စင်မြင့်ထက်တွင်…
"သခင်လေး ဟုတ်လား…"
မျက်နှာချင်းဆိုင်ရှိ လူငါးယောက်မှာ ထိုသူနှစ်ယောက်၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားကြ၏။
"ကဲ... အခု စတင်လို့ ရပါပြီ" ပွဲကြီးကြပ်သူက အခြေအနေ အရပ်ရပ်ကို စစ်ဆေးပြီးနောက် ကြေညာလိုက်လေသည်။
ထိုစကားကြားသည်နှင့် ဟယ်ကျင်းယွင်က သူ့ရှေ့ရှိ လူငါးယောက်ကို ပျင်းရိပျင်းတွဲဟန်ဖြင့် လှမ်းမေးလိုက်သည်။
"အဆင်သင့် ဖြစ်ကြပြီလား..."
"သခင်လေးဆိုပါလား..." လူတစ်ယောက်က မျက်မှောင် အနည်းငယ်ကြုတ်၍ မေးလိုက်ပြီးနောက် ဆက်ပြောလာ၏။
"လာစမ်းပါ... သိုင်းပညာ ဥယျာဉ်က ကျောင်းသားတစ်ယောက်မှာ ဘယ်လောက်တောင် စွမ်းရည် ရှိမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ထိုလူ စကားဆုံးသည်နှင့် တစ်ပြိုင်နက်...
ဟယ်ကျင်းယွင်က လေပြင်း တစ်ရပ်အလား လျင်မြန်စွာ ရွေ့လျားသွားပြီး ထိုလူစုဆီသို့ ပြေးဝင်သွားတော့သည်။
နောက်တစ်ခဏမှာပင်…
ဘန်း…
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အာဟာရ ပြတ်လပ်ကာ အားနည်း နုနယ်ပုံရသော ဟယ်ကျင်းယွင်မှာ သူတို့အုပ်စုထဲသို့ ကုန်တင်ယာဉ်ကြီးတစ်စီး အရှိန်ဖြင့် ဝင်ဆောင့်လိုက်သကဲ့သို့ပင်။
ဟယ်ကျင်းယွင်၏ အရှေ့တွင် ထိုလူစုမှာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ဘဲ စင်မြင့်ပေါ်မှ လွှင့်စင် ကျသွားကြလေသည်။
"ဒါ… ဒါ တကယ်ကြီး လွန်လွန်းနေပြီ"
စင်မြင့်ထက်ရှိ မြင်ကွင်းကို မြင်လိုက်ရသော ကျိုးရှင်းမှာ ချက်ချင်းပင် ထိတ်လန့် အံ့အားသင့်သွားသော အမူအရာ ပေါ်လွင်လာ၏။
ကျန်းနင်လည်း ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိသည်။
လျူရှန်းရှန်း ထံမှနေ၍ ဟယ်ကျင်းယွင်မှာ မွေးရာပါ နတ်ဘုရား စွမ်းအား ပါလာသည့် ပါရမီရှင် တစ်ယောက်ဟု ကြားသိခဲ့ရသော်လည်း ဟယ်ကျင်းယွင်၏ ပိန်ပါးပြီး နုနယ်သော ရုပ်သွင်ကို မြင်တွေ့ရချိန်တွင် ကျန်းနင်က သူ့အကဲဖြတ်မှုကိုပင် အနည်းငယ် သံသယ ဝင်မိခဲ့သည် မဟုတ်ပါလား။
သို့သော် ဟယ်ကျင်းယွင် အမှန်တကယ် လှုပ်ရှားလိုက်ချိန်မှသာ သူ မမှားယွင်းခဲ့ကြောင်း ကျန်းနင် သဘောပေါက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ဟယ်ကျင်းယွင် ထုတ်ဖော် ပြသလိုက်သော ခွန်အားမှာ ထူးကဲလွန်းလှပြီး အမြန်နှုန်းမှာလည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှရာ သူ့ကိုယ်သူနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ နောက်ကောက်ကျခြင်း မရှိပေ။
ထိုလူငါးယောက်မှာ ဟယ်ကျင်းယွင်၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဟူသော အချက်တစ်ချက်တည်းနှင့်ပင် သူ၏ ခွန်အားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြနေ၏။
လုံးဝ ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအား တစ်ရပ်ကသာ ဤကဲ့သို့ ကြေမွ ပျက်စီးသွားစေရန် စွမ်းဆောင်နိုင်ပေလိမ့်မည်။
ထို့နောက်...
