ဧကရာဇ်မင်းမြတ်သည် ဤသည်ကိုမြင်သောအခါ အနည်းငယ်အံ့အားသင့်သွားလေသည်။ အချိန်အတော်ကြာ စဉ်းစားခန်းဝင်ပြီးနောက် ခံတပ်စခန်းရှိ စစ်ဘက်အမတ်များနှင့် ပတ်သက်၍ သူ၏ နားလည်ထားမှုကိုပင် သံသယဝင်လာမိသည်။ ထို့ကြောင့် သူက ဝမ်ချန်အန်းဘက်သို့ လှည့်ကာ မေးတော်မူသည်။
"ဝမ်ချန်အန်း... ခံတပ်စခန်းက တပ်မှူးငယ်တစ်ယောက်ရဲ့ တပ်သားအင်အား ကန့်သတ်ချက်က ဘယ်လောက်လဲ။ ကိုယ်တော် သိထားသလောက်ဆိုရင် လူနှစ်ရာထက် မပိုဘူး မဟုတ်လား"
ဝမ်ချန်အန်းက ဦးညွှတ်ကာ လျှောက်တင်လေသည်။
"အရှင်မင်းမြတ်ရဲ့ ဉာဏ်ပညာတော်ကကြီးမားလှပါတယ်။ တပ်မှူးငယ်တစ်ယောက်ရဲ့ တပ်သားအင်အား ကန့်သတ်ချက်က အမှန်တကယ်ပဲ လူနှစ်ရာထက် မပိုပါဘူး ဘုရား။ ကျွန်တော်မျိုး သိထားသလောက်ဆိုရင်တော့ ဒေသနဲ့ ခံတပ်စခန်းတွေအပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ နယ်ခြားခံတပ်စခန်းကိုးခုက စစ်စခန်းတစ်ခုမှာဆိုရင်တော့ တပ်မှူးငယ်တစ်ယောက်ရဲ့ လက်အောက်မှာ ပုံမှန်တပ်သား တစ်ရာ့ငါးဆယ်လောက်ပဲ ရှိတတ်ပါတယ် ဘုရား"
ဧကရာဇ်မင်းမြတ်သည် မှင်တက်သွားပြီးနောက် သေးငယ်သောစာလုံးများကို သေသေချာချာ ထပ်မံဖတ်ရှုလိုက်သည်။
"ထန်းကျင်းမြို့၊ ဖန့်ကျားရွာ တပ်မှူးငယ် လီကျစ်သည် သူပုန်ခေါင်းဆောင် အဘိုးကြီးလောင်ဟွေဟွေ(မာရှိုရင်) ကို ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်ခဲ့ပြီး ရန်သူ့ခေါင်းပေါင်း ၁,၀၆၅ လုံးကို ခုတ်ယူနိုင်ခဲ့သည်"
ချုံကျန်းမင်းမြတ်သည် သဝဏ်လွှာကို စားပွဲတော်ပေါ်ချလိုက်ပြီး ဝမ်းသာအားရဖြင့်
"တပ်သားနှစ်ရာတောင်မပြည့်တဲ့ တပ်မှူးငယ်လေးတစ်ယောက်က သူပုန်ခေါင်းဆောင် မာရှိုရင်ကို ကိုယ်တိုင်ကိုယ်ကျသတ်နိုင်ခဲ့တဲ့အပြင် ရန်သူ့ခေါင်း တစ်ထောင်ကျော်ကိုပါ ခုတ်ယူနိုင်ခဲ့တယ်တဲ့လား။ ဒါ ဘယ်လိုတောင်ရဲရင့်တဲ့ တပ်မှူးမျိုးလဲ" ဟု အာမေဍိတ်သံဖြင့် မိန့်တော်မူသည်။
ဝမ်ချန်အန်းလည်း အံ့အားသင့်သွားသည်။ သူက စားပွဲတော်အနီးသို့တိုးကပ်သွားပြီး သဝဏ်လွှာကို သေသေချာချာဖတ်ကြည့်လိုက်သည်။ ခေတ္တအကြာတွင် ဝမ်ချန်အန်းလည်း အံ့ဩတကြီး အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဖြည်းညင်းစွာလျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ်... ဒါက တကယ်ကိုရဲရင့်တဲ့ တပ်မှူးတစ်ယောက်ပါပဲ။ တပ်သားတစ်ရာကျော်လေးနဲ့ သူပုန်တစ်ထောင်ကျော်ကိုသတ်နိုင်ခဲ့ပြီး မာရှိုရင်ကိုပါ ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်ခဲ့တယ်။ သူခုတ်ယူလာတဲ့ ရန်သူ့ခေါင်းအရေအတွက်က တပ်မှူးကြီးတွေ ဒုတိယတပ်မှူးကြီးတွေထက်တောင် ပိုများနေသေးတယ်။ သူက ရှားပါးလှတဲ့ တပ်မှူးကောင်းတစ်ယောက်ပါပဲ ဘုရား"
"ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော်တပ်မှူးဟောင်းကြီးတောင် ဒီလောက်ပဲ စွမ်းဆောင်နိုင်ခဲ့တာပါ ဘုရား"
ဧကရာဇ်မင်းမြတ်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ မိန့်တော်မူသည်။
"မာရှိုရင်ကို ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်ခဲ့တာက တပ်ဖွဲ့တစ်ခုလုံးရဲ့ စိတ်ဓာတ်ကို အကြီးအကျယ်တက်ကြွစေမှာ သေချာတယ်။ ဒီလူငယ်လေးရဲ့ ဒီတိုက်ပွဲကအောင်မြင်မှုတွေက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်။ နာမည်ကျော်စစ်မှူးဟောင်းကြီး ကွယ်လွန်သွားပြီးတဲ့နောက် ငါတို့ မဟာမင်အင်ပါယာမှာ ဒီလိုအရည်အချင်းရှိတဲ့ တပ်မှူးမျိုး ထပ်ပေါ်လာလိမ့်မယ်လို့ ကိုယ်တော်မထင်ထားခဲ့ဘူး။ အကယ်၍ မဟာမင်ရဲ့ တပ်မှူးအားလုံးသာ ဒီ လီကျစ်လို ရဲရင့်ကြမ်းတမ်းကြမယ်ဆိုရင် အရှေ့ဘက်က အရိုင်းအစိုင်းတွေ… သူပုန်တွေဆိုတာ ဘာများအရေးစိုက်စရာရှိတော့မှာလဲ။ ရက်အနည်းငယ်အတွင်းမှာတင် အားလုံးကို နှိမ်နင်းပစ်နိုင်မှာပေါ့"
ဝမ်ချန်အန်းက…
"အရှင်မင်းမြတ်ရဲ့ ဘုန်းတော်ကြောင့် နတ်ဒေဝါတွေတောင် ကြည်နူးသွားလို့ အခုလို ရဲရင့်တဲ့ တပ်မှူးပေါ်ထွက်လာတာပါ ဘုရား"
ဧကရာဇ်မင်းမြတ်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ဒီတပ်မှူးငယ် လီကျစ်ရဲ့ စွမ်းဆောင်ရည်က အလွန်ထူးချွန်တယ်… ရန်သူကို သုတ်သင်နှိမ်နင်းရာမှာ သူ့ရဲ့ ရဲရင့်တဲ့စွမ်းဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ လီကျစ်ကို ငွေသျှူး တစ်ရာ ဆုတော်ချီးမြှင့်ကြောင်း အမိန့်တော်ပြန်တမ်းမှာ ရှင်းရှင်းလင်းလင်း ရေးသားရမယ်"
***
တစ်လခန့်အကြာတွင်... လီကျစ်သည် ရန်သူတစ်ထောင်ကျော်ကိုသတ်ဖြတ်နိုင်ခဲ့ပြီး မာရှိုရင်ကိုပါ ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်ခဲ့သည်ဟူသောသတင်းသည် ထန်းကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။
ထန်းကျင်းမြို့၏ စစ်ဘက်ရေးရာကြိုတင်ပြင်ဆင်မှုဆိုင်ရာ တာဝန်ခံအမတ် ကျာတိန်းပေသည် ထိုသတင်းကိုကြားသည်နှင့် ပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့၏ ရုံးတော်သို့ အလျင်အမြန် သွားရောက်ကာဆွေးနွေးလေသည်။
