"ညီမလေးချီချီ၊ ညီလေးရွှီ... ဒီမှာပဲ စောင့်နေကြ... ငါတို့ ဆင်းသွားလိုက်ဦးမယ်"
"ဟုတ်ကဲ့"
"ကောင်းပါပြီ"
သူတို့နှစ်ယောက် ပြိုင်တူ ဖြေကြားလိုက်ကြ၏။
နောက်တစ်ခဏတွင်...
ဗွမ်း...
...
ရေကူးခတ်သံများနှင့်အတူ လူအနည်းငယ် ရေကန်ထဲသို့ ခုန်ချသွားပြီး ရေမျက်နှာပြင်ထက်မှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ရေကန်အောက်ခြေတွင် ထိုအဖွဲ့က မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ ရေငုပ်ဆင်းရာ လမ်းကြောင်းနောက်သို့ အလျင်စလို လိုက်ပါသွားကြသည်။
လေပြင်း အကြိမ်အနည်းငယ် ရှူထုတ်ပြီးချိန်တွင်တော့...
"အရင် တက်သွားကြ" မီးခိုးရောင်ဝတ်ရုံနှင့်လူက လှမ်းပြောလေ၏။
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့် ရေအောက်တွင်လည်း သူက ဩရှရှ အသံနက်ကြီးကို လွယ်ကူစွာ ထုတ်ဖော်နိုင်ခြင်းပင်။
ထိုစဉ် အခြားသူများမှာ လေပြတ်လုနီးပါး ဖြစ်နေသဖြင့် အသက်ကို အလုအယက် ရှူရှိုက်နေရပြီး သူတို့ မျက်နှာများမှာ နီရဲကာ အဆုတ်ထဲတွင် အောက်ဆီဂျင် ကုန်လုနီးပါး ဖြစ်နေလေပြီ။
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ စကားကို ကြားသည်နှင့် သူတို့လည်း စိတ်သက်သာရာ ရသွားပြီး ရေမျက်နှာပြင်ဆီသို့ အလျင်အမြန် ကူးခတ်သွားကြတော့သည်။
အချိန်အနည်းငယ် အကြာတွင်တော့...
မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ ခြေထောက်များက သဲနှင့် ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားသော နူးညံ့သည့် မြစ်အောက်ခြေသို့ ထိတွေ့သွား၏။
သူ့လက်ထဲရှိ အမိန့်တံဆိပ်ပြား၏ ဆွဲငင်မှုအပေါ် အားပြု၍ အလောင်းသုံးလောင်းအား လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။
ရက်အတော်ကြာ ရေထဲစိမ်ထားသဖြင့် ထိုအလောင်းသုံးလောင်းမှာ မည်သူမည်ဝါမှန်း မခွဲခြားနိုင်လောက်အောင် ပုံပျက်နေလေသည်။ သူတို့၏ အသားများကို ငါးများနှင့် ပုစွန်များက အများစု ကိုက်ဖြတ် စားသောက်ထားပြီး အရိုးများပေါ်တွင် ဖြူဖျော့ဖျော့ အသားပုပ် အနည်းငယ်သာ ကပ်ငြိနေတော့သည်။
"ဒါ သေချာပေါက် အကြီးအကဲလျူပဲ" အရိုးစုများပေါ်ရှိ အဝတ်အစားများကို မြင်သည်နှင့် မီးခိုးရောင်ဝတ်ရုံနှင့်လူက ချက်ချင်း အတည်ပြုလိုက်သည်။
ထို့နောက် သူက လျူချင်းစုန့်၏ ဘေးသို့ သွား၍ အရိုးများတွင် ချည်နှောင်ထားသော ကျောက်တုံးများကို ဖြေချရန် ငုံ့လိုက်၏။
ခဏအကြာတွင် အခြားအလောင်းနှစ်လောင်းတွင် ချည်နှောင်ထားသော ကျောက်တုံးများကိုပါ ဖြေချလိုက်သည်။ ထို့နောက် အလောင်းသုံးလောင်းကို ဆွဲကိုင်၍ အပေါ်သို့ စတင် တက်လှမ်းလာခဲ့တော့သည်။
ရေကန်အထက်တွင်တော့...
