ဟုန်မင်ဟူက ရုတ်တရက် ရယ်မောလိုက်ပြီး…
"ဘာလဲ... မင်းက ဒီနေရာမှာ ငါနဲ့ တိုက်ချင်နေသေးတာလား"
ထိုစကားကို ကြားသည်နှင့် ကုန်းစွန်းယွီ၏ အဟုန်များ ရုတ်တရက် လျော့ကျသွားတော့သည်။
ဤနေရာတွင် ဟုန်မင်ဟူနှင့် တိုက်ခိုက်ရမည် ဆိုလျှင်ပင် သူက အဆင့်ငါးသို့ ရောက်ရှိနေပြီး တောင်ကြားအတွင်း၌ ထိပ်တန်း အဆင့်သုံး နေရာတွင် ပါဝင်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။
အခြေအနေတွေက အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယခင်က ဟုန်မင်ဟူနှင့် ဆုံတွေ့ခဲ့စဉ်က သူက အဆင့်ခြောက် အရိုးသန့်စင်ခြင်း အဆင့်၏ ပြီးပြည့်စုံခြင်း အခြေအနေတွင်သာ ရှိခဲ့သေးသည်။
အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ယခုအခါ သူတို့ကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားခဲ့ပြီဖြစ်၏။
ကုန်းစွန်းယွီ အနေဖြင့် သူ အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း အနိုင်ရလျှင်ပင် အဓိပ္ပာယ် မရှိချေ။ ဤလေ့ကျင့်ရေးကွင်းပြင်မှ သူ ထွက်သွားနိုင်မည် မဟုတ်ပေ။
အဆင့်ခြောက်သို့ ရောက်ရှိပါက သံမဏိ သို့မဟုတ် ကြေးနီကဲ့သို့ မာကျောသွားပြီ ဖြစ်သည်။
အဆင့်ငါး နတ်ဘုရားစွမ်းအားဖြင့် ဆိုလျှင်တောင် သတ်ဖြတ်ရန် ထိုမျှ မလွယ်ကူလှပေ။
ထို့အပြင် အတွင်းချီ ကုန်ခမ်းသွားသည်နှင့် အဆင့်ငါးနှင့် အဆင့်ခြောက်ကြားတွင် ကြီးမားသော ကွာခြားချက် မရှိတော့ချေ။
လူအုပ်စုနှင့် ဝိုင်းဝန်း တိုက်ခိုက်ခံရပါက သူ ဤနေရာတွင် သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။
အခြားတစ်ဖက်တွင်...
ကျန်းနင်က သူ၏ ခွန်အားကို ထုတ်ဖော်ပြသရာတွင် တမင်တကာ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
သူက ဒုတိယအဖွဲ့မှူး နေရာကို ဝင်ပြိုင်မည် ဖြစ်သောကြောင့် ခွန်အားအများကြီး ဖုံးကွယ်ထားရန် အကြောင်း မရှိချေ။
စစ်ဆေးရေးရုံး စတင် တည်ထောင်သည့် အစောပိုင်းကာလများတွင် မိမိကိုယ်ကိုယ် သက်သေပြခြင်းက ရာထူးတက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သဖြင့် ဤအခွင့်အရေးကို သူ သေချာပေါက် ဆုပ်ကိုင်ရမည်ဖြစ်သည်။
ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောင်တွင် သူ ခွန်အား ရှိလာလျှင်ပင် ဝင်ရောက် နေရာယူရန် လစ်လပ်သော ရာထူးများ ရှိတော့မည် မဟုတ်ပေ။
"အောင်မြင်တယ်"
စင်မြင့်ထက်ရှိ တာဝန်ခံက ခပ်တည်တည်ဖြင့် ကြေညာလိုက်၏။
ဘုန်း...
ကျန်းနင်လည်း လက်ထဲမှ သံမဏိတုံးကို ညင်သာစွာ ပစ်ချလိုက်ရာ မြေကြီးမှာ ဟိန်းခနဲ အသံမည်သွားပြီး အနည်းငယ် တုန်ခါသွားတော့သည်။
တဲအတွင်း၌...
ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်ကျင်းက အားပါးတရ ရယ်မောကာ မေးလိုက်သည်။
"ဆရာယွီ... ကျုပ်တပည့် ဘယ်လိုနေလဲ”
ထိုအချိန်တွင် ဝမ်ကျင်း၏ မျက်နှာမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပြီး စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလေသည်။
ယွီယွမ်၏ မျက်လုံးများတွင်တော့ မနာလိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"ဒီလောက် ပါရမီထူးတဲ့ တပည့်မျိုးကို ရထားတာ ဆရာဝမ်က တကယ် ကံကောင်းတာပဲ"
"ဒါကြောင့် ခုနက ခင်ဗျား ယုံကြည်မှု အပြည့်နဲ့ ကျုပ်ကို လောင်းကြေး ထပ်ချင်နေတာကိုး... တော်သေးတာပေါ့... ကျုပ် ခင်ဗျား အကွက်ထဲ မဝင်သွားလို့"
ထိုစကားကိုကြားလျှင် ဝမ်ကျင်း၏ မျက်နှာပေါ်ရှိ ဝင့်ကြွားမှုများက ပိုမို ထင်ရှားလာတော့သည်။
ဘေးနားရှိ နတ်ဘုရားစွမ်းအား သိုင်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ အသံထဲမှ မနာလိုမှုကို သူ မကြားဘဲ နေမည်လား။
ဝမ်ကျင်း အနောက်ရှိ သိုင်းသင်တန်းကျောင်းမှ တပည့်များလည်း လေ့ကျင့်ရေးကွင်းပြင်ထဲမှ မြင်ကွင်းကို ကြည့်ပြီး...
အားလုံးမှာ ပါးစပ် အဟောင်းသားဖြင့် ဆွံ့အကာ အံ့ဩနေကြတော့သည်။
"ငါတို့ အမြင်မှားတာ မဟုတ်ဘူးမလား... အစ်ကိုကျန်းက ပေါင်ရှစ်ရာ အလေးချိန်ရှိတဲ့ သံမဏိတုံးကြီးကို တကယ်ကြီး ဒီလောက် လွယ်လွယ်လေး မလိုက်တာလား"
"မင်း အမြင်မမှားပါဘူး... တကယ်ကြီး ဖြစ်သွားတာ"
"အဲဒါဆို အစ်ကိုကျန်းက အဆင့်ရှစ် သိုင်းပညာရှင်ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား"
"သေချာပေါက် ဖြစ်နိုင်တယ်"
"အစ်ကိုကျန်းက တကယ်ကြမ်းတာပဲ"
"..."
တစ်ခဏတာမျှ လူအုပ်ထဲမှ အံ့ဩ ချီးကျူးသံများ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
...
လေ့ကျင့်ရေးကွင်းပြင်ထဲတွင်...
လှည့်ထွက်လာသော ကျန်းနင်၏ ကျောပြင်ကို ကြည့်ရင်း...
လီချင်း၏ ပါးစပ်မှာ အံ့အားသင့်မှုကြောင့် အနည်းငယ် ဟသွားပြီး မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။
ကျန်းနင်မှာ သိုင်းသင်တန်းကျောင်းသို့ စတင် ဝင်ရောက်လာပြီး သူမ ကိုယ်တိုင် သွားရောက် နှုတ်ဆက်ရသည့် ပထမဆုံးနေ့ ကတည်းက သူ့မှတ်ဉာဏ်စွမ်းရည်ဖြင့် အထင်ကြီးစေခဲ့သူဖြစ်သည်။
ထိုစဉ်က ကျန်းနင်၏ မှတ်ဉာဏ်စွမ်းရည်ကို သူမ အံ့အားသင့်ခဲ့ရသော်လည်း ဤမျှ ရုပ်ရည် ချောမောသော ကောင်လေးမှာ ယခုလို အံ့မခန်း ပြောင်းလဲမှုနှင့် အောင်မြင်မှုမျိုး ရရှိလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေ ထူးချွန်သော မှတ်ဉာဏ်စွမ်းရည်နှင့် တစ်ခါမြင်ရုံဖြင့် မှတ်မိနိုင်စွမ်းမှာ သိုင်းပညာ လေ့ကျင့်ရာတွင် အထောက်အကူ ပြုသော်ငြား...
