်။ စွမ်းအားကြီးမားသော ကျောထောက်နောက်ခံ မရှိပါက အနာဂတ်တွင် မည်သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို သေချာ မသိနိုင်ချေ။
ဧကရာဇ်အဆင့်ကဲ့သို့ တောက်ပသော တည်ရှိမှုတစ်ခုသည် စစ်မှန်သော အင်မော်တယ်များကို ဦးညွှတ်စေနိုင်ကာ အင်မော်တယ်အရှင်များကို လက်အောက်ခံ ဖြစ်စေနိုင်သော်လည်း အင်မော်တယ်ဘုရင် မဖြစ်သရွေ့ 'ပါရမီရှင်' တစ်ဦးသာဖြစ်ရာ ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်သည့် စစ်မှန်သော အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခုဟု မသတ်မှတ်နိုင်သေးပေ။
အင်မော်တယ်နယ်မြေ၏ ကျယ်ပြောလှသော သမိုင်းတစ်လျှောက်တွင် ဧကရာဇ်အဆင့် တည်ရှိမှုများ တစ်ပါးမက ပေါ်ထွက်ခဲ့ဖူး၏။ သို့သော် နောက်ဆုံးတွင် အင်မော်တယ်ဘုရင် နေရာသို့ မည်မျှပင် ရောက်ရှိခဲ့သနည်း။ အများစုမှာ လမ်းတစ်ဝက်၌ပင် ကျဆုံးကာ အဆုံးသတ်သွားခဲ့ကြသည်ချည်းသာ ဖြစ်သည်။
သို့သော် အစောပိုင်းကတည်းက အင်မော်တယ်ဘုရင်တစ်ပါး၏ တပည့်အဖြစ် ခံယူကာ အကာအကွယ် ရယူနိုင်မည်ဆိုပါက တိုးတက်လာမည့် လမ်းခရီးမှ ပြဿနာများစွာကို ဖြေရှင်းနိုင်မည်မှာ သေချာသလို အနာဂတ်တွင် အင်မော်တယ်ဘုရင် နေရာသို့ ချောမွေ့စွာ တက်လှမ်းနိုင်ရန်လည်း အကူအညီ ဖြစ်စေပေလိမ့်မည်။
ထို့အပြင် အင်မော်တယ်ဘုရင်တစ်ပါး၏ တပည့်ဖြစ်ခြင်းသည် မိမိအသက်ကို ထိုအင်မော်တယ်ဘုရင်ထံ ရောင်းစားလိုက်ခြင်း မဟုတ်ချေ။
ကုချင်းရွဲ့၏ ဘိုးဘေးသာ အင်မော်တယ်ဘုရင်နေရာသို့ ရောက်ရှိသွားပါက သေချာပေါက် လွတ်လပ်ခွင့်ရရှိသွား၍ ထိုအင်မော်တယ်ဘုရင်ကို တာအိုရောင်းရင်းအဖြစ် ခေါ်ဆိုနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် တစ်ဖက်လူ ပြဿနာကြုံလာပါက ကုချင်းရွဲ့၏ဘိုးဘေးမှာ အစွမ်းကုန် ကူညီပေးရုံသာရှိမည်ဖြစ်ပြီး သူ၏လွတ်လပ်ခွင့်ကိုမူ ထိခိုက်မည် မဟုတ်ပေ။ ထို့ကြောင့် ကုချင်းရွဲ့ဘိုးဘေး၏ ရွေးချယ်မှုမှာ သေချာပေါက် ပညာသားပါပြီး မှန်ကန်လှပေသည်။
" ဟူး... "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အမှန်တရားကို သိလိုက်ရပြီဟု ယုံကြည်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူသည် ခေါင်းကို အနည်းငယ် ငုံ့ထားကာ အင်မော်တယ်ဘုရင် ဆင်းသက်လာချိန်တွင် ကုချင်းရွဲ့၏ ဘိုးဘေးနှင့်အတူ အရိုအသေပေးရန် ပြင်ဆင်လိုက်လေသည်။
အခြား ကုမိသားစုဝင်များသည်လည်း နီးကပ်လာသော ယွဲ့လင်အင်မော်တယ်ဘုရင်ကြောင့် ရင်ထဲတွင် မငြိမ်မသက် ဖြစ်နေကြ၏။
" ဝူး...! "
လေပြေညင်းတစ်ခု ဖြတ်တိုက်သွားသည်နှင့်အတူ ယွဲ့လင်အင်မော်တယ်ဘုရင်၏ ပုံရိပ်သည် အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ရှင်းလင်းစွာ ဆင်းသက်လာလေသည်။
ချီလျန်မျိုးနွယ်ဝင် တစ်ဦးအနေဖြင့် သူသည် လွန်စွာ လှပပြီးသား ဖြစ်၏။ ထို့အပြင် သူ၏ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်ဘုံ ကိုးလွှာတွင် ရပ်တည်နေ၍ မြူတစ်မှုန်မျှပင် မစွဲသော နတ်သမီးတစ်ပါးကဲ့သို့ အေးစက်ကာ မြင့်မြတ်သည့် အငွေ့အသက်များ ပိုမို တိုးပွားလာလေသည်။ သို့ဖြစ်ရာ သူ ဆင်းသက်လာချိန်တွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၊ ကုချင်းရွဲ့နှင့် အခြား အမျိုးသမီးများ၏ အလှအပကို ချက်ချင်း မှေးမှိန်သွားစေတော့သည်။
ယွဲ့လင်အင်မော်တယ်ဘုရင် အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ဆင်းသက်လာသည်ကို ကြည့်လျက် တချို့သော ကုမိသားစုဝင်များသည် လက်သီးကို တိတ်တဆိတ် ဆုပ်ထားကြကာ သူတို့၏မျက်လုံးများထဲတွင် မထုတ်ဖော်ရဲသည့် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်များ ပေါ်လာ၏။
