မြို့ပြင်ဘက်ရှိ အနောက်ပိုင်း လေ့ကျင့်ရေးကွင်းပြင်။
ဒုန်း... ဒုန်း... ဒုန်း...
မနက် ဆယ်နာရီအချိန်။
ဒုန်း...
လေ့ကျင့်ရေးကွင်းပြင် ပတ်လည်မှ စည်တီးသံများ စတင် ပဲ့တင်ထပ်လာတော့သည်။
စည်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပြီး တစ်ချက်ထက်တစ်ချက် ပိုမို ပြင်းထန် မြန်ဆန်လာ၏။
ချပ်... ချပ်... ချပ်...
တစ်ချိန်တည်းမှာပင် ကွင်းပြင်အပြင်ဘက်မှ စည်းချက်ညီသော ချီတက် ခြေလှမ်းသံများ ထွက်ပေါ်လာလေသည်။
လူအုပ်ကြီးလည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။
ချက်ချင်းပင် ခမ်းနားသော သံချပ်ကာများ ဝတ်ဆင်ကာ ထက်ရှသော လက်နက်များကို ကိုင်ဆောင်ထားသည့် စစ်သည်နှစ်ဖွဲ့က တက်ကြွသော စိတ်ဓာတ်များဖြင့် ရှေ့သို့ ချီတက်လာသည်ကို မြင်လိုက်ရပေသည်။
စစ်သည်တစ်ယောက်ချင်းစီမှာ အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး နေရောင်အောက်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များဖြင့် တောက်ပနေ၏။
သူတို့လက်ထဲရှိ လှံရှည်ကြီးများမှာလည်း အေးစက်သော အလင်းရောင်ဖြင့် တလက်လက် တောက်ပလို့နေသည်။
"ဒီလို တက်ကြွမှု၊ ဒီလို ကောင်းမွန်တဲ့ လက်နက်ကိရိယာတွေက တကယ်ကို သခင်ဝမ် လက်အောက်က ထိပ်တန်း စစ်သည်တွေနဲ့ ထိုက်တန်တာပဲ" ချန်ရန်က နောက်ဘက်မှ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
ကျန်းနင်က ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်တဆိတ် ခေါင်းညိတ် ထောက်ခံလိုက်မိသည်။
ယခင်ဘဝက သမိုင်းဗဟုသုတများအရ ရှေးခေတ်မှ ယနေ့တိုင်အောင် ထိပ်တန်းစစ်သည် အနည်းငယ်နှင့် စစ်သူကြီးများ၏ ကိုယ်ရံတော်များသာ ဤမျှပြည့်စုံသော သံချပ်ကာများကို တပ်ဆင်နိုင်စွမ်း ရှိခဲ့သည် မဟုတ်ပါလား။
သို့သော် ဤစစ်သည် နှစ်ဖွဲ့မှာ လော့ရွှေခရိုင်၌ တပ်စွဲထားသော လူတစ်ရာပါ တပ်ခွဲငယ် တစ်ခုသာ ဖြစ်ပေသည်။
သာမန်ခရိုင်တစ်ခု၏ တပ်စောင့်တပ်ဖွဲ့ တစ်ခုက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ထိပ်တန်း လက်နက်ကိရိယာများကို ပိုင်ဆိုင်ထားခြင်းမှာ တကယ်ကို အံ့မခန်းပင်။
"ဒီသခင်ဝမ်က တော်တော်လေး ချမ်းသာမယ့်ပုံပဲ..." ကျန်းနင်က စိတ်ထဲ၌ တွေးလိုက်မိသည်။
သူသိထားသလောက်ဆိုလျှင် ဤသံချပ်ကာများကို အကြိမ်တစ်ရာ သန့်စင်ထားသော သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သာမန်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည် ဆိုဦးတော့ စစ်သည် တစ်ယောက်ကို တပ်ဆင်ပေးရန် အနည်းဆုံး ငွေဒင်္ဂါး ရာဂဏန်းမျှ ကုန်ကျမည်မှာ သေချာလှသည်။
ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ဤတပ်ဖွဲ့ နှစ်ဖွဲ့အား လက်နက်တပ်ဆင်ပေးရုံဖြင့်ပင် ငွေဒင်္ဂါး သောင်းဂဏန်းမျှ ကုန်ကျခဲ့ပေလိမ့်မည်။
ထိုသည်မှာ သံချပ်ကာနှင့် ထက်ရှသော လက်နက်ကိုင် စစ်သည် နှစ်ဖွဲ့အတွက်သာ ရှိသေး၏။
အကယ်၍ ဒီထက် ပိုများနေခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။
ထိုစဉ်...