"ပြည်နယ်ဘုရင်ခံမင်းကြီး... ဖန့်ကျားရွာက လီကျစ်ဆိုတဲ့သူက အဘိုးကြီးလောင်ဟွေဟွေ(မာရှိုရင်)ကို ကိုယ်တိုင်ကိုယ်ကျသုတ်သင်နိုင်ခဲ့ပြီး ရန်သူ့ခေါင်း တစ်ထောင်ကျော် ရလာတယ်ဆိုတဲ့သတင်းကို ကျွန်တော် ကြားလိုက်ရတယ်ဗျာ"
ဟယ်ရှီရှို့က သူ၏ မုတ်ဆိတ်မွေးများကိုသပ်ရင်းပြုံးကာ…
"ဒီအဘိုးကြီးက ဒီသတင်းကို သိနှင့်ပြီးသားပါ"
ကျာတိန်းပေက…
"အဲဒီအဘိုးကြီးလောင်ဟွေဟွေ(မာရှိုရင်)ဆိုတာ နာမည်ကြီးသူပုန်ခေါင်းဆောင် တစ်ယောက်ပဲ… မြောက်တက်တောင်ဆင်းနဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက် သောင်းကျန်းနေခဲ့တာ။ တိုက်ရည်ခိုက်ရည် အလွန်ကြမ်းတမ်းပြီး ကျွမ်းကျင်တဲ့သူပါ။ သူက ကျုပ်တို့ ထန်းကျင်းမြို့က တပ်မှူးငယ်လေးတစ်ယောက် လက်ထဲမှာ ကျဆုံးသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး" ဟု ပြောလေသည်။
ဟယ်ရှီရှို့က အေးအေးဆေးဆေးပင်…
"ဒီ လီကျစ်ကတော့ တော်တော်လေး အရည်အချင်းရှိတဲ့သူပါ"
ကျာတိန်းပေက လက်နှစ်ဖက်ကို ယှက်ကာ…
"လွန်ခဲ့တဲ့ အချိန်ကာလတုန်းက ပြည်နယ်ဘုရင်ခံမင်းကြီးက သူပုန်နှိမ်နင်းရေးမှာ ကူညီဖို့ တပ်မှူးငယ်တစ်ယောက်ကို စေလွှတ်လိုက်တယ်လို့ကြားရတော့… သွားကူညီတာ အရာမထင်ရင် စစ်ရေးအမတ်ကြီးရုံးကအပြစ်တင်မှာကို ကျွန်တော် တော်တော်လေးစိုးရိမ်ခဲ့မိတာ။ အခု ကြည့်ရတာတော့ ဒီ လီကျစ်က အလွန်ရဲရင့်ပြီး သူ့ရဲ့ စစ်ရေးအောင်မြင်မှုတွေက တပ်မှူးကြီးတွေ ဒုတိယတပ်မှူးကြီးတွေနဲ့တောင် ယှဉ်နိုင်နေပြီပဲ"
သူက ခေတ္တရပ်လိုက်ပြီးနောက် လျှာသပ်ကာ ဆက်ပြောသည်...
"ထန်းကျင်းမြို့၊ ကျန်းဟိုင်တပ်ရင်းက တပ်မှူးကြီး လော်ကျန်းတင်း ကိုယ်တိုင် ကျန်းဟိုင်တပ်ဖွဲ့ကိုဦးဆောင်ပြီး သွားကူညီရင်တောင် ဒီလောက်ခေါင်းများများရလာနိုင်မှာ မဟုတ်ဘူး။ လီကျစ်က သူ့ရဲ့ ကိုယ်ရံတော် တစ်ထောင်ကျော်ကို ခေါပြီး စစ်ထွက်သွားတာလို့ ကြားတယ်။ သူ့ရဲ့ကိုယ်ရံတော်တစ်ထောင်ကျော်က ပုံမှန်တပ်သား သုံးထောင်လောက်နဲ့ ညီမျှတဲ့ တိုက်ရည်ခိုက်ရည်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလူငယ်လေးက စစ်တိုက် အရမ်းကျွမ်းကျင်တော့ သူ့ရဲ့ အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေပြီပဲ"
"ဒါ့အပြင် လီကျစ်က တပ်မှူးငယ်ဆိုတဲ့နိမ့်ကျတဲ့ ရာထူးလေးနဲ့တောင် ခေါင်းတစ်ထောင်ကျော်ရခဲ့တယ်ဆိုတော့ တကယ်တမ်းဆိုရင် သူက ရန်သူတွေကို ဒီထက်မက ပိုသတ်နိုင်ခဲ့တာ ဖြစ်ရမယ်"
