စင်မြင့်ပေါ်တွင်…
"လာ... မင်းတို့ရဲ့ အဖွဲ့ဝင် အမှတ်အသားပြားတွေကို လာယူကြ..."
စစ်ဆေးရေး တာဝန်ခံ ပြောလိုက်သော စကားကို ထပ်မံကြားလိုက်ရချိန်တွင် လွီရန်ယောင် တစ်ယောက် သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်မှန်း သဘောပေါက်သွားတော့သည်။
သူ အမှန်တကယ်ပင် စစ်ဆေးမှုကို အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
"ဒါ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့ တိုက်တောင် မတိုက်ရသေးဘူးလေ... ဘာလို့ စစ်ဆေးမှုက ပြီးသွားပြီး အကုန်လုံး အောင်မြင်သွားရတာလဲ..." လွီရန်ယောင်က သူ့သံသယကို ချက်ချင်း ထုတ်ဖော် မေးမြန်းလိုက်၏။
"စစ်ဆေးမှု အောင်မြင်ဖို့ တိုက်ခိုက်ရမယ်လို့ မင်းကို ဘယ်သူပြောလဲ... တကယ်လို့ စင်မြင့်တစ်ခုက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ တိုက်ပွဲစဖို့ လူဆယ်ယောက် မပြည့်ဘူးဆိုရင် စင်မြင့်ပေါ်မှာ ရှိနေတဲ့ လူတွေ အလိုအလျောက် အောင်မြင်တယ်လေ..."
တာဝန်ခံက သူ့အား တစ်ချက် လှမ်းကြည့်ကာ…
"အဲဒါက စည်းမျဉ်းပဲ... နားလည်လား..."
တာဝန်ခံ၏ အကြည့်ကို ခံစားလိုက်ရသည်နှင့် လွီရန်ယောင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။
သူက ရိုသေစွာ ဦးညွှတ်၍...
"နားလည်ပါပြီ..."
"လိမ္မာတယ်..." တာဝန်ခံက ခေါင်းအနည်းငယ်ညိတ်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူ၏အကင်းပါးမှုကို ကိုယ်တိုင် မနေနိုင်ဘဲ စိတ်ထဲမှနေ၍ ချီးကျူးနေမိတော့သည်။
ဘာစည်းမျဉ်းတွေလဲ။
ငါပြောတာက စည်းမျဉ်းပဲ မဟုတ်ဘူးလား။
သိုင်းပညာ အဆင့်ရှစ်ကို ရောက်နေတဲ့ အကောင်းဆုံး လက်ထောက် နှစ်ယောက်ကို ဒီကောင်လေး လာဖျက်ဆီးမှာကို ငါက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။
တကယ်လို့ သူကသာ ဒီနှစ်ယောက်ကို စင်မြင့်ပေါ်ကနေ ကန်ချပစ်လိုက်ရင် စည်းမျဉ်းတွေအရ စစ်ဆေးရေး ဌာနထဲ ပြန်သွင်းပေးဖို့ ဆိုတာ တော်တော်လေး ခက်ခဲတဲ့ကိစ္စ ဖြစ်သွားလိမ့်မယ်။
စစ်ဆေးရေး တာဝန်ခံမှာ စိတ်ထဲမှနေ၍ တိတ်တဆိတ် ညည်းတွားနေမိ၏။
အခြားတစ်နေရာတွင်…
"တကယ်ကြီး ဒီလိုလုပ်လို့ ရတာလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးရှင်းတစ်ယောက် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်မိပြီး သူ့မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှု အနည်းငယ်မှာလည်း ထိုအခိုက်အတန့်တွင် လုံးဝ လွင့်စင် ပျောက်ကွယ်သွားခဲ့လေသည်။
တာဝန်ခံ ကိုယ်တိုင် နှုတ်မှ ထုတ်ပြောလိုက်ပြီဖြစ်ရာ ဤစစ်ဆေးမှုမှာ အတည်ဖြစ်သွားပြီး မည်သည့် အပြောင်းအလဲမှ ထပ်မံ ဖြစ်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။
"ညီလေး ကျန်းနင်... ကြည့်ရတာ ငါတို့ ကံကောင်းသွားပြီ ထင်တယ်..."
