လေ့ကျင့်ရေးကွင်းရှိ သစ်သားတဲလေးအတွင်း။
ဝမ်ကျင်းက ကျန်းနင်အား အလွန်အမင်း အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။
"အဆင့်မြင့် အရိုးခံတပ် ဟုတ်လား..."
သူတို့အနီးရှိ ယွီယွမ်က ထိုစကားကို ကြားသည်နှင့် ရုတ်တရက် လှမ်းကြည့်လာတော့သည်။
ကျန်းနင် ကိုယ်တိုင်လည်း ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။
ငါ့ရဲ့ အခြေခံ အရိုးခံတပ်က အဆင့်မြင့်တစ်ခု ဖြစ်လာခဲ့ပြီလား။
သို့သော် သေချာစဉ်းစားကြည့်လျှင် အံ့ဩစရာတော့ မဟုတ်ပေ။ မိစ္ဆာအသွင်ပြောင်းလုနီးပါး ဖြစ်နေသော နဂါးငါးဖြူပဲဖြစ်ဖြစ်၊ ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးပဲဖြစ်ဖြစ် နှစ်ခုစလုံးမှာ လူ့ခန္ဓာကိုယ်၏ အခြေခံ အရိုးခံတပ်ကို သန်မာစေသည့် အကောင်းဆုံး ဆေးစွမ်းကောင်းများပင် မဟုတ်ပါလား။
မွေးရာပါ အခြေခံ အရိုးခံတပ်ကို နောက်ပိုင်းမှ အားထုတ်မှုများဖြင့် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အဆင့်မြင့် အရိုးခံတပ်တစ်ခု ပိုင်ဆိုင်ထားခြင်းမှာ လုံးဝ ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ချေ။ အဆင့်မြင့်ထက်ပင် ပိုမို သာလွန်သည့် အကဲဖြတ် အဆင့်များ ရှိနေသေးသည် မဟုတ်ပါလား။
ထိုအကြောင်းများ တွေးတောရင်း ကျန်းနင် တိတ်တဆိတ် ရေရွတ်နေမိ၏။
ထိုစဉ် ဝမ်ကျင်းက သူ့ညာဘက် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး...
"မင်း ဒီလောက်အထိ တိုးတက်လာတာ အံ့ဩစရာ မရှိတော့ဘူး ကောင်လေး... သာမန် အရိုးခံတပ်ကနေ အဆင့်မြင့်ကို ပြောင်းလဲသွားတယ် ဆိုတော့ လွန်ခဲ့တဲ့ လတွေတုန်းက မင်း ပစ္စည်းကောင်း တော်တော်များများ ရခဲ့ပုံပဲ..."
"ဆရာ ပြောတာ မှန်ပါတယ်... တပည့်က လွန်ခဲ့တဲ့ လတွေမှာ အတော်လေး ကံကောင်းခဲ့ပါတယ်" ကျန်းနင်က ခေါင်းညိတ်၍ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။
ထိုအချိန်တွင်တော့ ဘေးပတ်လည်ရှိ လူများက ကျန်းနင်အား မနာလို အားကျသည့် အကြည့်များဖြင့် လှမ်းကြည့်လာကြတော့သည်။
သိုင်းပညာ လမ်းစဉ်၏ ပထမဆုံး အဆင့်လေးဆင့်တွင် အခြေခံ အရိုးခံတပ်မှာ အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ ခိုင်မာသော အရိုးခံတပ်ရှိပါက သွေးချီ တိုးတက်မှုနှုန်း လျင်မြန်လာမည်ဖြစ်ပြီး အဆင့်ကိုးသို့ တက်လှမ်းရန် မယုံကြည်နိုင်လောက်အောင် မြန်ဆန်လာပေမည်။
အဆင့်ကိုးအား ကျော်လွန်သွားသည်နှင့် အရေပြား၊ ကြွက်သားနှင့် အရိုးများအား အပြင်ပိုင်း ကျင့်ကြံရာတွင် စွမ်းဆောင်ရည်မှာ အလွန်အမင်း မြင့်မားလာပေလိမ့်မည်။ တက်လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သာမန် သိုင်းပညာရှင် တစ်ယောက်၏ တိုးတက်မှု အရှိန်ထက် အဆပေါင်းများစွာ သာလွန်နေမည်သာ။