ကျာတိန်းပေက အတန်ကြာချီးကျူးနေပြီးနောက်…
"အပြင်ကလူတွေအကုန်လုံးက လီကျစ်က ပြည်နယ်ဘုရင်ခံမင်းကြီးရဲ့ ဆွေမျိုးလို့ ပြောနေကြတယ်နော်"
ဟယ်ရှီရှို့သည် ထိုမေးခွန်းကို ကြားသောအခါ ပြုံးလိုက်ပြီး မုတ်ဆိတ်မွေးကိုသာ သပ်နေကာ ဘာမှ ပြန်မပြောပေ။
လီကျစ်ကဲ့သို့ ဆွေမျိုးတစ်ယောက်ရှိနေခြင်းက ဟယ်ရှီရှို့အတွက် တကယ်ကို မျက်နှာပန်းလှစေသည်။ လီကျစ်သည် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ပါရမီပါရုံသာမက တပ်များကို ဦးဆောင်၍ တိုက်ပွဲဝင်ရာတွင်လည်း အလွန်တရာရဲရင့်သူဖြစ်သည်။ ပြီးခဲ့သည့်နှစ်က သူသည် လူတစ်ရာကျော်လေးကိုသာဦးဆောင်ပြီး နှစ်ပေါင်းများစွာ သောင်းကျန်းနေခဲ့သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် တောင်ပေါ်ဓားပြကြီးကို နှိမ်နင်းနိုင်ခဲ့သည်။ ယခုနှစ်တွင်မူ လူတစ်ထောင်ကျော်ကို ဦးဆောင်ထွက်သွားပြီး အဘိုးကြီးလောင်ဟွေဟွေ(မာရှိုရင်)ကိုပါ ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်ခဲ့ပြန်သည်။ ယခင်က လီကျစ်သည် အခြားသူများကို သူက ဟယ်ရှီရှို့၏ ဆွေမျိုးဖြစ်သည်ဟု ထင်စေချင်ခဲ့သော်လည်း ယခုအခါတွင်မူ ပြောင်းပြန်ဖြစ်သွားကာ ဟယ်ရှီရှို့ကိုယ်တိုင်ကပင် အခြားသူများကို လီကျစ်မှာ သူ၏ဆွေမျိုးဖြစ်သည်ဟု ထင်စေချင်နေပြီဖြစ်သည်။
ပြည်နယ်ဘုရင်ခံမှာ ဘာမှမပြောဘဲပြုံးသာနေသည်ကိုမြင်သောအခါ ကျာတိန်းပေက ထိုကောလာဟလမှာ အမှန်ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ လီကျစ်သည် ဟယ်ရှီရှို့၏ ဆွေမျိုးဖြစ်ပြီး ဟယ်ရှီရှို့ကိုယ်တိုင်က ရာထူးတိုးပေးခဲ့ခြင်းဖြစ်ရာ သူသည် ဟယ်ရှီရှို့၏ တိုက်ရိုက်လက်အောက်ခံများထဲတွင် အစစ်အမှန်လူယုံတစ်ဦး ဖြစ်နေပေပြီ။ ယခု ဤမျှကြီးမားသော စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပြီဖြစ်ရာ တပ်မှူးကြီးရာထူးတစ်ခုမှာ သေချာပေါက် သူ၏ လက်တစ်ကမ်းတွင်ရှိနေပြီဖြစ်ပြီး ဟယ်ရှီရှို့၏ အင်အားစုမှာလည်း အလွန်တရာ ကြီးထွားလာနေပြီ ဖြစ်သည်။
ဤထန်းကျင်းမြို့ကြီးမှာ ဟယ်ရှီရှို့၏ ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲသွားတော့မည်ပင်။
ကျာတိန်းပေသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ အရိပ်အယောင်မျှပင်မပြပေ။
"ပြည်နယ်ဘုရင်ခံမင်းကြီး... လုရှန်းရှန့်က လီကျစ်ကို တပ်ထဲမှာဆက်ထားချင်ပေမယ့် လီကျစ်က သူ့တပ်တွေကို ဦးဆောင်ပြီး ထန်းကျင်းမြို့ကို ပြန်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ ကျွန်တော် ကြားတယ်"