ရွှမ်း...
လှိုင်းရိုက်ခတ်သံများနှင့်အတူ မီးခိုးရောင်ဝတ်ရုံနှင့်လူက ရေထဲမှ ထွက်ပေါ်လာခဲ့သည်။
"တတိယအကြီးအကဲ..."
"..."
မီးခိုးရောင်ဝတ်ရုံနှင့်လူ ပေါ်လာသည်ကိုမြင်လျှင် ဆေးဘုရင်တောင်ကြားမှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် အော်ခေါ်လိုက်ကြသည်။
"ဖမ်းထား" မီးခိုးရောင်ဝတ်ရုံနှင့်လူက အော်ပြောလိုက်ပြီးနောက် ရေကန်အောက်ခြေမှ သူ သယ်ဆောင်လာသော အလောင်း သုံးလောင်းအား ကမ်းစပ်ဆီသို့ လှမ်းပစ်လိုက်၏။
အလောင်းသုံးလောင်းမှာ ချက်ချင်းပင် မျဉ်းကွေးပုံစံ ဖြစ်သွားပြီး ကမ်းစပ်ပေါ်သို့ ကျဆင်းသွားသည်။
နောက်တစ်ခဏတွင် သူက ရေပြင်ကို အားကုန် ကန်ကျောက်လိုက်၏။
ဘုန်း...
သူ့ခြေထောက်မှ ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် ခြေအောက်ရှိ ရေပြင်မှာ ရွှံ့နွံများကဲ့သို့ ချက်ချင်း အခဲတန်း ဖြစ်သွားလေသည်။
သူက မျက်တောင်တစ်ခတ် အတွင်းမှာပင် ရေထဲမှ ခုန်ထွက်လာခဲ့၏။
သူ့ခြေအောက်ရှိ ရေမျက်နှာပြင်မှာ အမြောက်ဆန် ထိမှန်သွားသကဲ့သို့ အဖြူရောင် လှိုင်းဂယက်များက အဆုံးအစမရှိ အပြင်ဘက်သို့ ပြန့်နှံ့သွားတော့သည်။
"တတိယအကြီးအကဲ... ဒါက အကြီးအကဲလျူရဲ့ အလောင်းလား" တပည့်တစ်ယောက်က ကမ်းစပ်ပေါ်ရှိ ပုပ်ပွနေသော အလောင်းကို လက်ညှိုးထိုး၍ မေးလေသည်။
"အမိန့်တံဆိပ်ပြားရဲ့ လမ်းညွှန်မှုနဲ့ ဒီအဝတ်အစားတွေအရ ဒါက အကြီးအကဲ လျူချင်းစုန့်ပဲ" မီးခိုးရောင်ဝတ်ရုံနှင့်လူက ပြန်ဖြေလိုက်၏။
ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ချက် ခါရမ်းလိုက်ရာ အတွင်းပိုင်းရှိ သွေးကြောကြီးများ လှုပ်ခတ်သွားပြီး သူ့အဝတ်အစားများမှာ ချက်ချင်း လွင့်ပျံသွားကာ ရေအမြောက်အမြား လွင့်စင်သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ့အဝတ်အစားများမှာ တစ်ဝက်ခန့် ခြောက်သွေ့သွားခဲ့ပြီ ဖြစ်သည်။
"တတိယအကြီးအကဲ... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" တပည့်တစ်ယောက်က မေးမြန်းလာသည်။
"လျူချင်းစုန့်နဲ့ တခြားသူတွေကို သတ်သွားတဲ့ လူသတ်သမားကို ရှာရမယ်"
မီးခိုးရောင်ဝတ်ရုံနှင့်လူလတ်ပိုင်းက မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက် ကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။
"အဲဒီနေ့က အကြီးအကဲလျူ ထွက်သွားတုန်းက ဘာလုပ်ဖို့ သွားတာလဲ မင်းတို့ သိကြလား"
"ကျွန်တော်တို့ သိပါတယ်" တပည့်တစ်ယောက်က ခေါင်းညိတ်လေ၏။
"အကြီးအကဲလျူ ပြောပုံအရဆို သူက ကျန်းနင်ကို သွားမေးစရာရှိလို့တဲ့"
"ကျန်းနင်..." မီးခိုးရောင်ဝတ်ရုံနှင့်လူက ရေရွတ်လိုက်သည်။
"အဲဒီလူက ဘယ်သူလဲ"
တခြားတစ်နေရာတွင်...
