လျိုဝေကော တစ်ယောက် မကြာခင်မှာ ဖခင်ဖြစ်တော့မည့်သတင်းကို ကြားလိုက်ရချိန်တွင် ယန်ရွှယ် တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။
"သူကတော့ မြန်သားပဲ" သူမ မှတ်ချက်ပေးလိုက်သည်။
သူမ စကားပြောပြီးသည်နှင့် ချီဖန့်က သူမကို မော့ကြည့်လာသည်။
သူ၏ ထိုမက်မွန်ပွင့်မျက်ဝန်းအစုံမှာ အမြဲတမ်း တည်ငြိမ်နေလေ့ရှိပြီး တစ်စုံတစ်ယောက်ကို ကြည့်လျှင်လည်း နက်ရှိုင်းသော ခံစားချက်များ အမြဲပါဝင်နေတတ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်လအတွင်း သူ၏အကြည့်များထဲတွင် အဓိပ္ပာယ်ဖော်ရခက်သော အသစ်အဆန်းတစ်ခုခု ပါဝင်နေသကဲ့သို့ ခံစားရသည်။
ယန်ရွှယ်သည် သူမ၏မျက်နှာကို လက်ဖြင့် အလိုလိုအုပ်လိုက်မိပြီး "သုံးနှစ်အတွင်း ကလေးနှစ်ယောက်" ဆိုသည့် သူမ၏ အရင်က နောက်ပြောင်ခဲ့ဖူးသော စကားကို ရုတ်တရက် သတိရသွားသည်။ သူမ စနောက်လိုက်သည်။ "ရှင် မနာလိုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်?"
"မဟုတ်ပါဘူး" ချီဖန့် သူမ၏လက်ကို အသာဖယ်ရင်း အလေးအနက် ချက်ချင်းဖြေလိုက်သည်။
"တကယ်ပါ၊ ကိုယ် မနာလိုမဖြစ်ပါဘူး။"
ချီဖန့်သည် ထိုခေတ်က အမျိုးသားအများစုနှင့် မတူပေ။ သူသည် အဘိုးဖြစ်သူ၏ လက်ထဲတွင် ကြီးပြင်းခဲ့ရပြီး အသက် ၁၃ နှစ်တွင် အဘိုးဖြစ်သူ ဆုံးပါးသွားကာ ၁၈ နှစ်တွင် ဆရာဖြစ်သူ ဆုံးပါးသွားခဲ့သည်။
သူ့အတွက် ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်းထားသူ ရှိခဲ့သော်လည်း၊ အိမ်ထောင်ပြုခြင်း၊ ကလေးယူခြင်း သို့မဟုတ် မျိုးဆက်ပြန့်ပွားခြင်း စသည့် ရိုးရာအယူအဆများကို သူ့အား မည်သူကမျှ အတင်းအကြပ် မသွတ်သွင်းခဲ့ကြပေ။ သူကိုယ်တိုင်လည်း ထိုအရာများကို သိပ်စိတ်မဝင်စားခဲ့ချေ။
ငယ်စဉ်ထဲက သူ၏စိတ်ထဲတွင် စက်ပစ္စည်းများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး နောက်ပိုင်းတွင်မူ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့်သာ အချိန်ကုန်ခဲ့သည်။ အကယ်၍ ယန်ရွှယ်သာ သူ့ကို လာမရှာခဲ့လျှင် သူသည် ဘယ်တော့မှ အိမ်ထောင်ပြုဖြစ်မည် မဟုတ်ပေ။
ထို့ကြောင့် ဖခင်တစ်ယောက် ဖြစ်လာခြင်း၊ မဖြစ်လာခြင်းက သူ့အတွက် အရေးမကြီးပေ။ ဖြစ်လာလျှင်လည်း ကောင်းသလို၊ မဖြစ်လာလျှင်လည်း သူ့အတွက် ဆုံးရှုံးမှု မဟုတ်ပေ။
သို့သော် သူမ၏ မေးခွန်းကြောင့် သူမ တစ်မျိုးတွေးသွားမည်ကို စိုးရိမ်သဖြင့် ထပ်ဖြည့်ပြောလိုက်သည်။"ကိုယ် ဒါတွေကို ဂရုမစိုက်ပါဘူး။ ကိုယ်တို့မှာ ကလေးမရှိလည်း ဘာမှမဖြစ်ဘူး"
