စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး လုရှန်းရှန့်က…
"လွတ်လွတ်လပ်လပ် သာ ပြောပါ"
"ပထမအချက်အနေနဲ့ ကျွန်တော်မျိုး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာမှာပဲ တပ်မှူးအဖြစ် ရာထူးပဲချင်ပါတယ်။ ဒါကြောင့် ထန်းကျင်းမြို့ လက်ဝဲတပ်စခန်းက ဖန့်ကျားရွာရဲ့ တပ်မှူးငယ်အဖြစ်ဆက်နေပါရစေ။ တခြားနေရာကိုပြောင်းရွှေ့တာမျိုး မလိုလားပါဘူး
လီကျစ်သည် ဖန့်ကျားရွာတွင် သူ၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။ အကယ်၍ သူသာ အခြားနေရာသို့ ပြောင်းရွှေ့ခံရပါက ဤလုပ်ငန်းများကို စီမံခန့်ခွဲရန် အလွန်ခက်ခဲသွားပေလိမ့်မည်။ မြေပိုင်ဆိုင်မှုစာချုပ်များနှင့် စက်ရုံများသည် လီကျစ်၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုများဖြစ်သော်လည်း သူတစ်ပါး၏နယ်မြေတွင် မိမိ၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရသည်မှာ အဆင်မပြေနိုင်ပေ။ ထို့ပြင် သူ၏ ဩဇာအာဏာလွမ်းမိုးနည်းသောကြောင့် လျှို့ဝှက်ချက်များ ပေါက်ကြားသွားရန်လည်းလွယ်ကူလှသည်။ ထို့ကြောင့် လီကျစ်က သူ၏ လက်ရှိနေရာတွင်သာ ရာထူးတိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လုရှန်းရှန့်က သူ၏ မုတ်ဆိတ်မွေးများကိုသပ်ရင်း…
"ဒါက ပြဿနာမရှိပါဘူး။ မင်းကို လက်ရှိနေရာမှာပဲ ဖန့်ကျားရွာရဲ့ တပ်မှူးအဖြစ် ရာထူးတိုးပေးဖို့ ငါ သေချာပေါက် စီစဉ်ပေးပါ့မယ်"
လီကျစ်က ခေါင်းညိတ်လိုက်ပြီးနောက်…
"ဒုတိယအချက်အနေနဲ့ကတော့ နှိမ်နင်းရေးစစ်ပွဲတွေမှာ ဆက်မပါဝင်တော့ဘဲ ထန်းကျင်းမြို့ကိုပြန်ခွင့်ပြုဖို့ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးကို တောင်းဆိုချင်ပါတယ်"
ထိုစကားကို ကြားသောအခါ လုရှန်းရှန့် အနည်းငယ် အံ့အားသင့်သွားပြီး…
"မင်းက ဘာလို့ ဒီလောက်တောင် အမြန်ပြန်ချင်နေရတာလဲ"
လီကျစ်က လက်နှစ်ဖက်ကို ယှက်ကာ…
"အရှေ့ဘက်က အရိုင်းအစိုင်းတွေ ကျူးကျော်လာမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။ ဒါကြောင့် ထန်းကျင်းမြို့ကိုကာကွယ်ဖို့ ကျွန်တော်မျိုး ပြန်သွားဖို့လိုအပ်ပါတယ်"
