၁၂ လပိုင်း ထန်းကျင်းမြို့တော်သည် တစ်နှစ်ပတ်လုံးတွင် အအေးဆုံးအချိန်ဖြစ်ပြီး အေးစက်လှသောလေပြင်းများက လူတို့၏ ကော်လာစပ်များကြားမှတစ်ဆင့် တိုးဝင်လာကာ လက်ဖျားခြေဖျားများကို အေးခဲသွားစေသည်။ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာအများစုသည် ဖာထေးထားသော အရောင်ကျနေသည့် ဝါဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြပြီး ညစ်ပတ်နေသော လမ်းများပေါ်တွင် အလျင်စလိုလျှောက်သွားနေကြသည်။ သူတို့၏ အကြီးမားဆုံးဆန္ဒမှာ အေးစက်လှသောလေပြင်းများရန်မှ ကင်းဝေးစေရန် အိမ်ထဲသို့ အမြန်ဆုံးရောက်ရှိရေးပင် ဖြစ်သည်။
သို့ရာတွင် မြို့အနောက်ဘက်ရှိ သေရာသောက် စားသောက်ဆိုင်အတွင်း၌မူ နွေဦးကဲ့သို့ နွေးထွေးနေပြီး အလွန်သန့်ရှင်းသပ်ရပ်နေလေသည်။ တတိယထပ်ရှိ ခန်းမဆောင်အတွင်း ကြေးမီးဖိုများစွာကိုချထားသဖြင့် ခန်းမတစ်ခုလုံးကို သက်တောင့်သက်သာရှိသော အပူချိန်တစ်ခုတွင် ထိန်းထားနိုင်ကာ ထိုနေရာတွင် စုရုံးရောက်ရှိနေကြသော ထန်းကျင်းမြို့မှ ချမ်းသာသည့် ကုန်သည်ကြီးများမှာ အအေးဒဏ်ကို မခံစားကြရပေ။ လက်ဖက်ရည်စားပွဲများပေါ်ရှိ အမွှေးတိုင်ခွက်များတွင် အမွှေးတိုင်များ ထွန်းညှိထားသဖြင့် ခန်းမတစ်ခုလုံးတွင် မွှေးပျံ့သော ရနံ့များ ဖုံးလွှမ်းနေလေသည်။
လီကျစ်သည် မူးယစ်နတ်ဘုရားစားသောက်ဆိုင်မှ ဆိုင်အလုပ်သမားများကို နောက်ပိုင်းခေတ်များမှ လေလံပွဲများတွင်ကဲ့သို့ ထိုင်ခုံများစီစဉ်ထားရန် ကြိုတင်ညွှန်ကြားထားခဲ့သည်။ ယခုအခါ ထိုင်ခုံများအားလုံးသည် အနောက်ဘက်ရှိ စင်မြင့်ဆီသို့ မျက်နှာမူထားကြသည်။ ထန်းကျင်းမြို့ရှိ ချမ်းသာသောကုန်သည်ကြီးများ၏ ထက်ဝက်ကျော်ခန့် ရောက်ရှိနေကြပြီဖြစ်ပြီး ထိုင်ခုံများပေါ်တွင်ထိုင်ကာ ယနေ့ကျင်းပမည့် လေလံပွဲအကြောင်းကို စကားပြောဆို ဆွေးနွေးနေကြလေသည်။
ရွှီမင်ချယ်သည် လေလံပွဲစည်းမျဉ်းများကို ဖိတ်စာများပေါ်တွင် ကြိုတင်ရေးသားထားပြီးဖြစ်ရာ ဤကုန်သည်ကြီးများအားလုံးသည် ယနေ့အတွက် စည်းမျဉ်းများကို သိရှိနေကြပြီဖြစ်သည်။
"ဒီ လေလံပွဲဆိုတာက တကယ်ကို အသစ်အဆန်း ကိစ္စရပ်တစ်ခုပဲ…"
"လီမိသားစုမှာ အမြဲတမ်း အကြံဉာဏ်သစ်တွေ ရှိနေတာပဲ…"
"ကျွန်တော်ကတော့ ဒီနေ့ အသစ်အဆန်းလေး မြင်ရမလားဆိုပြီး လာခဲ့တာ…"
"အဲဒီလို မပြောပါနဲ့… လီမိသားစုရဲ့ ပစ္စည်းတွေကိုဝယ်ခွင့်ရတာက ကောင်းတဲ့ကိစ္စပါ။ ရွှီမင်ချယ်ကိုပဲ ကြည့်လေ... လီကျစ်နောက်ကိုလိုက်တာနဲ့ သူ ငွေသျှူး ဘယ်လောက်တောင် ရှာနိုင်သွားပြီလဲ"
