အစောပိုင်းက ဖြစ်ရပ်များကြောင့် ကျိုးရှင်းမှာ ဝေခွဲမရ ဖြစ်နေပြီး ဆုံးဖြတ်ချက်အား ကျန်းနင်ထံ လွှဲအပ်လိုက်၏။
"စင်မြင့်ပေါ် တက်ကြတာပေါ့..." ကျန်းနင်က ဆုံးဖြတ်ချက် ချလိုက်သည်။
"ကောင်းပြီလေ..." ကျိုးရှင်းက ခေါင်းညိတ်ပြ၏။
ရုတ်တရက်...
ကျန်းနင်၊ ကျိုးရှင်းနှင့် ကျန်းထျဲရှန်းတို့ သုံးယောက်သား တစ်ပြိုင်နက် ခုန်တက်သွားကြသည်။
ဘုန်း...
ကျန်းထျဲရှန်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက စင်မြင့်ထက်သို့ ပြင်းထန်စွာ တက်သွား၏။
သို့သော် ကျန်းနင်နှင့် ကျိုးရှင်းတို့ နှစ်ယောက်မှာမူ စင်မြင့်ထက်သို့ အသံမမြည်ဘဲ သက်သောင့်သက်သာပင် ခြေချလိုက်ကြသည်။
"လူကြီးမင်းတို့... အချိန်ဆွဲ မနေကြပါနဲ့တော့... နောက်ထပ် လူအနည်းငယ်လောက် တက်လာပြီး ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်..." ကျိုးရှင်းက လက်သီးဆုပ်ကာ အရိုအသေပေးရင်း အောက်ဘက်ရှိ လူအုပ်ကြီးအား လှမ်းပြောလိုက်သည်။
"ဟေ့..."
အောက်ဘက်မှ လူတစ်ယောက်က ချက်ချင်း ရယ်မောကာ…
"လော့ရွှေခရိုင်မှာ ကျိုးမိသားစုရဲ့ ကီလင်သားတော် ကျိုးရှင်းကို ဘယ်သူက မသိဘဲ နေမှာလဲ... အဆင့်ရှစ် နတ်ဘုရား စွမ်းအား အဆင့်လောက် ရှိတဲ့ သူ့ကို ဘယ်သူက ယှဉ်ပြိုင်ရဲမှာလဲ..."
"အမှန်ပဲ... ပြီးတော့ ကျန်းနင်လည်း ပါသေးတယ်... သူ့ကိုကော ဘယ်သူက မသိဘဲ နေမှာလဲ... သူတို့ ပြသခဲ့တဲ့ စွမ်းရည်တွေကို ကြည့်ပြီး စင်မြင့်ပေါ် တက်ယှဉ်ပြိုင်မယ့် သူဆိုလို့ အရူးပဲ ရှိလိမ့်မယ်..." အောက်ဘက်မှ အခြားတစ်ယောက်က ချက်ချင်း ဝင်ပြောလာသည်။
ထိုစကားများ ကြားလိုက်ရချိန်တွင် အစောပိုင်းက လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သော လူအုပ်ကြီးမှာ ရုတ်တရက် ငြိမ်ကျသွားတော့သည်။
စင်မြင့်ပေါ်ရှိ ထိုသုံးယောက်ထဲတွင် အနည်းဆုံး နှစ်ယောက်က အဆင့်ရှစ် နတ်ဘုရား စွမ်းအား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အခြေခံအားဖြင့် တရားမျှတသော ယှဉ်ပြိုင်မှု မဟုတ်တော့ပေ။
ဤသည်ကပင် နေရာသုံးနေရာကို တိုက်ရိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး လူဆယ်ယောက်တွင် ငါးယောက်သာ ရွေးချယ်မည်ဖြစ်ရာ သူတို့သာ စင်မြင့်ပေါ် တက်သွားပါက နေရာ နှစ်နေရာသာ ကျန်ရှိတော့မည် ဖြစ်သည်။
ထိုအခါ လူခုနစ်ယောက်က နေရာ နှစ်နေရာအတွက် ယှဉ်ပြိုင်ရမည့် အခြေအနေ ဖြစ်သွားလေပြီ။ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် လူတိုင်းမှာ ရုတ်တရက် စိတ်ဝင်စားမှု ကင်းမဲ့သွားကြတော့သည်။