စစ်သည်နှစ်ဖွဲ့က လူအုပ်ကြီးအား ဖြတ်သန်းသွားသောကြောင့် လမ်းကြောင်းတစ်ခု ပွင့်သွားတော့သည်။
အနက်နှင့်ရွှေရောင် ကွပ်ထားသော ဝတ်ရုံမည်းကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ယောက်က လူတိုင်း၏ မြင်ကွင်းထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထိုလူမှာ အသက်လေးဆယ် ဝန်းကျင်ခန့် ရှိပုံရပြီး တည်ငြိမ်သော မျက်နှာထားရှိကာ သူ့ခံစားချက်များကို ခန့်မှန်း၍ မရသလို သူ့အနက်ရှိုင်းဆုံး အပိုင်းကိုလည်း ထိုးဖောက် သိမြင်နိုင်ခြင်း မရှိပေ။
"သခင်ကြီးဟုန် ရောက်လာပြီ..." ဝမ်ကျင်းက တည်ကြည် ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဆရာ... အဲဒီလူက ဟုန်မင်ဟူဆိုတဲ့ သခင်ကြီးဟုန်လား" လီချင်းက မေးလိုက်၏။
"သူပဲလေ"
"ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါလဲ... အဝေးကနေ ကြည့်တာတောင် သူ့ရဲ့ အစွမ်းထက်တဲ့ အရှိန်အဝါကြောင့် သွေးတွေ ဆူပွက်လာသလိုပဲ" လီချင်းက အံ့အားသင့်စွာ ရေရွတ်မိ၏။
ဝမ်ကျင်းက…
"ဒါပေါ့... သခင်ကြီး ဟုန်မင်ဟူက အဆင့်ခြောက်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်လို့ ကောလာဟလ ထွက်နေတာလေ... အခုဆိုရင် အဆင့်ငါးကိုတောင် ရောက်နေလောက်ပြီ”
"သူတစ်ယောက်တည်းနဲ့ ငါတို့ အားလုံးကို အလွယ်တကူ သုတ်သင်ပစ်နိုင်တယ်"
လီချင်းနှင့် ဝမ်ကျင်းတို့၏ စကားကို ကြားသော်လည်း ကျန်းနင်မှာ အံ့အားသင့်သွားခြင်း မရှိချေ။
အကြောင်းမှာ လင်းချင်းရီ ပေးထားသော သတင်းအချက်အလက်များထဲတွင် ဟုန်မင်ဟူ၏ စွမ်းရည်အကြောင်း ထည့်သွင်း ဖော်ပြထားသောကြောင့်ပင်။
အဆင့်ခြောက် အထွတ်အထိပ်၊ နဂါးနှင့် ကျား၏ ခွန်အားကို ပိုင်ဆိုင်ထားပြီး လော့ရွှေခရိုင် အတွင်း၌ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
ဟုန်မင်ဟူ၏ အနောက်တွင် ယခင်က သူ တစ်ကြိမ် မြင်ဖူးခဲ့သော သခင်ဝမ် လိုက်ပါလာ၏။
သခင်ဝမ်၏ ဘေးတွင်တော့ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက် ပါဝင်သည့် လူလေးယောက် ရှိနေပြီး အားလုံးမှာ တူညီသော အရှိန်အဝါကိုယ်စီဖြင့် ခန့်ညားစွာ လျှောက်လှမ်းလာကြသည်။
ထို့နောက် စစ်သည်နှစ်ဖွဲ့က အနောက်မှ လိုက်ပါလာပြီး လေ့ကျင့်ရေးကွင်းပြင်၏ ပတ်လည်သို့ ဖြန့်ကြက် နေရာယူလိုက်ကြတော့သည်။
မကြာမီတွင်ပင်...