မြို့ပြင်ဘက်ရှိ အနောက်ပိုင်း လေ့ကျင့်ရေးကွင်းပြင်။
ကျန်းနင် ရောက်ရှိလာချိန်တွင် ထိုနေရာ၌ ဖောက်ထွင်း၍မရနိုင်လောက်အောင် ကြိတ်ကြိတ်တိုး စည်ကားနေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။
ခေါင်းပေါ်ရှိ နေမင်းက ပြင်းထန်စွာ ပူပြင်းလာသည့်တိုင် လာရောက် ကြည့်ရှုသူ လူအုပ်ကြီးမှာ ပြည့်ကျပ်နေဆဲပင်။
လေ့ကျင့်ရေးကွင်းပြင် ပတ်လည်တွင် သစ်သားတဲများကို ကြိုတင် ဆောက်လုပ်ထားပြီး ဖြစ်သည်။
သစ်သားတဲများထဲတွင် လူတစ်ဝက်ခန့် ပြည့်နှက်နေလေသည်။
ဝမ်ကျင်းက လူတစ်စုကို ဦးဆောင်၍ လေ့ကျင့်ရေးကွင်းပြင်၏ အရှေ့ဘက်ရှိ သစ်သားတဲဆီသို့ လျှောက်သွားလိုက်၏။
ထိုတဲမှာ ချန်လန် သိုင်းသင်တန်းကျောင်းအတွက် သတ်မှတ်ထားသော နေရာပင် ဖြစ်သည်။
ထို့နောက် လူတစ်စုက လေ့ကျင့်ရေးကွင်းပြင်၏ အရှေ့ဘက်ရှိ ထိုတဲဆီသို့ ဦးတည်သွားကြတော့သည်။
"ဆရာဝမ်... ရောက်လာပြီပဲ"
သူတို့ တဲထဲသို့ ဝင်ဝင်ချင်းပင် အစွန်ဆုံး ခုံတန်းလျား၌ ထိုင်နေသော အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က မတ်တတ်ရပ်၍ ဝမ်ကျင်းကို နှုတ်ဆက်လိုက်သည်။
ထိုလူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားစွမ်းအား သိုင်းသင်တန်းကျောင်း၏ ကျောင်းအုပ် ယွီယွမ်ပင်။
လော့ရွှေခရိုင်တွင် သူကလည်း တကယ့်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး ဝမ်ကျင်းနှင့် အဆင့်အတန်း တူညီကာ အဆင့်ခုနစ် သိုင်းပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
တပည့်ခံ ညစာစားပွဲတွင် သူ့အား မြင်ဖူးခဲ့သောကြောင့် ကျန်းနင် ချက်ချင်း မှတ်မိလိုက်၏။
"ဆရာယွီ" ဝမ်ကျင်းကလည်း ပြန်လည် နှုတ်ဆက်လေသည်။
ထို့နောက် သူက တည်ငြိမ်စွာ ဝင်ထိုင်လိုက်၏။
ကျန်းနင်နှင့် အခြားသူများလည်း ဝမ်ကျင်း အနောက်ရှိ ခုံတန်းလျားများပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