ထို့ကြောင့် ဆူညံနေခဲ့သော စင်မြင့်အောက်ရှိ နေရာလေးမှာ မည်သူမှ တက်ရောက်လိုခြင်း မရှိတော့ဘဲ တိတ်ဆိတ် ခြောက်ကပ်သွားလေသည်။
အချိန်အနည်းငယ် အကြာတွင်။
"ညီလေးကျန်း... အခု ဘယ်လို လုပ်ကြမလဲ..." ကျိုးရှင်းက လှမ်းမေးလိုက်၏။
ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့သဖြင့် သူ့အသံထဲတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ စွက်ဖက်နေသည်။
ထိုအချိန်တွင် ကျိုးရှင်းမှာ ဂုဏ်ယူဝင့်ကြွားနေခြင်း မရှိသည့်အပြင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
သူတို့၏ ခွန်အားကို လူတိုင်းက အသိအမှတ် ပြုထားပြီး ဖြစ်သည်။
အားနည်းသူများက စင်မြင့်ပေါ် မတက်ရဲကြသဖြင့် တက်ရဲသူများမှာ သေချာပေါက် ခွန်အားကြီးသူများသာ ဖြစ်ပေလိမ့်မည်။
လော့ရွှေခရိုင်၏ လူငယ် မျိုးဆက်များထဲတွင် အဆင့်ရှစ် သိုင်းပညာရှင် အလွန် နည်းပါးသော်ငြား ဤနေရာတွင် လူငယ်များ သီးသန့် ကန့်သတ်ထားခြင်း မဟုတ်ပေ။
အသက် သုံးဆယ်၊ လေးဆယ်အရွယ် ယခင် မျိုးဆက်များမှ သိုင်းပညာရှင်များလည်း ရှိနေသေးသည် မဟုတ်ပါလား။
ထိုအထဲတွင် အချို့မှာ ယခင်က အင်အားစု အသီးသီးမှ ဧည့်သည်တော်များ သို့မဟုတ် ဧည့်သည်တော် အကြီးအကဲများ ဖြစ်ခဲ့ကြသူများပင်။
ယနေ့တွင် သူတို့လည်း စစ်ဆေးရေး ဌာန၏ စစ်ဆေးမှုတွင် ပါဝင်ခွင့် ရှိကြသည်။
ထို့အပြင် တုန်းလင်မြို့ သိုင်းပညာ ဥယျာဉ်မှ ကျောင်းသားများလည်း ရှိနေသေးရာ ထိုအထဲတွင် အလွန် အစွမ်းထက်သူ အများအပြား ပါဝင်နေ၏။
အစောပိုင်းက စွမ်းရည်ပြသသွားခဲ့သော ခပ်ပိန်ပိန် လူငယ်လေးနှင့်သာ ယှဉ်ပြိုင်ရမည်ဆိုလျှင် ကျိုးရှင်း ကိုယ်တိုင်ပင် လုံးဝ ယုံကြည်မှု မရှိချေ။
ကျိုးရှင်း၏ စကားကို ကြားလျှင် ကျန်းနင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မလောပါနဲ့... စံအိမ်သခင်ကြီးက ဒီစည်းမျဉ်းကို ချမှတ်ကတည်းက ဒီလို အခြေအနေမျိုး ဖြစ်လာမယ် ဆိုတာကို ကြိုတင် တွေးထားပြီးသား ဖြစ်မှာပါ... မကြာခင် သင့်တော်တဲ့ ဖြေရှင်းနည်းတစ်ခု ထွက်လာပါလိမ့်မယ်..."
တစ်ချိန်တည်းမှာပင်…
သိုင်းပညာ ဥယျာဉ်မှ ကျောင်းသားများ ရှိနေသည့် အရပ်တွင်တော့။
ဟယ်ကျင်းယွင်က ကျန်းနင်တို့ ရှိနေသည့် စင်မြင့်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခပ်ရေးရေး ပြုံး၍ ဘေးရှိ လူအား လှမ်းပြောလိုက်သည်။
"ချင်ရွှမ်... စင်မြင့်ပေါ်မှာ အဆင့်ရှစ် သိုင်းပညာရှင် နှစ်ယောက် ရှိနေတယ်... မင်း သွားပြီး သူတို့ မျက်စိပွင့်သွားအောင် လုပ်ပြလိုက်ပါလား..."
