ယန်ရွှယ်သည် ညစာစားပြီးနောက် ချီဖန့် ယူလာသော ပစ္စည်းများကို စစ်ကြည့်လိုက်ရာ အထက်တန်းကျောင်းသုံး သင်ရိုးညွှန်းတမ်း စာအုပ်အစုံ ဖြစ်နေခဲ့သည်။
သူမ ကြောင်သွားခဲ့သည်။ အရင်က သူပြောခဲ့သည့် "ကိုယ် သင်ပေးမယ်" ဆိုသည်မှာ ဒီအတိုင်း ပြောလိုက်ခြင်းဟု သူမ ထင်ခဲ့သော်လည်း ယခုမှာမူ သက်သေအထင်အရှားပင်။
သူမက သူ့ဘက်သို့ လှည့်လိုက်ပြီး မျက်ဝန်းများ နူးညံ့စွာဖြင့် မေးလိုက်သည်။ "ရှင့်ရဲ့ 'ဆရာချီ' လုပ်မယ့် ကိစ္စက တကယ်ပေါ့လေ?"
ချီဖန့်က နောက်ပြောင်မနေဘဲ သူ၏ မက်မွန်ပွင့်မျက်ဝန်းများကို နှိမ့်ချကာ တိုးတိုးလေး ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ မင်း လက်လွှတ်ခဲ့ရတာတွေ အကုန်လုံးကို ကိုယ် ပြန်ဖြည့်ဆည်းပေးပါ့မယ်။"
ယန်ရွှယ် စကားမဆိုနိုင်ဘဲ ငြိမ်သက်သွားမိသည်။ ထိုစဉ် ကျိအန်းလေးက တစ်ခုခုမေးရန် ရောက်လာပြီး စာအုပ်များကို မြင်သောအခါ အသံထွက်ဖတ်လိုက်သည်။
"အ-ထက်-တန်း-ကျောင်း... သင်္ချာ။ ဘယ်သူက အ-ထက်-တန်း-ကျောင်း တက်မှာလဲ?"
ယခုတစ်ကြိမ်တွင် ယန်ရွှယ် ခေါင်းညိတ်ရုံသာ လုပ်နိုင်တော့သည်။ ချီဖန့် ရှင်းပြလိုက်သည်။ "မင်းအစ်မ စာသင်မလို့လေ။ အစ်ကိုက သင်ပေးမှာ"
"အို! ဒါဆိုရင် ကျွန်-ကျွန်တော် အရင်ပြန်တော့မယ်။"
စာသင်ခြင်းမှာ အလွန်အရေးကြီးသော ကိစ္စဟု ထင်နေသည့် ကျိအန်းလေးမှာ သူ၏ မှတ်စုစာအုပ်ကို ဆွဲကာ ပြေးထွက်သွားတော့သည်။
"နေဦးလေ၊ မင်းမေးစရာရှိတာ အရင်လုပ်ဦး။"
ချီဖန့် လက်လှမ်းတားလိုက်သည်။"ဘယ်နေရာ နားမလည်တာလဲ?"
