ချူမင်လီမှာမူ ဖုန်းချပြီးနောက် စိတ်ရွှင်လန်းနေခဲ့သည်။ သူသည် ချီဖန့်ကို ယာယီတာဝန်အကြောင်း အသိပေးလိုက်သည် — သူ၏ ပုံမှန်လစာအပြင် တစ်ရက်လျှင် ထောက်ပံ့ကြေး ၁ ယွမ် ထပ်တိုးရမည်ဖြစ်သည်။
အကယ်၍ အချိန်ပိုဆင်းရပါက နာရီနှင့်တွက်ချက်ကာ ရမည်ဖြစ်ပြီး ၈ နာရီ ပြည့်ပါက အလုပ်ရက်တစ်ရက်အဖြစ် သတ်မှတ်မည် ဖြစ်သည်။ ချီဖန့် တစ်ရက်လျှင် ၂ နာရီမျှ အချိန်ပိုဆင်းရုံနှင့်ပင် သူ၏ လစဉ်ဝင်ငွေမှာ သစ်တောစခန်းတွင် ရသည်ထက် နှစ်ဆ ဖြစ်လာလိမ့်မည်။
ဤကဲ့သို့ အခွင့်အရေးမျိုးကို ချီဖန့် ငြင်းရန် အကြောင်းမရှိပေ။ အဆုံးတွင်တော့ သူ သွားရန် ရည်ရွယ်ထားပြီးသား မဟုတ်ပါလား။ သူ အတွင်းရေးမှူး ချူ ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ချီဖန့် ယန်ရွှယ်ကို ပြန်ပြောပြသောအခါ သူမ မရယ်ဘဲ မနေနိုင်တော့ပေ။ "အတွင်းရေးမှူး ချူကတော့ တကယ်ကို ဈေးဆစ်တော်တာပဲ"
၎င်းစရိတ်များမှာ နောက်ဆုံးတွင် အင်ဂျင်နီယာနှင့် သုတေသနဌာန၏ ပုခုံးပေါ်သို့သာ ကျရောက်မည် ဖြစ်သည်။ သုတေသနဌာနမှာ ဝူရှင်းသဲ့၏ လက်အောက်တွင် ရှိနေသဖြင့် ဝူရှင်းသဲ့သည် သူ၏ အကြံအစည်များ မစတင်မီမှာပင် ရှုံးနိမ့်မှုတစ်ခုကို အရင်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
ယန်ရွှယ်က နောက်ပြောင်ကာ အကြံပေးလိုက်သည်။ "ရှင် အလုပ်ကို ဖြည်းဖြည်းပဲ လုပ်လေ၊ ရက်တွေကို ဆွဲဆန့်ထားပြီး ညဘက်တွေမှာ အချိန်ပိုတွေ အများကြီး ဆင်းလိုက်ပါလား"
ချီဖန့် သူမကို ကြည့်ကာ မျက်ဝန်းများ မှောင်ကျသွားခဲ့သည်။"မင်းက ကိုယ့်ကို တကယ်ပဲ အိမ်ပြန်မလာစေချင်တာလား?"