"ငါက ဘာလို့ လူဆိုး လုပ်ရမှာလဲ..." ရွှေချည်ထိုး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ချင်ရွှမ်က ရယ်မော၍ ဟယ်ကျင်းယွင်၏ အကြံပြုချက်ကို ပေါ့ပေါ့ပါးပါးပင် ငြင်းပယ်လိုက်၏။
ထိုစဉ်...
"အဆင့်ရှစ် သိုင်းပညာရှင်နှစ်ယောက် ဆိုတော့... ကိုယ်တိုင် သွားပြီး စမ်းသပ်ကြည့်ဖို့တော့ စိတ်ဝင်စားမိသားပဲ..."
ရုတ်တရက် ကြည်လင် ပြတ်သားသော အသံကျယ်ကြီးတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ထိုအသံအား ကြားလိုက်ရသည်နှင့် လူအုပ်ကြီးမှာ ချက်ချင်းပင် အသံလာရာသို့ လှည့်ကြည့်လိုက်ကြတော့သည်။
"ငါကတော့ လူဆိုး မလုပ်ချင်ပါဘူး... ဒါပေမဲ့ လွီရန်ယောင်ကတော့ စိတ်ဝင်စားနေပုံပဲ..." ချင်ရွှမ်က မှတ်ချက်ချလေသည်။
လူတိုင်းက လူအုပ်ထဲမှ ခုန်ထွက်လာသော လူတစ်ယောက်အား မြင်လိုက်ရသည်။ ထိုလူမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ကောင်းကင်ယံမှ ကြိုးကြာငှက် တစ်ကောင်အလား သူတို့ အပေါ်မှ ပျံဝဲ ကျော်ဖြတ်သွားတော့သည်။
ထိုလူမှာ ချင်ရွှမ် ပြောလိုက်သည့် လွီရန်ယောင်ပင် ဖြစ်ချေသည်။
စင်မြင့်ပေါ်တွင်…
"တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ ကိုယ်ဖော့ပညာပဲ..." ကျိုးရှင်း၏ မျက်လုံးများ စူးရှသွားပြီး ဝတ်စုံဖြူနှင့် လူအား အကြည့်မလွှဲတမ်း စိုက်ကြည့်နေမိ၏။
ကျန်းနင်လည်း တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။
ဘာတွေ လာရှုပ်နေတာလဲ။
နောက်တစ်ခဏတွင်…
လွီရန်ယောင်၏ တိမ်ကွက်ပုံစံ ဖိနပ်များက စင်မြင့်ထက်သို့ ညင်သာစွာ ထိတွေ့သွားပြီး ဖုန်မှုန့် အနည်းငယ် လွင့်စင်သွားစေသည်။
လွီရန်ယောင်က ကျန်းနင်နှင့် ကျိုးရှင်းတို့ အရှေ့တွင် ရောက်လာပြီး သူတို့ကို အကဲခတ်သည့် အကြည့်ဖြင့် အကြိမ်အနည်းငယ် စူးစိုက်ကြည့်လိုက်၏။
ထို့နောက် သူက စကားစလာသည်။
"မင်းတို့ နှစ်ယောက်က တော်တော်လေး ချီးကျူးစရာ ကောင်းတယ်... ဒီအသက်အရွယ်နဲ့ အဆင့်ရှစ် သိုင်းပညာကို ရောက်နေပြီ ဆိုတော့... ဒီလို နေရာသေးသေးလေးမှာတော့ မင်းတို့ကို ပါရမီရှင်တွေလို့ သတ်မှတ်လို့ ရပါတယ်... ငါ့လက်အောက်ကို ဝင်လာရင်ရော ဘယ်လိုလဲ..."
ကျိုးရှင်းက ပြန်လည်တုံ့ပြန်ရန် ပါးစပ် ဟလိုက်စဉ်...
လွီရန်ယောင်က စကားဖြတ်ပြောလာ၏။
"ဟေး... အဖြေပေးဖို့ မလောပါနဲ့... သေချာ စဉ်းစားပါဦး... တကယ်လို့ မင်းတို့ နှစ်ယောက်လုံး သဘောတူမယ်ဆိုရင် ငါ မင်းတို့ သုံးယောက်လုံးကို ဒီစစ်ဆေးမှုကနေ အောင်မြင်စွာ ကျော်ဖြတ်ခွင့် ပေးမယ်... ဒါပေမဲ့ သဘောမတူဘူး ဆိုရင်တော့..."
