အသက်ကယ်ကျေးဇူးကြောင့်ဆိုလျှင် ထိုအမျိုးသမီး အင်မော်တယ်ဘုရင်သည် ကျေးဇူးဆပ်ကောင်း ဆပ်နိုင်သော်လည်း ဤသို့ ကျိုးနွံနာခံသည့် သဘောထားမျိုးကိုမူ မည်သည့်အခါမျှ ပြသမည် မဟုတ်ချေ။
ကုချင်းရွဲ့၏ ဘိုးဘေးကို ရင်ဆိုင်ရချိန်တွင် ဤအမျိုးသမီး အင်မော်တယ်ဘုရင်က ဤကဲ့သို့သော သဘောထားမျိုးကို ပြသရခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကုချင်းရွဲ့၏ ဘိုးဘေးသည် ဤအမျိုးသမီး အင်မော်တယ်ဘုရင်ထက်ပင် ပို၍ စွမ်းအားကြီးမားနေသောကြောင့်သာ ဖြစ်ရမည်။
ထို့အပြင် အများကြီး... အများကြီးကို ပို၍ စွမ်းအားကြီးမားနေခြင်း ဖြစ်သည်။
ထိုသို့သော ဖြစ်နိုင်ခြေရှိမှသာ အင်မော်တယ်ဘုရင်တစ်ပါးမှ ရင်ထဲမှလှိုက်လှဲစွာ အထင်ကြီးလေးစား၍ ကျိုးနွံနာခံမှုကို အမှန်တကယ် ပြသနိုင်မည် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ကျေးဇူးဆပ်ရန်သက်သက်သာဆိုပါက ထိုအမျိုးသမီး အင်မော်တယ်ဘုရင်သည် ဤကဲ့သို့သော သဘောထားမျိုးကို မည်သည့်အခါမျှ ပြသမည် မဟုတ်ပေ။
အင်မော်တယ်နယ်မြေ၏ ယခင် ရှေးဟောင်း စစ်မှန်သော အင်မော်တယ်တစ်ပါး အနေဖြင့် ဤအချက်ကို ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ကောင်းစွာ နားလည်ထားလေသည်။
အားကြီးသူသည် အားကြီးသူကိုသာ လေးစား၏။
အားကြီးသူသည် ပို၍ အားကြီးသူကိုသာ ကျိုးနွံနာခံလေသည်။
အသက်ကယ်ကျေးဇူး? ကျေးဇူးဆပ်လိုက်လျှင် လုံလောက်လေပြီ။ အဘယ်ကြောင့် ဤမျှ ကျိုးနွံနာခံနေရမည်နည်း။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အင်မော်တယ်ဘုရင် တစ်ပါးထက်တောင် ပိုစွမ်းအားကြီးတယ်?
ဤအချက်က ကောင်းကင်နတ်သမီး ရှောင်းယွဲ့အတွက် မယုံနိုင်ဆုံးနှင့် လက်ခံနိုင်စရာ အခက်ဆုံးပင် ဖြစ်နေတော့သည်။
ဒီကောင်မလေး ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အသက်ဘယ်နှသောင်း ရှိပြီလဲ။
အများဆုံးမှ နှစ်တစ်သိန်းလောက်ပဲ ရှိဦးမှာ။
ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ကုချင်းရွဲ့ရဲ့ ဘိုးဘေးထက် အများကြီး... အများကြီး ပိုအသက်ကြီးတာ သေချာတယ်။
နှစ်တစ်သိန်းတည်းနဲ့ အင်မော်တယ်ဘုရင် တစ်ပါးကိုတောင် အရှုံးပေးလာစေနိုင်တဲ့ အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့အထိ ကျင့်ကြံနိုင်တာ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီကိစ္စကို ပါရမီရှင်ဆိုတဲ့ စကားလုံးသက်သက်နဲ့ ရှင်းပြလို့ မရတော့ဘူး။
ပါရမီရှင်တွေထဲက ပါရမီရှင်၊ ထူးချွန်သူတွေထဲက ထူးချွန်သူတွေတောင် ဒါကို လုံးဝ မစွမ်းဆောင်နိုင်ဘူးလေ!
အထူးသဖြင့် ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အောက်ကမ္ဘာမှာပဲ အမြဲနေခဲ့တာဆိုတော့ ပိုဆိုးတာပေါ့!
သူ နားမလည်နိုင်ဘူး... လုံးဝ နားမလည်နိုင်ဘူး!
ဖြစ်နိုင်တာက.....