"မဟုတ်ပါဘူး" သူမ ပြန်ချော့လိုက်သည်။ "ဒါပေမဲ့ အချိန်ပိုတွေ အရမ်း မဆင်းနဲ့ဦးနော်။ နေပြန်ကောင်းကာစပဲ ရှိသေးတာ၊ ပြန်လဲသွားမှာ စိုးလို့"
မူလဝတ္ထုထဲမှ ချီဖန့်၏ စောစီးစွာ ကွယ်လွန်မှုမှာ သူမ၏ စိတ်ထဲတွင် အမြဲရှိနေသည်။ သူမ မရှိသည့်အချိန်တွင် သူ ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေမည်ကို သူမ ကြောက်မိသည်။
သူမ၏ စိုးရိမ်မှုကြောင့် သူ၏ မျက်နှာမှာ ပျော့ပြောင်းသွားသည်။ သူက သူမကို စိုက်ကြည့်ရင်း တိုးညင်းသော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ကိုယ် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"
ယာယီတာဝန်ပြောင်းရွှေ့သည့် သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ယခင်က ထွက်ခဲ့သော အမြဲတမ်းပြောင်းရွှေ့မိန့်အကြောင်းကို မသိကြသော်လည်း သစ်တောစခန်းမှ အလုပ်သမားများမှာ အံ့အားသင့်သွားကြသည်။
လွန်ခဲ့သည့် တစ်လခန့်တွင် ချီဖန့်မှာ တောင်ပေါ်မှ သစ်ခုတ်သမားတစ်ဦးသာ ဖြစ်သည်။ ထိုမတိုင်မီ လေးလခန့်က သူ၏သင်တန်းလျှောက်လွှာ အပယ်ခံရစဉ်က အားလုံးက ဝိုင်းရယ်ခဲ့ကြသေးသည်။
သို့သော် အချိန်တိုအတွင်းမှာပင် သူသည် မြို့နယ်စက်ပြင်အလုပ်ရုံက မပြင်နိုင်သော ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရုံသာမက သူတို့ကိုယ်တိုင် သူ့ထံမှ ပြန်သင်ယူခဲ့ရပြီး ယခုအခါ ခရိုင်ကပင် သူ့ကို အားကိုးနေရပြီ ဖြစ်သည်။
မကြာမီမှာပင် "ရှောင်ချီ" ဆိုသော အခေါ်အဝေါ်မှာ "ဆရာကြီးချီ" အဖြစ် အဆင့်တိုးသွားတော့သည်။ ယန်ရွှယ် အပြင်ထွက်၍ လူများနှင့်တွေ့လျှင် လှမ်းမေးကြသည်။"နင့်ရဲ့ ဆရာကြီးချီ ဘယ်လိုလဲ"
သို့သော် ဆရာကြီးချီ ကိုယ်တိုင်ကမူ စိတ်မချမ်းသာပေ။ သူသည် တောင်ပေါ်မှ ဆင်းလာရုံရှိသေးသည်၊ ယခု တစ်ဖန် ပြန်ထွက်ခွာရဦးမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လာရမည်ကိုလည်း မသေချာပေ။
သူ၏ ထုံးစံအတိုင်း အေးစက်သော မျက်နှာပေးကြောင့် ဘာမှမသိသာသော်လည်း ယန်ရွှယ်တစ်ယောက်သာ ထိုမျက်ဝန်းများထဲတွင် ဖုံးကွယ်ထားသော စိတ်မရှည်မှုကို ရိပ်မိနိုင်သည်။
သို့သော် အခြားသူများမှာ ထိုဒေါသ၏ ဒဏ်ကို အပြည့်အဝ မခံစားရပေ — ယန်ရွှယ်တစ်ဦးတည်းသာ ညတိုင်း ထိုဒဏ်ကို ကြိတ်မှိတ်ခံစားနေရခြင်း ဖြစ်သည်။
ဆရာကြီးချီသည် အိမ်တွင် နှစ်ရက်ခန့် ထပ်မံ "အနားယူ" ပြီးနောက် ခရိုင်စက်မှုစက်ရုံ၏ ထပ်တလဲလဲ တိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် "ကျန်းမာရေးပြန်ကောင်းလာပြီ" ဟု ဆိုကာ ခရိုင်သို့ ထွက်ခွာခဲ့သည်။
စက်ရုံဘက်မှ သူ ထိုနေ့တွင် ထွက်လာမည်ကို သိသဖြင့် အဝေးပြေးကားဂိတ်တွင် လူလွှတ်၍ စောင့်ခိုင်းထားသည်။ ကားပေါ်မှ ဆင်းလာပြီးနောက် အလျင်စလို မသွားဘဲ ရပ်နေသော လူငယ်တစ်ဦးကို မြင်သောအခါ စက်ရုံကိုယ်စားလှယ်က ချဉ်းကပ်သွားလိုက်သည်။ "ရဲဘော် ချီဖန့် လား?"