ကျိုးရှင်းက သတိပြန်ဝင်လာပြီးနောက် အရင်နေ့များကဲ့သို့ တည်ငြိမ်မှု မရှိတော့ဘဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။
လပေါင်းများစွာ ပြင်ဆင်ခဲ့သမျှက ယခုအခိုက်အတန့်တွင် အရာထင်သွားခဲ့ပြီ ဖြစ်သည်။ နဂါးတံခါးကို ခုန်ပျံ ကျော်လွှားသွားသော ငါးတစ်ကောင်အလားပင်။
သာမန် အရပ်သားများနှင့် အရာရှိများ ဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော လူတန်းစား နှစ်ရပ် ဖြစ်ပေသည်။
စစ်ဆေးရေး ဌာနရှိ အသာမန်ဆုံး ကင်းလှည့် အစောင့်တစ်ယောက် ဖြစ်လာခြင်းကပင် အဆင့်ကိုး အောက်တန်း အရာရှိ ရာထူး တစ်ခုကို ရရှိသွားခြင်း ဖြစ်သည်။
အရာရှိဆိုသည်မှာ အရာရှိပင် ဖြစ်၏။ အဆင့်ကိုး အောက်တန်း ဖြစ်နေလျှင်တောင် အရာရှိ အဆင့်အတန်းတစ်ခု ဖြစ်နေဆဲပင်။
အသက်သေဆုံးခြင်းနှင့် ရှင်သန်ခြင်းအပေါ် ကြီးမားသော အခွင့်အာဏာရှိသည့် စစ်ဆေးရေးဌာန အကြောင်းတော့ ပြောနေစရာပင် မလိုတော့ချေ။ သဘာဝကျစွာပင် အခြားသူများထက် အဆင့်အတန်း ပိုမို မြင့်မားနေမည်သာ။
ဖမ်းဆီးရေး အရာရှိတစ်ယောက်နှင့် အဆင့်ကိုး အောက်တန်းချင်း တူညီနေလျှင်ပင် လုပ်ပိုင်ခွင့် ပိုမို ကြီးမားသော ကင်းလှည့်အစောင့် တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် မွေးရာပါ အဆင့်အတန်း နိမ့်ကျသွားရမည် ဖြစ်သည်။
ထို့အပြင် ဤအဆင့်ကို ကျော်ဖြတ်ပြီးပါက အဖွဲ့ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။
အကယ်၍ ခေါင်းဆောင် နေရာကိုသာ ရရှိသွားပါက အဆင့်ကိုး အထက်တန်းသို့ ရာထူး တိုးမြှင့်ခံရမည် ဖြစ်ရုံသာမက သိုင်းပညာ အဆင့်ကိုးရှိသော လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ကိုပါ ကွပ်ကဲခွင့် ရရှိလာမည် မဟုတ်ပါလား။
ထိုကဲ့သို့သော ရာထူးနေရာမျိုးက တကယ့်ကို အရေးပါ အရာရောက်သော ပုဂ္ဂိုလ်တစ်ယောက်၏ နေရာဖြစ်ပြီး ကျိုးမိသားစုကို အမြင့်ဆုံး အဆင့်သစ် တစ်ခုသို့ ဆွဲတင်ပေးနိုင်စွမ်း ရှိပေသည်။
ထိုအကြောင်းအရာ အားလုံးကို တွေးတောမိချိန်တွင် ကျိုးရှင်း အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ရင်တွင်း၌ လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ပြင်းထန်သော ခံစားချက်များကို သူ မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင်…
ကျန်းနင်က သူတို့ ကံကောင်းကြောင်း ပြောနေသော ကျိုးရှင်း၏ စကားကို ကြားသော်လည်း တိကျသော အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးလိုက်၏။
"အစ်ကိုကျိုး ပြောတာ အဓိပ္ပာယ်ရှိတာပါပဲ..."
"မင်းတို့ နှစ်ယောက်က တကယ်ကို ကံကောင်းတာပဲ..." လွီရန်ယောင်က အနည်းငယ် လှောင်ပြောင်သည့် လေသံဖြင့် ဝင်ပြောလာသည်။
ထို့နောက် လွီရန်ယောင်က…
"ငါ့အဖွဲ့ထဲ ဝင်တာက တကယ့်ကို ပညာရှိတဲ့ ရွေးချယ်မှု ဆိုတာကို မကြာခင် မင်းတို့ နားလည်လာလိမ့်မယ်... တကယ်လို့ မင်းတို့နှစ်ယောက် စိတ်ဝင်စားတယ်ဆိုရင် မင်းတို့အတွက် ငါ့တံခါးက အမြဲတမ်း ဖွင့်ထားဆဲပါ..."