နောက်ဆုံးတွင် ကန့်သတ်ချက်များ ရှိနေသေး၏။
သိုင်းပညာသည် လူတစ်ယောက်၏ မွေးရာပါ အရိုးတည်ဆောက်ပုံနှင့် နားလည် သဘောပေါက်နိုင်စွမ်း အပေါ်တွင် အများဆုံး မူတည်နေသည်။
နားလည် သဘောပေါက်နိုင်စွမ်း ဆိုသည်မှာ ခန့်မှန်းရန် ခက်ခဲလှ၏။
သို့သော် လူတစ်ယောက်၏ မွေးရာပါ အရိုးတည်ဆောက်ပုံ အဆင့်ကိုတော့ ဝမ်ကျင်း ကိုယ်တိုင် အရိုးစမ်းသပ်ပြီး သာမန်အဆင့်ဟု အကဲဖြတ်ပေးခဲ့သည့် နေ့ကတည်းက ရှင်းလင်း သေချာနေခဲ့ပြီ ဖြစ်သည်။
ထိုသည်က သာမန် အရိုးတည်ဆောက်ပုံရှိသော သိုင်းပညာရှင်များ အနေဖြင့် အစောပိုင်း သိုင်းပညာ အဆင့်များတွင် သူတို့၏ တိုးတက်မှုမှာ ကန့်သတ်ခံထားရကြောင်း သက်သေပြနေခြင်းဖြစ်သည်။
သက်တမ်း ကန့်သတ်ချက်နှင့် သူတို့၏ အထွတ်အထိပ် အချိန်ကာလများ ကန့်သတ်ချက်ကြောင့် သူတို့၏ အမြင့်ဆုံး အောင်မြင်မှုများမှာ အကန့်အသတ် ရှိနေမည်သာ။
သို့သော် ယခုအခါ ကျန်းနင်၏ စွမ်းဆောင်ရည်က သူမ၏ အမြင်များကို လုံးဝ ရိုက်ချိုးပစ်လိုက်လေပြီ။
ပေါင်ရှစ်ရာ အလေးချိန်ရှိသော သံမဏိတုံးများကို အလွယ်တကူ မတင်နိုင်လေသည်။
ထိုကဲ့သို့သော စွမ်းဆောင်ရည်က အစ်ကိုကြီး ကျိုးရှင်းထက်ပင် ပိုမို ကောင်းမွန်နေပုံရသည်။
ထို့အပြင် ကျိုးရှင်းတစ်ယောက် အဆင့်ရှစ်သို့ ကျော်ဖြတ်သွားကြောင်းကို သူမ သိထား၏။
ဤသည်က သူမ၏ ဂျူနီယာမောင်လေးမှာ အဆင့်ရှစ် နတ်ဘုရားစွမ်းအား အဆင့်၏ တံခါးပေါက်ကို ကျော်ဖြတ်သွားပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။
သုံးလကျော်မျှသာ လေ့ကျင့်ရသေးချိန်တွင် အဆင့်ရှစ် သိုင်းပညာရှင် ဖြစ်လာခြင်းမှာ တကယ်ကို အံ့မခန်းပင် ဖြစ်၏။
ကျန်းနင်ကို ကြည့်ရင်း လီချင်း၏ မျက်လုံးများတွင် အားကျမှုနှင့် အံ့ဩမှုများ ပြည့်နှက်လာတော့သည်။
ထိုအချိန်တွင်...
လီချင်း၏ ဘေးရှိ ကျိုးရှင်း၏ မျက်နှာပေါ်တွင်လည်း အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
အဆင့်ရှစ်လား။
သူက သက်ပြင်း ဖွဖွချလိုက်ပြီး…
"အဆင့်ရှစ် သိုင်းပညာရှင်... လေးစားစရာပဲ... ကံကောင်းလို့ သူ့ကို ရန်သူ မလုပ်မိတာ” ရေရွတ်လိုက်သည်။
ကျောက်ဟူကတော့ ကွဲပြားနေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး တိတ်တဆိတ် နောင်တရမှုများဖြင့် ပြည့်နှက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူက လူအုပ်နောက်သို့ အနည်းငယ် ဆုတ်သွားပြီး သူ့ကိုယ်သူ သိပ်မထင်ရှားအောင် နေလိုက်၏။
ပွဲကြည့်စင်ပေါ်တွင်တော့...