ကျိအန်းလေး၏ ပြဿနာကို ဖြေရှင်းပေးပြီးနောက် သူ့ကို ပြန်လွှတ်လိုက်ရာ ထိုကောင်လေးက တံခါးကိုပင် သေသေချာချာ ပိတ်သွားခဲ့သည်။
ဘွိုင်လာမှ တိုးညင်းသော အသံလေးမှာ အခန်းထဲကို နွေးထွေးမှုဖြင့် ပြည့်နှက်စေသည်။ ရှပ်အင်္ကျီတစ်ထည်တည်းဖြင့် ရှိနေသော ချီဖန့်၏ တည်ငြိမ်သော အမူအရာမှာ တကယ့် ဆရာတစ်ယောက်နှင့် တူလှသည်။
ယန်ရွှယ်က သူ့ကို ခဏမျှ ငေးကြည့်နေပြီးမှ စာအုပ်တစ်အုပ်ကို လှန်ကြည့်လိုက်သည်။"တကယ်တော့ ဒါတွေကို ကျွန်မ အရင်က ဖတ်ဖူးပါတယ်။"
သူမ အရင်ဘဝတုန်းကပေါ့။
ကျောင်းထွက်လိုက်ရပြီးနောက် သူမ တော်တော်လေး ကြိုးစားခဲ့ရသည်။ နေ့ဘက်တွင် ဈေးထဲမှာ အလုပ်များနေပြီး ညဘက်တွင်မူ စာသင်ခန်းများကို အိပ်မက်မက်ခဲ့ရသည်။
သူမ မည်သူ့ကိုမျှ မပြောခဲ့သော်လည်း အဟောင်းဆိုင်မှ အထက်တန်း စာအုပ်အစုံကို ဝယ်ကာ စာလုံးတိုင်းကို အသေသေချာချာ ဖတ်ခဲ့ဖူးသည်။
ယန်ရွှယ်သည် စာအုပ်စာမျက်နှာများကို လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်နေမိသည်။ "ဒါပေမဲ့လည်း ကျေးဇူးတင်ပါတယ်နော်" ယန်ရွှယ် ပြောလိုက်ပြီးနောက် မျက်လုံးလေးများမှာ လခြမ်းကွေးလေးကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော်လည်း စာလုံးတွေကို ဖတ်နေပေမဲ့ ဘာမှ ခေါင်းထဲမဝင်ခဲ့တဲ့ သူမရဲ့ နောင်တတွေက ဘယ်လောက်တောင် နက်ရှိုင်းခဲ့လဲ။
တစ်ခါက သူမသည် သူ၏ ထူးကဲသော မှတ်ဉာဏ်ကို မြင်ပြီး သူ တက္ကသိုလ်မတက်ရခြင်းအတွက် နှမြောတသ ဖြစ်ခဲ့ရခြင်းမှာ သူ့အတွက်တင် မဟုတ်ဘဲ သူမကိုယ်တိုင်အတွက်လည်း ဖြစ်လိမ့်မည်။
ချီဖန့်သည် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ထိုတောက်ပနေသော မျက်ဝန်းလေးများကို အသာအယာ နမ်းရှိုက်လိုက်သည်။
"ကိုယ်တို့တွေ ဒါကို ပြန်ဖြည့်ဆည်းကြတာပေါ့"
ချီဖန့် ပြောလိုက်သည်။ ဤကဲ့သို့သော နှစ်သိမ့်စကားမျိုးမှာ သူကိုယ်တိုင်ပင် အံ့သြရလောက်အောင် ရှားပါးလှသည်။
ဒါပေမဲ့ ဒါက တကယ်ရော အသုံးဝင်ပါ့မလား? သူကိုယ်တိုင် တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ရင်တောင် ဒီတောင်ပေါ်ရွာလေးမှာပဲ ပိတ်မိနေခဲ့တာလေ၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကလည်း ရပ်ဆိုင်းထားတာ။ သူတို့ "ပြန်ဖြည့်ဆည်း" နိုင်ရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ချေ။
ထိုအတွေးက ချီဖန့်၏ စိတ်ကို လေးလံစေခဲ့သည်။ သူ့ကိုယ်တိုင်အတွက်တင်မကဘဲ ယန်ရွှယ်အတွက်ပါ ပို၍ စိတ်မကောင်း ဖြစ်မိသည်။
သို့သော် ယန်ရွှယ်ကမူ ယနေ့တွင် ရှေ့ကလူကို အလွန်သဘောကျနေပြီး သူ၏ အသံမှာလည်း ပုံမှန်ထက် ပို၍ ဆွဲဆောင်မှု ရှိနေသကဲ့သို့ ခံစားရသည်။
ယန်ရွှယ် မနေနိုင်တော့ဘဲ သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ဘယ်ပြန်ညာပြန် စစ်ဆေးကြည့်ပြီး ပြောလိုက်သည်။ "ရှင့်ဆီမှာ ငယ်ငယ်က အငွေ့အသက်လေးတွေ ပြန်ရနေပြီ"
သူသည် ယခုထက် ငယ်ငယ်တုန်းက ပိုချောသည်ဟု သူမ တစ်ခါက ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ချီဖန့်က ဇဝေဇဝါဖြင့် မငုံ့ကြည့်နိုင်မီမှာပင် သူမက ခြေဖျားလေးထောက်ကာ သူ၏ မေးကို နမ်းလိုက်သည်။ "ရှင် ကျွန်မကို 'အစ်မကြီး' ခေါ်ရင် ဘယ်လိုလဲ?"