ထို့ကြောင့် သိုင်းပညာ ကျင့်ကြံရန် အကောင်းဆုံး အချိန်ဖြစ်သည့် အနှစ်နှစ်ဆယ် မတိုင်မီမှာပင် အတွင်းအား အဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ်တွင်းရှိ ကလီစာငါးပါးနှင့် အူခြောက်သွယ်တို့အား အတွင်းပိုင်း ကျင့်ကြံမှု ပြုလုပ်ကာ ခန္ဓာကိုယ် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။ ဤသည်မှာ သိုင်းပညာ လမ်းစဉ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ရန် မရှိမဖြစ် လိုအပ်ချက် တစ်ခုပင်။
ထို့ကြောင့် သိုင်းပညာ လမ်းစဉ်တွင် အခြေခံ အရိုးခံတပ်၏ အရေးပါမှုမှာ ပြောစရာပင် လိုမည်မထင်။ တပည့်လက်ခံသည့် ဆရာတိုင်းက အရိုးခံတပ်အား အလွန်အမင်း အလေးထားရခြင်း၏ အကြောင်းရင်းမှာလည်း ဤသည်ပင် ဖြစ်ချေသည်။
ထူးကဲသော အရိုးခံတပ်သာ မရှိပါက သာမန်လူတစ်ယောက် အနေဖြင့် သိုင်းပညာ လမ်းစဉ်တွင် ထင်ပေါ်ကျော်ကြားလာရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စဟု ဆိုရပေမည်။ မည်မျှပင် ကြိုးစား အားထုတ်နေပါစေ ကံကြမ္မာ၏ ဖေးမမှု မပါလျှင် ထိပ်တန်းသို့ ရောက်ရှိရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သိုင်းပညာ လေ့ကျင့်ရန် အကောင်းဆုံး အချိန်မှာ အနှစ်နှစ်ဆယ်ထက် မပိုသောကြောင့်ပင်။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ် မူတည်၍ ခန္ဓာကိုယ်နှင့် သွေးချီ စွမ်းရည်များမှာ တဖြည်းဖြည်း ကျဆင်းလာမည် ဖြစ်သည်။
အမြင့်ဆုံး အထွတ်အထိပ် အနေအထားမှ ကျဆင်းလာသည့် အခြေအနေသို့ ရောက်ရှိသွားပါက ကြီးမားသော အခွင့်အရေးနှင့် ကံတရား ရှိမှသာ တစ်စုံတစ်ရာ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မဟုတ်ပါက ကောင်းကင်ကြီးအား မော့ကြည့်၍ မျှော်လင့်ချက် ကင်းမဲ့စွာ သက်ပြင်းချရုံမှလွဲ၍ အခြားတတ်နိုင်မည် မဟုတ်ပေ။
ဤအကြောင်းရင်းများကြောင့် ကြိုးစားရုံသက်သက်ဖြင့် ထင်ပေါ်ကျော်ကြားလာမည် မဟုတ်ချေ။ အပြင်ပိုင်း ကျင့်ကြံခြင်း အဆင့်လေးဆင့်အား အောင်မြင်စွာ ကျော်ဖြတ်ပြီး အတွင်းပိုင်း ကျင့်ကြံမှု စတင်နိုင်မှသာ ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကို တိုးချဲ့နိုင်မည်ဖြစ်ကာ သက်တမ်း ရှည်ကြာလာပြီး သိုင်းပညာ လမ်းစဉ်ထက် ဆက်လက် လျှောက်လှမ်းနိုင်ပေလိမ့်မည်။
…
သစ်သားတဲလေးအတွင်း…
"သေစမ်း..." ထိုစကားဝိုင်းအား ကြားလိုက်ရသော ကျောက်ဟူမှာ မနာလို ဒေါသစိတ်များ တောက်လောင်လာခဲ့၏။
"ရှန်ချုံးယွမ်က ဒီကောင်လေးကို ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် များများစားစား ပေးထားလဲ မသိဘူး... သူ့အရိုးခံတပ်ကိုတောင် အဆင့်မြင့် တစ်ခုဖြစ်အောင် ပြောင်းလဲပစ်နိုင်တယ်ဆိုတော့..."
သူ့အနီးရှိ ယွီယွမ်ပင်လျှင် ပထမဆုံးအကြိမ်အဖြစ် မနာလို အားကျသည့် အရိပ်အယောင်များကို ဖော်ပြလာခဲ့သည်။
"အဆင့်မြင့် အရိုးခံတပ်... ငါ့ထက်တောင် တစ်ဆင့် သာလွန်နေပါလား... ခင်ဗျားရဲ့ တပည့်ကတော့ အကန့်အသတ်မရှိတဲ့ အလားအလာတွေ ရှိနေတော့မှာပဲ..."