မူရင်းဝတ္ထုထဲကအတိုင်း လောကီအာရုံတွေနဲ့ ကင်းဝေးပြီး မျိုးဆက်ပြန့်ပွားရေးကိုလည်း စိတ်မဝင်စားတဲ့ လူအေးကြီးအတိုင်းပါပဲလား။
...သို့သော် သူမ ထင်သလိုတော့ မဟုတ်ခဲ့ပေ။ လွန်ခဲ့သည့် နှစ်လအတွင်း သူ၏ ထက်သန်မှုများကို ကြည့်ရလျှင် သူ၏ "လောကီအာရုံ" များမှာ အတော်လေး အားကောင်းနေပုံရသည်။
ယန်ရွှယ်သည် သူမ၏လက်ကို ပြန်ဆွဲယူလိုက်ပြီး သူ၏လက်ကို အသာအယာ ရိုက်လိုက်သည်။
"အဲလိုမပြောပါနဲ့။ ကျွန်မကတော့ တစ်သက်လုံး ကလေးမယူဘဲ နေဖို့ အစီအစဉ်မရှိဘူး။"
ထိုရိုက်ချက်လေးမှာ ချစ်စဖွယ် အမူအရာလေး ပါဝင်နေသည်။ ချီဖန့်က သူမရိုက်လိုက်သော လက်ချောင်းများကို လှုပ်ရှားကြည့်ရင်း သူမကို စိုက်ကြည့်လိုက်သည်။
"မင်း ကလေးလိုချင်လို့လား?"
"ဘာလို့ မလိုချင်ရမှာလဲ? ကလေးလေးတွေက နူးညံ့ပြီး ချစ်ဖို့ကောင်းတာပဲလေ။ ရှင်ရော ကျိအန်းကို ချစ်ဖို့မကောင်းဘူးလို့ ထင်လို့လား?"
ခေါင်းထိခိုက်မိပြီးနောက် မှတ်ဉာဏ်များ ရှုပ်ထွေးနေခဲ့သည့် လများအတွင်း ကျိအန်းလေးမှာ သူမအတွက် အားကိုးရာတစ်ခု ဖြစ်ခဲ့ပြီး နေ့စဉ်ကြုံတွေ့နေရသော ခေါင်းကိုက်ဝေဒနာများကို သက်သာစေခဲ့သူ ဖြစ်သည်။
ယန်ရွှယ်သည် ပတ်သက်မှုအသစ်များ သို့မဟုတ် ဘဝသစ်များကို ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ပေ။ ကံကြမ္မာက သူမကို ကလေးပေးမည်၊ မပေးမည် မသိရသေးခင်မှာပင် သူမက ဘာကြောင့် ကလေးယူဖို့ကို ငြင်းပယ်ရမည်နည်း။
ထိုသို့တွေးရင်း သူမ သူ့ကို မျက်ခုံးပင့်ပြလိုက်သည်။
ကျိအန်းလေးမှာ တကယ့်ကို ချစ်ဖို့ကောင်းသည် - လိမ္မာယဉ်ကျေးပြီး သိတတ်သူလေး ဖြစ်သည်။ ချီဖန့် သောက်ရသည့်ဆေးများ ခါးလွန်းနေချိန်တွင် ထိုကောင်လေးက သူ့ကို သကြားလုံးလေးပင် ခိုးပေးခဲ့ဖူးသည်။
သို့သော် ချီဖန့်အတွက်မူ တစ်ခါပြုံးလိုက်၊ တစ်ခါ ဆူပုပ်လိုက် ဖြစ်နေသော ရှေ့က အမျိုးသမီးမှာ ပို၍ပင် ချစ်စရာကောင်းနေတော့သည်။
သူ မနေနိုင်တော့ဘဲ သူမ၏ဆံပင်များကို ဖွလိုက်သည်။ "ဒါဆိုရင် ကိုယ် ပိုကြိုးစားရမှာပေါ့"
သူမ၏ ရယ်မောနေသော မျက်ဝန်းများထဲတွင် စိတ်တိုရိပ်ကလေး ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူက အနားသို့ တိုးကာ ခပ်တိုးတိုး ပြောလိုက်သည်။ "မင်းလည်း သည်းခံရမှာပေါ့"
ထိုစကားကြောင့် သူမ၏ စူးစူးဝါးဝါး အကြည့်ကို ရရုံတင်မကဘဲ အဆူပင် ခံလိုက်ရသည်။ ယန်ရွှယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "နေ့ခင်းကြောင်တောင်ကြီးကို၊ ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါဦး"
"သည်းခံရမယ်" ဆိုတာ ဘာကို ဆိုလိုတာလဲ? သူမကပဲ ပျင်းနေတဲ့အတိုင်းပဲ!