"ကျစ် ကျစ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဖန်အရက်ခွက်တစ်စုကိုတော့ ရအောင် ဝယ်သွားရမယ်… အဲဒါတွေကို စူကျိုးမြို့မှာ သွားရောင်းမယ်…"
အားလုံး ဆွေးနွေးနေကြစဉ် အောက်ထပ်မှဆူညံသံများကို ကြားလိုက်ရသည်။ သူတို့က အချင်းချင်းကြည့်လိုက်ကြပြီး ပြတင်းပေါက်ဆီသို့လျှောက်သွားကာ ပြတင်းပေါက်ကိုဖွင့်၍ ဆူညံသံထွက်ပေါ်ရာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။
သူတို့သည် လုဟွာရုံကို မြင်လိုက်ရသည်။
ထန်းကျင်းမြို့ ချင်းစစ်ဘက်ရေးရာရုံး၏ ဒုတိယမြို့ဝန် လုဟွာလင်၏ ညီဖြစ်သူ လုဟွာရုံသည် မူးယစ်နတ်ဘုရားစားသောက်ဆိုင်အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားနေသော်လည်း လီကျစ်၏ ကိုယ်ရံတော်များက တားဆီးထားလေသည်။
"ခင်ဗျားမှာ ဖိတ်စာမပါဘူး... ဝင်ခွင့်မရှိဘူး…"
"ငါ့သခင် လုဟွာရုံက ထန်းကျင်းမြို့ရဲ့ ကုန်သည်ကြီးရှစ်ဦးထဲက တစ်ဦးပဲ။ မင်းတို့သခင်က ဒီနေ့ ထန်းကျင်းမြို့က ကုန်သည်ကြီးတွေကိုဖိတ်ထားတာဆိုတော့ ငါ့သခင်ကဘာလို့ ဝင်ခွင့်မရှိရမှာလဲ…"
လီကျစ်၏ ကိုယ်ရံတော်က ခါးတွင်ထိုးထားသော တုတ်တိုများကိုဆွဲထုတ်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ငါတို့သခင် လီကျစ်က အမိန့်ပေးထားတယ်… ဒီနေ့ မူးယစ်နတ်ဘုရားစားသောက်ဆိုင်ကို တစ်ဆိုင်လုံးငှားထားတယ်… ဖိတ်စာမပါတဲ့ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး။ အတင်းဝင်လာတဲ့သူတွေကို ဖမ်းဆီးရမယ်တဲ့…"
လုဟွာရုံက အေးစက်စက် နှာမှုတ်လိုက်ပြီး ကိုယ်ရံတော်များကို
"မင်းတို့က ထန်းကျင်းမြို့မှာ ငါ လုဟွာရုံကိုတကယ်ပဲ ဖမ်းရဲတယ်ပေါ့လေ
လီကျစ်၏ ကိုယ်ရံတော်များက အချင်းချင်းကြည့်လိုက်ကြပြီး ကျောကိုမတ်ကာ အသံကျယ်ကျယ်ဖြင့်…
"အတင်းဝင်လာတဲ့သူတွေကို ဖမ်းဆီးရမယ်…"
လုဟွာရုံက ကျိန်ဆဲရန်ပြင်လိုက်စဉ် သူ့နောက်မှ အေးစက်စက်အော်သံတစ်ခုကို ကြားလိုက်ရသည်။
"ဒီတပ်မှူးကြီးရဲ့ ကိုယ်ပိုင် ညစာစားပွဲကို ဘယ်သူက အတင်းဝင်လာရဲတာလဲ"
လုဟွာရုံ လှည့်ကြည့်လိုက်ရာ လီကျစ်နှင့် ရွှီမင်ချယ်တို့ အတူလျှောက်လာသည်ကို မြင်လိုက်ရသည်။ လုဟွာရုံသည် လီကျစ် ဝတ်ဆင်ထားသော နီရဲသည့် စစ်ဘက်အမတ်ကြီး ဝတ်ရုံကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာပျက်ယွင်းသွားပြီး သူ၏ အရှိန်အဝါများအနည်းငယ် ကျဆင်းသွားလေသည်။ သူ၏ အစ်ကိုဖြစ်သူ လုဟွာလင် ပင်လျှင် ပဉ္စမအဆင့် အမတ်ကြီးများ၏ အပြာရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ခွင့်ရှိသည်။ စစ်ဘက်အမတ်များကို သိပ်အထင်မကြီးကြသော်လည်း သူက စတုတ္ထအဆင့် အမတ်ကြီးတစ်ပါးဖြစ်နေသေးသည် မဟုတ်ပါလော။
