လုရှန်းရှန့်က မီးခတ်ကျောက်မောင်းတင်သေနတ်ကို လီကျစ်ထံ ပြန်ပေးရင်း…
"မင်းရဲ့ အမြောက်တွေကို ကြည့်ရအောင်"
လီကျစ်က သူ့တပ်သားများကို ခြောက်ပေါင်ဒါအမြောက်ကို ထုတ်ယူကာ လေ့ကျင့်ရေးကွင်းပြင်တွင် သရုပ်ပြပစ်ခတ်စေလိုက်သည်။
အမြောက်က အကြိမ်ပေါင်းများစွာပစ်ခတ်လိုက်ရာ သုံးလီ အကွာအဝေးရှိ စက်ဝိုင်းကြီးတစ်ခုကို တိတိကျကျထိမှန်သွားလေသည်။ ထို့အပြင် အမြောက်ဆန်ကို တိုက်ရိုက်ပစ်ခတ်လိုက်ရာ မီတာလေးရာအကွာအဝေးရှိ သစ်သားပြားကြီး အမြောက်အများကိုပါ ကျိုးပဲ့သွားစေခဲ့သည်။
တပ်ဖွဲ့အအတွင်းရှိ မည်သည့်တပ်မှူးကြီး သို့မဟုတ် တပ်သားမှ အမြောက်များကို တပ်ဆင်အသုံးပြုလေ့မရှိသောကြောင့် သူတို့သည် အမြောက်များနှင့်ပတ်သက်၍ မည်သည့်အသိပညာမှ မရှိကြပေ။ လီကျစ်၏ အပေါ့စားအမြောက်များသည် ကြေးချိန်တစ်ရာကျော် ပိုမိုပေါ့ပါးသဖြင့် ရွေ့လျားရလွယ်ကူပြီး ထုတ်လုပ်မှုစရိတ်ကိုလည်း အများကြီးလျှော့ချပေးနိုင်သည်ကို သူတို့ သတိမထားမိကြပေ။ ယင်းအစား သူတို့အားလုံးက လီကျစ်၏ အမြောက်များသည် သာမန်အမြောက်များသာဖြစ်သည်ဟု ထင်မြင်နေကြသည်။ ဤအမြောက်များသည် သာမန်အမြောက်ငယ်များသာဖြစ်သည်ဟု အားလုံးကယူဆနေကြသည်။ နယ်ခြားခံတပ်စခန်း ကိုးခုစလုံးတွင် အမြောက်အချို့ရှိကြသော်လည်း လီကျစ် ပိုင်ဆိုင်သော အရေအတွက်ကတော့ တကယ်ကိုအံ့မခန်းပင်ဖြစ်သည်။ ဤကဲ့သို့သော အမြောက် အလက်လေးဆယ်က စစ်မြေပြင်တွင် တစ်ပြိုင်နက်ပစ်ခတ်လိုက်ပါက အလွန်တရာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်မည်မှာ သေချာပြီး အဘိုးကြီးလောင်ဟွေဟွေ တစ်ယောက် လီကျစ်၏ ထောင်ချောက်ထဲသို့ ကျသွားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သို့သော် ဤမျှများပြားသော အမြောက်များအတွက် ငွေမည်မျှ ကုန်ကျမည်နည်း။
"ဒီအမြောက်တွေရဲ့ ကုန်ကျစရိတ်က ဘယ်လောက်လဲ… ဒုတိယတပ်မှူးကြီးမှာ အမြောက်တွေတည်ဆောက်ဖို့ ဒီလောက်များတဲ့ ငွေတွေဘယ်လိုလုပ်ရှိနေတာလဲ"