အစိမ်းရောင်ဝတ်စုံနှင့် လင်းချင်းရီက မည်သူမျှ သတိမထားမိလိုက်ဘဲ ထိုနေရာသို့ ရောက်ရှိနေခဲ့သည်။
လေ့ကျင့်ရေးကွင်းပြင်ထဲမှ မြင်ကွင်းကို ကြည့်နေသော သူမ၏ မျက်နှာပေါ်တွင် မည်သည့် အံ့အားသင့်သည့် အရိပ်အယောင်မျှ မရှိချေ။
သူမက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး…
"သူက ဝရဇိန်ဆေးလုံးကို အပြည့်အဝ သန့်စင်ပြီးသွားတဲ့ပုံပဲ... ဒါကြောင့်မို့ သူက အဆင့်ရှစ်ကို ဒီလောက် လွယ်လွယ်လေး ရောက်သွားတာ အံ့ဩစရာ မဟုတ်တော့ဘူး”
"ဒါပေမဲ့ အဲဒီကောင်မလေး ဒါကို မြင်ရင် နောင်တရမလား မသိဘူး"
ထိုသို့ တွေးတောရင်း လင်းချင်းရီ၏ အကြည့်က မနီးမဝေး ပွဲကြည့်စင်ပေါ်ရှိ လင်းကျားအာထံသို့ ရောက်သွား၏။
ထိုအချိန်တွင် လင်းကျားအာ၏ အမူအရာမှာ မသိမသာ ပြောင်းလဲနေသည်။ သူမ ဘေးရှိ အမျိုးသား၏ တက်ကြွစွာ စကားပြောဆိုမှုများကို ရင်ဆိုင်ရချိန်တွင် သူမက ဝတ်ကျေတမ်းကျေ ပြုံးပြရုံသာ တုံ့ပြန်နေ၏။
ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းပြင်ပေါ်ရှိ လူတိုင်းက ကျန်းနင်၏ မျက်နှာကို မှတ်မိသွားကြလေသည်။
အဆင့်ရှစ် သိုင်းပညာရှင်၏ ခွန်အားဖြင့် သူက လော့ရွှေခရိုင်တွင် ရှားပါးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
သူ၏ ငယ်ရွယ်သော အသက်အရွယ်က လူတိုင်းကို ပို၍ပင် အမှတ်ရစေတော့သည်။
လေ့ကျင့်ရေးကွင်းပြင်၏ အလယ်ဗဟိုတွင်...
ကျန်းနင်က သူ့အဖွဲ့ဆီသို့ ပြန်ရောက်လာ၏။
"ညီလေးကျန်း... မင်းရဲ့ တိုးတက်မှုက တကယ်ကို အံ့မခန်းပဲ" ကျိုးရှင်းက ပထမဆုံး ချီးကျူးစကား ဆိုလာသည်။
ကျိုးရှင်းမှာ ယခင်ကထက် သိသိသာသာ ပိုမို ရင်းနှီး ဖော်ရွေလာပုံရ၏။
ကျန်းနင်က…
"အစ်ကိုကျိုးကလည်း မြှောက်ပြောနေပြန်ပြီ... ကံနည်းနည်း ကောင်းသွားလို့ပါ”
ထိုစကားကြားလျှင် ကျိုးရှင်းက အားကျသည့် အရိပ်အယောင်များကို မဖုံးကွယ်နိုင်တော့ပေ။
ကျန်းနင်၏ စကားများမှာ နှိမ့်ချပြောဆိုခြင်း ဖြစ်မည်ဟု သူ မယုံကြည်ပေ။
ကံကောင်းမှုနှင့် အခွင့်အရေးများ မရှိဘဲ ဤမျှတိုတောင်းသော အချိန်အတွင်း ထိုအဆင့်အထိ ရောက်လာရန်မှာ မဖြစ်နိုင်ချေ။
"မောင်လေးကျန်း... မင်း တကယ်တော်တာပဲ" လီချင်း၏ မျက်လုံးများတွင်လည်း ထူးခြားသော အလင်းရောင်တစ်ခု တောက်ပလာ၏။
ထိုသည်ကို မြင်လျှင် ကျိုးရှင်းက ခပ်ဖွဖွ ပြုံးပြသည်။
လီချင်းတစ်ယောက် ကျန်းနင်အပေါ် စိတ်ဝင်စားနေသည်ကို သူ သတိထားမိပြီးသားဖြစ်၏။