ချီဖန့် ခေါင်းညိတ်ပြလိုက်သည်။"ဟုတ်ပါတယ်"
ထိုလူက ချက်ချင်း မိတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ! ကျွန်တော် စက်ရုံကပါ — ရှောင်ခုန်းလို့ပဲ ခေါ်ပါ"
သို့သော် သူ၏ စိတ်ထဲတွင်မူ သံသယဝင်မိသည်။ 'သူက အရမ်းငယ်သေးတာပဲ၊ ၂၅ နှစ်တောင် ပြည့်ပုံမရဘူး။ သူ တကယ်ပဲ ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား'
သူ၏ သံသယမှာလည်း အကြောင်းရှိပါသည် — စက်ရုံက ဤကိစ္စအတွက် အများကြီး ရင်းနှီးထားရခြင်း ဖြစ်သည်။ အကယ်၍ ချီဖန့် ကျရှုံးပါက သူတို့ အကြီးအကျယ် ရှုံးနိမ့်ပေလိမ့်မည်။
ချင်းဟွာ စက်မှုသုတေသနဌာနမှ အင်ဂျင်နီယာရှန်ကပင် ချီဖန့်မှာ အလွန် ငယ်လွန်းသည်ဟု ထင်နေသည်။
"အလွန်ဆုံးရှိမှ အသက် ၂၀ အစောပိုင်းပေါ့ — ငါတို့ဌာနမှာဆိုရင်တော့ သူက လက်ဖက်ရည်ဖျော်၊ အောက်ခြေအလုပ်တွေပဲ လုပ်နေရဦးမှာ။ သူက အဖြေရှာတွေ့တယ် ဟုတ်လား?" ရှန်က အကြီးအကျယ် သံသယပွားနေသည်။
ထို့ပြင် သူ၏ အထက်လူကြီးများကလည်း ချီဖန့်သည် တကယ်ပင် ပြဿနာကို ဖြေရှင်းနိုင်သူ ဟုတ်မဟုတ် စမ်းသပ်ကြည့်ရန် မှာကြားထားသေးသည်။ သစ်တောစခန်းက ဆင်းလာတဲ့၊ ဆယ်ကျော်သက်အရွယ်က မတက်သေးတဲ့ ကလေးတစ်ယောက်က ဘာတွေများ ဖြေရှင်းနိုင်မှာလဲ?
သို့သော်လည်း ရှန်က ပြုံးလျက် ချီဖန့်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ "ဒါဆို ရဲဘော် ချီဖန့် ပေါ့။ မင်းက ဒီလောက်ငယ်မယ်လို့ မထင်ထားဘူး"
သစ်တောစခန်းအပြင်ဘက်တွင် ချီဖန့်မှာ ပို၍ပင် အေးစက်ကာ စကားနည်းသွားသည်။ သူ၏ ရှည်လျားသော လက်ချောင်းများဖြင့် ရှန်၏လက်ကို ခေတ္တမျှ ဆုပ်ကိုင်နှုတ်ဆက်ပြီးနောက် စကားနှစ်လုံးသာ ပြောလိုက်သည်။
"မင်္ဂလာပါ"
အဆောင်က ဘယ်မှာလဲဟုပင် မမေးဘဲ သူ၏ အသုံးအဆောင်များကို အနီးဆုံးရုံးခန်းတွင် ချထားလိုက်သည်။
"အခုပဲ အလုပ်စကြမလား?"