မင်မင်းဆက်တွင် ကြေးဒင်္ဂါးတစ်တွဲ (ဒင်္ဂါးပြား ၁,၀၀၀) ၏ အလေးချိန်မှာ ခြောက်ကျင် (၃ ကီလိုဂရမ်ခန့်) ရှိသည်။ ထို့ကြောင့် ကြေးနီ ခုနစ်ရာ့ငါးဆယ်ကျင် (၃၇၅ ကီလိုဂရမ်ခန့်) ရရှိရန်အတွက် ငွေသျှူး တစ်ရာ့နှစ်ဆယ်ကျော် ခန့် အကုန်အကျခံ၍ ဝယ်ယူရမည်ဖြစ်သည်။ လီကျစ်၏ ခြောက်ပေါင်ဒါ အမြောက်သည် ကြေးဝါ ခြောက်ဆယ်ရာခိုင်နှုန်းနှင့် သံကြမ်း လေးဆယ်ရာခိုင်နှုန်းကို အသုံးပြုထားသဖြင့် ၎င်း၏ ကုန်ကျစရိတ်မှာ ပို၍ပင်သက်သာသွားသည်။ ခြောက်ပေါင်ဒါ အမြောက်တစ်လက် သွန်းလုပ်ရန် ကုန်ကျစရိတ်မှာ ငွေသျှူး တစ်ရာခန့်သာ ရှိလေသည်။
သို့ရာတွင် လီကျစ်က သူ၏ အစစ်အမှန် ဘဏ္ဍာရေးအခြေအနေကို သေချာပေါက် တိုက်ရိုက် ထုတ်ပြောမည်မဟုတ်ပေ။ ယင်းအစား သူက…
"အမြောက်တစ်လက် သွန်းလုပ်ရတာအလွန်ခက်ခဲပါတယ်၊ အောင်မြင်မှုနှုန်းက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာပါ။ အမြောက်တစ်လက်အတွက် ငွေသျှူး ခြောက်ရာ ကုန်ကျပါတယ်… ကျွန်တော့်မှာ ရက်ကန်းရုံ စီးပွားရေးလုပ်ငန်းတချို့ရှိပြီး အဲဒီ ရက်ကန်းရုံတွေကနေ ရတဲ့ငွေတွေကို တပ်ဖွဲ့ကို ထောက်ပံ့ဖို့ အသုံးပြုနေတာပါ"
ဤအမြောက် အလက်လေးဆယ်အတွက်ကိုပင် ငွေသျှူး နှစ်သောင်းလေးထောင် ကုန်ကျပေမည်။
အလွန်တရာ အင်အားတောင့်တင်းလှသော ဤထန်းကျင်းတပ်ဖွဲ့မှာ အမှန်တကယ်တော့ ငွေများဖြင့်သာ တည်ဆောက်ထားခြင်းဖြစ်သည်။
လီကျစ်၏ စကားကိုကြားသောအခါ တပ်မှူးကြီးများအားလုံး အံ့ဩတကြီး အချင်းချင်း ကြည့်လိုက်ကြသည်။ သာမန်တပ်မှူးငယ်လေးတစ်ယောက်က မိမိ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို အသုံးပြုကာ တပ်ဖွဲ့ကို ထောက်ပံ့ရန် ငွေသျှူး သောင်းနဲ့ချီ သုံးစွဲနေသည်တဲ့လား။ စစ်ဘက်အမတ်များသည် ငွေရှာရန်အတွက်စရိတ်များကို အလွဲသုံးစားလုပ်ကြသည်ကိုသာ သူတို့ကြားဖူးပြီး တပ်ဖွဲ့ကို ကိုယ်တိုင် ငွေကြေးထောက်ပံ့သည်ဟူ၍ တစ်ခါမှမကြားဖူးခဲ့ပေ။ နိုင်ငံတော်အတွက် မိမိကိုယ်ပိုင်ငွေဖြင့် တပ်ဖွဲ့ကိုထောက်ပံ့ရန် မည်မျှမြင့်မားသော စိတ်ဓာတ်မျိုးရှိနေရမည်နည်း။
လီကျစ်သည် တကယ်ကို ထူးခြားဆန်းကြယ်သူပင်။