အမှန်တကယ်တော့ လီကျစ်သည် ကျန်းကျိုးမှ အရှေ့ဘက်အရိုင်းအစိုင်းများကို စိုးရိမ်နေခြင်းမဟုတ်ဘဲ ထန်းကျင်းမြို့ရှိ သူ၏ စီးပွားရေးလုပ်ငန်းများကို စိုးရိမ်နေခြင်းသာဖြစ်သည်။ ဖန့်ကျားရွာတွင် သူ စီမံခန့်ခွဲနေရသော နည်းပညာမြင့်လျှို့ဝှက်ချက်များစွာကို လုရှန်းရှန့်အား မသိစေချင်သောကြောင့် အရှေ့ဘက်အရိုင်းအစိုင်းများကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သူ စစ်ထွက်သွားပြီးနောက် ဖန့်ကျားရွာကိုကြီးကြပ်ရန် လီရှင်းကို ချန်ထားခဲ့သော်လည်း၊ လီရှင်းမှာ ငယ်ရွယ်သေးသူဖြစ်ရာ ဖန့်ကျားရွာတစ်ခုလုံးမှာ ခေါင်းဆောင်မဲ့နေသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ စက်ရုံတစ်ရုံရုံတွင် ပြဿနာတက်လျှင်ဖြစ်စေ အလုပ်သမားတစ်ဦးဦးက လျှို့ဝှက်ဖော်မြူလာများကို ပေါက်ကြားစေလျှင်ဖြစ်စေ လူယုတ်မာတစ်ဦးဦးက သူ၏ ပိုင်ဆိုင်မှုများကို မသမာသောစိတ်ဖြင့် လိုချင်တပ်မက်လျှင်ဖြစ်စေ ဖြေရှင်းရန်ဦးဆောင်မည့်သူ ရှိမည်မဟုတ်ပေ။
ဖန့်ကျားရွာရှိ စီးပွားရေးလုပ်ငန်းများသည် လီကျစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အကယ်၍ ထိုလုပ်ငန်းများတွင် ပြဿနာတက်ကာ ငွေမရှာနိုင်တော့ပါက ရှေ့ပြေးတပ်ဖွဲ့သည် မည်မျှပင် အင်အားတောင့်တင်းနေစေကာမူ ဆက်လက်ရပ်တည်နိုင်မည်မဟုတ်ဘဲ ဖျက်သိမ်းရမည့်ကိန်း ဆိုက်သွားမည်ဖြစ်သည်။ လက်ရှိတွင် လီရှင်းက အရမ်းငယ်ရွယ်လွန်းနေပြီး ဖန့်ကျားရွာကို စီမံခန့်ခွဲရာတွင် လီကျစ်၏ နေရာကိုအစားထိုးနိုင်မည့်သူမရှိပေ။ လီကျစ်သည် ရေရှည်စစ်ပွဲများ ဆင်နွှဲရန်ဆန္ဒမရှိဘဲ အများဆုံး ခြောက်လခန့်သာ စစ်တိုက်ပြီးနောက် သူ၏ လုပ်ငန်းများကို ပြန်လည်စီမံခန့်ခွဲရန် ပြန်သွားချင်နေသည်။
ဖန့်ကျားရွာရှိလုပ်ငန်းများ ဆက်လက်လည်ပတ်နေသရွေ့ အနာဂတ်ရည်မှန်းချက်များကို အလွယ်တကူ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် ရူပြည်နယ်တိုက်ပွဲအပြီးတွင် လီကျစ်သည် ထန်းကျင်းမြို့သို့ ပြန်လိုခြင်းဖြစ်သည်။ ထို့ပြင် သူ၏အောင်မြင်မှုများကကြီးမားလွန်းပြီး ရာထူးတိုးနှုန်းလည်း မြန်ဆန်လွန်းနေပြီဟု လုရှန်းရှန့်က ပြောခဲ့သေးသည်။ ထိုသို့ဆိုလျှင် နောင်တိုက်ပွဲများတွင် သူခုတ်ဖြတ်ရယူလာမည့် ရန်သူ့ခေါင်းများကို အခြားသူများ၏နာမည်ဖြင့် စာရင်းသွင်းခံရမည်ဖြစ်ရာ သူတစ်ပါး အကျိုးအတွက်သာ ဖြစ်သွားပေမည်။ သို့ဖြစ်၍ သူသည် ဟီနန်ပြည်နယ်တွင် အချိန်ဖြုန်းနေရန် အကြောင်းမရှိတော့ပေ။ အကယ်၍ ဖန့်ကျားရွာတွင် တစ်ခုခုလွဲချော်သွားပါက သူ အကြီးအကျယ် နောင်တရရပေလိမ့်မည်။
လုရှန်းရှန့်က ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်…