"ဆရာဝမ်... ခင်ဗျားရဲ့ တပည့်တွေထဲမှာ အဖွဲ့ခေါင်းဆောင် နေရာကို ဝင်ပြိုင်ဖို့ ရည်မှန်းထားတဲ့သူရှိလား" ယွီယွမ်က ရုတ်တရက် ခေါင်းလှည့်၍ ဝမ်ကျင်းကို မေးလိုက်သည်။
"အဘိုးကြီး... ခင်ဗျား တပည့်တွေက အဖွဲ့ခေါင်းဆောင် နေရာကို သေချာပေါက် ရယူမယ်လို့ ဆိုလိုချင်တာလား" ဝမ်ကျင်းက ပြန်မေးလေသည်။
"ဆရာဝမ်ကတော့ ထက်မြက်တုန်းပဲ" ယွီယွမ်က ရယ်မောလိုက်သည်။
"ခင်ဗျားက ချက်ချင်း ရိပ်မိတာပဲ... တကယ်တော့ ခင်ဗျားကို ဖုံးကွယ်ထားစရာ မလိုပါဘူးလေ"
ဝမ်ကျင်းက ခေါင်းခါယမ်းလိုက်ပြီး…
"ခင်ဗျား တပည့်အကြောင်း ကြွားချင်ရင်လည်း တည့်သာ ပြောပါ... ဘာလို့ စကားကို လှည့်ပတ် ပြောနေရတာလဲ... ခင်ဗျား တပည့် တူယန်က အဆင့်ရှစ်ကို ရောက်သွားတာများလား"
"ဟား ဟား"
ယွီယွမ်က ရယ်မော၍…
"ဆရာဝမ်ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ"
ထိုစကားကြားလျှင် ဝမ်ကျင်းကလှည့်၍ ကျိုးရှင်းအား မေးလိုက်သည်။
"မင်းကော အဖွဲ့ခေါင်းဆောင် နေရာကို ဝင်ပြိုင်ဖို့ စိတ်ကူးရှိလား"
ထိုအခါ ကျိုးရှင်းက ခေါင်းအနည်းငယ် ညိတ်ပြ၍…
"တပည့်လည်း အဆင့်ရှစ် သိုင်းပညာရှင် အဆင့်ကို ရောက်နေပါပြီ"
ထိုစကားကြောင့် ဝမ်ကျင်းရော ယွီယွမ်ပါ ကျိုးရှင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။
အဆင့်ရှစ် ရောက်နေသူတစ်ယောက် အနေဖြင့် အဖွဲ့ခေါင်းဆောင် နေရာကို ဝင်ပြိုင်ရန် ရည်မှန်းချက် မရှိဘဲ နေပါမည်နည်း။
ထိုအခါမှသာ ဝမ်ကျင်းလည်း အားပါးတရ ရယ်မော၍…
"အစ်ကိုယွီ... မြင်တဲ့အတိုင်းပဲ... ကျုပ်တပည့်ကလည်း သိပ်မညံ့ပါဘူး ဟုတ်တယ်မလား"
"မညံ့ပါဘူးဗျာ" ယွီယွမ်၏ အကြည့်က ကျိုးရှင်းထံ စူးစိုက်သွားပြီး ချီးကျူးစကား ဆိုလိုက်သည်။
"ကျိုးမိသားစုရဲ့ ထူးချွန်တဲ့ မျိုးဆက်က တကယ်ကို အံ့မခန်းပဲ... ငါတို့အဆင့်ကို ရောက်လာဖို့ အလားအလာ ကောင်းတွေ ရှိနေတယ်"
ဝမ်ကျင်းက ခေါင်းအနည်းငယ် ညိတ်ပြကာ…
"ဒါပေါ့"
တစ်ချိန်တည်းမှာပင်...