ဤနေရာတွင် လွီရန်ယောင်က ခေတ္တ ရပ်တန့်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိသော မျက်နှာထားဖြင့်…
"မင်းတို့ကို စင်မြင့်ပေါ်ကနေ ကန်ချရလိမ့်မယ်..."
ထိုစကားများ ကြားလိုက်ရချိန်တွင် ဟထားသော ကျိုးရှင်း၏ ပါးစပ်မှာ ပြန်လည် ပိတ်ကျသွားတော့သည်။
သူ့အကြည့်တို့က ချက်ချင်းပင် ကျန်းနင်ဆီသို့ ရောက်ရှိသွား၏။
ကျိုးရှင်း၏ အမြင်တွင် ချန်လန် သိုင်းသင်တန်းကျောင်း၏ တပည့်များထဲ၌ အဆင့်ရှစ် နတ်ဘုရား စွမ်းအား အဆင့်သို့ ရောက်ရှိနေသော ကျန်းနင် တစ်ယောက်တည်းကသာ သူ့ပြိုင်ဘက်ဖြစ်ပြီး ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သူ့အနေဖြင့် ဆွေးနွေး တိုင်ပင်ရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
သူ့နောက်တွင် ရပ်နေသော ကျန်းထျဲရှန်းနှင့် ပတ်သက်၍မူ...
သူက ဂိုဏ်းတူ ညီအစ်ကိုတစ်ယောက် ဖြစ်သော်ငြား ကိုယ်တိုင် ခေါ်ယူထားသော ဧည့်သည်တော် အကြီးအကဲ တစ်ယောက်သာ ဖြစ်သည်။
ခွန်အားပိုင်းအရဖြစ်စေ၊ အဆင့်အတန်းပိုင်းအရဖြစ်စေ သဘာဝကျစွာပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။
"မင်းတို့နှစ်ယောက် ဖြည်းဖြည်းချင်း ဆွေးနွေးကြပါ... ငါ မလောပါဘူး..."
လွီရန်ယောင်က ခပ်ရေးရေး ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူက…
"နောက်ကျရင် ငါ သေချာပေါက် ခေါင်းဆောင် နေရာကို ရအောင်ယူမှာ... မင်းတို့ နှစ်ယောက်က ငါ့လက်အောက်ကို ဝင်လာမယ်ဆိုရင် ငါ့အဖွဲ့ဝင်တွေ ဖြစ်လာလိမ့်မယ်... ဒါဆိုရင် မင်းတို့ နှစ်ယောက်အတွက် အကျိုးအမြတ်တွေ အများကြီး ရလာမှာ သေချာတယ်..."
…
စင်မြင့်အောက်တွင်…
မလှမ်းမကမ်းတွင် ရပ်နေသော ချင်ရွှမ်မှာ စင်မြင့်ပေါ်မှ လွီရန်ယောင်၏ စကားများကို ကြားလိုက်ရချိန်တွင် အနည်းငယ် မှင်သက်သွားပြီးနောက် ရယ်မော၍ ခေါင်းခါယမ်းလိုက်၏။
"ဒီလွီရန်ယောင်က တကယ်ကို အကြံအစည်ကြီးတာပဲ... စံအိမ်ထဲ ဝင်ခွင့်ရမယ့် နေရာကို အသုံးချပြီး လော့ရွှေခရိုင်က ဒီပါရမီရှင် နှစ်ယောက်ကို သူ့အဖွဲ့ထဲ ဝင်လာအောင်၊ သူ့အမိန့်ကို နာခံလာအောင် ဖိအားပေးနေပါလား..."
"တကယ်လို့ သူတို့သာ သဘောမတူဘူးဆိုရင် လွီရန်ယောင်ရဲ့ ခွန်အားနဲ့ဆို သဘောတူလာအောင် အလွယ်တကူ ဖိအားပေးနိုင်တယ်လေ..."
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလို နေရာသေးသေးလေးက လာတဲ့ လူတွေအတွက်တော့ စစ်ဆေးရေး ဌာနထဲ ဝင်ခွင့်ရတာက ကောင်းကင်ဘုံကို တက်လှမ်းရသလိုပဲလေ... ဒါက တရားဝင် ဂုဏ်ထူးဆောင် ဘွဲ့တွေ ရရင်တောင် မယှဉ်နိုင်တဲ့ ကံကြမ္မာ အပြောင်းအလဲကြီးပဲ..."