ဟိုတစ်ခါ ဆေးရုံက အထင်လွဲမှုဖြစ်ပြီးကတည်းကလား၊ ဒါမှမဟုတ် သူ တောင်ပေါ်မတက်ရတာ ကြာလို့လား မသိပေ၊ မီးပိတ်လိုက်သည်နှင့် ထိုလူမှာ အားမကုန်နိုင်အောင် ဖြစ်နေတော့သည်။ သူ၏ ပုံမှန် အေးစက်စက် အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားလေ့ရှိသည်။
အသက် ၂၀ အရွယ် အမျိုးသားတိုင်း ဤမျှ အားအင်ပြည့်ဝနေကြတာလား၊ သို့မဟုတ် ချီဖန့်မှာ တကယ်ပဲ အိပ်မပျော်တဲ့ ရောဂါရှိပြီး အိပ်ချိန်အများကြီး မလိုတာလားဟုပင် သူမ တစ်ခါတစ်ရံ တွေးမိသည်။
ထိုအတွေးကြောင့် သူမ မေးလိုက်သည်။ "အခု အောက်တိုဘာတောင် ရောက်နေပြီ။ ရှင် မကြာခင် တောင်ပေါ်တက်ရတော့မယ် မဟုတ်လား?"
ထိုစကားကြောင့် ချီဖန့်၏ မျက်နှာပေါ်မှ နူးညံ့မှုများမှာ ရုတ်တရက် တောင့်ခဲသွားခဲ့သည်။ သူ ဘာမှ ပြန်မပြောပေ။
"ဘယ်လိုလဲ?"
သူမ သူ့ကို ပုတ်လိုက်သည်။ "ထောက်ပံ့ရေးအဖွဲ့တွေ တောင်ပေါ်မှာ ရထားလမ်းသေးလေးတွေ ခင်းနေတာနဲ့ သိုလှောင်ကန်တွေ တူးနေတာကို ကျွန်မ မြင်လိုက်တယ်လေ။"
ဤတစ်ကြိမ်တွင် ချီဖန့်က လေးလံစွာဖြင့် "အင်း" ဟု ပြန်ဖြေလိကက်သည်။
တစ်ခုခုတော့ မှားနေပြီ။ ယန်ရွှယ်က သူ့ကို ထူးဆန်းစွာ ကြည့်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။"
ချီဖန့် စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဦးလေးလျိုကတော့ ကိုယ်တို့ ဆောက်လုပ်ရေး စလို့ရပြီလို့ ပြောတယ်။ မနက်ဖြန် မြို့ကိုသွားပြီး အုတ်နဲ့ ဘိလပ်မြေ သွားဝယ်လိုက်မယ်။"
သူတို့ အမြန်လုပ်မှ ဖြစ်မည်။ နှင်းများ ကျလာသည်နှင့် မြေကြီးမှာ ခဲသွားမည်ဖြစ်ရာ ဆက်လုပ်ရန် မဖြစ်နိုင်တော့ပေ။
ယန်ရွှယ်လည်း သူ စကားလမ်းကြောင်း လွှဲသမျှကို လိုက်ပါပေးလိုက်သည်။ သူတို့ အစီအစဉ်များအကြောင်း ပြောဆိုပြီးနောက် သူမ အဖွားကို ထမင်းချက်ကူရန် ထွက်သွားချိန်တွင်မှ ချီဖန့်သည် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့သည်။
လအတော်ကြာ သွားပြီ။ ဘာဖြစ်လို့ ဒီသစ်ခုတ်စက်တွေက အခုထိ မပျက်ကြသေးတာလဲ?
သူတို့လို သစ်တောစခန်းလေးတွင် သတင်းမှာ အလွန်မြန်သည်။ ချီဖန့်နှင့် ယန်ရွှယ်တို့ ခြံထဲသို့ အုတ်နှင့် ဘိလပ်မြေများ သယ်လာသည်နှင့် လူများက သတိထားမိကြသည်။
အတင်းအဖျင်း စကားများ ချက်ချင်း ထွက်ပေါ်လာတော့သည်။ "သူတို့ အိမ်ဆောက်ပြီးတာ မကြာသေးဘူး မဟုတ်လား? အခု ဘာတွေ ထပ်လုပ်နေကြတာလဲ?"