သူ၏ အပိုစကားမပြောသော ပုံစံကြောင့် ရှန် အံ့အားသင့်သွားခဲ့သည်။
"မင်း အနားယူဖို့ မလိုဘူးဆိုရင်တော့ အခုပဲ စလို့ရပါတယ်"
ချီဖန့်သည် အလုပ်ဝတ်စုံ ဘယ်မှာရမလဲဟုသာ မေးပြီးနောက် အဝတ်အစားလဲကာ ချက်ချင်းပင် မဆိုင်းမတွ အလုပ်စတင်တော့သည်။ ရှန်က ချီဖန့် ချထားခဲ့သော ပစ္စည်းများကို တစ်ချက်ကြည့်ကာ နောက်မှ အမှီလိုက်ရင်း အခြေအနေကို ရှင်းပြခဲ့သည်။
"မြို့နယ်နှစ်ခုမှာ ကျူ့ချိုင်-၅၀ စက် ၅၃ စီးရှိတဲ့အထဲက ၄၁ စီးကို ပြင်ပြီးပြီ၊ ဒါပေမဲ့ ရလဒ်ကတော့ စိတ်တိုင်းမကျသေးဘူး။ အချိန်က အရမ်းနည်းပြီး သုတေသနဌာနကလည်း အဆင်သင့် မဖြစ်သေးလို့ပါ"
သူက နောက်ဆုံးစကားလုံးကို တမင်ထည့်ပြောလိုက်ခြင်းဖြစ်သည် — မြို့နယ်စက်ပြင်ဆရာလေးတစ်ယောက်ထက် သူတို့က ညံ့နေ၍မဟုတ်ဘဲ သူတို့က ဝေးလံသောနေရာတွင်ရှိနေပြီး အချိန်မလောက်ငခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ချီဖန့် ဘာမှပြန်မပြောဘဲ နားထောင်နေပြီး သူ၏ မျက်နှာပေးကို ခန့်မှန်း၍မရပေ။ ထိုညမှာပင် သူသည် အင်ဂျင်နီယာရှန်ကို သန်းခေါင်ကျော်သည်အထိ အလုပ်ခိုင်းတော့သည်။
အစပိုင်းတွင် ရှန်က လိုက်လုပ်နိုင်သေးသည်၊ ဤကလေးသည် တခြားနေရာတွင် မထူးခြားသော်လည်း အာရုံစူးစိုက်မှုနှင့် အလုပ်တွင် ကျွမ်းကျင်မှုမှာ အထင်ကြီးစရာကောင်းသည်ဟု သူ မှတ်ချက်ပြုမိသည်။
သို့သော် မကြာမီမှာပင် သူ မှားသွားကြောင်း သိလိုက်ရသည် — ချီဖန့်တွင် ငြင်းပယ်၍မရသော အရည်အချင်းတစ်ခု ရှိနေသည်၊ ၎င်းမှာ လူသားမဆန်သော ခံနိုင်ရည်ပင် ဖြစ်သည်။ အချိန်မှာ အတော်ပင် နောက်ကျနေပြီဖြစ်သော်လည်း ချီဖန့်မှာ ပင်ပန်းသည့် အရိပ်အယောင်မပြဘဲ မနားမနေ အလုပ်လုပ်နိုင်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။
ရှန်မှာမူ ဆက်၍ မတောင့်ခံနိုင်တော့ပေ။ "မင်း လောနေတာကို ငါသိပါတယ်၊ ဒါပေမဲ့ တစ်ရက်တည်းနဲ့တော့ အကုန်မပြီးနိုင်ဘူး။ ဒီညတော့ ဒီလောက်နဲ့ပဲ နားကြစို့လား?"
ချီဖန့်သည် အချိန်ကို အခုမှ သတိထားမိပုံရသည်။ သူသည် မျက်လုံးများ မဖွင့်နိုင်တော့သော အခြားသူများကို ကြည့်လိုက်ပြီးနောက် ရှန် ကို ပြန်ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
"ခင်ဗျားတို့ပဲ အရမ်းလောနေတယ်လို့ ကျွန်တော် ထင်နေတာ"
'လောတယ်ဆိုတာ လူကို စက်ရုပ်လို ခိုင်းတာ မဟုတ်ဘူးလေ!' ချီဖန့်ကတော့ အချိန်ပိုကြေး ရသည်မဟုတ်ပါလား — သူ ဘယ်လောက်လုပ်လုပ် ပိုက်ဆံရသည်။
အခြားသူများကတော့ ထိုသို့ ကံမကောင်းကြပေ။ အထူးသဖြင့် အင်ဂျင်နီယာရှန်ပေါ့။ သူက ခရီးစရိတ်ပဲ ရခြင်းဖြစ်သည်။ အချိန်ပိုကြေးရသော ချီဖန့်နှင့်အတူ တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်နေခြင်းမှာ ရူးသွပ်မှုပင်။