ယန်ရွှယ်၏ အရင်ဘဝက အသက်အရွယ်နှင့်ဆိုလျှင် ချီဖန့်က သူမကို ထိုသို့ခေါ်ရန် အမှန်တကယ် ထိုက်တန်ပါသည်။ သို့သော် ထိုစကားကို ကြားလိုက်ရချိန်တွင် ချီဖန့်၏ မျက်ဝန်းများမှာ သိသိသာသာ မှောင်ကျသွားခံ့သည်။
ထိုအစား သူက သူမ၏ ခါးကို ပိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမကို နမ်းရှိုက်တော့သည်။ "မင်း အရင်ဆုံး ကိုယ့်ကို 'အစ်ကိုကြီး'လို့ ခေါ်ကြည့်ပါလား?"
မေးခွန်းက ပေါ့ပါးသော်လည်း သူ၏ အနမ်းများမှာမူ လုံးဝ မပေါ့ပါးပေ။
အောက်တိုဘာလထဲ ရောက်နေပြီဖြစ်ရာ နေ့တာက တိုတောင်းလာသော်လည်း ညစာစားပြီးပြီးချင်းမှာတော့ မမှောင်သေးပေ။ အရင်ကသာဆိုလျှင် ယန်ရွှယ် သူ့ကို တွန်းထုတ်မိမှာ ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမသည် သူ၏ ပုခုံးများကို ဖက်တွယ်ကာ ပြန်၍နမ်းရှိုက်လိုက်သည်။
သူမသည် ခေါင်းလေး မော့ပေးရုံသာ ရှိသေးသော်လည်း၊ ချီဖန့်က သူမကို စာရေးစားပွဲပေါ်သို့ မတင်လိုက်ကာ အနမ်းများကို ပိုနက်ရှိုင်းစေခဲ့သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သူတို့၏ အသက်ရှူသံများကသာ ပျံ့လွင့်နေခဲ့သည်။ မကြာမီမှာပင် ယန်ရွှယ်မှာ စာရေးစားပွဲကို လက်တစ်ဖက်ဖြင့် ထောက်ထားရတော့သည်။
သူ၏လက်များက သူမ၏ ခါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး၊ သူ၏ မျက်တောင်ရှည်ကြီးများက မှိန်ပျပျ အလင်းရောင်အောက်တွင် အရိပ်ကလေးများ ဖြစ်နေကာ သူ၏ မက်မွန်ပွင့်မျက်ဝန်းများကို ပိုထင်ရှားစေခဲ့သည်။
ယန်ရွှယ်သည် သူတို့ကြားရှိ အပူချိန် တိုးလာသည်ကို ခံစားရပြီး ဒါက တစ်ခုခု ဆက်ဖြစ်တော့မည့် အချက်ပေးသံပင် ဖြစ်သည်။
ထိုစဉ် - ဂျောက်
တစ်ဖက်ခန်းမှ တံခါးပွင့်သွားသည့် အသံနှင့်အတူ ခြေသံလေးများ ကြားလိုက်ရပြီး ဇဝေဇဝါ ဖြစ်နေသော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မှောင်-မှောင်နေတာပဲ... အစ်-အစ်မ၊ အစ်ကို၊ ဘာလို့ မီးမဖွင့်တာလဲ?"