"အထူးသဖြင့် မင်းပဲ..."
လွီရန်ယောင်၏ အကြည့်တို့က ကျန်းနင်အပေါ်သို့ စူးစိုက် ကျရောက်သွားပြီးနောက်…
"ကျန်းနင်... ငါမင်းကို တကယ် အထင်ကြီးတယ်... လော့ရွှေခရိုင်လို နေရာမျိုးမှာ ဒီအသက်အရွယ်နဲ့ သိုင်းပညာ အဆင့်ရှစ်ကို ရောက်လာတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး... ငါနဲ့ ပူးပေါင်းမယ် ဆိုရင် ငါတို့ သူငယ်ချင်းတွေ ဖြစ်လာနိုင်တယ်... ရဲဘော်ရဲဘက်တွေ၊ ညီအစ်ကိုတွေတောင် ဖြစ်လာနိုင်သေးတယ်..."
ထိုသို့ ပြောပြီးသည်နှင့် သူက ကျန်းနင်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ စစ်ဆေးရေး တာဝန်ခံရှိရာသို့ ခေါင်းလှည့်သွားတော့သည်။
"အကြီးအကဲ... ကျွန်တော့်ရဲ့ အဖွဲ့ဝင် အမှတ်အသားပြားကို လာယူတာပါ..."
"ရော့... ယူသွားလိုက်..."
တာဝန်ခံက သူ ကြိုတင် ပြင်ဆင်ထားသော အနက်ရောင် သစ်သားပြားကို လွီရန်ယောင်၏ လက်ထဲသို့ လှမ်းပစ်ပေးလိုက်သည်။
ထို့နောက် သူက ဆက်၍…
"မနက်ဖြန် မနက်ကျရင် စစ်ဆေးရေးဌာနကို ကိုယ်တိုင် လာသတင်းပို့ပြီး ဒီယာယီ အမှတ်အသားပြားကို တရားဝင် အမှတ်အသားပြားနဲ့ လဲလှယ်လိုက်..."
"နားလည်ပါပြီ အကြီးအကဲ..." လွီရန်ယောင်က ရိုသေစွာ ဦးညွှတ်လိုက်၏။
ဤစစ်ဆေးရေး တာဝန်ခံ အပေါ်တွင်တော့ သူ မည်သို့မျှ ရိုင်းစိုင်းစွာ မပြုမူရဲပေ။
ဟယ်ကျင်းယွင်ကဲ့သို့ ပေါ့ပေါ့ဆဆ နိုင်လွန်းသော အပြုအမူမျိုး လုပ်ရန်လည်း သူ မဝံ့ရဲချေ။
အဘယ်ကြောင့်ဆိုသော် သူ နားလည်ထားသလောက် ဤလူမှာ စစ်ဆေးရေးဌာန၏ ကြီးမြတ်သော တပ်မှူးကြီး လေးယောက်ထဲမှ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
အဆင့်ရှစ် အထက်တန်း ရာထူးနှင့် အဆင့်ခုနစ် အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားပြီး အဆင့်ခြောက်သို့ပင် ခြေလှမ်း ဝင်ရောက်နေလောက်ပြီ ဖြစ်သည်။
ရာထူး အဆင့်အတန်းအရဖြစ်စေ၊ အာဏာအရဖြစ်စေ ထိုလူ့အပေါ် မည်သည့် မလေးစားမှုမျိုးမျှ သူ မပြုလုပ်ဝံ့ပေ။
ထို့နောက် ကျန်းနင်၊ ကျိုးရှင်းနှင့် ကျန်းထျဲရှန်းတို့လည်း ရှေ့သို့ ထွက်လာပြီး သူတို့၏ ယာယီ အဖွဲ့ဝင် အမှတ်အသားပြားများကို အသီးသီး လက်ခံ ရယူလိုက်ကြသည်။
…
အခြားတစ်နေရာ…
စင်မြင့်အောက်၌…
အထက်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း ကျောက်ဟူမှာ ရုတ်တရက် အလွန်အမင်း နောင်တရသွားမိ၏။
"သေစမ်း..."