ထိုစကားကို ကြားသောအခါ ဟယ်ရှီရှို့မှာ ပို၍ပင် ဝမ်းသာသွားလေသည်။
လီကျစ်သည် သူကိုယ်တိုင်ရာထူးတိုးပေးခဲ့သူဖြစ်ပြီး သူ၏ တိုက်ရိုက်လက်အောက်ခံ တစ်ဦးဖြစ်ရာ လီကျစ်ကို အခြားပြည်နယ်ဘုရင်ခံများ သို့မဟုတ် စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီး များအောက်တွင် အချိန်ကြာမြင့်စွာအမှုထမ်းနေမည်ကို ဟယ်ရှီရှို့ မလိုလားပေ။ လီကျစ်က ထန်းကျင်းမြို့သို့ပြန်လာရန် သူကိုယ်တိုင် တောင်းဆိုခဲ့ခြင်းက သူသည် သူ၏အထက်လူကြီး လုရှန်းရှန့်၏ လက်အောက်တွင်မနေလိုဘဲ ဟယ်ရှီရှို့၏ လက်အောက်တွင်သာ ဆက်လက် အမှုထမ်းလိုကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဤသည်က ဟယ်ရှီရှို့အတွက် အလွန်တရာ ဂုဏ်ယူစရာပင် ဖြစ်သည်။
လီကျစ်ကို ရာထူးတိုးပေးခဲ့ရသော သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အလကားမဖြစ်ခဲ့ပေ။
ဟယ်ရှီရှို့က…
"လီကျစ်က အသိဉာဏ်ရှိတဲ့ လူငယ်လေးပါ။ သူ ထန်းကျင်းမြို့ကို ပြန်ရောက်လာတဲ့အခါ ပေးတွေ့ပါ့မယ်"
ကျာတိန်းပေက ပြုံးကာ…
"ဒါဆိုရင်လည်း သူနဲ့တွေ့ဖို့ ကျွန်တော် မျှော်လင့်နေပါ့မယ်"
ရူပြည်နယ်တိုက်ပွဲသတင်း ပြန့်နှံ့သွားပြီးနောက် နေရာအသီးသီးတွင် တဖြည်းဖြည်း ပျံ့နှံ့သွားကာ တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ရူပြည်နယ်၌ ယာယီ တပ်စွဲထားသော လုရှန်းရှန့်၏ တပ်ဖွဲ့မှာမူ ပြင်ပရှိ အခြေအနေအရပ်ရပ်ကို မသိရှိကြပေ။
သဝဏ်လွှာပေးပို့ပြီး နောက်တစ်နေ့တွင် လုရှန်းရှန့်သည် သူ၏ တပ်မှူးကြီးများကို ဦးဆောင်ကာ လီကျစ်၏ တပ်စခန်းသို့သွားရောက်ပြီး လီကျစ်၏ ငှက်ပစ်သေနတ်များနှင့် အမြောက်များကို စစ်ဆေးကြည့်ရှုကြလေသည်။
ဤတစ်ကြိမ်တွင် လီကျစ်၏ စစ်ရေးအောင်မြင်မှုများက တကယ်ကိုကြီးမားလှလွန်းသဖြင့် တပ်မှူးကြီးများအားလုံးကို အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် လီကျစ် မည်သို့အနိုင်ရခဲ့သည်ကို သူတို့ သိချင်နေကြသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်က လီကျစ်သည် သူပုန်တပ်သားများ၏ နောက်ကွယ်မှနေ၍ သူပုန်များကို မည်သို့သတ်ဖြတ်နေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရပေ။ လီကျစ်က သူသည် ငှက်ပစ်သေနတ်များနှင့် အမြောက်များကိုအသုံးပြု၍ ရန်သူကို အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောသည်ကိုကြားသောအခါ သူတို့က လီကျစ်ကို သရုပ်ပြရန်တောင်းဆိုကြလေသည်။