ယန်ရွှယ်၏ ဦးရေပြားထိ စိမ့်တက်သွားခဲ့သည်။ သူမသည် ချီဖန့်ကို တွန်းထုတ်လိုက်ပြီး စာရေးစားပွဲပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်သည်။
တွန်းလိုက်သည့် အရှိန်က ပြင်းထန်သလို၊ ချီဖန့်ကလည်း သူမကို လွှတ်ပေးတော့မည့် အချိန်ဖြစ်ရာ သူသည် နောက်သို့ တစ်လှမ်းခန့် ယိုင်သွားပြီး လက်ဖမိုးဖြင့် နှုတ်ခမ်းကို သုတ်လိုက်သည်။
ထိုအပြုအမူမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှသည်။ ယန်ရွှယ်က သူ့ကို ထပ်မကြည့်ရဲတော့ဘဲ သူမ၏ နှုတ်ခမ်းကို အမြန်သုတ်ကာ ချောင်းဟန့်လိုက်သည်။
"မီးဖွင့်လိုက်ပါ။ ဘာမှ မမြင်ရတော့ဘူး။"
"အင်း။"
သူ၏ တုံ့ပြန်မှုက နက်ရှိုင်းပြီး ကြမ်းရှနေသည်။ ခဏအကြာတွင် မီးဖွင့်လိုက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။
အပြင်က ခြေသံလေးများမှာ တစ်ခုခုကို ရိပ်မိသွားပုံရပြီး ခဏမျှ ရပ်သွားကာ ဝင်လာခဲ့သည့်အတိုင်း ပြန်ထွက်သွားခဲ့သည်။
ယန်ရွှယ် သက်ပြင်းချလိုက်ပြီးနောက် အလိုလို နောက်လှည့်ကြည့်မိရာ - ချီဖန့်၏ ဖြူလျော့သော မျက်နှာတွင် နီမြန်းနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူသည် အိုက်နေပုံရပြီး တံခါးပေါင်ကို ပျင်းရိစွာ မှီကာ ရှပ်အင်္ကျီ အပေါ်ကြယ်သီး နှစ်လုံးကို ဖြုတ်ထားသည်။
သူမ ချက်ချင်း ခေါင်းလွှဲလိုက်သော်လည်း၊ သူ၏ ရမ္မက်ရိပ်သန်းနေသော အကြည့်များက သူမ၏ နီမြန်းနေသော နားရွက်ဖျားလေးများနှင့် အင်္ကျီကော်လာကြားမှ မြင်နေရသော ဝင်းမွတ်သည့် လည်တိုင်လေးဆီမှာ ရှိနေသည်ကို သူမ မမြင်လိုက်ပေ။
မကြာမီမှာပင် သူက သူမကို နောက်ကနေ ထပ်ဖက်လိုက်ပြီး သူမ၏ လည်ပင်းသားလေးကို အသာအယာ ကိုက်လိုက်သည်။ "အခုထိ မခေါ်သေးဘူးလား?" သူ၏ အသံမှာ တိုးညင်းလှသည်။
ဤတစ်ကြိမ်တွင်မူ ယန်ရွှယ် သူ့ကို အလိုမလိုက်တော့ဘဲ တွန်းထုတ်လိုက်သည်။ "ရှင် အရင်ဆုံး ကျွန်မကို 'အစ်မကြီး' လို့ ခေါ်ဦး။"
သို့သော် ယန်ရွှယ်မှာ လိမ္မာသော ကျောင်းသူတစ်ယောက် မဟုတ်ပေ။ သူမက ဆရာချီ၏ ညှပ်ရိုးပေါ်တွင် သွားရာလေးများ ထင်ကျန်အောင် ပြန်လက်စားချေလိုက်သည်။ နောက်တစ်နေ့ မနက် အင်္ကျီဝတ်သည့်အခါ သူ နာကျင်မှုကို ခံစားရစေရန် ဖြစ်သည်။
ကံကောင်းသည်မှာ ရာသီဥတုက အေးနေပြီ ဖြစ်သဖြင့် သူကော်လာကို အမြင့်အထိ ကြယ်သီးတပ်ထားခြင်းဖြစ်၍ မည်သူကမျှ သတိမထားမိကြပေ။ သူသည် ညက ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်စွာဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။