ယွီယွမ်၏ စကားကိုကြားလျှင် ဝမ်ကျင်းလည်း မနေနိုင်တော့ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
အဆင့်အတန်း ကွာခြားမှုကြောင့် အခြားသူများ ချီးကျူးချိန်တွင် သူ သိပ်မပျော်ရွှင်ခဲ့သော်ငြား ယွီယွမ်ကတော့ ထိုသူများနှင့် မတူပေ။
နတ်ဘုရားစွမ်းအား သိုင်းသင်တန်းကျောင်း၏ ပိုင်ရှင်တစ်ယောက်အနေဖြင့် သူနှင့် ယွီယွမ်မှာ ယခင်ကတည်းက တန်းတူရည်တူ ပြိုင်ဘက်များ ဖြစ်ခဲ့ကြပြီး အဆင့်အတန်းချင်း တူညီသူများ ဖြစ်ကြသည်။ ထို့အပြင် ယွီယွမ်မှာလည်း သူ့ကဲ့သို့ပင် သိုင်းသင်တန်းကျောင်း တစ်ခုကို ဦးစီးကာ တပည့်များအား သင်ကြားပေးနေသူ မဟုတ်ပါလား။
ထို့ကြောင့် ယွီယွမ်ထံမှ ချီးကျူးစကားက သူ့အား အလွန်အမင်း ကျေနပ်ပီတိဖြစ်စေခဲ့ခြင်းပင်။
ထိုစဉ်...
ရုတ်တရက် တိတ်ဆိတ်သွား၏။
ဒီရေလှိုင်း တစ်ခုကဲ့သို့ အားကောင်းသော အသံကျယ်ကြီး တစ်ခုက လေ့ကျင့်ရေးကွင်း၏ အမြင့်ဆုံး စင်မြင့်ထက်မှနေ၍ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်။
မြေပြင်ရှိ ဖုန်မှုန့်များ အနည်းငယ် တုန်ခါသွားပြီး လေ့ကျင့်ရေးကွင်းထဲရှိ လူအများစုမှာ ချက်ချင်း ပါးစပ်ပိတ်သွားကာ အမြင့်ပေါ်ရှိ စင်မြင့်ဆီသို့ ထိတ်လန့် အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြတော့သည်။
ထိုအချိန်တွင် ဟုန်မင်ဟူမှာ သူ့ထိုင်ခုံမှ မတ်တတ်ထရပ်နေပြီ ဖြစ်၏။ သူက အောက်ဘက်ရှိ လူအုပ်ကြီးအား တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလာသည်။
"ပထမအဆင့် စစ်ဆေးမှု ပြီးဆုံးသွားပြီ... ဒုတိယအဆင့်က စင်မြင့်ပေါ်က တိုက်ပွဲပဲ..."
"မင်းတို့ မြင်ကြလား...” ဟုန်မင်ဟူက စကားပြောနေရင်း လေ့ကျင့်ရေးကွင်း၏ အရှေ့တောင်ဘက် အရပ်ရှိ ကြီးမားသော စင်မြင့်ကြီး သုံးခုဆီသို့ လက်ညှိုး ထိုးပြလိုက်သည်။
သူက ဆက်၍…
"စင်မြင့်တစ်ခုစီမှာ လူဆယ်ယောက် တက်ရမယ်... ဆယ်ယောက်ကနေ ငါးယောက် ကျန်တဲ့အထိ တိုက်ခိုက်ပြီး အသက်ရှင် ကျန်ရစ်သူတွေက စစ်ဆေးရေးဌာနကို ဝင်ခွင့်ရလိမ့်မယ်... ဒါကလွဲရင် တခြား ဘာတားမြစ်ချက်မှ မရှိဘူး..."
စကားဆုံးသည်နှင့် ဟုန်မင်ဟူက ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်၏။
ထိုအချိန်တွင် အံ့အားအသင့်ဆုံးသူမှာ အောက်ဘက်ရှိ လူအုပ်ကြီး မဟုတ်ဘဲ ဟုန်မင်ဟူ၏ ဘေးတွင် ထိုင်နေသော ဆေးဘုရင်တောင်ကြားမှ တတိယအကြီးအကဲ ကုန်းစွန်းယွီပင် ဖြစ်သည်။
"ဟုန်... ဟုန်မင်ဟူဆီမှာ ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အတွင်းသက်လုံ ရှိနေတာလား..."
ဟုန်မင်ဟူက သူ့အား ခပ်ရေးရေး ပြုံးပြလိုက်ကာ...
"ငါ့ကို တိုက်ခိုက်ချင်နေတုန်းပဲလား..."
"အစ်ကိုဟုန်ကတော့ နောက်နေပြန်ပါပြီ..."