လီကျစ်သည် ဤသို့သော အခြေအနေမျိုးကြုံလာရမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ သေချာပေါက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် မင်အင်ပါယာမှ ဤအမတ်များကို လှည့်စားရန်အတွက် ထန်းကျင်းမြို့မှ ထွက်ခွာလာကတည်းက ပြောင်းချော မီးခတ်ကျောက်မောင်းတင်သေနတ် ဆယ်လက်ကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
အမြောက်များနှင့် ပတ်သက်၍မူ ဤအမတ်များကို တိုက်ရိုက်ပြသလိုက်ခြင်းက အန္တရာယ် မရှိနိုင်ပေ။
လုရှန်းရှန့်နှင့် အခြားအမတ်များသည် လေ့ကျင့်ရေးကွင်းပြင်တွင် အတူတကွရပ်နေကြပြီး လီကျစ်၏ တပ်သားများက ငှက်ပစ်သေနတ်များနှင့် အမြောက်များကို သရုပ်ပြပစ်ခတ်နေသည်ကို ကြည့်ရှုနေကြသည်။
ရှေ့ပြေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်အသုံးပြုမှုအောက်တွင် မီးခတ်ကျောက်မောင်းတင် သေနတ် ဆယ်လက်ကတစ်ပြိုင်နက်ပစ်ခတ်လိုက်ရာ မီတာခုနစ်ဆယ် အကွာအဝေးရှိ သစ်သားပစ်မှတ်များကို အကြိမ်ကြိမ်ထိမှန်သွားသဖြင့် အားလုံးမှာ သဘောကျစွာ ခေါင်းညိတ်လိုက်ကြသည်။
"ထန်းကျင်းမြို့က တပ်ဖွဲ့တွေပီပီ တကယ်ကို လက်နက်တပ်ဆင်မှုကောင်းတာပဲ။ ဒီ ငှက်ပစ်သေနတ်တွေက စနက်ကြိုးတောင် မလိုဘူးပဲ"
"ထန်းကျင်းမြို့က ငှက်ပစ်သေနတ်တွေက တပ်သားတွေကိုပြောင်းကွဲထွက်သွားမှာ မကြောက်ဘဲ ဒီလောက်ယုံကြည်မှုရှိရှိ ပစ်ခတ်နိုင်အောင် လုပ်ပေးထားတာလား"
တပ်မှူးကြီးများက စိတ်ဝင်တစားကြည့်ရှုနေကြသည်ကို မြင်သောအခါ လီကျစ်က သူတို့၏ စကားကို ထောက်ခံရင်း…
"ရန်သူတွေချီတက်လာတဲ့အခါ သေနတ်တစ်ထောင်လောက်က တစ်ပြိုင်နက် ပစ်ခတ်လိုက်မယ်ဆိုရင် ရန်သူ့စိတ်ဓာတ်ကို တစ်ခဏချင်းမှာတင် ချိုးနှိမ်ပစ်နိုင်ပါတယ်။ ကျွန်တော်က ဒီလက်နက်တွေနဲ့ပဲ အဘိုးကြီးလောင်ဟွေဟွေကို အနိုင်ယူခဲ့တာပါ"
စစ်သူကြီးများမှာ ရုတ်တရက်နားလည်သဘောပေါက်သွားကြပြီး လီကျစ်တစ်ယောက် အဘိုးကြီးလောင်ဟွေဟွေကို အနိုင်ယူနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ကြောင်း ဝိုင်းဝန်းပြောဆိုကြလေသည်။
ငှက်ပစ်သေနတ်များ ပစ်ခတ်ပြီးစီးသွားသောအခါ လီကျစ်က သူ့တပ်သားများကို လုရှန်းရှန့်ထံ မီးခတ်ကျောက်မောင်းတင်သေနတ်များပေးအပ်ကာ အနီးကပ် လေ့လာခိုင်းလိုက်သည်။ လုရှန်းရှန့်သည် မီးခတ်ကျောက်မောင်းစနစ်ကို အကြိမ်ကြိမ်အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်ကာ…