အနည်းဆုံးတော့ သူနှင့်အတူ ဘွိုင်လာ ဂဟေဆော်နေသော ရှု့ဝမ်လီ ဖြစ်စေ၊ အလုပ်ခွင်မှာ အပူပေးနံရံ ဆောက်နေကြသော သူများဖြစ်စေ သတိမထားမိကြပေ။
နှစ်ရက်အတွင်း အလုပ်ခွင်ရှိ အပူပေးနံရံမှာ ပြီးစီးသွားခဲ့သည်။ သူ၏ အိမ်ကကဲ့သို့ ခမ်းနားထည်ဝါသော 'ခန်' အဆင့် မဟုတ်သော်လည်း လူကြီးတစ်ယောက် ကောင်းကောင်း လှဲလျောင်းနိုင်ရန် လုံလောက်သည်။
ဘွိုင်လာကို စမ်းသပ်လိုက်သည်နှင့် ကွာခြားချက်မှာ ထင်ရှားလှသည်။ မီးဖိုနားမှာ ကပ်နေမှ နွေးသည့် စနစ်မျိုး မဟုတ်ဘဲ၊ အပူပေးနံရံက အရပ်မျက်နှာ အနှံ့မှ အပူရှိန်ကို ထုတ်လွှတ်ပေးသည်။
မကြာမီမှာပင် အလုပ်မရှိသော သူများမှာ ထိုနံရံပေါ်တွင် ထိုင်နေကြတော့သည်။ နောက်ပိုင်းတွင် အလုပ်ရှိသူများပင် ထိုနေရာသို့ အလုပ်ပြောင်းလုပ်ရန် အကြောင်းပြချက်များ ရှာကြတော့သည်။
မွန်းလွဲပိုင်းတွင် တစ်ယောက်မှာ ထိုနံရံပေါ်တွင် လှဲအိပ်နေပြီး ဒါက အိမ်က 'ခန်' ထက် မညံ့ကြောင်း ရေရွတ်နေစဉ်မှာပင် ညွှန်ကြားရေးမှူးယွီက လက်ပူးလက်ကြပ် မိသွားတော့သည်။
ညွှန်ကြားရေးမှူးယွီ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားခဲ့သည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ၊ အလုပ်ချိန်မှာ အပျင်းထူနေကြတာလား?"
တကယ်တော့ ယခုက အလုပ်ချိန် မဟုတ်သေးသော်လည်း မည်သူကမျှ ပြန်မပြောဝံ့ကြပေ။ သူ့ကို ထပ်ပြီး ဒေါသဆွစရာ မလိုပေ။
ညွှန်ကြားရေးမှူးယွီက သူတို့ကို ဆက်၍ဆူပူနေဆဲပင်။ "မင်းတို့ရဲ့ ပင်ပန်းမှုကို ငဲ့ညှာပြီးတော့၊ အထူးသဖြင့် မကြာသေးခင်က ဖြစ်ရပ်တွေကြောင့် ဒီအပူပေးနံရံကို ဆောက်ပေးထားတာ။ ဒါပေမဲ့ မင်းတို့က ဇွဲရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မေ့သွားကြပြီလား? နေ့ခင်းကြောင်တောင်ကြီး လှဲအိပ်နေတာ - ဒါက တိုင်းပြည်ကို တည်ဆောက်နေတာလား? အားလုံးက မင်းတို့လိုဆိုရင် ငါတို့တွေတော့ သွားပြီပဲ!"
အားလုံးက ခေါင်းငုံ့ပြီး နားထောင်နေကြသည်။ သူ ထွက်သွားပြီးမှ တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူက ဒီလောက်တောင် အနစ်နာခံပြနေတာ၊ သူ့ရုံးခန်းထဲမှာ ဘာလို့ အပူပေးနံရံ တစ်ခု ထပ်ဆောက်ခိုင်းတာလဲ?"
"ချီဖန့်ရဲ့ အကြံဉာဏ် ဖြစ်နေလို့ သူက မနာလိုဖြစ်နေတာပါ။"
ချီဖန့်နှင့် ယွီမိသားစုကြားရှိ တင်းမာမှုမှာ သစ်တောစခန်းလေးတွင် လျှို့ဝှက်ချက် မဟုတ်ပေ။
ချီဖန့်အကြောင်း ပြောရလျှင် တစ်ယောက်က အရင်က သင်တန်းကိစ္စကို သတိရသွားခဲ့သည်။ "သူ့ရဲ့ နေရာကို ပယ်ဖျက်လိုက်တာက သူတို့နဲ့ ပတ်သက်နေမယ်လို့ မင်းတို့ ထင်လား?"