ချီဖန့် ရောက်သည့် ပထမဆုံးနေ့မှာပင် ရှန်တစ်ယောက် စိတ်ထဲမှ ကျိန်ဆဲနေရပြီပင်။ "သွား နားလိုက်ပါတော့။ မင်း မအိပ်ချင်ရင်တောင် တခြားလူတွေ အိပ်ဖို့ လိုသေးတယ်"
ချီဖန့်သည် ထိုအခါမှ သူ၏ကိရိယာများကို သိမ်းဆည်း၊ အဝတ်အစားလဲကာ ပင်ပန်းနေသော ရှောင်ခုံးနှင့်အတူ ယာယီအဆောင်သို့ လိုက်သွားတော့သည်။
သန့်ရှင်းရေးလုပ်ပြီး မီးမပိတ်မီ အချိန်ကို ကြည့်လိုက်ရာ မနက် ၁ နာရီ တိတိ ရှိနေပြီဖြစ်သည်။ ယန်ရွှယ် တစ်ယောက် အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်လိမ့်မည်။ ထိုကောင်မလေးကတော့ သူ အိမ်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုစိုက်မည်မဟုတ်ပေ။ သူမသည် ထုံးစံအတိုင်း ထောင်ချောက်တွေ ဆင်မြဲ၊ ထင်းရှူးသီးတွေ ကင်မြဲ ဖြစ်နေပေလိမ့်မည်...။
ယန်ရွှယ်မှာ အမှန်ပင် အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် လန့်နိုးလာခဲ့သည်။ ရင်းနှီးနေသော ရင်ခွင်ကို မခံစားရသဖြင့် ချီဖန့် တောင်ပေါ်တက်သွားပြီဟု သူမ အရင်ဆုံး တွေးမိသည်။ ခေတ္တကြာမှ သူ ခရိုင်သို့ သွားသည်ဖြစ်ကြောင်း သတိရလိုက်သည်။ ချီဖန့် အိမ်မှာ မရှိမှန်း သိလိုက်ရသောအခါ သူမ၏ အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူမသည် မဲမှောင်နေသော ထုတ်တန်းကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ရေသောက်ရန် ထလိုက်သည်။ သူမ အိပ်ရာထဲ ပြန်ဝင်လာချိန်တွင် တစ်ဖက်ခန်းရှိ နာရီငယ်လေးမှ အသံမြည်လာခဲ့သည် — မနက် ၁ နာရီ ရှိပြီ ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် ယန်ရွှယ်သည် ပုံမှန်ထက် အနည်းငယ် နောက်ကျမှ နိုးလာခဲ့သည်။ ၎င်းက သူမ အိပ်ရာထ နောက်ကျခြင်းမှာ ချီဖန့်ကြောင့်သာ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ သူမ အပြင်ထွက်လာသောအခါ ယန်ကျိအန်းလည်း တစ်ဖက်ခန်းမှ မျက်လုံးနှစ်လုံး မှိတ်လျက် ထွက်လာခဲ့သည်။
" မင်္ဂလာ နံနက်ခင်းပါ မမ။ မင်္ဂလာ နံနက်ခင်းပါယောက်ဖ"
သူ အိပ်ချင်မူးတူး ဖြစ်နေချိန်တွင် စကားများမှာ အိပ်မက်ထဲမှာ ပြောနေသကဲ့သို့ အလွန်ပင် ချောမွေ့နေပြီး ထုံးစံအတိုင်း စကားထစ်ခြင်း မရှိသဖြင့် ယန်ရွှယ် ရယ်ချင်သွားသည်။ သို့သော် သူမ မရယ်ရသေးခင်မှာပင် ထိုကောင်လေးက မျက်လုံးဖွင့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"ယောက်ဖ ဘယ်မှာလဲ? အိပ်နေတုန်းလား?"
ယန်ရွှယ်မှာ ရယ်ချင်စိတ်မှ စိတ်ပျက်သည့်ဘက်သို့ ကူးသွားခဲ့သည်။ "နင့်ယောက်ဖ အလုပ်ကိစ္စနဲ့ ခရိုင်ကို သွားတယ်လေ။ နင် မေ့နေတာလား?"