ကုန်းစွန်းယွီက အလျင်အမြန် အပြုံးတုတစ်ခု ဖန်တီးလိုက်ကာ…
"တော်ဝင် အရာရှိတွေကို တိုက်ခိုက်တာက ပုန်ကန်တဲ့ လုပ်ရပ်ပဲ မဟုတ်ပါလား..."
"မင်း နားလည်ထားရင် တော်သေးတာပေါ့...”
ဟုန်မင်ဟူက ကုန်းစွန်းယွီအား ဂရုမစိုက်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လေ့ကျင့်ရေးကွင်းဆီသို့ အကြည့် ပြန်ရွှေ့သွားတော့သည်။
လေ့ကျင့်ရေးကွင်းထဲတွင်…
စကားသံများ ကြားလိုက်ရချိန်တွင် လူအုပ်ကြီးမှာ အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားကြလေသည်။
"ဒီလောက်တောင် စည်းကမ်းမရှိတာလား..." ယွီယွမ်က အနည်းငယ် အံ့အားသင့်သွား၏။
"တကယ်ကို ပေါ့ပေါ့ဆဆ နိုင်လွန်းတယ်..." ဝမ်ကျင်းလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ဆက်၍…
"ဒါပေမဲ့ ဟုန်မင်ဟူက အလုပ်လုပ်တဲ့ နေရာမှာ အမြဲတမ်း ပေါ့ပေါ့ဆဆ နိုင်တယ်လို့ ငါကြားဖူးတယ်... ဒီလိုမျိုးက သူ့ပုံစံနဲ့တော့ အတော်လေး ကိုက်ညီနေတာပဲ..."
ယွီယွမ်က စကားဖြတ်ပြောလာသည်။
"ဒီနည်းလမ်းနဲ့ဆိုရင် ကိုယ့်လူတွေကို စစ်ဆေးရေး ဌာနထဲ ခေါ်သွင်းသွားဖို့ လွယ်ကူသွားပြီလေ... အစွမ်းထက်တဲ့ ကာကွယ်ပေးမယ့်သူတစ်ယောက် ရှိနေတာက စစ်ဆေးမှု အောင်မြင်ဖို့ အခွင့်အရေးကို အများကြီး တိုးလာစေတယ် မဟုတ်လား..."
"အမှန်ပဲ..." ဝမ်ကျင်းလည်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။ ထို့နောက် သူက ကျန်းနင်နှင့် အခြားသူများကို လှမ်းကြည့်လေသည်။
"မင်းတို့အားလုံး စည်းမျဉ်းတွေကို နားလည်လိုက်ကြတယ် မဟုတ်လား..."
"နားလည်ပါတယ်..." ကျိုးရှင်းက ချက်ချင်း တုံ့ပြန်လိုက်သည်။
ကျန်းနင်နှင့် အခြားနှစ်ယောက်ကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။
ဝမ်ကျင်းက…
"ခဏနေရင် မင်းတို့ လေးယောက်စလုံး စင်မြင့်ပေါ် အတူတူ တက်သွားကြ... ပြီးရင် တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပြီး ကူညီပေးကြဖို့ မမေ့နဲ့..."
"တကယ်လို့ ခွန်အား ပိုနေသေးတယ် ဆိုရင်လည်း တခြားသူတွေကို ကူညီပေးလိုက်ပါ..." ဝမ်ကျင်းက ထိုသို့ ပြောရင်း ကျိုးရှင်းနှင့် ကျန်းနင်တို့ဘက်သို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
သိုင်းပညာ အဆင့်ရှစ် ကျင့်ကြံသူ နှစ်ယောက်ဆိုသည်မှာ ယခုစစ်ဆေးမှုတွင် ပါဝင်နေသူများထဲ၌ တုန်းလင်မြို့ သိုင်းပညာ ဥယျာဉ်မှ ရောက်လာသော တပည့်များကို ဖယ်လိုက်လျှင်ပင် ထိပ်တန်း အဆင့်တွင် ရှိနေပြီ ဖြစ်သည်။
ဝမ်ကျင်း၏ အမြင်အရ ကျန်းနင်နှင့် ကျိုးရှင်းတို့သာ ကူညီပေးရန် ဆန္ဒရှိပါက ကျန်နှစ်ယောက် အနေဖြင့် စင်မြင့်ပေါ်ရှိ တိုက်ပွဲအား အောင်မြင်စွာ ကျော်ဖြတ်ရန်မှာ များစွာ ခက်ခဲမည် မဟုတ်ပေ။
ထိုစကားကြားလျှင် ကျိုးရှင်းမှာ အလျင်အမြန်ပင် အကြိမ်ကြိမ် ခေါင်းညိတ် ပြလိုက်တော့သည်။
End
***