"အိမ်ချဲ့ဆောက်တာ ဖြစ်မှာပေါ့။ လျိုသားအဖက အထဲမှာ အုတ်မြစ်တူးနေကြပြီ။ ကြည့်ရတာ သူတို့အားလုံးက မိသားစုဝင်တွေကျနေတာပဲ။"
လျိုမိသားစုမှာ ချီဖန့် သို့မဟုတ် ယန်ရွှယ်နှင့် ဆွေမျိုးမတော်စပ်သဖြင့် ထိုမှတ်ချက်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။
အချို့က တိုးတိုးလေး ရယ်ကြသည်။ အချို့ကမူ မေးခဲ့ကြသည်။ "အခန်းသုံးခန်းက သူတို့အတွက် မလောက်သေးဘူးလား? ဘာလို့ ထပ်ဆောက်နေရတာလဲ?"
"ဘယ်သူသိမှာလဲ? ပိုက်ဆံတွေ ပိုနေလို့ ဖြစ်မှာပေါ့။ ဒါမှမဟုတ် ယန်ရွှယ်ရဲ့ ဆွေမျိုးတွေ ထပ်ရောက်လာဦးမှာလား မသိဘူး။"
ယန်ရွှယ် အမည်ကို ကြားလိုက်ရချိန်တွင် လီရှု့ဝူ၏ ဇနီးက နှုတ်ခမ်းမဲ့လိုက်သည်။
"သူတို့ကတော့ အိမ်ထောင်ကျသွားတဲ့ သမီးက သွန်လိုက်တဲ့ရေလိုပဲတဲ့ - ဘယ်တော့မှ ပြန်မလာဘူးပေါ့။ ဒါပေမဲ့ ရေတွေ ဒီလို ပြောင်းပြန်စီးတာမျိုးတော့ ငါ တစ်ခါမှ မမြင်ဖူးဘူး။ ချီဖန့်ရဲ့ ဆွေမျိုးတွေတောင် လာမလည်ကြဘူး၊ သူမကတော့ သူ့မောင်၊ သူ့အဖွား - တစ်မျိုးလုံးကို ဒီကို ခေါ်လာတော့မှာပဲ။ အဲဒီလူကို ဘယ်လို ပြုစားထားလဲ မသိပါဘူး—"
သံကုန်သံခဲသံကြီးတစ်ခုကြောင့် သူမ၏စကား ရပ်သွားသည်။
ကျင်းပေါင်ကျစ်သည် သူမတွန်းလာသော လက်တွန်းလှည်းကို ချပြီး ထိုအမျိုးသမီးဘက်သို့ လှည့်လိုက်သည်။
"ချီဖန့်ကတောင် ဘာမှမပြောတာ၊ ရှင့်ကို ဘာများ ထိခိုက်နေလို့လဲ?"
ကျင်းပေါင်ကျစ်သည် တစ်ခါက လူတစ်ယောက်ကို ချက်ချင်း ပါးရိုက်ခဲ့ဖူးသူ ဖြစ်သည်။ လီရှု့ဝူ၏ ဇနီးမှာ တုန်လှုပ်သွားသည်။
သို့သော် ဘေးတွင် လူများ ရှိနေသဖြင့် သူမ သတ္တိပြန်မွေးလိုက်သည်။ "ငါက နင့်ကို ပြောနေတာ မဟုတ်ဘူး။ နင်က ဘာလို့ ကြားဖြတ် ပြောနေတာလဲ?"
"နင် ယန်ရွှယ်ကို အတင်းပြောနေသမျှ ငါ အမြဲ ကြားဖြတ်ပြောမှာပဲ!"
ကျင်းပေါင်ကျစ်က ပြန်အော်လိုက်သည်။ "အသုံးဝင်တဲ့ စကား မပြောနိုင်ရင် ပါးစပ်ပိတ်ထားစမ်း!"
လီရှု့ဝူ၏ ဇနီး ပြန်မပြောနိုင်ခင်မှာပင် ယန်ရွှယ်သည် ဆူညံသံကြောင့် အပြင်သို့ ထွက်လာခဲ့သည်။ သူမကို မြင်သောအခါ ယန်ရွှယ်က ချိုသာစွာ ပြုံးပြလိုက်သည်။
"အို! အစ်မလီပါလား! အစ်မတို့ အိမ်ဆောက်တုန်းက ချေးထားတဲ့ ပိုက်ဆံတွေ အကုန်ဆပ်ပြီးပြီလားဟင်?"