ထို့အပြင် လီကျစ်၏ အင်အားသည် သူ၏ ရာထူးတစ်ခုတည်းမဟုတ်ပေ။ သူ့တွင် အင်အားတောင့်တင်းသော တပ်ဖွဲ့နှင့် စစ်မြင်းများရှိပြီး မကြာသေးမီကပင် သူပုန်နှိမ်နင်းရေးတွင် ကြီးမားသောအောင်မြင်မှုများရရှိထားကာ ယခုအခါ ပြည်နယ်ဘုရင်ခံ၏ အချစ်တော်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ လီကျစ်၏ ဘေးတွင် ရပ်နေသော ရွှီမင်ချယ်က လီကျစ်သည် ယခုအခါ ဟယ်ရှီရှို့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိနေပြီဖြစ်ကြောင်း သက်သေပြနေလေသည်။
လုဟွာရုံက လီကျစ်ကို ကြည့်ကာ အံကြိတ်လျက်…
"လီကျစ်... မင်းက ကုန်သည်တွေအတွက် ညစာစားပွဲကျင်းပနေတာကို ငါ့ကိုတော့ မဖိတ်ဘူးပေါ့လေ"
လီကျစ်က ခပ်အေးအေးပင်…
"ငါတို့က ရန်သူတွေလေ... မင်း မေ့သွားပြီလား။…ငါ မင်းကို မဖိတ်တာ ပြဿနာရှိလို့လား" ဟု
လီကျစ်က သူတို့သည် ရန်သူများဖြစ်သည်ဟုပြောသည်ကိုကြားသောအခါ လုဟွာရုံ အနည်းငယ် စိုးရိမ်သွားပြီး…
"လီကျစ်... အရင်က ဖြစ်ခဲ့တာတွေက အတိတ်မှာကျန်ခဲ့ပါပြီကွာ…" ဟု ဗလုံးဗထွေး ပြောလိုက်သည်။
လီကျစ်က ပြုံးကာ…
"အတိတ်မှာ ကျန်ခဲ့ပြီလား… မကျန်ခဲ့ဘူးလားဆိုတာ ဒီအမတ်ကြီးရဲ့ဆုံးဖြတ်ချက်ပဲ။ မင်း ဆုံးဖြတ်ပေးစရာ မလိုဘူး…"
လီကျစ်၏ စကားကိုကြားသောအခါ လုဟွာရုံ၏ မျက်နှာမှာဖြူဖျော့သွားလေသည်။ လီကျစ်သည် ယခုအခါအာဏာအရှိဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ပြည်နယ်ဘုရင်ခံ၏ ကျောထောက်နောက်ခံရှိရုံသာမက ကြမ်းတမ်းရက်စက်သော ကိုယ်ရံတော် တစ်ထောင် နှစ်ထောင်ခန့် မွေးမြူထားပြီး အလွန်အင်အားကြီးမားသည်ဟု ကောလာဟလများလည်း ထွက်ပေါ်နေသည်။ သူသည် ချင်းစစ်ဘက်ရေးရာရုံး၏ ဒုတိယမြို့ဝန်က အလွယ်တကူ အနိုင်ကျင့်နိုင်သော လူသေးလူမွှားလေးမဟုတ်တော့ပေ။ လီကျစ်သည် အနှေးနှင့်အမြန် ရာထူးထပ်တိုးဦးမည်ဟု လူတိုင်းက ပြောဆိုနေကြလေသည်။
ယခုအခါ လုဟွာရုံသည် လီကျစ်က သူ့ကိုရန်ငြိုးဖွဲ့ထားမည်ကို အလွန်အမင်း စိုးရိမ်နေမိသည်။
လီကျစ်က ရန်ငြိုးဖွဲ့ထားဆဲဖြစ်သည်ကို မြင်သောအခါ လုဟွာရုံက တံတွေးမျိုချလိုက်ပြီး စကားလမ်းကြောင်းလွှဲကာ…
"လီကျစ်... အခု ငါ ဒီကို လာတာက မင်းနဲ့ စီးပွားရေးလုပ်ချင်လို့ပါ… ငါ့ကို ဝင်ခွင့်ပြုပါ... မင်းရဲ့ အရောင်မဲ့ဖန်ခွက်တွေကို ငါ ဝယ်ပါ့မယ်…"
လီကျစ်က အေးစက်စက်လေသံဖြင့်…