လုရှန်းရှန့်ပင်လျှင် ဤကိန်းဂဏန်းကိုကြားသောအခါ အတော်လေးစိတ်ပျက်သွားပြီး လီကျစ်၏ တပ်ဖွဲ့ကို အင်အားတောင့်တင်းစေသောနည်းလမ်းမှာ အလွန်ကုန်ကျစရိတ်များပြီး လိုက်လုပ်ရန်မဖြစ်နိုင်ကြောင်း မဟာမင်အင်ပါယာတွင် ဤကဲ့သို့သော သာဓကမျိုး တစ်ခုတည်းသာ ရှိနိုင်မည်ဖြစ်ကြောင်း စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်မိသည်။
လီကျစ်၏ တပ်သားများ သရုပ်ပြသည်ကိုကြည့်ရှုပြီးနောက် လုရှန်းရှန့်နှင့် တပ်မှူးကြီးများသည် စိတ်ဝင်စားမှုလျော့ကျသွားပြီး သူတို့ သင်ယူစရာဘာမှမရှိဟု ယူဆကာ အသီးသီး ပြန်လည်ထွက်ခွာသွားကြလေသည်။
***
ချုံကျန်းမင်းဆက် ရှစ်နှစ်မြောက် ကိုးလပိုင်း နှစ်ဆယ့်ငါးရက်နေ့တွင် ရှေ့ပြေးတပ်ဖွဲ့သည် ရူပြည်နယ်တိုက်ပွဲကို အဆုံးသတ်ပြီးနောက် ခံတပ်စခန်းကိုရုတ်သိမ်းကာ ထန်းကျင်းမြို့သို့ ပြန်လာခဲ့ကြသည်။
လာစဉ်က တပ်သားများသည် ခြေလျင်လျှောက်လာခဲ့ကြသော်လည်းအပြန်တွင်မူ သူတို့၌ စစ်မြင်းနှင့် ဝန်တင်မြင်း တစ်ထောင်ကျော်ပါလာခဲ့သည်။ လော့ယန်မြို့တွင် ရန်သူမြင်းစီးတပ်သား နှစ်ထောင်ကိုတွန်းလှန်စဉ်က ဖမ်းဆီးရမိသော စစ်မြင်း နှစ်ရာ… အဘိုးကြီးလောင်ဟွေဟွေကို အနိုင်ယူစဉ်ကဖမ်းဆီးရမိသော ဒဏ်ရာမရရှိသည့် စစ်မြင်းသုံးရာကျော်အပြင် လုရှန်းရှန့်က လီကျစ်အတွက် ခွဲဝေပေးလိုက်သော ဝန်တင်မြင်းတစ်ထောင်တို့ ပါဝင်သည်။ ရှေ့ပြေးတပ်ဖွဲ့တွင် လူတစ်ဦးလျှင် မြင်းတစ်ကောင်ထက်မကရှိနေပြီဖြစ်ရာ ချီတက်ရသည်မှာ အများကြီး ပိုမိုလွယ်ကူသွားလေသည်။
လုရှန်းရှန့် ခွဲဝေပေးလိုက်သော စစ်ပွဲမှရရှိသည့် ငွေသျှူး တစ်သောင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤစစ်ချီခရီးမှာ တကယ့်ကို အောင်ပွဲခံ၍ပြန်လာခြင်းပင် ဖြစ်လေသည်။
တပ်ဖွဲ့သည် မြောက်ဘက်သို့နှစ်လတိုင်တိုင် ခရီးဆက်လာခဲ့ပြီး ဆယ့်တစ်လပိုင်း နှစ်ဆယ့်တစ်ရက်နေ့တွင် ဖန့်ကျားရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှေ့ပြေးတပ်ဖွဲ့တစ်ခုလုံး အောင်မြင်မှုပေါင်းများစွာနှင့်အတူ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ ဖန့်ကျားရွာမှပြည်သူများ အလွန်ပင်ဝမ်းသာပျော်ရွှင်သွားကြသည်။ တောင်ဘက်တံခါးဖြစ်သော ချုံဝမ်တံခါးတွင် လူသောင်းနှင့်ချီ၍စုရုံးနေကြပြီး… သူတို့၏ သားသမီးများ အောင်ပွဲခံပြန်လာသည်ကိုကြိုဆိုရန်အတွက် ဗြောက်အိုးများ ဖောက်ကာ ဗုံများ မောင်းများ တီးခတ်နေကြသည်။