လီရှု့ဝူ၏ ဇနီးမှာ စကားများ ဆွံ့အသွားတော့သည်။ သူတို့ အိမ်ဆောက်စဉ်က အကြွေးများမှာ ယခုထိ မကျေသေးပေ။ အကြွေးရှင်များက သူမနောက်သို့ အမြဲ လိုက်နေကြသည်။
အကြွေးလေး နည်းနည်းရှိတာကို ဒီလောက်တောင် ဖြစ်ပျက်နေရလား။ သူမတို့ မိသားစုက အကြွေးမဆပ်ဘဲ ထွက်ပြေးမယ်လို့ တကယ်ပဲ ထင်နေကြတာလား?
လီရှု့ဝူ၏ ဇနီး အခက်တွေ့နေသည်ကို ကြည့်ကာ ကျင်းပေါင်ကျစ်သည် နှာခေါင်းရှုံ့ပြီး လက်တွန်းလှည်းကို ပြန်မကာ ယန်ရွှယ်၏ ခြံထဲသို့ သဲများကို သွန်ချလိုက်သည်။
ယန်ရွှယ်က သူမအတွက် ရေနွေးတစ်ခွက် ယူလာပေးခဲ့သည်။ "နားပြီး တစ်ခုခု သောက်လိုက်ပါဦး။"
ကျင်းပေါင်ကျစ်က ရေကို တစ်ကျိုက်တည်းနှင့် သောက်ပြီး ခွက်ပြန်ပေးခဲ့သည်။ "ရပါတယ်၊ မပင်ပန်းပါဘူး။"
ထိုအခါမှ ယန်ရွှယ် တစ်ခုခုကို သတိရသွားခဲ့သည်။ "ပေါင်ကျစ်၊ အစ်မက တကယ်ပဲ သစ်ခုတ်အဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်ထားတာလား?"
ကျင်းပေါင်ကျစ်နှင့် ရိုကျင်းဖန်တို့ နှစ်ဦးလုံးမှာ သစ်တောဗျူရို၏ အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုခြင်း ခံထားရသည်။ ယခုနှစ် ဆောင်းဦးမှစ၍ သူတို့သည် အရန်အဖွဲ့တွင် အလုပ်လုပ်တော့မည် မဟုတ်ပေ။
ထောက်ပံ့ရေးအဖွဲ့တွင် ပိုပေါ့ပါးသော အလုပ်များ လုပ်ရန် အခွင့်အရေးရှိသော်လည်း အမျိုးသမီးနှစ်ဦးလုံးမှာ ပင်ပန်းလှသော သစ်ခုတ်အဖွဲ့ကိုသာ ရွေးချယ်ခဲ့ကြသည်။
ကောမိသားစုပင် ထိုဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ကြပေ။ ရိုကျင်းဖန်အတွက်မူ ကလေးလေးယောက်ရှိပြီး နှစ်ယောက်မှာ ကျောင်းတက်နေပြီ ဖြစ်ရာ၊ မိသားစု စားဝတ်နေရေးအတွက် လစာပိုရသော အလုပ်ကို လိုအပ်သည်။
ကျင်းပေါင်ကျစ်အတွက်မူ ထိုမျှ ဖိအားမရှိပေ - သူမတွင် ကလေးနည်းသည်၊ ခင်ပွန်းဖြစ်သူကလည်း တော်သည်၊ ယောက္ခမနှင့် မတ် (သူကလည်း ကိုယ်တိုင် ဝင်ငွေရှိသည်) တို့မှလွဲ၍ ဘဝမှာ အဆင်ပြေနေပြီ ဖြစ်သည်။
သို့သော် သူမက စိတ်ပိုင်းဖြတ်ထားဆဲပင်။ "ငါ တစ်ခုခု ဖြစ်အောင် လုပ်ပြရမယ်၊ ဒါမှ ငါ့အလုပ်အပေါ် လူတွေ အတင်းပြောနေတာတွေ ရပ်သွားမှာ။"
ထောက်ပံ့ရေးအဖွဲ့မှာ အလုပ်လုပ်ရတာ လွယ်ကူသော်လည်း၊ သူမ အပြင်ထုတ်မပြောခဲ့သော်လည်း ယွီချွေ့ယွင်က သူမကို ခွင့်ယူတာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တာနဲ့ သူမ မိသားစုရဲ့ "မကောင်းတဲ့ နောက်ခံ" အကြောင်း ပြောခဲ့တာတွေကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