"လီကျစ်... မင်းရဲ့ ငှက်ပစ်သေနတ်က စနက်ကြိုး မလိုတာက တော်တော်လေး ထူးခြားတယ်။ ဒီနည်းလမ်းက မင်းကိုယ်တိုင် တီထွင်ထားတာလား"
လီကျစ်က လက်နှစ်ဖက်ကို ယှက်ကာ…
"ဒါက တိုက်ဆိုင်စွာနဲ့ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းလေးပါ"
လုရှန်းရှန့်က မီးခတ်ကျောက်မောင်းတင်သေနတ်ကို ကိုင်တွယ်ကြည့်ရင်း အေးအေးဆေးဆေးပင်…
"တပ်သားတွေက တော်တော်လေးယုံကြည်မှုရှိရှိ ပစ်ခတ်နေကြတာကို ငါ မြင်ရတယ်။ ဒီ ငှက်ပစ်သေနတ်တွေက ပြောင်းကွဲထွက်သွားမယ့် အန္တရာယ်မရှိဘူးလား"
"ကျွန်တော်က လက်မှုပညာရှင်တွေကို ကုန်ကြမ်းပစ္စည်းတွေအတွက် ငွေအလုံအလောက် ပေးထားပါတယ်။ ငှက်ပစ်သေနတ်တစ်လက်အတွက် ကုန်ကြမ်းဖိုး ငွေခြောက်သျှူး နဲ့ လက်မှုပညာရှင်တွေအတွက် လုပ်အားခ ငွေလေးသျှူး ပေးထားပါတယ်။ အကယ်လို့ ငှက်ပစ်သေနတ်တစ်လက်က ပြောင်းကွဲထွက်သွားခဲ့ရင် အဲဒီလက်မှုပညာရှင်တွေကို ပြင်းပြင်းထန်ထန် အရေးယူတဲ့အတွက် သူတို့ လုပ်တဲ့ ငှက်ပစ်သေနတ်တွေက ပြောင်းမကွဲပါဘူး"
လီကျစ်၏ စကားကိုကြားသောအခါ ဘေးနားရှိအမတ်ကြီးများအားလုံး တိတ်ဆိတ်သွားကြသည်။ ဤစစ်ဘက်အမတ်များနှင့် သူတို့၏ လက်အောက်ခံ တပ်မှူးကြီးများ အထက်အောက် အဆင့်ဆင့်သောသူများသည် လက်မှုပညာရှင်များထံမှ ငွေမည်သို့ ညှစ်ထုတ်ရမည်နည်းဟူသော အကြံအစည်များဖြင့်သာ အချိန်ကုန်လွန်နေကြသူများဖြစ်သည်။ သူတို့သည် ကုန်ကြမ်းများအတွက် ငွေအလုံအလောက်ပေးရန် မည်သည့်အချိန်ကများ စဉ်းစားဖူးပါသနည်း။ သို့မဟုတ် လက်မှုပညာရှင်များကို စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်စေရန် လုပ်အားခများများပေးရန် စဉ်းစားဖူးပါသနည်း။ လီကျစ်၏ ငှက်ပစ်သေနတ်တစ်လက်မှာ ငွေ ဆယ် သျှူး ကုန်ကျရာ သူတို့အနေဖြင့် လိုက်မလုပ်နိုင်သကဲ့သို့ လုပ်ရန်လည်း ဆန္ဒမရှိကြပေ။
ငွေများများစုဆောင်းနိုင်ရေးနှင့် ထိုငွေများဖြင့် ဩဇာအာဏာရှိသူများကို လာဘ်ထိုးရေးမှာ ရာထူးတိုးရန်နှင့် ချမ်းသာကြွယ်ဝရန်အတွက် အစစ်အမှန်ဗျူဟာဖြစ်သည်။ လီကျစ်ကဲ့သို့ ရန်သူများကို အစွမ်းကုန်ချေမှုန်းနိုင်ခဲ့လျှင်ပင် နောက်ဆုံးတွင် သူခုတ်ယူလာသော ရန်သူ့ခေါင်းများကို မိမိတို့နှင့် လာရောက်ခွဲဝေရသည်မဟုတ်ပါလော။ သူတို့အနေဖြင့် အဂတိလိုက်စားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို ကျူးလွန်နေကြပြီး သူတို့၏တပ်ဖွဲ့များမှာ အားနည်းနေသော်လည်း နောက်ဆုံးတွင် ရာထူးတိုး၍ ချမ်းသာကြွယ်ဝလာကြသူများမှာ သူတို့ပင်ဖြစ်လေသည်။