ကျန်းနင်က ညင်သာစွာ ခေါင်းညိတ်လိုက်ရင်း…
"ဒီခွန်အားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်"
"အစောပိုင်းက ညီလေးကျန်း ကျုပ်ကို တားလိုက်တာ တကယ် ကံကောင်းသွားတယ်"
ကျိုးရှင်းတစ်ယောက် သတိပြန်ဝင်လာပြီးနောက် သူ့မျက်နှာထက်တွင် သက်သာရာရသွားသော အမူအရာတစ်ခု ချက်ချင်း ပေါ်လွင်လာခဲ့သည်။
ထို့နောက် သူက ပြန်လည် တွေးတောရင်း ဆက်ပြောလာ၏။
"စင်မြင့်ပေါ်ကနေ ကျသွားတဲ့ လူငါးယောက်လုံးကို ကျုပ်သိတယ်… သူတို့ အကုန်လုံးက နဝမအဆင့်မှာ မဆိုးဘူးလို့ ပြောလို့ရတယ်… သူတို့ထဲက တစ်ယောက်ဆိုရင် ကျုပ်နဲ့ အသိတောင် ဖြစ်သေးတာ… နဝမအဆင့် ပြီးပြည့်စုံခြင်း အင်အားကို ပိုင်ဆိုင်ထားတာလေ"
"ဒါပေမဲ့ ဒီသခင်လေးက ရုတ်တရက် ကြည့်ရင် ဘာမှ ထူးခြားပုံ မပေါ်ဘဲ အရိုးပေါ် အရေတင် ပုံစံမျိုး ဖြစ်နေတာကို… သူ့ခွန်အားက ဒီလောက်ထိ ကြောက်စရာ ကောင်းနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ… ဒီလူငါးယောက်ကို အားစိုက်စရာတောင် မလိုဘဲ အလွယ်လေး ဖယ်ရှားပစ်လိုက်တာပဲ"
"ကျုပ်တို့သာ တက်သွားခဲ့ရင်လည်း သူနဲ့ ယှဉ်နိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး"
"ကံကောင်းတယ်… ညီလေးကျန်း ကျုပ်ကို ဆွဲတားထားလိုက်တာ တကယ် ကံကောင်းသွားတယ်"
ကျိုးရှင်း၏ အမူအရာမှာ သေဘေးမှ သီသီလေး လွတ်မြောက်လာသူ တစ်ယောက်အလား စိတ်သက်သာရာ ရမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
အခြားတစ်ဖက်တွင်မူ…
ဟယ်ကျင်းယွင်က ခပ်မည်းမည်း အမှတ်အသား တံဆိပ်ပြား တစ်ခုကို ကောက်ယူလိုက်သည်။
"ဒါက နောက်ပိုင်း စစ်ဆေးရေးရုံးမှာ ငါ သုံးရမယ့် ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြားလား" သူက တံဆိပ်ပြားအား လက်ထဲတွင် ကစားရင်း မေးလိုက်၏။
"သခင်လေး… ဒါက ယာယီ တံဆိပ်ပြားလေးပါပဲ… ဒီနေ့ စမ်းသပ်မှုတွေ ပြီးဆုံးသွားရင် မနက်ဖြန်ကျမှ စစ်ဆေးရေးရုံးကို သွားပြီး တရားဝင် အမှတ်အသား တံဆိပ်ပြားနဲ့ သွားလဲလှယ်ရမှာပါ"
"ခဏနေရင် ဒုတိယတပ်မှူး နေရာအတွက် ယှဉ်ပြိုင်ရဦးမှာလား" ဟယ်ကျင်းယွင်က လက်ထဲရှိ တံဆိပ်ပြားကို လေပေါ် ပစ်မြှောက်ကစားရင်း စင်မြင့်ထက်မှနေ၍ လှမ်းမေးလိုက်သည်။
"ဟုတ်မှန်ပါတယ်" ပွဲကြီးကြပ်သူ အမျိုးသားက ညင်သာစွာ ခေါင်းညိတ်ပြ၏။
ထို့နောက် သူက ဆက်၍…
"သခင်လေးအနေနဲ့ အဖွဲ့ခေါင်းဆောင် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ချင်လို့လားခင်ဗျာ"
ထိုစကားကြားလျှင် ဟယ်ကျင်းယွင်က ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ကာ…
"အဖွဲ့ခေါင်းဆောင်နေရာ ဟုတ်လား… အဲဒါက ဘယ်လောက်မှ အဆင့်အတန်း မရှိဘူး"