"အခု မင်းက တပ်မှူးကြီးအဆင့်ထက်တောင်မြင့်နေပြီဆိုတော့ ဘယ်သူမှ မင်းကို မစော်ကားရဲတော့ပါဘူး"
လုရှန်းရှန့်က လီကျစ်ကို တပ်မှူးကြီးအဆင့်ထက်ကျော်လွန်၍ နေရာပေးထားကြောင်း သတိပေးနေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လီကျစ်ကို တဖြည်းဖြည်းရာထူးတိုးပေးရန် သူ ရည်ရွယ်ထားပြီး လီကျစ်၏ ရှေ့ရေးမှာ တောက်ပနေကြောင်း ပြသလိုက်ခြင်းပင်။ နောက်ထပ် ငါးနှစ် သို့မဟုတ် ဆယ်နှစ်အတွင်း လီကျစ်သည် တပ်မှူးကြီးတစ်ဦးဖြစ်လာနိုင်သည် သို့မဟုတ် လုရှန်းရှန့် လက်အောက်ရှိ ဒုတိယစစ်သူကြီးပင် ဖြစ်လာနိုင်ခြေရှိသည်။
သို့သော် လီကျစ်က ငါးနှစ်၊ ဆယ်နှစ်တိုင်တိုင် စစ်ပွဲများကို မည်သို့ဆင်နွှဲနိုင်မည်နည်း။ အကယ်၍ ထိုသို့သာလုပ်ခဲ့လျှင် ဖန့်ကျားရွာတွင် သေချာပေါက် ပြဿနာများဖြစ်လာမည်ဖြစ်ပြီး ပြဿနာများသာ ပေါ်ပေါက်လာပါက ရှေ့ပြေးတပ်ဖွဲ့သည် တပ်သားများကို လစာပေးနိုင်တော့မည် မဟုတ်ပေ။ လီကျစ်က လက်ယှက်ကာ…
"အမတ်ကြီးရဲ့ စေတနာကို ကျွန်တော်မျိုးနားလည်ပါတယ်… ဒါပေမဲ့ ကျွန်တော်မျိုးက ထန်းကျင်းမြို့က စီးပွားရေးလုပ်ငန်းတွေအတွက် ပိုပြီးစိုးရိမ်မိလို့ပါ။ အရှေ့ဘက်က အရိုင်းအစိုင်းတွေ ရောက်လာခဲ့ရင် ကာကွယ်မယ့်သူ မရှိမှာကိုလည်း ကြောက်မိလို့ပါ"
လီကျစ်၏ စကားကိုကြားသောအခါ လုရှန်းရှန့်သည် သူ၏ မုတ်ဆိတ်မွေးများကို သပ်ရင်း တိတ်ဆိတ်သွားလေသည်။
ဒီ လီကျစ်က သူ့လက်အောက်မှာ မနေချင်ဘူးပဲ...။
အရှေ့ဘက် အရိုင်းအစိုင်းများကို ကာကွယ်မည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာဖြစ်သည်။ အရှေ့ဘက် အရိုင်းအစိုင်းများ နယ်စပ်ဂိတ်ကိုကျော်ဖြတ်လာသည်ဟူသော သတင်းအစအနမျှပင် မရှိသေးဘဲ သူက ဘာကြောင့် ဤမျှအလျင်စလို ပြန်ချင်နေရသနည်း။ သူ ခုတ်ယူလာသော ရန်သူ့ခေါင်းများကို အခြားသူများအား ခွဲဝေပေးလိုက်ရသဖြင့် လီကျစ် စိတ်ဆိုးသွားကာ ဆက်လက်မတိုက်ခိုက်လိုတော့ခြင်းဖြစ်မည်ဟု လုရှန်းရှန့် ကောက်ချက်ချလိုက်သည်။ မည်သို့ပင်ဆိုစေ သူက တက်ကြွလန်းဆန်းနေသော လူငယ်တစ်ဦးဖြစ်ရာ ဤမျှကြီးမားသော ဆုံးရှုံးမှုကို သည်းခံနိုင်မည်မဟုတ်ပေ။
အကယ်၍ သူသာထိုဆုံးရှုံးမှုကိုသည်းခံပြီး မိမိလက်အောက်တွင် နှစ်အနည်းငယ်မျှ ဆက်လက်တိုက်ခိုက်ပါက တပ်မှူးကြီးတစ်ယောက်ဖြစ်လာနိုင်သော်လည်း ယခုတော့ ဤလူငယ်လေးသည် ကိစ္စသေးသေးလေးတစ်ခုအပေါ် ဒေါသထွက်ကာ မိမိ၏အနာဂတ်ကို စွန့်လွှတ်နေခြင်းပင်။