ဟုန်မင်ဟူမှာ မြင့်မားသော စင်မြင့်ထက်သို့ ရောက်ရှိသွားပြီး ထိုနေရာရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
"စတင်လိုက်ကြရအောင်..." သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
သူ့အသံမှာ တိုးညှင်းပုံရသော်ငြား လေ့ကျင့်ရေးကွင်းပြင်အတွင်းရှိ လူတိုင်း၏ နားထဲသို့ ရှင်းလင်း ပြတ်သားစွာ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
"အတွင်းချီ အသံလွှင့်ခြင်း..." ကျန်းနင်လည်း ထိုရှင်းလင်းသော အသံကို ကြားသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
အကြောင်းမှာ ယခင်က လင်းချင်းရီ ပြသခဲ့စဉ်က ဤကဲ့သို့သော နည်းလမ်းကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။
"ဒီအခြေအနေအရကြည့်ရင် ဒီအိမ်တော်သခင်က အဆင့်ခြောက် မဟုတ်ဘဲ အဆင့်ငါး ဖြစ်နေလောက်ပြီ..."
...
လေ့ကျင့်ရေးကွင်းပြင်၏ စင်မြင့်ထက်တွင်တော့...
ဟုန်မင်ဟူ၏ ညွှန်ကြားချက်အရ လူတစ်ယောက်က စင်မြင့်ပေါ်သို့ ထွက်ရပ်လာခဲ့၏။
"စည်းကမ်းတွေက ရိုးရှင်းပါတယ်... ပထမအဆင့်အနေနဲ့ ပေါင်ရှစ်ရာ အလေးချိန်ရှိတဲ့ သံမဏိတုံးကြီးကို မပြီး လေသုံးခါ ရှူသွင်း ရှူထုတ်တဲ့အထိ ကိုင်ထားနိုင်ရင် အောင်မြင်ပါပြီ"
စကားအဆုံးတွင် ထိုလူက လက်ဝှေ့ယမ်း၍ အချက်ပြလိုက်လေသည်။
သိုင်းဥယျာဉ် ကျောင်းသားများ ထိုင်နေသည့် ပွဲကြည့်စင်ပေါ်မှ လူများက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လာကြသည်။
ထို့နောက် စင်မြင့်ထက်မှ ခုန်ဆင်းလာကြတော့သည်။
ထိုသူများမှာ စစ်ဆေးမှု ခံယူမည့် ပထမဆုံးအသုတ် ဖြစ်လေသည်။
မျှော်လင့်ထားသည့် အတိုင်းပင် ကျောင်းသားများအားလုံး လျင်မြန်စွာ အောင်မြင်သွားကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
ပေါင်ရှစ်ရာ သံမဏိတုံးကို လေသုံးခါ ရှူချိန်အထိ မထားနိုင်ခြင်းက သာမန် အဆင့်ကိုး သိုင်းပညာရှင် တစ်ယောက်အတွက် သိပ်မခက်ခဲလှပေ။
မည်သို့ပင်ဆိုစေ အဆင့်ကိုး သိုင်းပညာရှင် တစ်ယောက်မှာ အခြေခံအားဖြင့် အနည်းဆုံး ပေါင်ခုနစ်ရာ ခွန်အား ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
ပေါင်ရှစ်ရာ ဆိုသည်မှာ အဆင့်ကိုးသို့ ဝင်ရောက်လာသူများ၏ ခွန်အားထက် ပေါင်တစ်ရာခန့်သာ ပိုများနေခြင်း ဖြစ်၏။
ထို့ကြောင့် သိုင်းဥယျာဉ် ကျောင်းသားများအတွက် ဤသည်မှာ အလွန်လွယ်ကူသော အလုပ်တစ်ခုသာ ဖြစ်နေတော့သည်။
ထို့အပြင် သူတို့မှာ စစ်ဆေးရေး စည်းမျဉ်းများကို ကြိုတင် သိရှိထားပြီးသားဖြစ်ရာ အရည်အချင်း မပြည့်မီသူများ အနေဖြင့် လေ့ကျင့်ရေးကွင်းပြင်သို့ လာရောက်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲခံမည် မဟုတ်ပေ။