မနက်စာစားပြီးနောက် ယန်ကျိအန်းက ကျောင်းလွယ်အိတ်ကို လွယ်ကာ ထွက်သွားခဲ့သည်။ ယန်ရွှယ်နှင့် တို့ ပန်းကန်ဆေးနေစဉ် တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့သည်။
"ကျွန်တော့် ရေဒီယိုအဟောင်းကြီး ထပ်ပျက်နေပြန်ပြီ။ ချီဖန့် ရှိရင် ကြည့်ပေးပါဦး"
နောက်ထပ် ချီဖန့်အကြောင်း မေးမြန်းမှုတစ်ခု။ ယန်ရွှယ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "သူ ခရိုင်ကို ယာယီတာဝန်နဲ့ သွားပါတယ်။ မနေ့ကတည်းက ထွက်သွားတာပါ"
"မနေ့ကတည်းက သွားပြီလား? ငါ ဘာမှမကြားလိုက်ပါလား။ သူ ရှိနေသေးတယ် ထင်နေတာ"
လာရောက်သူမှာ သိသိသာသာ စိတ်ပျက်သွားခဲ့သည်။ သို့သော် ရောက်လက်စနှင့် ခဏမျှ ထိုင်ကာ ချီဖန့် တော်ကြောင်း တတ်ကြောင်းများကို ချီးကျူးပြီးမှ ပြန်သွားတော့သည်။
ပန်းကန်ဆေးပြီးနောက် ရေစည်ပိုင်းထဲတွင် ရေတစ်ဝက်သာ ရှိတော့သည်ကို ယန်ရွှယ် သတိပြုမိလိုက်သည်။ သူမသည် နံရံမှ ထမ်းပိုးကို ယူ၊ ရေပုံးနှစ်လုံးကို ချိတ်ကာ ရေခပ်ရန် မြစ်ဆိပ်သို့ ထွက်လာခဲ့သည်။
မြစ်ကမ်းနားတွင် လျိုဝေကောနှင့် ဆုံခဲ့သည်။ သူက ရေခပ်ပြီး ပြန်ရန် ပြင်နေခြင်း ဖြစ်သည်။ သူသည် ဇနီးသည်ကို တွေ့ရန် အိမ်သို့ ခိုးပြန်လာခြင်းမှာ သိသာလှသည်။
ကံကောင်းသည်မှာ သူက လွှစက်ကိုင်တစ်ဦးဖြစ်သဖြင့် အလုပ်မှာ အခြားသူများထက် ပိုမြန်သည် — နှစ်ရက် သုံးရက်စာ အလုပ်ကို တစ်ရက်တည်းနှင့် အပြီးလုပ်နိုင်သဖြင့် အပိုအလုပ်များ လုပ်ရန် သို့မဟုတ် အိမ်သို့ ခဏပြန်ရန် အချိန်ပိုရလေ့ရှိသည်။
လျိုဝေကောက သူမ၏ ရေပုံးများကို ကြည့်လိုက်သည်နှင့် ယန်ရွှယ်က သူ မမေးခင် ကြိုပြောလိုက်သည်။ "ချီဖန့် ခရိုင်စက်မှုစက်ရုံကို သွားတယ်။ အိမ်မှာ မရှိဘူး"
သို့သော် လျိုဝေကောက သူမကို ကြည့်ကာ ပြောလိုက်သည်။ "ချီဖန့် မရှိတာ ငါသိပါတယ်။ ငါက ရေခပ်ကူမလို့ပါ။ မြစ်ကမ်းနားက နည်းနည်း ချောတယ် — လဲကျသွားဦးမယ်"
ယန်ရွှယ် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ တခြားလူတွေလိုပဲ သူကလည်း ချီဖန့်အကြောင်း မေးမည်ဟု သူမ ယူဆထားခြင်း ဖြစ်သည်။ သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ လျိုဝေကော ရယ်လိုက်သည်။
"ဘာလဲ? သွားတာ တစ်ရက်ပဲ ရှိသေးတာကို လွမ်းနေပြီလား?"