အထူးသဖြင့် ယနေ့တွင် လီချင်း၏ သံယောဇဉ်က ပိုမို ထင်ရှားလာပုံရသည်။
ထိုအချိန်တွင် ကျောက်ဟူမှာ ပို၍ပင် စိတ်ပျက် ဒေါသထွက်နေလေပြီ။
"ကျစ်... ဒီကောင် သေချာပေါက် ခွေးချေးနင်းမိတဲ့ ကံမျိုးရှိတာပဲ... ဒီလောက်အထိ ရောက်လာအောင် ဘယ်လို အခွင့်အရေးမျိုးနဲ့ ကြုံခဲ့ရတာလဲ မသိဘူး"
"ဟို လီချင်းဆိုတဲ့ မိန်းမယုတ်ကလည်း... ငါ လိုက်နေတာကြာပြီ တစ်ချက်လေးတောင် လှည့်မကြည့်ဘူး… အခုကျမှ ဟိုကောင်ဆီသွားပြီး အတင်းကပ်ချင်နေတယ်"
"သောက်ကျိုးနည်း"
ကျောက်ဟူ၏ ဒေါသများက ရင်ထဲတွင် တောက်လောင်နေသော်လည်း ဤအချိန်တွင် သူက အားနည်းသူ ဖြစ်နေသဖြင့် မည်သည့် အမူအရာကိုမျှ အပြင်ဘက်သို့ မထုတ်ပြရဲပေ။
အနိုင်မခံနိုင်ဘဲ ရန်စပြီး မောက်မာစွာ ပြုမူခြင်းက သေလမ်းရှာနေသော အရူးတစ်ယောက်၏ အပြုအမူသာဖြစ်၏။
ခဏအကြာတွင်...
ကျန်းနင်လည်း သစ်သားတဲဆီသို့ ပြန်ရောက်လာခဲ့သည်။
"ဆရာ... တပည့်က ဆရာ့မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး" ကျိုးရှင်းက အရိုအသေ ပေးလိုက်၏။
"ကောင်းတယ်"
ဝမ်ကျင်းက တပည့်လေးယောက်ကို ကြည့်ရင်း သူ့မျက်လုံးများထဲတွင် ကျေနပ် အားရမှုများ ပေါ်လွင်နေသည်။
ငါးယောက်တွင် လေးယောက်က ပထမစစ်ဆေးမှုကို အောင်မြင်သွားသဖြင့် သူ အတော်လေး ကျေနပ်နေ၏။
ထို့နောက် သူ့အကြည့်က လီချင်းထံသို့ ကျရောက်သွားသည်။
လီချင်းမှာ စစ်ဆေးမှုမှ ဖယ်ရှားခံခဲ့ရသော်လည်း ထိုသည်မှာ သူမက ခွန်အားပိုင်းတွင် ထူးချွန်သူ မဟုတ်သည့်အပြင် အဆင့်ကိုး သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိလာသည်မှာ အချိန်သိပ်မကြာသေးသောကြောင့်ဖြစ်၏။
အကယ်၍ သူမတွင် စွမ်းရည်များ ပေါင်းစပ်ရန် နောက်ထပ် နှစ်လခန့်သာ အချိန်ရခဲ့မည် ဆိုပါက ဤမျှ စောစီးစွာ ဖယ်ရှားခံရမည် မဟုတ်ပေ။
"လီချင်း... စိတ်မပျက်ပါနဲ့... မင်းရဲ့ မိသားစု နောက်ခံနဲ့ဆိုရင် ဂိုဏ်းတစ်ခုခုကို ဝင်တာကလည်း ရွေးချယ်မှုကောင်းတစ်ခုပဲ... စစ်ဆေးရေးရုံးက မင်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ဘူး"
လီချင်းက အရိုအသေ ပေးလိုက်ပြီး…
"တပည့် နားလည်ပါတယ်... ဒီလိုဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ကြိုတင် ပြင်ဆင်ထားပြီးသားပါ"
"ဒီကို မလာခင်ကတည်းက အဖေက ဘာရှူခရိုင်က ဓားဂေဟာမှာ တပည့်ကို နေရာတစ်နေရာ ရအောင် လုပ်ပေးထားပြီးသားပါ... အခု ဒီနေ့ စစ်ဆေးမှု ကျရှုံးသွားပြီဆိုတော့ မကြာခင် ဓားဂေဟာကို သွားရတော့မှာပါ"