သိုင်းဥယျာဉ် ကျောင်းသားများ ပွဲကြည့်စင်သို့ ပြန်သွားပြီးနောက် အခြားအဖွဲ့အစည်းများ ဝင်ရောက် ယှဉ်ပြိုင်ရမည့် အချိန်သို့ ရောက်ရှိလာလေသည်။
တဲအသီးသီးမှ လူများက လေ့ကျင့်ရေးကွင်းပြင် အလယ်ရှိ သံမဏိတုံး စစ်ဆေးမှုတွင် ပါဝင်ရန် ထွက်ပေါ်လာကြ၏။
အချို့မှာ အောင်မြင်သွားသော်လည်း အချို့မှာမူ ကျရှုံးသွားကြသည်။
အဆင့်ကိုးသို့ဝင်ရောက်လာသူ အများစုတွင်တော့ ပေါင်ခုနစ်ရာ ခွန်အားခန့်သာ ရှိကြလေသည်။
ပေါင်ရှစ်ရာ သံမဏိတုံးအား လေသုံးခါ ရှူချိန်အထိ အပြည့်အဝ မထားနိုင်ရန်မှာ ပေါင်ရှစ်ရာ ခွန်အား အတိအကျ ရှိရုံဖြင့် မလုံလောက်ချေ။
လော့ရွှေခရိုင်မှ သိုင်းပညာရှင်များမှာ ငယ်စဉ်ကတည်းက အခြေခံခိုင်မာစေရန် တန်ဖိုးကြီး ဆေးဝါးများဖြင့် ပြုစုပျိုးထောင် ခံထားရသော သိုင်းဥယျာဉ် ကျောင်းသားများနှင့် မတူပေ။
ထို့ကြောင့် လော့ရွှေမှ အဆင့်ကိုး သိုင်းပညာရှင် အများစုမှာ အခြေခံ စံနှုန်းများကိုပင် ခက်ခက်ခဲခဲ ကျော်ဖြတ်နေရခြင်း ဖြစ်သည်။
အရေပြား သန့်စင်ခြင်း၏ ကျောက်အရေပြားအဆင့်သို့ မရောက်ရှိသေးသရွေ့ ပေါင်ရှစ်ရာ ခွန်အား ပိုင်ဆိုင်ရန် ခက်ခဲလှ၏။
ဤအခြေအနေများကြောင့် စစ်ဆေးမှုတွင် ကျရှုံးသူများ တစ်စထက်တစ်စ များပြားလာတော့သည်။
အချို့မှာ ပေါင်ရှစ်ရာ သံမဏိတုံးအား မနည်းရုန်းကန် မထားနိုင်ခဲ့လျှင်ပင် နောက်ဆုံးတွင် လေသုံးခါ ရှူချိန်အထိ တောင့်မခံနိုင်ဘဲ ကျရှုံးသွားကြရသည်။
တစ်စုံတစ်ယောက် ကျရှုံးသွားတိုင်း စင်မြင့်ထက်ရှိ တာဝန်ခံက သူ့စာရင်းထဲမှ သက်ဆိုင်ရာ နာမည်ကို ညှာတာမှု ကင်းမဲ့စွာ ခြစ်ထုတ်လိုက်ကြသည်။
ခွန်အားစံနှုန်း မပြည့်မီသူတိုင်း စစ်ဆေးမှု ကျရှုံးသည်ဟု သတ်မှတ်ခံရခြင်းဖြစ်သည်။
နှစ်နာရီခန့် အကြာတွင်တော့ နတ်ဘုရားစွမ်းအား သိုင်းသင်တန်းကျောင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူတို့တဲထဲမှနေ၍ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက် ပါဝင်သော လူငါးယောက် ထွက်ပေါ်လာကြ၏။
"ဆရာဝမ်... ကျုပ်တပည့်တွေ အရင်သွားနှင့်မယ်ဗျာ" ယွီယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"သွားပါစေ ဆရာယွီ" ဝမ်ကျင်းက ရှေ့ဆက်ရန် လက်ကာပြရင်း တုံ့ပြန်လိုက်၏။
ထိုအချိန် လေ့ကျင့်ရေးကွင်းပြင်၏ အစွန်အဖျား တစ်နေရာတွင်...
"အကြီးအကဲ... အမှားအယွင်း မရှိဘူး ဆိုရင်တော့ ကျန်းနင်ဆိုတဲ့ လူက ဒီနေရာမှာ သေချာပေါက် ရှိနေမှာပါ"
"နားလည်ပြီ..." မီးခိုးရောင်ဝတ်ရုံနှင့်လူက ခေါင်းအနည်းငယ် ညိတ်ပြလိုက်တော့သည်။
End
***