လက်မှုပညာရှင်တွေကို ငွေပေးရမယ်… ထိုသို့လုပ်ခြင်းက မိမိတို့၏ဝင်ငွေနှင့် ဩဇာအာဏာရှိသူများထံ ပေးရမည့်ငွေပမာဏကို လျော့ကျသွားစေမည်ဖြစ်ပြီး နောက်ဆုံးတွင် အမှားအယွင်းအနည်းငယ်လုပ်မိရုံဖြင့် ထိုဩဇာအာဏာရှိသူများ၏ တိုက်ခိုက်မှုများကိုခံရနိုင်ကာ ရာထူးပြုတ်ခြင်း သို့မဟုတ် အသက်ပါ ဆုံးရှုံးရသည်အထိ ဖြစ်သွားနိုင်သည်။
မင်မင်းဆက်တွင် မီးခတ်ကျောက်မောင်းတင်သေနတ်များ မရှိသည်တော့မဟုတ်ပေ။ သမိုင်းမှတ်တမ်းများအရ ချုံကျန်းမင်းဆက် ရှစ်နှစ်မြောက်နှစ်တွင် နန်ကျင်းမြို့၊ ဘဏ္ဍာရေးအမတ်ကြီးရုံး၏ လက်ယာဘက် ဒုတိယအမတ်ကြီး ပီမောက်ခန်းက အလိုအလျောက် မီးပွင့်စေသည့် သေနတ်တစ်မျိုးကိုတီထွင်ခဲ့ပြီး စနက်ကြိုးမောင်းစနစ်ကို မီးခတ်ကျောက်မောင်းစနစ်ဖြင့် အစားထိုးနိုင်ခဲ့သည်။ သို့ရာတွင် ထိုမျှအဆင့်မြင့်သော လက်နက်တစ်ခုကို တီထွင်နိုင်ခဲ့သော်လည်း မည်သူကမျှ အမြောက်အမြားထုတ်လုပ်အသုံးပြုခြင်း မရှိခဲ့ပေ။
လုရှန်းရှန့်သည် တပ်ဖွဲ့တွင် အချိန်ကြာမြင့်စွာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ မင်တပ်တပ်ဖွဲ့၏ ယိုယွင်းပျက်စီးမှုအဖုံဖုံကို သိရှိထားသူဖြစ်သည်။ သူက မီးခတ်ကျောက်မောင်းတင်သေနတ်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ဤမီးခတ်ကျောက်မောင်းတင်သေနတ်သည် ငှက်ပစ်သေနတ်ကို အနည်းငယ် ပိုမိုကောင်းမွန်အောင်ပြုပြင်ထားပြီး သေနတ်ကိုင်တပ်ဖွဲ့များ၏ တိုက်ရည်ခိုက်ရည်ကို မြှင့်တင်ပေးနိုင်သော်လည်း… နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေပြီဖြစ်သော မင်တပ်ဖွဲ့အနေဖြင့် ဤသို့သော လက်နက်မျိုးကို အသုံးပြုရန် လုံးဝ နည်းလမ်းမရှိပေ။
အခြားအကြောင်းပြချက်တော့မရှိပေ။ အကြောင်းပြချက် တစ်ခုတည်းသာရှိသည်။ မဟာမင်အင်ပါယာ၏ တပ်မှူးကြီးများသည် ငွေမည်သို့ရှာရမည်နှင့် အရေးပါသောပုဂ္ဂိုလ်များ၏ မျက်နှာသာပေးမှုကို မည်သို့ရယူရမည်ကိုသာ အမြဲတမ်းတွေးတောနေကြပြီး သူတို့၏ တပ်ဖွဲ့များ တိုက်ရည်ခိုက်ရည်မြင့်မားလာစေရန် ငွေကြေးအသုံးပြုဖို့ကိုမူ လုံးဝ ဆန္ဒမရှိကြပေ။ တပ်မှူးကြီး အနည်းငယ်က ရည်မှန်းချက်ကြီးမားလျှင်ပင် နောက်ဆုံးတွင်သူတို့သည် အထက်အောက် အဆင့်ဆင့်သော အမတ်များနှင့်အပေးအယူလုပ်ကာ အလျှော့ပေးလိုက်ရသည်ချည်းသာ ဖြစ်လေသည်။