"ဒီလို ကစားလို့ ရသေးတာလား..."
"အစောကတည်းကသာ သိခဲ့ရင် ငါလည်း သူတို့နဲ့အတူ စင်မြင့်ပေါ် တက်သွားခဲ့မှာပေါ့... တိုက်ခိုက်စရာတောင် မလိုဘဲ စစ်ဆေးရေးဌာနထဲ ဝင်ခွင့်ကို တိုက်ရိုက်ရသွားတာပဲ..."
"အခုလေးတင် ဖြစ်သွားတဲ့ ဇာတ်ကွက်အတိုင်းသာဆိုရင် ကျန်းနင်က တိတ်တဆိတ် တိုက်ခိုက်ဖို့ ကြံစည်ရင်တောင် အခွင့်အရေး ရခဲ့မှာ မဟုတ်ဘူး..."
စစ်ဆေးရေး ဌာနသို့ ဝင်ရောက်နိုင်မည့် သေချာပေါက် အခွင့်အရေးကြီးက သူ့မျက်စိရှေ့တွင်ပင် လွတ်ထွက်သွားခဲ့ပြီဖြစ်ရာ ကျောက်ဟူ တွေးမိလေလေ နောင်တရလေလေ ဖြစ်နေတော့သည်။
သစ်သားတဲလေးအတွင်း…
သိုင်းသင်တန်းကျောင်းမှ တပည့်များမှာ စင်မြင့်ပေါ်ရှိ မြင်ကွင်းကို တွေ့မြင်လိုက်ရချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားစွာ ဆွေးနွေး ပြောဆိုလာကြတော့သည်။
"အစ်ကိုကြီး ကျန်းနင်၊ အစ်ကိုကြီး ကျိုးရှင်းနဲ့ အစ်ကိုကြီး ကျန်းထျဲရှန်းတို့က တကယ်ကို ကံကောင်းတာပဲ..."
"အမှန်ပဲ... သူတို့ကံက တကယ်ကို ကောင်းလွန်းတယ်... မတိုက်ခိုက်ရဘဲ စစ်ဆေးမှုကို အလိုအလျောက် အောင်မြင်သွားပြီး ကင်းလှည့်အစောင့်တွေ ဖြစ်သွားကြပြီ... ငါတို့နဲ့တော့ အတန်းအစားချင်း လုံးဝ မတူတော့ဘူး..." အချို့သော တပည့်များက အလွန်အမင်း မနာလို အားကျသည့် မျက်နှာထားများဖြင့် ဝင်ပြောကြသည်။
"ဟုတ်တယ်... နောက်ကျရင် အစ်ကိုကြီး သုံးယောက်ကို တွေ့တဲ့အခါ သခင်ကြီးတွေလို့ ရိုရိုသေသေ ခေါ်ရတော့မှာ..." တစ်ယောက်က မှတ်ချက်ချလိုက်ပြီးနောက် အခြားသူများကလည်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ထောက်ခံလာကြသည်။
"ဒါပေမဲ့ ပြောရမယ် ဆိုရင်တော့ အစ်ကိုကြီး သုံးယောက်က သီသီလေး လွတ်သွားတာနော်... ဟိုသိုင်းပညာ ဥယျာဉ်က ကျောင်းသားက တကယ်ကို ကြောက်စရာ ကောင်းတဲ့ပုံပဲ... တကယ်လို့ သူသာ ဝင်စွက်ဖက်ခဲ့ရင် ငါတို့ အစ်ကိုကြီး သုံးယောက်က အန္တရာယ် ရှိသွားနိုင်တယ်..."
"အဲဒါတော့ သေချာတယ်... တုန်းလင်မြို့ကလာတဲ့ သိုင်းပညာဥယျာဉ်က ကျောင်းသားတွေက သူလည်း အဆင့်ရှစ်ပဲ ဆိုပေမဲ့ တကယ်လို့သာ တိုက်ခိုက်ခဲ့ရင် အစ်ကိုကြီး ကျန်းနင်နဲ့ အစ်ကိုကြီး ကျိုးရှင်းတို့ သူ့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး..."
End
***