သို့ရာတွင် လုရှန်းရှန့်က လီကျစ်ကို ဆက်လက်ထားရှိရန်အတင်းအကျပ် မတောင်းဆိုတော့ပေ။ ယခုအခါ အဘိုးကြီးလောင်ဟွေဟွေကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ရာ သူပုန်များထဲတွင် အင်အားအကြီးဆုံးဖြစ်သော ကောင်း နှင့် လီ တို့၏ တပ်ဖွဲ့များမှာလည်း အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ဘုရင့်တပ်ဖွဲ့၏ ဂုဏ်သတင်းအရှိန်အဝါ ကြီးမားလာပြီး သူပုန်များမှာလည်း သတ္တိကြောင်သွားကြပြီဖြစ်သည်။ ကျန်ရှိနေသေးသော သူပုန်အဖွဲ့ ဆယ်ဖွဲ့နှင့် ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲများမှာ ယခင်လောက် ခက်ခဲကြမ်းတမ်းတော့မည် မဟုတ်ပေ။ ထို့ပြင် နေရာအသီးသီးမှစစ်ကူများ ဆက်လက်ရောက်ရှိနေဆဲဖြစ်သဖြင့် တပ်ဖွဲ့အင်အားလုံလောက်မှု ရှိနေပေသည်။
ယခုအချိန်သည် တပ်စခန်းအသီးသီးမှတပ်ဖွဲ့များက သူပုန်များကိုလိုက်လံနှိမ်နင်းပြီး ဂုဏ်သိက္ခာယူရမည့်အချိန်ဖြစ်သည်။ အကယ်၍ လီကျစ်သာ ပြန်သွားချင်ပါက ဂုဏ်ယူမည့် တပ်မှူးကြီးတစ်ယောက် လျော့သွားခြင်းသာဖြစ်သည်။ လာသူကိုကြိုဆို၍ သွားသူကို မတားဆီးရဟူသော စကားလည်းရှိသည်မဟုတ်ပါလော။ လီကျစ်က ထွက်သွားချင်နေမှတော့ လုရှန်းရှန့်လည်း ဆက်လက်ထိန်းချုပ်ထားမည် မဟုတ်တော့ပေ။
လုရှန်းရှန့်က အတန်ကြာစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ…
"ကောင်းပြီလေ... အခု တပ်အင်အားလည်း လုံလောက်နေပြီ… မင်းလည်း ကြီးမားတဲ့ အောင်မြင်မှုတွေရထားပြီးပြီဆိုတော့ မင်းရဲ့ တပ်ဖွဲ့တွေကို ထန်းကျင်းမြို့ကို အရင်ပြန်ခွင့်ပြုလိုက်မယ်။ အဲဒီနောက် မဟာမင်အင်ပါယာရဲ့ ဧကရာဇ်မင်းမြတ်ဆီ သဝဏ်လွှာဆက်သပြီး မင်းအတွက် အခြေအနေကို ရှင်းရှင်းလင်းလင်းတင်ပြပေးပါ့မယ်"
လီကျစ်က ရိုသေစွာဦးညွှတ်လိုက်ပြီး…
"စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီလိုသာ ခွင့်ပြုပေးမယ်ဆိုရင် ကျွန်တော်မျိုးရယူထားတဲ့ ရန်သူ့ခေါင်းတွေကို လိုလိုလားလားပဲ စွန့်လွှတ်ပါ့မယ်"
ရန်သူ့ခေါင်းများခွဲဝေခြင်းကိစ္စကို လုရှန်းရှန့်နှင့်ဆွေးနွေးပြီးနောက် လီကျစ်သည် လုရှန်းရှန့်၏ နောက်မှလိုက်ကာ ပင်မတဲတော်ဆီသို့ ပြန်လာခဲ့သည်။