"မင်းနဲ့ လုပ်စရာ စီးပွားရေး မရှိဘူး… သူ့ကို အပြင်ထုတ်လိုက်…"
လီကျစ်၏ အမိန့်ရသည်နှင့် ကိုယ်ရံတော်များစွာက တုတ်များကိုကိုင်ကာ ရှေ့သို့ထွက်လာပြီး လုဟွာရုံကို စားသောက်ဆိုင်၏အဝင်အပေါက် လှေကားထစ်များပေါ်မှ အတင်းတွန်းထုတ်လိုက်ကြသည်။
လုဟွာရုံသည် လီကျစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီမင်ချယ်ကို ကြည့်ကာ အံကြိတ်လျက် တိတ်ဆိတ်စွာထွက်ခွာသွားသည်။
လီကျစ်က လုဟွာရုံကို မောင်းထုတ်လိုက်သည်ကိုမြင်သောအခါ တတိယထပ် ပြတင်းပေါက်အနီးရှိ ကုန်သည်ကြီးများအားလုံး 'ကျစ် ကျစ်' ဟု အသံပြုကာ လီကျစ်၏ အရှိန်အဟုန်ဖြင့် အာဏာရလာမှုကို ချီးကျူးလိုက်ကြပြီး သူ၏ ဩဇာအာဏာမှာ ယခင်နှင့် လုံးဝ ကွာခြားသွားပြီဖြစ်ကြောင်းပြောဆိုနေကြသည်။ အကယ်၍ ယခင်ကရာထူးမရှိသော လီကျစ်သာဆိုလျှင် လုဟွာရုံ၏ ရှေ့တွင် ဤမျှ ပြတ်သားရဲတင်းနိုင်ပါမည်လား။
ကုန်သည်ကြီးများသည် ပွဲကိုအတန်ကြာ ကြည့်ရှုပြီးနောက် ပြတင်းပေါက်များကို ပိတ်ကာ သူတို့၏ နေရာများသို့ ပြန်ထိုင်ကြလေသည်။
လီကျစ်သည် စားသောက်ဆိုင်၏ တတိယထပ် လှေကားများပေါ်သို့တက်လာစဉ် သူ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေလေသည်။
တတိယထပ် ခန်းမဆောင်အတွင်းသို့ လီကျစ် ဝင်လာသည်ကို မြင်သောအခါ ချမ်းသာသော ကုန်သည်ကြီးများအားလုံး မတ်တတ်ရပ်ကာ သူ့ကို ကြိုဆိုနှုတ်ဆက်ကြလေသည်။
"တပ်မှူးကြီး လီ ရောက်လာပြီ…"
"ဂါရဝပြုပါတယ် သခင်လေး ကျောက်ရှို့"
"တပ်မှူးကြီး ချန်ရှီ... နေကောင်းကျန်းမာရဲ့လား ခင်ဗျာ…"
လီကျစ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ထန်းကျင်းမြို့ရှိ ကုန်သည်ကြီးရှစ်ဦးအနက် ခြောက်ဦးက ကိုယ်စားလှယ်များစေလွှတ်ထားပြီး အချို့မှာ မိသားစုခေါင်းဆောင်များကိုယ်တိုင် လာရောက်ကြသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးရှိ ရွှီမင်ချယ်နှင့် ပေါင်းလိုက်လျှင် လုဟွာရုံ၏ လုမိသားစုမှလွဲ၍ ကျန်ကုန်သည်ကြီးခုနစ်ဦးစလုံး ရောက်ရှိနေကြလေသည်။ လီကျစ်က လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ရာ လီမိသားစုထုတ် အထည်ချောများကို ရောင်းချပေးသော တုန်းမိသားစုမှ တုန်းကျစ်ယီနှင့် သူ့ထံ အယ်လ်ကာလီမှုန့်များ ရောင်းချပေးသော တာဝန်ခံရွှယ်တို့ကိုလည်း တွေ့လိုက်ရသည်။
လီကျစ်က လက်နှစ်ဖက်ကိုယှက်ကာ …
"အားလုံး ထိုင်ကြပါဗျာ…"
စင်မြင့်ပေါ်သို့ တက်သွားပြီးနောက် လီကျစ်က…