လွမ်းနေတာတော့ မဟုတ်ပါဘူး — လူတိုင်းက မေးနေကြလို့ပါ...။
ယန်ရွှယ်သည် မတုန်လှုပ်ဘဲ ပြုံးလျက် ပြန်ချေပလိုက်သည်။ "ရှင် ရှင့်မိန်းမကို လွမ်းသလောက်တော့ မဟုတ်ပါဘူး"
လျိုဝေကော မငြင်းပေ။ "အခုဆို ငါ့မှာ လွမ်းစရာ နှစ်ယောက်တောင် ရှိနေပြီ။ နောက်ထပ် တစ်ယောက်က လမ်းမှာလေ"
သူက သတင်းကောင်းကို မဝေမျှဘဲ မနေနိုင်တော့ပေ။ "အမေက ပြောတယ်၊ ဝမ်ဟွေ့က အခု အော့အန်တာတွေ ပျောက်သွားပြီး အစားတွေ အရမ်းစားနိုင်နေပြီတဲ့ — သန်မာတဲ့ သားလေး ဖြစ်မှာ သေချာတယ်"
လျိုဝေကော အဝေးသို့ ရောက်နေစဉ်အတွင်း ဟွမ်ဖန့်ယင်းသည် ချွေးမဖြစ်သူကို တစ်ယောက်တည်း မထားချင်သဖြင့် သူမနှင့်အတူ လာနေပေးခြင်း ဖြစ်သည်။
ယန်ရွှယ်သည် လျိုမိသားစုထံ မကြာခဏ သွားလေ့ရှိသဖြင့် ဤအကြောင်းများကို သိသည်။ သူမသည် လျိုဝေကော၏ ပါးစပ်မစိနိုင်အောင် ပြုံးနေသော မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
"သစ်တောစခန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စ ကြားပြီးပြီလား?"
လျိုဝေကောက ချက်ချင်းပင် ရင်ဘတ်ကို ဖိကာ အသည်းယားသလို ဟန်ဆောင်ပြခဲ့သည်။ "မင်းက ဘာလို့ ချီဖန့်အတိုင်းပဲလဲ၊ နာတဲ့နေရာကိုပဲ လာလာထိုးနေတာ"
အင်း၊ သူက ပါးစပ်မစိဘဲ ကြွားချင်နေတာဆိုတော့ ယန်ရွှယ်တောင် သူ့ကို စနောက်ချင်စိတ် ပေါက်လာရသည်။ ယန်ရွှယ်က ကိုယ်လုံးသေးသဖြင့် လျိုဝေကော ရေကူထမ်းပေးသည်ကို သူမ မငြင်းခဲ့ပေ။
သူတို့ ပြန်လာစဉ် လျိုဝေကောက လှမ်းပြောခဲ့သည်။ "ချီဖန့် မရှိတုန်း တစ်ခုခု လိုအပ်ရင် ငါ့အမေဆီ သွားလိုက်။ ဒါမှမဟုတ် တောင်ပေါ်မှာ ငါ့ကို လာရှာ"
၎င်းမှာ ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ကသာ ပေးနိုင်သော ကတိမျိုး ဖြစ်သည်။ ယန်ရွှယ်က ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် ထပ်ပြောလိုက်သည်။ "ချီဖန့်က ခရိုင်ထဲမှာပဲဟာ — ဝေးဝေးသွားတာလည်း မဟုတ်ဘူး။ သူ တောင်ပေါ်မှာ သစ်တက်ခုတ်တုန်းကဆိုရင် လနဲ့ချီပြီးတောင် ပျောက်နေသေးတာပဲ"
"အဲဒါက မတူဘူးလေ" လျိုဝေကော ပြောလိုက်သည်။ "သူ တောင်ပေါ်မှာရှိရင် မင်း ဘယ်အချိန်မဆို သွားတွေ့လို့ရတယ်။ တစ်ခုခုဖြစ်ရင် လှမ်းအော်လိုက်တာနဲ့ သူ ဆင်းလာလိမ့်မယ်။ ခရိုင်ကတော့ မတူဘူး"
မှန်ပါသည်။ ချီဖန့် ယခုတစ်ကြိမ် မရှိခြင်းက ဘာကြောင့် မတူသလို ခံစားနေရသနည်းဟု ယန်ရွှယ် တွေးနေခဲ့သည်။ တကယ့် ခွဲခွာခြင်းတစ်ခုလိုမျိုးပေါ့။
အိမ်ရောက်သောအခါ အဘွားကပင် တိုးတိုးလေး ညည်းနေသည်။ "အဲဒီ ခရိုင်စက်မှုစက်ရုံက တကယ့်ကို ကြီးကျယ်တာတဲ့။ သစ်တောစခန်းက အင်ဂျင်တွေရဲ့ အပိုပစ္စည်း တစ်ဝက်လောက်က အဲဒီကလာတာ။ တော်တဲ့သူတွေလည်း အများကြီး ရှိမှာပဲ။ ချီဖန့်ကို နှိပ်စက်ကြမလား မသိဘူး"
ယန်ရွှယ်သည် ရေစည်ပိုင်းထဲသို့ ရေလောင်းထည့်ရင်း ရယ်လိုက်သည်။ "သူ့ကို တစ်ယောက်ယောက်က နှိပ်စက်မှာကို စိုးရိမ်နေတာလား? သူ တခြားလူတွေကို နှိပ်စက်မှာကိုပဲ စိုးရိမ်ရမှာ"
"ဘာတွေ ပြောနေတာလဲ?" အဘွားက သူမကို အပြစ်တင်သလို ကြည့်ခဲ့သည်။ "ချီဖန့်က လိမ်မာတဲ့ ကလေးပဲ၊ သူက ဘာလို့ သူများတွေကို နှိပ်စက်ရမှာလဲ?"