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အကြည့်သည် ထောင့်တစ်နေရာတွင် ရပ်နေသော ဟွမ်ကျိုအာအပေါ်သို့ ရောက်ရှိသွားကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။
ဟွမ်ကျိုအာ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ မည်သို့ရောက်လာခဲ့သည်ကိုလည်း သူ သိထား၏။
ထို့အပြင် ဟွမ်ကျိုအာသည် ကုချန်ကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေမှာ ဆက်နေရန် ရွေးချယ်ခဲ့သည်ကိုလည်း သူ သိထား၏။
ဤနှစ်တွေအတွင်း ဟွမ်ကျိုးအာ၏ တိုးတက်မှုများကိုလည်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ဟွမ်ကျိုးအာသည် အောက်ကမ္ဘာတွင် မွေးဖွားလာသော သက်ရှိတစ်ဦး လုံးဝ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိ၏။ ထိုသူသည်လည်း သူ့ကဲ့သို့ပင် အင်မော်တယ်နယ်မြေမှ အောက်ကမ္ဘာသို့ ကျဆင်းလာသူ တစ်ဦး ဖြစ်နိုင်ခြေ အများဆုံးပင်။
ထို့အပြင် အင်မော်တယ်နယ်မြေရှိ ဟွမ်ကျိုအာ၏ နောက်ခံသည် သူ့ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားနိုင်ပေသည်။
သူ၏အသက် အစစ်အမှန်သည်လည်း အပြင်ပန်းတွင် မြင်ရသည်ထက် များစွာ ပိုကြီးပေလိမ့်မည်။
အင်မော်တယ်နယ်မြေမှ အောက်ကမ္ဘာသို့ ကျဆင်းလာသော ဤမျှ ရှေးကျသည့် တည်ရှိမှုတစ်ခုမှာ ကုချန်ကြောင့် အထက်ကောင်းကင်တားမြစ်နယ်မြေတွင် ဆက်လက်နေထိုင်နေ၏။
ဤသည်မှာ အစကတည်းက ယုတ္တိမရှိချေ။
တစ်နည်းပဲ ရှိတယ်။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးကလည်း အင်မော်တယ်နယ်မြေက အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ပါး ဝင်စားတာပဲ ဖြစ်ရမယ်!
ဤအတွေး သူ၏စိတ်ထဲတွင် ပေါ်လာသောအခါ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူ၏စိတ်ကို ဒုက္ခပေးနေသော သံသယများအားလုံး ချက်ချင်း ပြေလည်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
" ဒါကြောင့်ကိုး..... "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ လှပသော မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးက နှစ်ကိုးသောင်းတည်းနဲ့ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကို ရောက်ရှိခဲ့ပြီး အင်မော်တယ်အရှင် တစ်ပါးကိုတောင် သတ်ဖြတ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး။
အင်မော်တယ်နယ်မြေကနေ အောက်ကမ္ဘာကို ကျဆင်းလာတဲ့ ဟွမ်ကျိုအာတောင် ကုချန်ဘေးမှာ ဆက်နေချင်နေတာ မဆန်းတော့ဘူး။
ဒီအမျိုးသမီး အင်မော်တယ်ဘုရင်က ကုချန်ကို ရင်ဆိုင်ရချိန်မှာ ဒီလောက်တောင် ကျိုးနွံနာခံနေတာ မဆန်းတော့ပါဘူး။
တကယ်တော့ ကုချင်းရွဲ့ရဲ့ ဘိုးဘေးက အင်မော်တယ်နယ်မြေက အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ပါး ဝင်စားတာ ဖြစ်နေတာကိုး!
ဒါဆိုရင်တော့ ယုတ္တိရှိသွားပြီ!