သမီးဖြစ်သူက နာမည်ကောင်း ပြန်ရရုံ ရှိသေးကာ အခု ဖခင်ဖြစ်သူက အပြစ်တင်ခံနေရပြန်ပြီ။ တကယ့်ကို ဒီမိသားစုမှာ မိတ်ဆွေမရှိသလောက်ပင်။
အလုပ်သမားတွေကိုတော့ မည်သူကမျှ အပြစ်မတင်ကြပေ။ အတွင်းရေးမှူးလျန်က အပူပေးနံရံ ဆောက်ဖို့ အဆိုတင်သွင်းစဉ်က ညွှန်ကြားရေးမှူးယွီက ကန့်ကွက်ခဲ့ဖူးသည်။ မိမိတို့ သက်သောင့်သက်သာရှိမှုအား ပိတ်ပင်မည့်သူကို မည်သူကမှ မကြိုက်ကြသည်မှာ ဓမ္မတာပင်။
တစ်ဖက်တွင်မူ၊ ညွှန်ကြားရေးမှူးယွီသည် သူ၏ ရုံးခန်းထဲသို့ ခြေချလိုက်သည်နှင့် နွေးထွေးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူသည် လေးလံသော ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး စားပွဲတွင် ထိုင်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းက အဆင်ပြေသော်လည်း၊ အေးစက်သော ကြမ်းပြင်ပေါ်ရှိ သူ၏ ခြေထောက်များမှာ အရင်က ဒဏ်ရာဟောင်းများကြောင့် ကိုက်ခဲလာသည်။
တောင်ပေါ်မှာ အလုပ်လုပ်ခဲ့ရသည့် နှစ်ပေါင်းများစွာ - နွေရာသီတွင် ဆီးနှင်းစိုစွတ်မှုများ၊ ဆောင်းရာသီတွင် နှင်းတောထဲ သွားခဲ့ရမှုများကြောင့် သူ့မှာ အဆစ်အမြစ် ကိုက်ခဲသည့် ဝေဒနာ အမြဲရှိနေသည်။
အပြင်ဘက်ကို ကြည့်လိုက်ရာ မည်သူမျှ မရှိကြောင်း သေချာသွားသဖြင့်၊ ဤအချိန်တွင် မည်သူမျှ လာလိမ့်မည် မဟုတ်ဟု တွေးကာ အပူပေးနံရံပေါ်သို့ တက်လိုက်သည်။
ချက်ချင်းပင် သက်သာသွားသလို ခံစားရသည်။ အပူရှိန်က အင်္ကျီများမှတစ်ဆင့် စိမ့်ဝင်လာပြီး ကြွက်သားများကို ပြေလျော့စေသည်။
မကြာမီမှာပင် သူသည် ခြေထောက်များကို ဆန့်လိုက်ပြီး ပက်လက်လှဲချလိုက်ရာ၊ အပူရှိန်က ကျောပြင်ဆီသို့ စိမ့်ဝင်သွားခဲ့သည်။ တကယ်ကို အိမ်ရှိ ခန် ထက် မညံ့ပေ။
သူ ထိုသို့ တွေးနေစဉ်မှာပင် ခြေသံများ ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ၏ ရုံးခန်းဆီသို့ တိုက်ရိုက် လာနေခြင်း ဖြစ်သည်။
ညွှန်ကြားရေးမှူးယွီသည် လူသေရာက ပြန်ရှင်လာသူကဲ့သို့ ဝုန်းခနဲ ထလိုက်သည်။
သို့သော် ထရန် ကြိုးစားခြင်းသာ ဖြစ်သည်။ အသက်အရွယ်ကြောင့် သူ၏ တုံ့ပြန်မှုများမှာ တောင့်တင်းနေပြီပင်။
သူ အကုန်မထနိုင်သေးမီမှာပင် တံခါးပွင့်သွားခဲ့သည်။ "ညွှန်ကြားရေးမှူးယွီ၊ အပြင်မှာ နှင်းကျနေပြီ။ အတွင်းရေးမှူးလျန်က လူစုစည်းရေး အစည်းအဝေးအတွက် ပြင်ဆင်ထားဖို့ ပြောခိုင်းလိုက်ပါတယ်။"
သတင်းလာပို့သူက ခေတ္တရပ်သွားပြီး အခန်းထဲကို ဝေ့ကြည့်လိုက်သည်။"ဟင်။ ဒီထဲမှာ ရှိနေတယ် ထင်တာ။"
ထိုလူက အခန်းထဲကို အလိုလို ဝေ့ကြည့်လိုက်ရာ၊ နောက်ဆုံးတွင် အပူပေးနံရံပေါ်တွင် ထဖို့ပြင်နေရင်း တန်းလန်းဖြစ်နေသော ညွှန်ကြားရေးမှူးယွီနှင့် အကြည့်ချင်း ဆုံသွားတော့သည်...