အမတ်ကြီးများအားလုံးသည် လုရှန်းရှန့်တစ်ယောက် လီကျစ်နှင့် ရန်သူ့ခေါင်းကိစ္စ ဆွေးနွေးရန် ဘေးဘက်တဲတော်သို့သွားခဲ့မှန်း သိနေကြပုံရပြီး အားလုံးက ထိုနေရာတွင်စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ ယခု လုရှန်းရှန့် ကျေနပ်စွာ ပြန်လာသည်ကို မြင်လိုက်ရသောအခါ ဆွေးနွေးမှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။ ဤကြီးကျယ်ခမ်းနားသော အောင်ပွဲတွင် လီကျစ်၏ တပ်ဖွဲ့များက ရန်သူ့ခေါင်းများ၏ ထက်ဝက်ကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လီကျစ်သာ သူရထားသော ခေါင်းများကို စွန့်လွှတ်ရန် ဆန္ဒရှိပါက အမတ်ကြီးများ၏ အောင်မြင်မှုက နှစ်ဆတိုးသွားပေလိမ့်မည်။ ထို့ကြောင့် မိမိရရှိမည့် အကျိုးအမြတ်များကို ခွဲဝေပေးရန် ဆန္ဒရှိနေသော လီကျစ်ကို ကြည့်သည့် သူတို့၏ အကြည့်များက အလွန်ပင်ဖော်ရွေလာကြတော့သည်။
လီကျစ်ကို တောင်းပန်ခဲ့ရသော အမတ်ငါးဦးပင်လျှင် ရှက်ရွံ့နေခြင်းမရှိတော့ဘဲ လီကျစ်ကို မြှောက်ပင့်ဖော်ရွေသော အမူအရာများဖြင့် ကြည့်နေကြသည်။
လီကျစ် သူ့အနီးမှ ဖြတ်သွားမည်ကိုမြင်သောအခါ မီယွမ် ဒုတိယစတပ်မှူးကြီး လေရှီရှန်းက မျက်နှာချိုသွေးကာ
"ဒုတိယတပ်မှူးကြီး... ဒုတိယတပ်မှူးကြီး... ဒီတစ်ခါတော့ ခင်ဗျားတပ်မှူးချုပ်အဖြစ် ရာထူးတိုးခံရတော့မယ် ထင်တယ်နော်"
လီကျစ်မှာ စိတ်အခြေအနေမကောင်းလှသဖြင့် သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။ လေရှီရှန်းသည် လီကျစ်၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသော်လည်း ဒေါသမထွက်ဘဲ နှုတ်ခမ်းကိုသာ ဆူလိုက်သည်။
မြို့စောင့်တပ်မှူးကြီး ချန်ကျိပန်းမှာမူ လီကျစ်နှင့် လုရှန်းရှန့်တို့ ကိစ္စပြတ်သွားပြီဖြစ်ကြောင်း မြင်သောအခါ မျက်နှာပူနေခြင်းမျိုး မရှိတော့ဘဲ ဝမ်းသာအားရ ဖြစ်နေလေသည်။ သူသည် လီကျစ်၏ ဂုဏ်သတင်းအရှိန်အဝါကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ယခုအခါ လီကျစ်၏ ရန်သူ့ခေါင်းများ ခွဲဝေပေးမှုကြောင့် အကျိုးအမြတ်များရရှိတော့မည်ဖြစ်သည်။ ယခုအခါ သူသည် လီကျစ်ကို အလွန်ပင်ရိုသေလေးစားနေပြီဖြစ်သည်။ မိမိရှေ့တွင် နေရာကျယ်ကျယ်တစ်ခု ဖယ်ပေးလိုက်ပြီး…
"ဒုတိယတပ်မှူးကြီး... ဒီဘက်ကို ကြွပါဗျာ… ကျုပ်ရှေ့မှာ လာရပ်ပါ"
***
လုရှန်းရှန့်သည် တစ်ရက်တိုင်တိုင် သေသေချာချာစဉ်းစားချင့်ချိန်ပြီးနောက် ရန်သူ့ခေါင်းများကို အမတ်ကြီးများထံခွဲဝေပေးလိုက်သည်။ ထို့နောက် သူတို့၏ အောင်မြင်မှုများအတွက် သဝဏ်လွှာကိုရေးသားကာ မြို့တော်သို့ အမြန် ပေးပို့လိုက်လေသည်။