ကျန်းနင်၏ အကြည့်များက လေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးအား ဝေ့ဝဲကြည့်ရှုနေပြီးနောက် အဝေးရှိ ပွဲကြည့်စင် တစ်ခုပေါ်သို့ ကျရောက်သွား၏။
ပွဲကြည့်စင်ပေါ်တွင် အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်နှက်နေပြီး အားလုံးက တန်ဖိုးကြီးမားမှန်း သိသာသော အဝတ်အစားများကို ခမ်းနားစွာ ဝတ်ဆင်ထားကြသည်။
ထိုလူများထဲတွင် ကျန်းနင်က ရင်းနှီးသော ပုံရိပ်နှစ်ခုကိုလည်း တွေ့လိုက်ရသည်။
လင်းချင်းရီ၏ တူမဖြစ်သူ လင်းကျားအာနှင့် သူ့မရီး လျူဝမ်ဝမ်၏ အစ်ကို လျူရှန်းရှန်းတို့ပင်။
"သူတို့က သိုင်းဥယျာဉ်က တပည့်တွေ ဖြစ်ရမယ်..." ကျန်းနင်က စိတ်ထဲတွင် တွေးလိုက်သည်။
လီချင်းက ကျန်းနင်၏ အကြည့်နောက် လိုက်ကြည့်ပြီးနောက် သူ့ဘက်သို့ အနည်းငယ် ကိုင်းညွတ်လာကာ...
"မောင်လေးကျန်း... မင်း အားကျနေတာလား... ငါတို့က အိုက်စပ်နေတဲ့ တဲထဲမှာ ထိုင်နေရပေမဲ့ သူတို့ကတော့ အေးချမ်းတဲ့ ပွဲကြည့်စင်ပေါ်မှာ ထိုင်နေရတာကိုး"
"နည်းနည်းပါ" ကျန်းနင်က ခေါင်းညိတ်ပြသည်။
လီချင်း ပြောသည့်အတိုင်းပင် သစ်သားများဖြင့် ရိုးရှင်းစွာ ဆောက်လုပ်ထားသော တဲများမှာ နေရောင် အနည်းငယ် ထိတွေ့ရုံနှင့်ပင် သည်းမခံနိုင်လောက်အောင် ပူအိုက်လာလေသည်။
အထူးသဖြင့် တဲတစ်လုံးစီမှာ သိပ်မကျယ်ဝန်းဘဲ လူများစွာ ပြည့်ကျပ်နေသဖြင့် ချွေးနံ့များက လေထုထဲ ရောနှောနေကာ လူကို မူးဝေချင်စရာပင် ဖြစ်စေ၏။
သို့သော် ပွဲကြည့်စင်ပေါ်တွင်တော့ ကွာခြားလှသည်။ ကျယ်ဝန်းသော နေရာနှင့် လေဝင်လေထွက် ကောင်းမွန်မှုကြောင့် တဲထဲထက် များစွာ ပိုမို သက်သောင့်သက်သာ ရှိလေသည်။
လီချင်း၏ မျက်လုံးများတွင်လည်း သိုင်းဥယျာဉ်မှ တပည့်များ ထိုင်နေသည့် နေရာကို ကြည့်ရင်း အားကျသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"မောင်လေးကျန်းတင် မဟုတ်ဘူး... ငါလည်း အားကျတာပဲ"
"ပွဲကြည့်စင်ပေါ်မှာက အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိမှာပဲ"
"ဒါပေမဲ့ ငါတို့က အဲဒီကိုသွားဖို့ အရည်အချင်းမှ မပြည့်မီတာ... သူတို့က တုန်းလင်မြို့ သိုင်းသင်တန်းကျောင်းက ကျောင်းသားတွေလေ... သူတို့ရဲ့ အဆင့်အတန်းက ငါတို့လို နေရာသေးသေးလေးက လူတွေထက် အများကြီး ပိုမြင့်မားတယ်"
ထိုစကားကြားလျှင် ကျန်းနင်က…
"အစ်မလီ... ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး... အစ်မရဲ့ မိသားစု နောက်ခံကလည်း သေချာပေါက် မညံ့ပါဘူး"
"မညံ့ဘူး ဆိုပေမဲ့လည်း..."