နှင်းများ စတင်ကျဆင်းသည်နှင့် တစ်ပြိုင်နက် သစ်ထုတ်လုပ်ရေးအဖွဲ့သည် တောင်ပေါ်သို့ တရားဝင်တက်ရန် ပြင်ဆင်ကြတော့သည်။
သစ်စခန်းတွင် လူစုလူဝေးဖြင့် အစည်းအဝေးလုပ်ရန်ပင် မလိုတော့ဘဲ အိမ်ထောင်စုတိုင်းက ထုံးစံအတိုင်း တောင်ပေါ်ခရီးစဉ်အတွက် အဝတ်အစား၊ အိပ်ရာနှင့် နေ့စဉ်သုံးပစ္စည်းများကို ထုပ်ပိုးကြတော့သည်။
ယန်ရွှယ်သည် သူမ ကတိပေးထားသည့်အတိုင်း ဒုတိယအဖွားကို နွေဦးရာသီက ရရှိထားသော ဝက်ဝံသားရေဖြင့် ဝက်ဝံသားရေမွေ့ရာ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ သူမသည် ချဉ်ဖတ်များ၊ အသားခြောက်များနှင့် အခြားရိက္ခာများကိုလည်း ချီဖန့် အတွက် အားလုံးထုပ်ပိုးပေးခဲ့သည်။
ယန်ကျိအန်းပင် တိတ်တဆိတ်ဖြင့် သကြားလုံးအချို့ ထည့်ပေးလိုက်ရာ ခန်ပေါ်ရှိ ပစ္စည်းပုံကြီးမှာ သယ်ယူရန် မဖြစ်နိုင်လောက်အောင်ပင် များပြားနေတော့သည်။
ခေတ္တစဉ်းစားပြီးနောက် ယန်ကျိအန်းက သကြားလုံးများကို ပြန်ထုတ်ယူလိုက်သည်။ သို့သော် ချီဖန့်က လှမ်းယူ၍ အိတ်ကပ်ထဲသို့ တိုက်ရိုက်ထည့်ပြီး ပြောလိုက်သည်။ "ရပါတယ်၊ အစ်ကို သယ်သွားနိုင်တယ်"
သူသည် စစ်စိမ်းရောင် ခါးပတ်တစ်ခုဖြင့် ပစ္စည်းအချို့ကို စုစည်းလိုက်ပြီး တစ်ပုံကို ပုခုံးပေါ်ထမ်း၊ တစ်ပုံကို ကျောပိုးကာ ကျန်တစ်ပုံကို လက်ဖြင့်သယ်ရန် စီစဉ်လိုက်သည်။
ထွက်ခွာမည့်နေ့တွင် ချီဖန့်သည် ယန်ရွှယ်ကို မနှိုးခဲ့ပေ။ ထိုအစား သူမ၏နှုတ်ခမ်းကို ခပ်ဖွဖွနမ်းကာ ပစ္စည်းများနှင့်အတူ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က တောင်ပေါ်တွင် အချိန်အတော်ကြာ နေရမည်ကို သိနေသဖြင့် သူသည် အလွန်အမင်းပင် နားရက်မရှိခဲ့ချေ။
အထူးသဖြင့် မနေ့ညက ယန်ရွှယ်မှာ သူအလိုရှိသမျှကို ဖြည့်ဆည်းပေးရင်း အားကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရသည်။ သူမသည် လှုပ်ပင်မလှုပ်နိုင်လောက်အောင် ပင်ပန်းနေသော်လည်း သူ ယနေ့ထွက်ခွာတော့မည်ဟု သတိပေးသည့်အခါ နောက်ဆုံးအကြိမ်အဖြစ် သူအလိုရှိသမျှကို ခွင့်ပြုပေးရန် အင်အားစုစည်းခဲ့ရသည်။
ဒုတိယအဖွားသည် နံနက်စာပြင်ဆင်ရန် စောစောထခဲ့သည်။ စားသောက်ပြီးနောက် ချီဖန့်သည် လူစုရပ်သို့ ရောက်ရှိသွားရာ အိတ်များစွာ သယ်လာသည့် လျိုဝေကောနှင့် ဆုံခဲ့သည်။ လျိုဝေကောက သူ့ကိုမြင်ချိန်၌ ရယ်မောကာ ပြောခဲ့သည်။