စစ်မှန်သော အင်မော်တယ်အဆင့် တည်ရှိမှုများသည် ကောင်းကင်နှင့်အမျှ သက်တမ်းရှည်ကြကာ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဘုရင်များထက် ပို၍ စွမ်းအားကြီးမားသော တည်ရှိမှုများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ယုတ္တိရှိရှိဆိုရလျှင် ထိုသို့သော တည်ရှိမှုများသည် မသေဆုံးသင့်ဘဲ ဝင်စားခြင်း ဆိုသည်မှာလည်း ကျိန်းသေ ရှိမည်မဟုတ်ပေ။
သို့သော် ရှေးဟောင်းခေတ်ကာလက အင်မော်တယ်နှင့် နတ်ဆိုး နယ်မြေများကြားတွင် လွန်စွာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၍ အဆုံးမဲ့ တာအိုများအားလုံးကို ထိခိုက်စေခဲ့ကာ အင်မော်တယ်ဘုရင်များပင် အဆက်မပြတ် ကျဆုံးခဲ့ကြရကြောင်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ သိထားလေသည်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်သော ကြီးမြတ်သည့် တည်ရှိမှုများပင်လျှင် ထိုစစ်ပွဲကြောင့် ကျဆုံးသွားခဲ့ရသည်ဟု ဆိုကြသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူ၏ အတိတ်မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်မရရှိသေးသော်လည်း ထိုရှေးဟောင်း အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲအတွင်း သူလည်း ဤပြင်းထန်သော ဒဏ်ရာကို ရရှိကာ အောက်ကမ္ဘာသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခပ်ရေးရေး ခံစားမိလေသည်။
ကုချင်းရွဲ့ရဲ့ ဘိုးဘေးကလည်း ဒီလိုပဲ ဖြစ်ရမယ်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့ တည်ရှိမှုတစ်ခုမို့လို့ အဲဒီ အမျိုးသမီး အင်မော်တယ်ဘုရင်က သူ့ကို ဒီလောက်တောင် ကျိုးနွံနာခံနေတာ မဆန်းတော့ပါဘူး။ သူက ကုချင်းရွဲ့ ဘိုးဘေးရဲ့ အထောက်အထား အစစ်အမှန် ကို ကြိုသိနေလို့ ဖြစ်မယ်!
ဤအရာအားလုံးကို နားလည်သွားသောအခါ ကောင်းကင်နတ်သမီး ရှောင်းယွဲ့တွင် နောက်ဆုံး၌ မည်သည့် သံသယမျှ မရှိတော့ချေ။
သို့သော် ဤအရာများကို ကုချင်းရွဲ့နှင့် အခြားသူများအား ရှင်းပြရန် သူ ရည်ရွယ်ချက် မရှိပေ။
ကုချန်ကိုယ်တိုင်ပင်လျှင် ဤကိစ္စကို မထုတ်ဖော်သေးမှတော့ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည်လည်း ဘာမှပိုပြောမည် မဟုတ်ချေ။
သို့သော် ကုချန်ဆိုသည့် ' ကျောထောက်နောက်ခံကြီး ' ကို သေချာပေါက် ဆုပ်ကိုင်ထားရမည်ဟု သူ၏ရင်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်တဲ့ ကြီးမြတ်တဲ့ တည်ရှိမှု တစ်ပါး?!
ပုံမှန်အားဖြင့် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများပင်လျှင် ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် တွေ့ဆုံရန် ခက်ခဲလှသည်။
ယခု သူ့တွင် ဤအခွင့်အရေး ရရှိနေပြီဖြစ်ရာ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သေချာပေါက် အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။
အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်း... ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြစဉ်မှာပင်.....
ယွဲ့လင်အင်မော်တယ်ဘုရင်သည် အထက်ကောင်းကင်တားမြစ်နယ်မြေကို မောင်းနှင်ကာ လဝိညာဉ် ကောင်းကင်ဘုံကို ဖြတ်ကျော်၍ အထက်ကောင်းကင်တားမြစ်နယ်မြေအတွက် သူ ပြင်ဆင်ထားသော ကောင်းချီးမင်္ဂလာ နယ်မြေသို့ ရောက်ရှိလာခဲ့လေပြီ။
ဤနေရာသည် လဝိညာဉ် ကောင်းကင်ဘုံ၏ အဓိက အချက်အချာနေရာဖြစ်ပြီး ယွဲ့လင်အင်မော်တယ်ဘုရင်၏ လနန်းတော် တည်ရှိခဲ့ဖူးသော နေရာလည်း ဖြစ်သည်။ သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေ ရောက်ရှိလာမှုကို ကြိုဆိုရန်အတွက် သူသည် လနန်းတော်ကိုပင် ဘေးသို့ ရွှေ့လိုက်ကာ အကောင်းဆုံး နေရာကို အထက်ကောင်းကင်တားမြစ်နယ်မြေအား ပေးအပ်ခဲ့၏။ ဤသည်က ကုချန်၏ ညွှန်ကြားချက်များအပေါ် သူ မည်မျှ အလေးထားကြောင်း ပြသနေလေသည်။