မြို့တံခါးဝတွင် ချိတ်ဆွဲထားသော ဆူညံစွာပေါက်ကွဲနေသည့် ဗြောက်အိုးများသည် သူရဲကောင်းများ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုနေသည့် ကခုန်နေသော နတ်သမီးလေးများနှင့် တူနေလေသည်။
ကြိုဆိုနေသည့် လူအုပ်ကြီး၏ အရှေ့ဆုံးတွင် လီကျစ်သည် ဆွေဟယ်ကို မြင်လိုက်ရသည်။ သူမက ခြေဖျားထောက်ကာ သူရှိရာဘက်သို့ အဆက်မပြတ်ငေးကြည့်နေလေသည်။
မြင်းပေါ်မှ လီကျစ်ကိုမြင်သောအခါ ဆွေဟယ်သည် သူမ၏ အစေခံမလေးကို ဂရုမစိုက်တော့ဘဲ လီကျစ်ဆီသို့ အပြေးအလွှားသွားလေသည်။ ဒုတိယတပ်မှူးကြီး၏ ဇနီးလောင်း ပြေးလာသည်ကိုမြင်သောအခါ စစ်သည်များသည် အမြန်လမ်းဖယ်ပေးလိုက်ကြသည်။ လီကျစ် မြင်းပေါ်မှဆင်းကာ သူမကို ပွေ့ဖက်လိုက်ချိန်တွင် ဆွေဟယ်မှာ မျက်ရည်များကျဆင်းနေပြီ ဖြစ်သည်။
လီကျစ်၏ ရင်ခွင်ထဲတွင် ပုန်းကွယ်လျက် ဆွေဟယ်က နှာမှုတ်ကာ…
"ရှင့်... ရှင့် နောက်ဆုံးတော့ ပြန်လာပြီပေါ့… ရှင့်ကို ပြန်မတွေ့ရတော့ဘူးလို့ ကျွန်မ သိပ်ကြောက်နေခဲ့တာ…"
လီကျစ်က ပြုံးလျက် ဆွေဟယ်၏ ခေါင်းကို သပ်ပေးရင်း…
"မကြောက်ပါနဲ့… မကြောက်ပါနဲ့... ကိုယ် ပြန်ရောက်လာပြီပဲ"
ဆွေဟယ်က မျက်ရည်များရွှဲနေသောမျက်နှာလေးကို မော့ကာ…
"အကယ်လို့ ရှင့်ကိုများ တစ်ယောက်ယောက်ကသတ်လိုက်ရင် ကျွန်မ ဘယ်လိုလုပ် အသက်ဆက်ရှင်ရမလဲ"
လီကျစ်က သူမကိုနှစ်သိမ့်ကာ…
"ကိုယ့်ကို ဘယ်သူမှ မသတ်နိုင်ပါဘူး… ကိုယ်ကသာ တခြားသူတွေကို သတ်တဲ့သူပါ…"
ထိုအခါမှ ဆွေဟယ်လည်း ငိုတာကို ရပ်လိုက်ပြီး မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်ကာ
"ရှင်တို့ နိုင်ခဲ့လား"
လီကျစ်က ခေါင်းညိတ်ကာ…
"အင်း... ကိုယ်တို့ သူပုန် ခြောက်ထောင်ကျော်ကို သတ်နိုင်ခဲ့တယ်…" ထို့နောက် သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်...
"ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့ စစ်ရေးအောင်မြင်မှုတွေကို ခွဲယူသွားကြတော့ ကိုယ့်မှာ ခေါင်း တစ်ထောင်စာ အောင်မြင်မှုပဲကျန်တော့တယ်!"
ဆွေဟယ်က ဒေါသတကြီး နှုတ်ခမ်းဆူကာ…
"သူတို့က ငါတို့ကို အနိုင်ကျင့်တာပဲ…"
"ဟုတ်တယ်... ကိုယ်တို့ရဲ့ရာထူးကနိမ့်နေတော့ သူတို့က ကိုယ်တို့ကို အနိုင်ကျင့်ကြတာလေ…"
ဆွေဟယ်က လီကျစ်ကို ဖက်ထားရင်း…
"နောက်ဆိုရင် သူတို့ကို လျစ်လျူရှုထားလိုက်ကြစို့…" ဟု ကလေးဆန်ဆန် ပြောလိုက်သည်။
လီကျစ်က ရယ်မောကာ…
"မှန်တယ်… သူတို့ကို လျစ်လျူရှုထားလိုက်ကြစို့…"
ထိုသို့ပြောပြီးနောက် လီကျစ်သည် သူ၏ စစ်မြင်းပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူက ဆွေဟယ်ကို မြင်းပေါ်သို့ ဆွဲတင်လိုက်ပြီး သူမကို ပွေ့ဖက်ကာ မြို့ထဲသို့ စီးဝင်သွားလေသည်။
ဆွေဟယ်သည် အသစ်အဆန်းများကို အလွန်နှစ်သက်သော မိန်းကလေးတစ်ဦးဖြစ်သည်။ ဤသည်မှာ သူမ ပထမဆုံးအကြိမ်မြင်းစီးဖူးခြင်းဖြစ်ပြီး လီကျစ်၏ ရင်ခွင်ထဲတွင် အလွန်ပျော်ရွှင်နေကာ မျက်ရည်များမှာ အပြုံးများအဖြစ်ပြောင်းလဲသွားလေသည်။
လမ်းတစ်လျှောက်တွင် အောင်ပွဲခံပြန်လာသော တပ်မှူးငယ်ကိုမြင်သောအခါ ပြည်သူများအားလုံး လမ်းဘေးတစ်ဖက်တစ်ချက်တွင်ရပ်ကာ လီကျစ်ကို အလေးပြုသည့်အလား မော့ကြည့်နေကြသည်။ ကလေးတစ်စုကမူ လူအုပ်ကြီး၏အရှေ့တွင် ခုန်ပေါက်ပြေးလွှားကာ လီကျစ်အပေါ်သို့ တောပန်းများပင် ကြဲပက်နေကြလေသည်။
လီကျစ်သည် ဒုတိယတပ်မှူးကြီးရုံးတော်သို့ ရောက်သောအခါ ထန်းကျင်းမြို့ လက်ဝဲခံတပ်စခန်း၏ တပ်မှူးကြီးဖြစ်သူ တပ်မှူးကြီးလော်က ထိုနေရာတွင် စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်ကို မြင်လိုက်ရသည်။ တပ်မှူးကြီးလော်သည် အထက်လူကြီးတစ်ဦး၏ မာနမျိုး လုံးဝမပြဘဲ လီကျစ်ကို မြင်သည်နှင့် ရှေ့သို့ အမြန်လျှောက်လာကာ အသံကျယ်ကျယ်ဖြင့်
"ညီငယ် လီကျစ် အောင်ပွဲခံပြန်လာတာကို ဂုဏ်ပြုဖို့ လာခဲ့တာပါ။ ပြီးတော့ ညီငယ် လီကျစ် စတုတ္ထအဆင့် မင်းကြီးရာထူးတိုးခံရတာကိုလည်း ပိုပြီးဂုဏ်ပြုချင်လို့ပါ"