ထို့နောက် သူက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း…
"ငါ ဝင်ယှဉ်ပြိုင်ချင်တဲ့ နေရာက ဒုတိယတပ်မှူး နေရာပဲ… ဒုတိယ အဋ္ဌမအဆင့် အရာရှိ ရာထူးကမှ ငါ့ရဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်မှာလေ"
ပွဲကြီးကြပ်သူ အမျိုးသားလည်း ထိုစကားကို ကြားပြီး ဆက်ပြောလာသည်။
"တကယ်လို့ သခင်လေးသာ ဒုတိယ တပ်မှူး နေရာကို ရခဲ့မယ်ဆိုရင် ကျွန်တော့် လက်အောက် ဝင်ဖို့ကော ဘယ်လို သဘောရလဲ… အရင်တုန်းက သခင်ကြီးဆီကနေ ကျေးဇူးတချို့ ခံစားခဲ့ရဖူးလို့ပါ"
"ကျေးဇူး ခံစားခဲ့ရဖူးတယ် ဟုတ်လား… မေ့လိုက်စမ်းပါ" ဟယ်ကျင်းယွင်က နှုတ်ခမ်းတစ်ချက် တွန့်ကာ စင်မြင့်ထက်မှ ခုန်ဆင်းသွားတော့သည်။
သူ့အနောက်တွင် ကျန်ရစ်ခဲ့သော သိုင်းပညာဥယျာဉ်မှ အခြားတပည့်လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လူတစ်ယောက်က ပခုံးတွန့်၍…
"ဒီစမ်းသပ်မှုက ထူးဆန်းလောက်အောင် ရိုးရှင်းလွန်းနေတယ်"
ထို့နောက် သူတို့လည်း အောက်သို့ လိုက်၍ ခုန်ဆင်းသွားကြ၏။
စင်မြင့်ထက်မှ လွှင့်စင်ကျသွားခဲ့သူများမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ဒေါသထွက်လာကြတော့သည်။
သူတို့က ဟယ်ကျင်းယွင်၏ ဖယ်ရှားခြင်းကို ခံခဲ့ရသော်လည်း ထိုသည်ကို ကျေကျေနပ်နပ်ပင် လက်ခံခဲ့ကြ၏။
မနိုင်လျှင်လည်း တတ်နိုင်မည် မဟုတ်ပေ။
သို့သော် စင်မြင့်ထက်သို့တက်ကာ ဟန်ပြ တစ်ပတ်ခန့် လျှောက်လှမ်းရုံဖြင့် စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည့် လူအချို့၏ လှောင်ပြောင် သရော်မှုကို ခံလိုက်ရသောအခါ သူတို့ထဲမှ အချို့မှာ လုံးဝ သည်းမခံနိုင်တော့ချေ။
သိုင်းလောကသားများ ဆိုသည်မှာ မွေးရာပါ မာနတရားကို ဆုပ်ကိုင်ထားတတ်ပြီး ပင်ကိုသဘာဝ အရလည်း ပွင့်လင်း ဖြောင့်မတ်ကြသူများ ဖြစ်သည်။
ထို့ကြောင့် ချက်ချင်းဆိုသလို လူတစ်ယောက်က မတ်တတ်ထရပ်ပြီး အော်ဟစ်လိုက်၏။
"ကျုပ် ဒါကို လက်မခံနိုင်ဘူး"
"မင်းက ဘာကို လက်မခံနိုင်ရတာလဲ" စင်မြင့်ထက်ရှိ ပွဲကြီးကြပ်သူက အေးတိအေးစက် လေသံဖြင့် ပြန်မေးလေသည်။
"ဒီလို စမ်းသပ်မှု စည်းကမ်းမျိုးကို ကျုပ် လက်မခံနိုင်ဘူး… ဘာလို့ ဒီအားနည်းတဲ့ ကောင်တွေက လက်တစ်ဖျစ်တောင် မလှုပ်ရှားရဘဲ စမ်းသပ်မှုကို အောင်မြင်သွားရတာလဲ… ဒါ လုံးဝ မတရားဘူး" ထိုလူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လက်မခံနိုင်ဘူး ဟုတ်လား… မတရားဘူးပေါ့လေ…" စင်မြင့်ထက်ရှိ ပွဲကြီးကြပ်သူက အေးစက်စက် ပြုံးလေသည်။
ထို့နောက် သူက…
"မရေရာ မသေချာတာက မှန်ကန်တယ်… မတရားတာကလည်း မှန်ကန်တယ်… လောကကြီးက အစကတည်းကိုက မတရားဘူးလေ… မင်းက အင်အား မတောင့်တင်းဘူး… နောက်ပြီး မှီခိုစရာ ကျောထောက်နောက်ခံလည်း ရှာမတွေ့ဘူးဆိုရင် ဖယ်ရှားခံရမှာပဲ… ဒါက ရှင်းရှင်းလေးပဲ မဟုတ်ဘူးလား"