ယန်ရွှယ်လည်း ထိုအကြောင်းကို သိသည်။ ထိုစဉ်က ကျင်းပေါင်ကျစ်ကို ကူညီခဲ့သူမှာ သူမ ဖြစ်သောကြောင့် ကျင်းပေါင်ကျစ်က သူမ၏ စိတ်ကူးကို ဖုံးကွယ်မထားပေ။
"ငါက လုပ်နိုင်စွမ်း ရှိပါတယ်။ ငါ့ရဲ့ ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ်၊ ငါ နောက်မဆုတ်ဘူး။"
မကြာသေးမီက လူအတော်များများက သူမကို တားမြစ်ခဲ့ကြသည်။ အိမ်နီးနားချင်းများကပင် လမ်းမှာတွေ့လျှင် ပြောကြသည်။ "မိန်းမသားဖြစ်ပြီး ဘာလို့ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေတာလဲ? အိမ်မှာပဲ ကလေးတွေကို ဂရုစိုက်ပြီး ထျဲတန် အတွက် ညီလေးတွေ ထပ်မွေးပေးတာက ပိုမကောင်းဘူးလား"
သို့သော် ယန်ရွှယ်ကတော့ ထိုသို့ပြောမည် မဟုတ်ကြောင်း သူမ သိနေသည်။ အမှန်တကယ်ပင် ယန်ရွှယ်က ထိုသို့ မပြောခဲ့ပေ။ ထိုအစား ယန်ရွှယ်က နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ အစ်မတို့ အိမ်ကို ကျွန်မ မကြာခဏ လာကြည့်ပေးပါ့မယ်။ အစ်မနဲ့ အစ်ကိုချန်ပင်းတို့ အလုပ်ကိုပဲ အာရုံစိုက်ပါ။ ချန်အန်းကလည်း တကယ့်ကို တာဝန်သိတဲ့သူပဲလေ"
သူမသည် ကျင်းပေါင်ကျစ်၏ ရွေးချယ်မှုကို လေးစားသည်၊ နားလည်ပေးသည်၊ ထို့အပြင် သူမ၏ အိမ်မှုကိစ္စ ဝန်ထုပ်ဝန်ပိုးများကိုလည်း ကူညီလျော့ပါးပေးရန် ကမ်းလှမ်းခဲ့သည်။
ထိုအခါမှ ကျင်းပေါင်ကျစ်၏ တင်းမာနေသော မျက်နှာမှာ ပြေလျော့သွားတော့သည်။
"ဟို အတင်းပြောနေတဲ့သူတွေကို ဂရုမစိုက်ပါနဲ့။ မင်းလည်း ချီဖန့်လောက် ဝင်ငွေရှိတာ ငါသိပါတယ်။"
ယန်ရွှယ်သည် အရန်အဖွဲ့တွင် အလုပ်လုပ်သည်၊ မှိုစိုက်သည်၊ သူမ၏ အဖွားနှင့် မောင်လေးကို သူမကိုယ်တိုင် ရှာကျွေးနေသူ ဖြစ်သည်။ သူမက ချီဖန့်ဆီက ပိုက်ဆံရအောင် "ပြုစား" နေဖို့ လိုအပ်လို့လား?
အတင်းအဖျင်း စကားများကို ယန်ရွှယ် ကောင်းကောင်းသိပါသည်။ "ပြောပါစေ။ ကျွန်မ သူတို့ထက် ပိုကောင်းအောင် နေထိုင်နိုင်သမျှ၊ အဲဒါက အကောင်းဆုံး လက်စားချေမှုပါပဲ။"
ဒါက အမှန်တရားပင်။ အရည်အချင်းရှိသူများမှာ အားနေလျှင် အတင်းပြောဖို့ အချိန်မဖြုန်းကြပေ။ သူတို့၏ ဘဝ တိုးတက်ဖို့သာ အာရုံစိုက်ကြသည်။
ကျင်းပေါင်ကျစ် ရယ်လိုက်သည်။ "မင်း ဒီလို တွေးနိုင်တာ ကောင်းပါတယ်။"
သူမက သဲများ ထပ်သယ်ရန် လှည်းကို တွန်းမည်အလုပ်တွင် ရှု့ဝမ်လီ ရောက်လာခဲ့သည်။ မမျှော်လင့်ထားသော ဧည့်သည်ပင်။
ယန်ရွှယ်က သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။ "ဦးလေးရှု့၊ ဘာကိစ္စများရှိလို့လဲ?"