အဲဒါက အဘွား ချီဖန့်ရဲ့ နောက်ကွယ်က ကိစ္စတွေကို မသိသေးလို့လေ...။
ယန်ရွှယ်သည် ရေပုံးအလွတ်ကို ချပြီး နောက်တစ်ပုံးကို ယူလိုက်စဉ်မှာပင် အဒေါ်ကော ရောက်လာကာ မေးခဲ့သည်။
"ချီဖန့် သွားပြီလား?"
ယန်ရွှယ်မှာ ဤမေးခွန်းကို ရိုးနေပြီဖြစ်သည်။ သူမရေလောင်းရင်းပင် ပြန်ဖြေလိုက်သည်။ "မနေ့က သွားပါပြီ။ တစ်ခုခု လိုလို့လား?"
အဒေါ်ကော အံ့သြသွားခဲ့သည်။ "မနေ့ကတည်းက သွားပြီလား? စက်ပြင်အလုပ်ရုံက တစ်ယောက်ယောက်က သူ့ကို လာရှာနေတာ"
စက်ပြင်အလုပ်ရုံက လူက ချီဖန့်ကို လာရှာတယ်? ယန်ရွှယ် ရေလောင်းနေရင်း ခေတ္တ ရပ်သွားခဲ့သည်။ "ဘယ်သူလဲဆိုတာ အဒေါ် သိလား?"
"သုတေသနဌာနက လူတစ်ယောက်လို့ ပြောတာပဲ"
အဒေါ်ကောလည်း သေချာမသိပေ။ "ချီဖန့်က သူတို့ရဲ့ ပြဿနာကြီးတစ်ခုကို ကူညီဖြေရှင်းပေးခဲ့တယ်တဲ့၊ အဲဒါ ကျေးဇူးတင်ဖို့ လာတာတဲ့"
သူမက လာရောက်သူအပေါ် အထင်ကြီးနေပုံရသည်။ "အဲဒီလို လူကြီးလူကောင်းတစ်ယောက်က ကိုယ်တိုင်တောင် လာရှာတာဆိုတော့ တကယ့်ကို နှိမ့်ချတတ်တဲ့သူပဲ"
ယန်ရွှယ် နားထောင်ရင်း မျက်တောင်ရှည်ကြီးများကို အသာအယာ ချလိုက်သည်။ ဝူရှင်းသဲ့က ချီဖန့်ကို ပြောင်းရွှေ့လိုက်ခြင်းမှာ တစ်ခုခုကို ရည်ရွယ်နေပုံရသည် — ခရိုင်အာဏာပိုင်တွေက ဘာတွေ ကြံစည်နေလဲဆိုတာ မရှင်းလင်းသေးပေမဲ့ အနည်းဆုံးတော့ တစ်ဝက်လောက်က သစ်တောစခန်းကို ပစ်မှတ်ထားနေတာ ဖြစ်လိမ့်မယ်။
မေးခွန်းကတော့ သူတို့က တခြားလူတွေဆီက သတင်းနှိုက်ဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် သူမဆီကို တိုက်ရိုက် လာကြမှာလား ဆိုတာပင်။