ခေါင်းပေါင်း တစ်သောင်းသုံးထောင်ရရှိခဲ့ပြီး သူပုန်ခေါင်းဆောင် အဘိုးကြီးလောင်ဟွေဟွေ မာရှိုရင် စစ်ပွဲအတွင်းကျဆုံးသွားခြင်း... ဤသည်ကား ကြီးကျယ်ခမ်းနားလှသော အောင်ပွဲသတင်းပင်။ သတင်းရောက်လာသောအခါ မြို့တော်တစ်ခွင် ချီးမွမ်းသံများ ဖုံးလွှမ်းသွားပြီး လူတိုင်းက လုရှန်းရှန့်၏ ထူးချွန်လှသော ခေါင်းဆောင်မှုကို ချီးကျူးကြကာ ဧကရာဇ်မင်းမြတ်၏ သူ့ကို စစ်သူကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သော ကြီးမားလှသည့်ဉာဏ်ပညာတော်ကို ပို၍ပင် ချီးမွမ်းခန်းဖွင့်နေကြသည်။
ညဉ့်နက်ယံအချိန်… နန်းတော်တွင်းရှိ ချန်းချင်းနန်းဆောင်တွင်။
ဧကရာဇ်ချုံကျန်းမင်းမြတ်သည် ညီလာခံစားပွဲတော်ရှေ့တွင်ထိုင်ကာ လုရှန်းရှန့်၏ သဝဏ်လွှာကို သေသေချာချာ ထပ်မံဖတ်ရှုနေလေသည်။
"လျောင်းတုန်း စစ်သေနာပတိချုပ်သည် ပင်မတပ်ဖွဲ့၏ အရှေ့ဘက်တောင်ပံကို ထိန်းချုပ်ကာ ဦးဆောင်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ခေါင်း တစ်ထောင်နှစ်ရာနှစ်ဆယ့်ခုနစ်လုံး ရယူနိုင်ခဲ့သည်"
"တျန်းရှာသီယီဂိတ် ဒုတိယတပ်မှူးကြီး လီချုံကျန်းသည် ရဲရင့်စွာတိုက်ခိုက်ခဲ့ပြီး သူပုန်ခေါင်ဆောင်နှင့် သူပုန်တပ်မှူးကြီးတို့၏ အရှေ့ဘက်တောင်ပံကိုထိုးဖောက်ကာ ရန်သူ့ခေါင်း ရှစ်ရာရှစ်ဆယ့်တစ်လုံး ရယူနိုင်ခဲ့သည်"
"မီယွမ် ဒုတိယတပ်မှူးကြီး လေရှီရှန်းသည် အရှေ့ဘက်တောင်ပံကို ထိန်းချုပ်ကာ ရန်သူ့ခေါင်း ခုနစ်ရာခြောက်ဆယ့်သုံးလုံး ရယူနိုင်ခဲ့သည်"
ဧကရာဇ်မင်းမြတ်သည် ထိုစာကြောင်းကိုဖတ်ပြီးနောက်ပြုံးလိုက်ကာ သဝဏ်လွှာကို စားပွဲတော်ပေါ်ချလိုက်ပြီး ဝမ်ချန်အန်းကို ပြုံးလျက် မေးလိုက်သည်။
"ဝမ်ချန်အန်း... ကိုယ်တော် ခန့်အပ်လိုက်တဲ့ ဒီ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး လုရှန်းရှန့် ဘယ်လိုနေလဲ"
ဝမ်ချန်အန်းက ဦးညွှတ်ကာ လျှောက်တင်လေသည်။
"အရှင်မင်းမြတ်ရဲ့ ဉာဏ်ပညာတော်က အလွန်ကြီးမားလှပါတယ်။ ဒီ လုရှန်းရှန့်က အလွန်ရဲရင့်ပြီး စစ်မြေပြင်မှာ ကိုယ်တိုင်ဓားကိုင်တိုက်ခိုက်ခဲ့တဲ့အပြင် ချွမ်းဝမ် နဲ့ လီကျိချန် တို့ကို ဖရိုဖရဲ ထွက်ပြေးစေခဲ့ပြီး အဘိုးကြီးလောင်ဟွေဟွေကိုပါ စစ်ပွဲမှာသုတ်သင်နိုင်ခဲ့ပါတယ်။ သူက တကယ်ကို ရှားပါးလှတဲ့ စစ်သူကြီးကောင်းတစ်ယောက်ပါ။ ဒီလို အရည်အချင်းရှိတဲ့ စစ်သူကြီးကို ရှာဖွေနိုင်တာက အရှင်မင်းမြတ်ရဲ့ ထူးကဲလှတဲ့ အမြော်အမြင်ကြောင့်ပါပဲ"