ထိုသို့ ပြောဆိုပြီးနောက် သူ၏ အကြည့်များက လူအုပ်ကြီးထံသို့ ချွန်ထက်သော ဓားမြှောင်များအလား ဝေ့ဝဲ ဖြတ်သန်းသွားသည်။
သူ့အကြည့် ရောက်ရှိသွားသော နေရာတိုင်းတွင် တိတ်ဆိတ် ငြိမ်သက်ခြင်းတို့သာ ကြီးစိုးသွားတော့၏။
"ဆက်လုပ်ကြ"
သူက ထပ်မံ အမိန့်ပေးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ လေထဲသို့ ပျံဝဲသွားကာ ပြီးပြတ်သွားပြီ ဖြစ်သော အခြားစင်မြင့်တစ်ခုဆီသို့ တက်သွားလေ၏။
…
စင်မြင့်အောက်တွင်…
ယခုအချိန်တွင် အစောပိုင်းက သတိပေး ကြိမ်းမောင်းမှုများကြောင့် စင်မြင့်အောက်၌ ပရိသတ် အများအပြား ရှိနေသည့်တိုင် မည်သူမျှ ရှေ့သို့ လွယ်လွယ်ကူကူ မထွက်ရဲကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းစည်းကမ်းများမှာ ယခုအခါ အလွန် ရှင်းလင်းနေပြီ ဖြစ်သောကြောင့်ပင်။
လူဆယ်ယောက် ဝင်ရောက်ယှဉ်ပြိုင်ပါက ငါးယောက်သာ အောင်မြင်မည်။
ဆိုလိုသည်မှာ ဤနောက်ဆုံး စမ်းသပ်မှု၏ အောင်ချက် ရာခိုင်နှုန်းမှာ ငါးဆယ် ရာခိုင်နှုန်းမျှသာ ရှိခြင်း ဖြစ်သည်။
ဤခြေလှမ်းကို စတင် လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မည်ကဲ့သို့သော နောက်ခံမျိုးပင် ရှိပါစေ အရာရှိ တစ်နေရာကို ရရှိမည်မှာ သေချာလှ၏။
သာမန် အရပ်သားများနှင့် အရာရှိများ ဆိုသည်မှာ အမြဲတမ်း ပြတ်သားစွာ ကွဲပြားနေသော လူတန်းစား နှစ်ရပ် မဟုတ်ပါလား။
ထို့အပြင် ဤစမ်းသပ်မှုကို အောင်မြင်ရန်မှာ မိမိကိုယ်ပိုင် စွမ်းဆောင်ရည် အပေါ်တွင်သာ မကဘဲ အသင်းဖော်များ၏ ခွန်အားနှင့် ပြိုင်ဘက်များ၏ အင်အား အပေါ်တွင်ပါ များစွာ မူတည်နေသေးသည်။
အကယ်၍ သူတို့သာ အစောပိုင်းက သခင်လေးကဲ့သို့ ခွန်အားမျိုးနှင့် ကြုံတွေ့ရပါက ဤစမ်းသပ်မှုကို အောင်မြင်ရန် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူဆိုသည်မှာ လက်ချိုး ရေတွက်၍ ရလောက်ပေမည်။
စင်မြင့်ထက်သို့ တစ်ကြိမ် ခြေချပြီးသည်နှင့် နောက်ဆုတ်ခွင့် ဆိုသည်မှာ လုံးဝ ရှိတော့မည် မဟုတ်ပေ။
မည်သူပင် နောက်က လိုက်လာပါစေ ပြတ်သားသော ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ရင်ဆိုင်ရမည်သာ ဖြစ်သည်။
ထို့ကြောင့် စင်မြင့်အောက်တွင် မည်သူမှ ဦးဆောင်၍ ရှေ့မထွက်ရဲကြဘဲ အတော်လေး အနေရခက်သော အခြေအနေတစ်ရပ် ပေါ်ပေါက်လာတော့၏။
ရှေ့ဆုံးမှ ဦးဆောင် ထွက်လာခြင်းမှာ မိမိ၏ အားသာချက်ကို ဆုံးရှုံးစေရုံသာမက အခြားသူများ၏ ရွေးချယ်မှုခံရမည့် ပစ်မှတ်တစ်ခု အဖြစ်သို့ ရောက်ရှိသွားစေခြင်းပင်။
"ညီလေးကျန်း... ကျုပ်တို့ အခု တက်သွားကြမလား" ကျိုးရှင်းက လှမ်းမေးလိုက်သည်။
End
***