အထက်ကောင်းကင်တားမြစ်နယ်မြေကို ဤနေရာသို့ ပြောင်းရွှေ့လာသောအခါ ကောင်းကင်နှင့်မြေကြီးကြားရှိ အင်မော်တယ် ဝိညာဉ်ချီများမှာ အဆင့်ပေါင်းများစွာ ပိုမို ထူထပ်လာကြောင်း အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူတိုင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ထိုမျှမက ကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့ တာအိုများသည် သေချာ နားလည်သဘောပေါက်ရန်ပင် မလိုဘဲ အလွယ်တကူ ရရှိနိုင်သကဲ့သို့ မယုံနိုင်လောက်အောင် ရှင်းလင်းလာခဲ့သည်။
" တကယ့်ကို အမြင့်မြတ်ဆုံး ကောင်းချီးမင်္ဂလာ နယ်မြေပဲ! "
ကုတောက်လင်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူတော်စင်အဆင့်၌သာ ရှိသေးသော်လည်း ခဏတာမျှ အင်မော်တယ်အဖြစ် တက်လှမ်းသွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားလေသည်။
ဤနေရာရှိ ဝိညာဉ်ချီများမှာ အလွန်အမင်း ထူထပ်လွန်းလှ၏။ အင်မော်တယ် ဝိညာဉ်ချီများသည် ထူထပ်သိပ်သည်းနေ၍ နို့နှစ်ရောင် အလင်းမိုးစက်များအဖြစ် ပြောင်းလဲလျက် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ နေရာအနှံ့သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာကာ အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ အပင်များအားလုံးကို အာဟာရ ဖြည့်တင်းပေးနေလေသည်။
အင်မော်တယ် နတ်ဆေးပင်များပင်လျှင် ခမ်းခြောက်နေသော မြေပြင်မှ မိုးရေကို ရရှိသွားသကဲ့သို့ ဤကောင်းကင်ဘုံ၏ ဆုလာဘ်ကို ကြိုဆိုရန် သူတို့၏အကိုင်းအခက်များကို စိတ်လှုပ်ရှားစွာ ဆန့်ထုတ်နေကြ၏။
မူလက အဆုံးမဲ့ကမ္ဘာတွင် ရှိခဲ့စဉ်ကထက် ဤကောင်းချီးမင်္ဂလာ နယ်မြေ၏ အရည်အသွေးသည် အဆပေါင်း ဒါဇင်ချီ၊ ရာချီ၍ ပိုမို မြင့်မားကြောင်း ထင်ရှားလှလေသည်။
" ဘုန်း...! "
တိုတောင်းသော ဟိန်းဟောက်သံတစ်ခုနှင့်အတူ အထက်ကောင်းကင်တားမြစ်နယ်မြေသည် နောက်ဆုံး၌ လဝိညာဉ်ကောင်းကင်ဘုံ၏ အဓိက အချက်အချာနေရာတွင် လုံးဝ ရပ်တန့်သွားတော့၏။
၎င်း၏ဘေးတွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ လနန်းတော်သည် ပူပြင်းသော နေမင်းကြီးကို အဖော်ပြုပေးနေသည့် တောက်ပသော လမင်းကြီးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ မျောလွင့်နေလေသည်။
ကုချန်သည် ဤအရာအားလုံးကို ကျေနပ်စွာ ကြည့်လိုက်၏။ ယခုမှစ၍ အထက်ကောင်းကင်တားမြစ်နယ်မြေသည် အင်မော်တယ်နယ်မြေတွင် အမှန်တကယ် အခြေချနိုင်ပြီဟု ဆိုနိုင်ပေသည်။
ထို့နောက် ကုချန်သည် မူလက အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်းရှိ လူအားလုံးကို ခေါ်ယူကာ အားပေးစကား အနည်းငယ် ပြောရန် ရည်ရွယ်ထားခဲ့၏။
သို့သော် ရုတ်တရက် သူ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေ့သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ဝေးကွာလှသော နတ်ဆိုးနယ်မြေရှိ သူ၏ဒုတိယကိုယ်ပွားသည် သတင်းတစ်ခုကို ရုတ်တရက် ပေးပို့လာကာ ထိုသတင်းမှာ သူ့အား မယုံနိုင်လောက်အောင် ခံစားရစေသောကြောင့်ပင်!
တစ်ချိန်က သူ့ကို အဆုံးမဲ့ ကောင်းကင်အရှင်သခင် ဆိုသည့် ဘွဲ့ကို ချီးမြှင့်ခဲ့သော နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား အသိပေးရန် အရေးကြီးသော ကိစ္စများရှိသဖြင့် ထုံထျန်း နတ်ဆိုးတောင်သို့ လာရောက်ရန် ထိုလိပ်အိုကြီးကို စေလွှတ်ကာ ရုတ်တရက် သတင်းစကား ပါးလိုက်သောကြောင့် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးက သူ့ကို ရုတ်တရက် ဆင့်ခေါ်ပြီး အသိပေးစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်လို့ ပြောတယ်?
သူပြောတဲ့ ဒီအရေးကြီးတဲ့ ကိစ္စတွေဆိုတာ ဘာတွေများလဲ။