ဧကရာဇ်မင်းမြတ်ကပြုံးကာ…
"ဒါက စစ်ရေးအမတ်ကြီး ကျန်ဖုန်းယိရဲ့ ထောက်ခံချက်နဲ့ နန်းရင်းဝန်ကြီးရဲ့ သဘောတူညီချက်အရ လုပ်ခဲ့တာလေ"
ဝမ်ချန်အန်းက ဆက်လက်၍…
"အရှင်မင်းမြတ်အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တာက ကြီးမားတဲ့ ဉာဏ်ပညာတော်ကို ပြသနေတာပါ… အမတ်တွေဆီက မရေမတွက်နိုင်တဲ့ အကြံပြုချက်တွေထဲမှာ ဘယ်အရာက မှန်တယ် ဘယ်အရာက မှားတယ်ဆိုတာကို သိမြင်နိုင်တာက အရှင်မင်းမြတ်ရဲ့ ကြီးကျယ်လှတဲ့ အမြော်အမြင်ကြောင့်ပါပဲ ဘုရား"
ဝမ်ချန်အန်းက ခေတ္တရပ်နားပြီးနောက် ဆက်ပြောလေသည်။
"ချွမ်းဝမ်က သူပုန်အဖွဲ့ ဆယ့်သုံးဖွဲ့မှာ အင်အားအကြီးဆုံးဖြစ်ပြီး လီကျိချန် နဲ့ မာရှိုရင် တို့ကလည်း အင်အားကြီးတဲ့ သူပုန်တွေပါ။ အခု လုရှန်းရှန့်က တိုက်ပွဲတစ်ပွဲတည်းနဲ့ ကောင်း နဲ့ လီ တို့ကို ချေမှုန်းနိုင်ခဲ့ပြီး မာ ကို သုတ်သင်နိုင်ခဲ့ပါတယ်။ ဘုရင့်တပ်ဖွဲ့ရဲ့ စိတ်ဓာတ်တွေက အကြီးအကျယ်တက်ကြွလာပြီး သူပုန်တွေကိုနှိမ်နင်းဖို့ အခြေအနေတွေကအများကြီး ပြောင်းလဲသွားပါပြီ။ မကြာခင် ဟုန်ချန်ချိုရဲ့ တပ်တွေ တောင်ဘက်ကို ချီတက်လာတဲ့အခါ သူပုန်တွေ ပုန်းအောင်းစရာ နေရာမရှိတော့ဘူးလို့ ထင်ပါတယ် ဘုရား"
"ဒါကြောင့် ဒီသူပုန်တွေက ဆောင်းဦးရာသီက ကျိုင်းကောင်တွေလိုပါပဲ... နောက်ထပ် ရက်အကြာကြီး ခုန်ပေါက်နိုင်တော့မှာ မဟုတ်ပါဘူး"
ဝမ်ချန်အန်း၏ မြှောက်ပင့်စကားများကိုကြားရသောအခါ ဧကရာဇ်မင်းမြတ်လည်း အနည်းငယ်သဘောကျသွားသည်။ မင်းကြီးသည် နဂါးဝတ်ရုံတော်၏ ရှေ့ဘက်ကိုခါလိုက်ပြီး ပလ္လင်တော်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ ထို့နောက် သဝဏ်လွှာကိုထပ်မံကြည့်ရှုရာ... အောက်ဘက်တွင် လီကျစ်နှင့်ပတ်သက်သော အစီရင်ခံစာကို မြင်တွေ့လိုက်ရလေသည်။
"ထန်းကျင်းမြို့၊ ဖန့်ကျားရွာ တပ်မှူးငယ် လီကျစ်သည် တိုက်ပွဲတွင် သူပုန်ခေါင်းဆောင် အဘိုးကြီးလောင်ဟွေဟွေ(မာရှိုရင်)ကို သုတ်သင်နိုင်ခဲ့ပြီး ရန်သူ့ခေါင်း တစ်ထောင့်ခြောက်ဆယ့်ငါးလုံး ရယူနိုင်ခဲ့သည်"
ခေါင်းပေါင်း တစ်ထောင့်ခြောက်ဆယ့်ငါးလုံး...။ ဒါက ဒီတိုက်ပွဲမှာ ဒုတိယတပ်မှူးကြီးတွေနဲ့ တပ်မှူးကြီးတွေ ရခဲ့တာထက်တောင် ပိုမများနေဘူးလား။ ဒါက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ စစ်ရေးအောင်မြင်မှု ဟုတ်လို့လား။