လီချင်းက ခေါင်းအနည်းငယ် ခါယမ်း၍…
"သူတို့နဲ့ ယှဉ်လိုက်ရင်တော့ အများကြီး ကွာခြားသွားပြီလေ"
ထိုစဉ် ကျောက်ဟူက လီချင်းတစ်ယောက် ကျန်းနင်ဘက်သို့ ကိုင်းညွတ်နေသည်ကို မြင်လိုက်ရသဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်၏။
"ဒီသောက် မျက်နှာချိုသွေးတဲ့ကောင်..." သူက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
အခြားတစ်နေရာတွင်...
လေ့ကျင့်ရေးကွင်းပြင်၏ ပွဲကြည့်စင်ပေါ်၌ ထိုင်နေသော လင်းကျားအာကလည်း တဲထဲရှိ ကျန်းနင်ကို လှမ်းမြင်သွားသည်။
ကျန်းနင်မှာ လူအုပ်ထဲတွင် ထင်ရှားနေပြီး သူ့အရပ်အမောင်းနှင့် ရုပ်ရည်က အလွယ်တကူ အာရုံစိုက်ခံရစေ၏။
သူမနေရာမှ နေ၍ တဲထဲတွင် ထိုင်နေသော ကျန်းနင်ကို မြင်လိုက်ရချိန်တွင် မေးစေ့ကို အနည်းငယ် မော့ကာ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
'ကြည့်စမ်း... ဒါက ကွာခြားချက်ပဲ' ဟုပြောနေသည့်အလားပင်။
လင်းကျားအာ၏ သိမ်မွေ့သော အမူအရာကို မြင်လျှင် ကျန်းနင်က ခေါင်းခါယမ်းလိုက်၏။
'ကလေးဆန်လိုက်တာ'
ထို့နောက် သူက လျူရှန်းရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
လူအုပ်ဝန်းရံခံထားရသော လျူရှန်းရှန်းမှာ အာရုံစိုက်ခံရဆုံး ဗဟိုချက် ဖြစ်နေမှန်း သေချာလှ၏။
"လျူရှန်းရှန်း ပြောတာ မမှားဘူး ထင်တယ်... သူက လျူမိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ အခွင့်အရေး အများကြီး ရှိနေတာပဲ... မဟုတ်ရင် သူ့အဆင့်အတန်းက ဒီလောက်အထိ မြင့်မားနေမှာ မဟုတ်ဘူး..."
ထို့နောက် ကျန်းနင်၏ အကြည့်က ပွဲကြည့်စင်၏ အလယ်ဗဟိုရှိ မြင့်မားသော စင်မြင့်ပေါ်သို့ ရောက်သွားရာ ထိုနေရာတွင် ကုလားထိုင်ကြီး တစ်လုံးအလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာမှာ လော့ရွှေခရိုင် စစ်ဆေးရေး အိမ်တော်၏ သခင်အတွက် သီးသန့် ဖယ်ချန်ထားခြင်း ဖြစ်ကြောင်း ကျန်းနင် သိထား၏။
စစ်ဆေးရေးရုံး၏ အာဏာအရ ခရိုင်အုပ်ချုပ်ရေးမှူးက လော့ရွှေခရိုင်၏ ယခင်အာဏာရှင် တစ်ယောက် ဖြစ်ခဲ့လျှင် ထိုအိမ်တော်သခင်မှာ လော့ရွှေခရိုင်၏ ကောင်းကင်ကြီး ဖြစ်နိုင်ပေသည်။
လူတစ်ယောက်၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ကြီးကိုပင် လက်တစ်ဖက်တည်းဖြင့် ဖုံးကွယ်ထားနိုင်သော တည်ရှိမှုတစ်ခုပင်။
End
***