အောက်ကမ္ဘာတွင်ဆိုလျှင် အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ဤသို့ ပေါ်ပေါ်ထင်ထင် ဆင်းသက်ရဲသူ မည်သူရှိမည်နည်း။ တားမြစ်နယ်မြေမှ အမြင့်မြတ်ဆုံး တည်ရှိမှုများပင် မရဲဝံ့ကြချေ။ အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ မဝင်ရောက်မီ သူတို့အားလုံး ဘိုးဘေးထံ အရင် သတင်းပို့ရကာ ဘိုးဘေးမှ ခွင့်ပြုမှသာ၊ တွေ့ချင်မှသာ တားမြစ်နယ်မြေထဲသို့ ဝင်ခွင့်ရခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ဤလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်သည် စည်းကမ်းများကို လုံးဝ ဂရုမစိုက်ဘဲ အထက်ကောင်းကင်တားမြစ်နယ်မြေထဲသို့ ပေါ်ပေါ်ထင်ထင် ဆင်းသက်လာခြင်းမှာ အထက်ကောင်းကင်တားမြစ်နယ်မြေကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဤသည်ကို သိနေသော်လည်း ဘာတတ်နိုင်မည်နည်း။ ဘိုးဘေးမှ စကားအများကြီး မပြောသည်ကို ကြည့်လျှင် ဤသူအား 'ဒေါသ' မထွက်စေချင်ကြောင်း ထင်ရှားလှပေသည်။
ကောင်းကင်အထက်တွင် ကောင်းကင်ရှိ၍ လူစွမ်းကောင်းထက် သာသူ ရှိစမြဲပင်။ မောက်မာ၍ မရသလို ကုမိသားစုဝင် တစ်ဦးဆိုသည့် အထောက်အထားကြောင့်လည်း အနည်းငယ်မျှပင် မာနမကြီးသင့်ချေ။
ဤအချိန်၌ပင် ကုမိသားစုဝင် အားလုံးသည် မကြာသေးမီက ကုတောက်လင်း မှာကြားခဲ့သော စကားများကို ပြန်လည်အမှတ်ရသွားကြ၏။ ယခုမှသာ ထိုစကားများ၏အဓိပ္ပာယ်ကို သူတို့ အနက်ရှိုင်းဆုံး နားလည်သွားကြတော့သည်။
သို့သော် ကုမိသားစုဝင်များ၏ ရင်ထဲတွင် မကျေမချမ်း ဖြစ်နေကြကာ ထိုမကျေချမ်းမှုများကို ကျင့်ကြံရန် တွန်းအားအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေချိန်မှာပင် ဖြစ်ပေါ်လာသော မြင်ကွင်းသည် သူတို့ မျှော်လင့်ထားသည်များထက် လုံးဝ ကျော်လွန်သွားခဲ့လေသည်။
လှပသော အမျိုးသမီး အင်မော်တယ်ဘုရင်သည် ခြေလှမ်းဖွဖွဖြင့် ကုချန်ရှေ့သို့ ရောက်လာ၏။ ထို့နောက် သူသည် ခေါင်းကို အနည်းငယ် ငုံ့ကာ ကုချန်အား ရိုသေစွာ ဂါရဝပြုလျက် ပြောဆိုလိုက်၏။
" ယွဲ့လင် အရှင်သခင်ကို ဂါရဝပြုပါတယ် "
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့အား နှစ်တစ်သိန်းကြာ သစ္စာခံရန် ကုချန်နှင့် ယခင်က သဘောတူညီချက် ရရှိထားခဲ့သော်လည်း ချီလျိုနှင့် ချီမုန်တို့ကဲ့သို့ သူ၏နတ်ဝိညာဉ်ကို ပေးအပ်ကာ ကုချန်အား သခင်အဖြစ် အသိအမှတ်ပြုခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် ကုချန်ကို 'သခင်' ဟု မခေါ်ဆိုဘဲ 'အရှင်သခင်' ဟုသာ ခေါ်ဆိုခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုသို့ဖြစ်စေကာမူ ယွဲ့လင်အင်မော်တယ်ဘုရင်၏ စကားများသည် အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ လူတိုင်း၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားခဲ့၏။
သူတို့ ဘာကြားလိုက်ရသနည်း။ ပြိုင်ဘက်ကင်းလောက်အောင် လှပသော အမြင့်မြတ်ဆုံး အမျိုးသမီး အင်မော်တယ်ဘုရင်သည် သူတို့၏ဘိုးဘေးအား ဤမျှတိုင် ရိုသေလေးစားစွာဖြင့် 'အရှင်သခင်' ဟု ခေါ်ဆိုလိုက်သည်လော?!
ဘုရားရေ... ဒါ... ဒါက... ငါ နားကြားမှားတာ မဟုတ်ပါဘူးနော်?!
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာမူ လုံးဝ မှင်သက်သွားတော့၏။ ဖြစ်နိုင်ခြေ အများအပြားကို သူ စဉ်းစားခဲ့ဖူးသော်လည်း ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ချေ!
***