"ချီဖန့်က စက်ပြင်ဆိုင်မှာ ဘွိုင်လာတစ်ခု ဂဟေဆော်နေတာ မြင်လို့။ မင်းတို့ ဘာတွေ လုပ်နေကြတာလဲလို့ လာကြည့်တာ" ရှု့ဝမ်လီက တိုက်ရိုက်ပင် မေးလိုက်သည်။
"တနျို ရှိလား?"
"ရှိပါတယ်"
ယန်ရွှယ် အထဲသို့ လှမ်းခေါ်လိုက်သည်။"ဦးလေး၊ ဦးလေးရှု့ ရောက်နေတယ်!"
သူမသည် ချီဖန့်ကဲ့သို့ "ဦးလေးလျို" ဟု ခေါ်သင့်သော်လည်း မင်္ဂလာမဆောင်ခင်ကတည်းက "ဦးလေး" ဟုသာ ခေါ်ခဲ့သဖြင့် အခုထိ မပြောင်းလဲတော့ပေ။
လျိုတနျိုက အထဲမှ ပြန်ထူးလိုက်ပြီး ရှု့ဝမ်လီလည်း အထဲဝင်သွားခဲ့သည်။
"ချီဖန့်က ဒီ အပူပေးနံရံက အလုပ်ဖြစ်တယ်လို့ ပြောတယ်။ မင်း သေချာလား?"
"အဆင်ပြေမှာပါ။ ငါ မူရင်းပုံစံကို စစ်ကြည့်ပြီးပြီ။ မြို့က စားသောက်ကုန်စက်ရုံက အချဉ်ဖောက်ခန်းမှာလည်း ဒီနည်းလမ်းကိုပဲ သုံးတာ။"
သူတို့နှစ်ဦး အကြာကြီး ဆွေးနွေးကြသော်လည်း ရှု့ဝမ်လီမှာမူ သံသယ ရှိနေဆဲ ဖြစ်ပုံရသည်။ နောက်ပိုင်းတွင် ဘွိုင်လာ စတင် အသုံးပြုချိန်တွင်မှ သူက တစ်ခါ ထပ်လာကြည့်ခဲ့သည်။
ယန်ရွှယ်တို့ မိသားစုသည် အခန်းတစ်ခန်းနှင့် တစ်ဝက်ကို ထပ်တိုးဆောက်ခဲ့သည်။ အခန်းတစ်ခန်းမှာ မှိုမျိုး မွေးမြူရန် ဖြစ်ပြီး ကျန် အခန်းတစ်ဝက်မှာ ဘွိုင်လာထားရန် ဖြစ်သည်။
ဘွိုင်လာအခန်းထဲတွင် ချီဖန့် ပြုပြင်ထားသော သေးငယ်သည့် ဘွိုင်လာရှိပြီး၊ ပိုက်လိုင်းများမှတစ်ဆင့် မှိုမွေးမြူခန်းနှင့် အခြားအခန်းတိုင်းရှိ အပူပေးနံရံများသို့ ချိတ်ဆက်ထားသည်။ အပူလိုအပ်သည့် နေရာသို့ ဘားကို ဖွင့်လိုက်ရုံဖြင့် အပူရှိန် ရရှိနိုင်သည်။
အပူပျံ့နှံ့မှုကို အကောင်းဆုံးဖြစ်စေရန် ချီဖန့်သည် အပူပေးနံရံကို ချဲ့ထွင်လိုက်ပြီး လူနှစ်ယောက် အေးအေးဆေးဆေး လှဲလျောင်းနိုင်လောက်သည့် အပူပေးစင်လေးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ဘားကို ဖွင့်လိုက်ပြီးနောက် ကျိအန်းလေးက လက်ကလေးဖြင့် လှမ်းတို့ကြည့်နေသည်။ မကြာမီမှာပင် သူ၏မျက်လုံးလေးများ တောက်ပလာပြီး အော်လိုက်သည်။ "ပူတယ်... ပူလာပြီ!"