တပ်မှူးကြီးလော်သည် လီကျစ်က ကြီးမားသောအောင်မြင်မှုများရရှိခဲ့ပြီး ရာထူးတိုးခံရတော့မည်ဟူသော သတင်းကိုကြားထားပြီးဖြစ်သည်။ သူက လီကျစ်၏ အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပနေသည်ဟု ယူဆကာ လီကျစ်ကို ညီငယ် လီကျစ် ဟု ကြိုတင်၍ပင် နာမည်ပြောင်းခေါ်ဝေါ်နေပြီဖြစ်သည်။ မနေ့က ရှေ့ပြေးတပ်ဖွဲ့သည် ယနေ့မြို့ထဲသို့ ဝင်ရောက်လာမည်ဟူသော သတင်းကိုရရှိခဲ့ပြီး၊ သူသည် ဖန့်ကျားရွာတွင် မနက်ကတည်းက လီကျစ်ကို စောင့်ဆိုင်းနေခဲ့ရာ ယခုဆိုလျှင် တစ်နာရီခန့်ပင် ရှိနေပြီဖြစ်သည်။
တပ်မှူးကြီးလော်သည် လီကျစ်၏အင်အားမှာ အတော်လေးကြီးမားပြီး အနာဂတ်တွင် အောင်မြင်လာမည်ဟု ယူဆသောကြောင့် ယခုအခါ လီကျစ်နှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးကို အရယူနေခြင်းဖြစ်သည်။ အထက်လူကြီးတစ်ဦးအနေဖြင့် တပ်မှူးကြီးလော်၏ ဖော်ရွေမှုမှာ ဤထက်ပို၍ မကောင်းနိုင်တော့ပေ။
လီကျစ်ကပြုံးကာ စစ်မြင်းပေါ်မှဆင်းလိုက်ပြီး ဆွေဟယ်ကို မြင်းပေါ်မှဆင်းရန် ကူညီပေးလိုက်သည်။ ထို့နောက် တပ်မှူးကြီးလော်ကို အရိုအသေပေးရန် ပြင်လိုက်သည်။ သို့သော် သူက လက်အုပ်ချီယုံသာရှိသေးသည် တပ်မှူးကြီးလော်က သူ့ကို အမြန်ထိန်းကိုင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်
"ညီငယ်... ဘာလို့ ဒီလောက်တောင် ကြီးကျယ်တဲ့အရိုအသေတွေ ပေးနေရတာလဲ။ ဒီ အစ်ကိုကို အားနာစရာတွေလုပ်မနေပါနဲ့… ညီငယ်... ဒီစစ်ပွဲမှာ မင်းရဲ့စွမ်းဆောင်ရည်က တပ်မှူးကြီးတွေနဲ့ ဒုတိယတပ်မှူးကြီးတွေအားလုံးကိုတောင် လွှမ်းမိုးသွားခဲ့တာပဲ။ ငါလို တပ်မှူးကြီးတစ်ယောက်က အဲဒီလောက် ဘာများအရေးပါလို့လဲ
တပ်မှူးကြီးလော်သည် ဤသတင်းကို တိပေါင် မှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။
တိပေါင် ဆိုသည်မှာ မင်မင်းဆက်နှောင်းပိုင်းကာလရှိ တရားဝင်သတင်းအချက်အလက် လမ်းကြောင်းတစ်ခုဖြစ်ပြီး နောက်ပိုင်းခေတ်များမှ သတင်းစာများနှင့်ဆင်တူကာ နန်းတော်နှင့် ဒေသအသီးသီးမှ အရေးကြီးသောသတင်းများကို နိုင်ငံတစ်ဝန်းရှိ အရာရှိများထံ ပေးပို့ခြင်းဖြစ်သည်။ ထို့ကြောင့် မင်မင်းဆက်နှောင်းပိုင်းရှိအရာရှိများသည် နိုင်ငံတစ်ဝန်းရှိကိစ္စရပ်များကို သိရှိနိုင်ကြသည်။ တပ်မှူးကြီးလော်သည် လီကျစ်က ရန်သူ့ခေါင်း တစ်ထောင်ကျော် ရရှိခဲ့သည်ဟူသော သတင်းကို တိပေါင်တွင် ဖတ်ခဲ့ရသည်။ ဤရန်သူ့ခေါင်း တစ်ထောင်ကျော်ဟူသော စစ်ရေးအောင်မြင်မှုမှာ ရူပြည်နယ် တိုက်ပွဲတွင် အခြားသောတပ်မှူးကြီးများနှင့် ဒုတိယတပ်မှူးကြီးများ ရရှိခဲ့သော အောင်မြင်မှုများထက်ပင် ပိုများနေသေးသည်။
တပ်မှူးကြီးလော်သည် စစ်ဘက်ဆိုင်ရာ ထုံးတမ်းစဉ်လာများကို သိရှိထားသူဖြစ်သည်။ သာမန် တပ်မှူးငယ်လေးတစ်ယောက်ဖြစ်သော လီကျစ်က ခေါင်းတစ်ထောင်စာ အောင်မြင်မှု ရရှိခဲ့သည်ဆိုလျှင် သူ၏ အမှန်တကယ်စွမ်းဆောင်ရည်မှာ ဤထက်ပင် ပိုမိုကြီးမားရမည်ဖြစ်သည်။ တပ်မှူးကြီးလော်သည် တိပေါင်ကို ဖတ်ပြီးနောက် အလွန်အမင်း အံ့အားသင့်သွားပြီး လီကျစ်၏ အင်အားကို ပြန်လည်အကဲဖြတ်ကာ သူ့အပေါ် ပို၍ပင် လေးစားမှုရှိလာခဲ့သည်။
လီကျစ်ကပြုံးလျက် မတ်တတ်ရပ်ကာ…
"အစ်ကိုလော်က နောက်နေပြန်ပါပြီ… စစ်ရေးအမတ်ကြီးရုံးက ရာထူးတိုးအမိန့် ကျလာပြီလား"
တပ်မှူးကြီးလော်က ရယ်မောကာ…
"လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ကျလာတာလေ… ဒီ ရူပြည်နယ်တိုက်ပွဲက ကြီးကျယ်တဲ့အောင်ပွဲကြောင့် ချုံကျန်းမင်းမြတ် အလွန်ဝမ်းသာသွားပြီး စစ်ရေးအမတ်ကြီးရုံးကို ရာထူးတိုးမြှင့်မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တာ… မင်းရဲ့ ရာထူးအဆောင်အယောင်တွေနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က ပြည်နယ်ဘုရင်ခံဆီမှာရောက်နေတယ်… ငါက မင်းဆီ ယူလာပေးမလို့ပဲ… ဒါပေမဲ့ ပြည်နယ်ဘုရင်ခံက မင်းကို ရုံးတော်ဆီ ကိုယ်တိုင်လာယူစေချင်တယ်လို့ ပြောတယ်…"
ပြည်နယ်ဘုရင်ခံက သူ့ကို ကျေးဇူးတင်စေချင်မှန်း လီကျစ် သိလိုက်သဖြင့် ပြုံးကာ…
"ဒါဆို ကျွန်တော် ချက်ချင်းပဲ ရုံးတော်ကို သွားယူလိုက်ပါ့မယ်…"
တပ်မှူးကြီးလော်က မုတ်ဆိတ်မွေးကိုသပ်ရင်း…
"ညီငယ်နဲ့အတူ ငါလည်း လိုက်ခဲ့မယ်လေ... မင်းရဲ့ ကံကောင်းမှုတွေကို ငါပါ အတူမျှဝေခံစားရတာပေါ့…"