"အမှန်ပဲ..." ဟယ်ကျင်းယွင်က အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဒီလောက်ခေါင်တဲ့ နေရာလေးမှာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာ အဆင့်ရှစ်ကို ရောက်လာနိုင်တာကို ကြည့်ရင် တုန်းလင်မြို့မှာတောင် ထိပ်တန်း ပါရမီရှင်တွေလို့ ဆိုရမှာပဲ..."
"တကယ်လို့ သူတို့သာ တုန်းလင်မြို့မှာ မွေးဖွားပြီး သိုင်းပညာဥယျာဉ်ရဲ့ အရင်းအမြစ်တွေကို သုံးခွင့်ရခဲ့မယ်ဆိုရင် ငါတို့ထက်တောင် သိပ်အားနည်းနေမှာ မဟုတ်ဘူး..."
"သူက တကယ်ကို အလားအလာရှိတဲ့ လူငယ်လေးပဲ..."
ထိုအကြောင်းများ ပြောဆိုနေရင်း ဟယ်ကျင်းယွင်မှာ ပို၍ စိတ်လှုပ်ရှားလာတော့သည်။
"သေစမ်း..."
သူက သူ့ပေါင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး…
"ဒီနှစ်ယောက်က တကယ်ကို ပါရမီရှင်တွေပဲ... အရင်ကတည်းက ဒီအချက်ကို ငါ ဘာလို့ မတွေးမိခဲ့ပါလိမ့်..."
ထိုစကားများ ကြားလိုက်ရချိန်တွင် ချင်ရွှမ်လည်း မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"အစ်ကိုကျင်းယွင်... သေချာ စဉ်းစားကြည့်လေ... ခင်ဗျားရဲ့ ခွန်အားနဲ့ဆို အခု စင်မြင့်ပေါ် တက်သွားရင်တောင် နောက်ကျမှာ မဟုတ်သေးပါဘူး..."
ထိုစကားကိုကြားလျှင် ဟယ်ကျင်းယွင်က ချက်ချင်း ခေါင်းခါယမ်းလိုက်၏။
"မလုပ်တော့ပါဘူး... ငါက ပျင်းနေကျဆိုတော့ တော်တော်လေး အလုပ်ရှုပ်လွန်းတယ်..."
"ဒါလည်း ဟုတ်တာပါပဲ..." ချင်ရွှမ်က ခပ်ရေးရေးပြုံးရင်း ဝင်ပြောလာသည်။
"အစ်ကိုကျင်းယွင်ရဲ့ သခင်လေး အဆင့်အတန်းနဲ့ဆို ဒီရွှံ့ထဲက ရွှံ့ငါးတွေနဲ့ သွားလုနေစရာမှ မလိုတာ..."
ဟယ်ကျင်းယွင်က ချက်ချင်းပင် ဘေးပတ်လည်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး…
"မင်းက ဘာလို့ ဒီလောက် နားထောင်ရဆိုးတဲ့ စကားတွေ ပြောနေရတာလဲ... မင်းက လူတွေကို ဒေါသထွက်အောင် လုပ်တဲ့နေရာမှာ တကယ်တော်တာပဲ..."
အခြားတစ်ဖက်တွင်…
ကျိုးရှင်းက တိုးတိုးလေး လှမ်းမေးလိုက်သည်။
"ညီလေးကျန်း... ဘယ်လို ထင်လဲ..."
"ပြောစရာ ဘာမှမရှိပါဘူး... ကျွန်တော့်ကျောရိုးက နည်းနည်းမာတယ်... ပြီးတော့ ကျွန်တော်က အကြမ်းလုပ်တာထက် အနုနည်းနဲ့ လာတာကို ပိုသဘောကျတယ်..." ကျန်းနင်က တည်ငြိမ်စွာ ပြန်ပြောလေသည်။
ထိုစကားကြားလျှင် ကျိုးရှင်းက ချက်ချင်း ပြုံးလိုက်သည်။
"ညီလေးကျန်းက တကယ့်ကို ကျုပ်အကြိုက်ပဲ..."