"ငါ့မိန်းမနဲ့ အမေက ငါ့အတွက် အများကြီး ထည့်ပေးလိုက်တယ်လို့ ထင်နေတာ၊ မင်းက ငါ့ထက်တောင် သာသေးတယ်"
အတိတ်ကဆိုလျှင် ချီဖန့်သည် အမြဲတမ်း ပစ္စည်းအနည်းဆုံး သယ်သူဖြစ်သော်လည်း ယခုမူ သူက ဝန်အလေးဆုံးသူ ဖြစ်နေသည်။
သူတို့ အိပ်ဆောင်သို့ ရောက်ရှိ၍ လျိုဝေကောက ဝက်ဝံသားရေမွေ့ရာကို မြင်သွားသည့်အခါ လေချွန်လိုက်မိသည်။ "မင်းမိန်းမက မင်းကို တကယ်အလိုလိုက်တာပဲနော်? ဒီလောက်ကောင်းတဲ့အရာကို တောင်ပေါ်အထိ ယူသွားခိုင်းတယ်"
ဤကဲ့သို့ ခက်ခဲသောကာလတွင် ခွေးသားရေများကိုပင် ကုန်ပစ္စည်း ဝယ်ယူရေးစခန်းများသို့ ရောင်းချနေကြရသည်။ ဤမျှကြီးမားသော ဝက်ဝံသားရေဆိုလျှင် ငွေအမြောက်အမြား ရရှိနိုင်သည်။
အိပ်ဆောင်ရှိ အခြားသူများကလည်း ဝင်ပြောကြသည်။ "လျိုဝေကောကတော့ ထားပါတော့၊ ချီဖန့်... မင်း လက်ထပ်တာ တစ်နှစ်နီးပါး ရှိနေပြီကို မင်းမိန်းမက အခုထိ ဒီလောက်ထိ ဂရုစိုက်တုန်းပဲလား?"
သူတို့၏ ဇနီးသည်များမှာမူ လက်ထပ်ပြီး ၆ လမပြည့်ခင်မှာပင် စိတ်အားထက်သန်မှုများ ပျောက်ဆုံးကုန်ပြီး "စားရင်စား၊ မစားရင်နေ" ဟုပင် ပြောနေကြပြီဖြစ်သည်။ ချီဖန့်သည် ဘာမှပြန်မပြောဘဲ စားစရာအိတ်ကြီးကို လုံခြုံသောနေရာတွင် အရင်ဆုံး သိမ်းဆည်းလိုက်သည်။
နေရာချပြီးနောက် ထိုနေ့မှာပင် သူတို့ တောင်ပေါ်သို့ တက်ခဲ့ကြသည်။ လွှစက်မောင်းသူများနှင့် သူတို့၏ လက်ထောက်များသည် အခြားအဖွဲ့ဝင်များထက် ၃ ရက် စောရောက်ရပြီး ၇၀ မီတာ ဘေးကင်းလုံခြုံရေး အကွာအဝေးကို ထိန်းသိမ်းထားရသည်။
၃ ရက်အကြာတွင် အထူးပြုလုပ်ထားသော သစ်ထုတ်လုပ်ရေး ထရက်တာ လေးစီး တောင်ပေါ်သို့ တက်လာပြီး ခုတ်လှဲထားသော သစ်လုံးများကို တောင်အောက်သို့ သယ်ဆောင်ကြသည်။
ဤထရက်တာများတွင် သံမဏိကြိုးများ တပ်ဆင်ထားသည်။ သစ်လုံးများကို ပတ်လိုက်သည်နှင့် စက်ကိုနှိုးကာ သစ်သားများကို နောက်တွဲယာဉ်ပေါ်သို့ ဆွဲတင်သည်။ သစ်လုံးများကို တောင်ခြေတွင် ချလိုက်ပြီး အချို့ကို မြို့သို့သွားမည့် ရထားငယ်လေးများပေါ်သို့ တင်ကာ ကျန်ရှိသည်များကို အစီအရီ ပုံထားကြသည်။ ၎င်းမှာ သစ်ပုံသည့်အဖွဲ့၏ အလုပ်ဖြစ်သည်။
***