ယန်ရွှယ်လည်း စမ်းကြည့်လိုက်ရာ နွေးနေပြီ ဖြစ်သော်လည်း အပူရှိန် အပြည့်အဝတော့ မရသေးပေ။
ခဏအကြာတွင် အပူချိန်က သိသိသာသာ တက်လာခဲ့သည်။ အပြင်မှ ကုတ်အင်္ကျီကြီး ဝတ်လျက် ဝင်လာသော ရှု့ဝမ်လီမှာ အိုက်လာသဖြင့် အပေါ်ကြယ်သီးများကို ဖြုတ်လိုက်ပြီး အပူပေးနံရံကို စမ်းကြည့်လိုက်ရာ ယခုအခါ တကယ့်ကို ပူနေပြီဖြစ်သည်။
"ဘွိုင်လာကို အစွမ်းကုန် ဖွင့်ထားတာလား?" သူ ချီဖန့်ကို မေးလိုက်သည်။
"မဟုတ်ပါဘူး။ အစွမ်းကုန်ဖွင့်ရင် ဒီအခန်းက ၃၀ ဒီဂရီနီးပါး ဖြစ်သွားလိမ့်မယ်။"
စားသောက်ကုန်စက်ရုံက အချဉ်ဖောက်ခန်းဆိုလျှင် တွန်းတင်လိုက်ပါက ၃၅ ဒီဂရီအထိ ကျော်သွားနိုင်သည်။
ရှု့ဝမ်လီသည် ဘာမှထပ်မပြောတော့ဘဲ အခြားအခန်းများနှင့် ဘွိုင်လာကို စစ်ဆေးပြီးနောက် ထွက်သွားသည်။
နေ့မကုန်မီမှာပင် အတွင်းရေးမှူးလျန်ကျုံးထင် ရောက်လာပြီး၊ နောက်မှ ညွှန်ကြားရေးမှူးယွီ လိုက်လာသည်။ ထို့နောက် ညစာမစားမီလေးတွင် ရှု့ဝမ်လီက ချီဖန့်ကို သီးသန့် ခေါ်သွားခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ချီဖန့် ပြန်လာရာ သူ၏လက်ထဲတွင် စာအုပ်စာတမ်းများ အပြည့်ပါလာခဲ့သည်။
ညစာက အဆင်သင့် ဖြစ်နေပြီ။ ယန်ရွှယ်က စားပွဲပြင်ရင်း မေးလိုက်သည်။"သစ်တောစခန်းကလည်း ဒါမျိုး လိုချင်တာလား?"
"အင်း။"
သူမ ခန့်မှန်းမိသွားသည်ကို ချီဖန့်က မအံ့သြပေ။ သူသည် ပစ္စည်းများကို ချထားပြီး ထမင်းဝိုင်း ကူပြင်ပေးခဲ့သည်။
"စခန်းရုံးချုပ်က အခန်းတွေက အခုထိ မီးဖိုတွေပဲ သုံးနေတုန်းဆိုတော့ သိပ်မနွေးဘူး။ မနှစ်က လေဝင်လေထွက် မကောင်းလို့ မတော်တဆမှု ဖြစ်လုနီးပါး ဖြစ်ခဲ့သေးတယ်။"
ဆောင်းတွင်းမှာ လေဝင်လေထွက် မရှိဘဲ အခန်းထဲ ကျောက်မီးသွေး ဖုတ်ခြင်းမှာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်စေနိုင်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်သည်။
ကျောက်မီးသွေး သုံးနေရမည့်အတူတူ ဘွိုင်လာက ပိုဘေးကင်းပြီး ပိုထိရောက်သည်။
သာမန်မိသားစုများက အုတ်နှင့် ဘိလပ်မြေကို မဝယ်နိုင်ကြသော်လည်း "သုံးနိုင်ဖြုန်းနိုင်သော လင်း" ဟု နာမည်ကြီးသည့် သစ်တောဗျူရိုအတွက်မူ ထိုကဲ့သို့ အကန့်အသတ်များ မရှိပေ။
ယန်ရွှယ် ရှု့ဝမ်လီကို တွေးမိသွားပြီး မေးလိုက်သည်။ "ဦးလေးရှု့က ရှင့်ကို သစ်တောစခန်းမှာ မျက်နှာပွင့်အောင် ကူညီပေးနေတာလား?"
ရှု့ဝမ်လီသည် စက်ပြင်ဆိုင်ကို စီမံခန့်ခွဲသူဖြစ်ပြီး စခန်းရုံးချုပ်နှင့် မဆိုင်ပေ။ သူက ဘာကြောင့် သူတို့ အပူပေးစနစ်ကို ဂရုစိုက်နေရသနည်း။
ချီဖန့်လည်း နားလည်သည်။ "သူက စခန်းရုံးချုပ်မှာ တပ်ဆင်တဲ့အလုပ်ကိုလည်း ကိုယ့်ကိုပဲ ကိုင်တွယ်စေချင်တာ။"
"နောက်မှ သူ့ကို သေသေချာချာ ကျေးဇူးတင်ရမယ်။"
***