"ကျွန်တော်လည်း အဲ့လိုပဲ ခံစားရတယ်... ကျွန်တော်က အမြဲတမ်း အကြမ်းလုပ်တာထက် အနုနည်းနဲ့ လာတာကို ပိုသဘောကျတယ်..."
အကြမ်းလုပ်တာထက် အနုနည်းနဲ့ လာတာကို ပိုသဘောကျတယ် ဟုတ်လား။
စင်မြင့်ပေါ်တွင် နှုတ်ခမ်းထောင့် ကွေးရုံပြုံးကာ ရပ်နေသော လွီရန်ယောင်က ထိုလူနှစ်ယောက်ကို စိုက်ကြည့်နေမိ၏။
"မင်းတို့နှစ်ယောက်လုံး ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်..."
ကျိုးရှင်းက…
"ကျွန်တော်က သိုင်းပညာဥယျာဉ် ကျောင်းသားတစ်ယောက်ရဲ့ စွမ်းရည်တွေကို ကိုယ်တွေ့ ခံစားကြည့်ချင်ရုံပါ..."
"မင်းကရော..." လွီရန်ယောင်က ကျန်းနင်ဘက် လှည့်ကြည့်လိုက်သည်။
လွီရန်ယောင်၏ စိတ်ထဲတွင် ကျန်းနင်နှင့် ကျိုးရှင်း နှစ်ယောက်ကြား ကျန်းနင်ကို ပို၍ မျက်စိကျနေမိ၏။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ အခြားအကြောင်းရင်းများကြောင့် မဟုတ်ဘဲ ကျန်းနင်က ပိုငယ်ရွယ်နေသောကြောင့်ပင်။
အဆင့်တူညီသော်လည်း ပိုငယ်ရွယ်နေသည်။
ထိုသည်က ပိုမိုမြင့်မားသော ပါရမီနှင့် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အလားအလာ ရှိသည်ဟု အဓိပ္ပာယ် ရပေသည်။
သဘာဝကျစွာပင် ပြုစုပျိုးထောင်ပေးရန် ပို၍ တန်ဖိုးရှိပေသည်။
ကျန်းနင်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။
"ကျုပ်လည်း အတူတူပဲ...”
"ကောင်းပြီလေ..." လွီရန်ယောင်က ခေါင်းညိတ်ပြသည်။
"အရမ်းကောင်းတယ်..." သူက လေးနက်သော လေသံဖြင့် ထပ်ပြောလာ၏။
"ခဏနေရင် အဆင့်တူ သိုင်းပညာရှင်တွေကြားမှာ ခွန်အား ကွာဟချက် ဘယ်လောက် ကြီးမားလဲ ဆိုတာ မင်းတို့ နှစ်ယောက်ကို ပြသပေးမယ်..."
တင်းမာနေသော လေထုအောက်တွင်…
ရုတ်တရက် အနီးအနားမှ ခပ်တိုးတိုး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကောင်းပြီ... မင်းတို့ လေးယောက်လုံး စစ်ဆေးမှု အောင်မြင်တယ်... လာပြီး မင်းတို့ရဲ့ အဖွဲ့ဝင် အမှတ်အသားပြားတွေကို လာယူကြ..."
"ဘာ... ဘာပြောလိုက်တာ..." ထိုစကားကို ကြားလိုက်ရချိန်တွင် လွီရန်ယောင်က စင်မြင့်ပေါ်ရှိ စစ်ဆေးရေး တာဝန်ခံအား အံ့အားသင့်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်တော့သည်။
ဒါ ဘယ်လို နောက်ပြောင်မှုမျိုးလဲ။
သူတို့က မတိုက်ခိုက်ရသေးဘဲ စစ်ဆေးမှု အောင်မြင်သွားပြီလား။
ထိုအချိန်တွင် လွီရန်ယောင်မှာ သူ နားကြားများ မှားသွားသလားဟုပင် သံသယ ဝင်မိနေ၏။
လွီရန်ယောင်တစ်ယောက် သံသယများဖြင့် ပြည့်နှက်နေစဉ် စစ်ဆေးရေး တာဝန်ခံမှာ လွီရန်ယောင်၏ အံ့အားသင့်နေသော မျက်နှာကိုမြင်ပြီး မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"လာခဲ့... မင်းတို့ရဲ့ အဖွဲ့ဝင် အမှတ်အသားပြားတွေကို လာယူကြ..."
End
***