"ဓားဂေဟာလား"
ဝမ်ကျင်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး…
"ဓားဂေဟာက သိုင်းသခင်ကြီး ကိုယ်တိုင် အုပ်ချုပ်တဲ့ ပထမတန်းစား ဂိုဏ်းတစ်ခုလေ... တကယ်ကို ရွေးချယ်မှု ကောင်းတစ်ခုပါပဲ... မင်းရဲ့ ပါရမီနဲ့ မိသားစု နောက်ခံနဲ့ဆိုရင် ဓားဂေဟာကို ဝင်ပြီးတာနဲ့ နောင်ကျရင် ငါ့ထက်တောင် သေချာပေါက် သာလွန်လာမှာပါ"
လီချင်းက အရိုအသေ ပေးလိုက်ကာ…
"ဆရာ ဖြေသိမ့်ပေးတာ ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ယောက်၏ စကားဝိုင်းကိုကြားလျှင် ကျန်းနင်လည်း စိတ်ထဲတွင် အံ့အားသင့်သွားသည်။
ဘာရှူခရိုင်လား။
ဓားဂေဟာ။
သိုင်းသခင်ကြီး။
လီချင်း၏ ဖခင်တွင် ဘာရှူခရိုင်ရှိ ဓားဂေဟာ ကဲ့သို့သော ပထမတန်းစား ဂိုဏ်းတစ်ခုနှင့် ချိတ်ဆက်နိုင်သည့် အဆက်အသွယ် ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လီချင်း၏ ဖခင်မှာ အတော်လေး အင်အားကြီးမားပုံရ၏။
ဝမ်ကျင်းက လီချင်းကို နှစ်သိမ့်ပြီးနောက် ကျိုးရှင်းနှင့် ကျောက်ဟူတို့ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းတို့ ကောင်တွေလည်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
ထို့နောက် သူ့အကြည့်က ကျန်းနင်ထံသို့ ရောက်သွား၏။
"မင်းလည်း မဆိုးဘူးပဲ... အဆင့်ရှစ် သိုင်းပညာရှင်ဆိုတော့ မင်းရဲ့ မွေးရာပါ အရိုးတည်ဆောက်ပုံက အရင်ကထက် ပြောင်းလဲသွားပြီ မဟုတ်လား"
ကျန်းနင်က ပြုံးလိုက်ပြီး…
"ကျွန်တော်က အရိုးစမ်းသပ်ဖို့ မတတ်တော့ သိပ်သေချာမသိဘူး”
"ဒီကိုလာခဲ့... မင်းရဲ့ အရိုးတည်ဆောက်ပုံ ဘာတွေ ပြောင်းလဲသွားလဲဆိုတာ ငါ ကြည့်ပေးမယ်" ဝမ်ကျင်းက ပြောလိုက်၏။
ထိုစကားကြားလျှင် ကျန်းနင်က ဝမ်ကျင်းအနီးသို့ ချဉ်းကပ်သွားလေသည်။
နောက်တစ်ခဏတွင်...
ဝမ်ကျင်းက မတ်တတ်ရပ်၍ လက်ကို မြှောက်ကာ ကျန်းနင်၏ ပခုံးကို ပုတ်လိုက်၏။
ရုတ်တရက် စွမ်းအားလှိုင်းလုံးကြီး တစ်ခုက ကျန်းနင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သူ့ကြွက်သားများနှင့် အရိုးများကို တုန်ခါသွားစေကာ တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားတော့သည်။
"ထိပ်တန်းအဆင့်ပဲ..."
ဝမ်ကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျန်းနင်ကို အံ့အားသင့်စွာ ကြည့်လိုက်တော့သည်။
End
***