"ဒီနေ့ လေလံပွဲရဲ့ စည်းမျဉ်းတွေကို အားလုံးသိပြီးဖြစ်မှာပါ။ ပစ္စည်းတွေကို ဆယ်စုခွဲထားပြီး တစ်စုမှာ တစ်လစာ အရက်ခွက် အစုံငါးဆယ် ပါဝင်ပါတယ်။ အားလုံးက ပစ္စည်းတစ်စုစီအတွက် ဈေးပြိုင်ခေါ်ရမှာဖြစ်ပြီး အမြင့်ဆုံးဈေးပေးတဲ့သူကရမှာပါ။ လေလံအောင်တဲ့သူက ကျွန်တော့်ကို စရန်ငွေအဖြစ် ငွေသျှူးတစ်ရာ အရင်ပေးရမှာဖြစ်ပြီး ကျန်တဲ့ငွေနဲ့ ပစ္စည်းကိုတော့ သတ်မှတ်ထားတဲ့ နေ့မှာ ရှင်းရမှာပါ…"
သူက ခေတ္တရပ်လိုက်ပြီးနောက်…
"ဖန်အရက်ခွက်တွေ ဈေးကွက်ထဲရောက်နေတာ နှစ်ဝက်လောက်ရှိနေပြီဆိုတော့ အားလုံးလည်း ဒီပစ္စည်းအကြောင်း ကြားဖူးပြီးဖြစ်မှာပါ။ ဒီအရက်ခွက်တွေကို ဘယ်လောက်ဈေးနဲ့ ပြန်ရောင်းလို့ရတယ်ဆိုတာကို အားလုံးသိကြတဲ့အတွက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ဈေးခေါ်ကြပါ…"
ထိုသို့ပြောပြီးနောက် လီကျစ်က အစေခံများကို ဖန်အရက်ခွက်အစုံအချို့ ယူလာစေပြီး ၎င်းတို့ထဲသို့ ဆန်အရက်များလောင်းထည့်ကာ ကုန်သည်များ အနီးကပ်လေ့လာနိုင်ရန် ဝေငှပေးလိုက်သည်။
အားလုံးက ဖန်အရက်ခွက်များကို ထပ်မံကြည့်ရှုကြပြီး လူများစွာက အံ့ဩချီးမွမ်းသံများ ထွက်ပေါ်လာကြသည်။
"အရောင်မဲ့ပြီး ပွင့်လင်းမြင်သာနေတာပဲ... ရေခဲလို ကြည်လင်နေတာပဲ…"
"အရောင်ပါတဲ့ ဖန်ခွက်တွေကတော့ ပေါပါတယ်... ဒါပေမဲ့ လေပူဖောင်းလေးတွေ လုံးဝမပါဘဲ ဒီလောက်ကြည်လင်နေတဲ့ ဖန်ခွက်မျိုးက တကယ်ကို ရှားပါးတာပဲ…"
"အနောက်နိုင်ငံက အရိုင်းအစိုင်းတွေတင်သွင်းလာတဲ့ အရောင်မဲ့ဖန်ခွက်တွေကို ကျွန်တော် မြင်ဖူးပါတယ်… ဒါပေမဲ့ လီမိသားစုရဲ့ ဖန်ခွက်တွေထက် အများကြီး ဈေးပိုကြီးတယ်…"
"ဒီဖန်ခွက်ထဲကို ဆန်အရက်လောင်းထည့်လိုက်တော့ ရေခဲခွက်လေးလိုပဲ လှနေတာပဲ…"
အားလုံး၏လက်ထဲတွင် ဖန်ခွက်တစ်လုံးစီရောက်ရှိနေပြီး အသေအချာ ကြည့်ရှုအကဲခတ်ပြီးပြီဖြစ်သည်ကို မြင်သောအခါ လီကျစ်က ရက်ကန်းရုံ တာဝန်ခံကျန်းဟွေ့ကို စင်မြင့်ပေါ်သို့ တက်လာစေပြီး အခမ်းအနားမှူးအဖြစ် လေလံပွဲကို စတင်စေလိုက်သည်။
ဖန်အရက်ခွက်များကို တစ်စုံလျှင် အနိမ့်ဆုံးဈေး ငွေသျှူး သုံးဆယ်မှ စတင်လေလံခေါပြီး တစ်ကြိမ် ဈေးတက်တိုင်း ငွေ ငါးမူး တိုးပေးရမည်ဖြစ်သည်။
"သုံးဆယ့်တစ်သျှူး"
"သုံးဆယ့်တစ်သျှူးခွဲ"
"ကျွန်တော် သုံးဆယ့်နှစ်သျှူး ပေးမယ်…"
ပထမဆုံး ဖန်အရက်ခွက်တစ်စုကို လေလံတင်ရာတွင် အောက်ဘက်ရှိဝယ်သူများသည် အခွင့်အရေးများစွာ ကျန်သေးသည်ဟုထင်ကာ အလွန်သတိထားနေကြသည်။ ဈေးနှုန်းမှာ သုံးဆယ့်ငါးသျှူခွဲသို့ ရောက်သောအခါ မည်သူမျှ ဈေးထပ်မခေါ်တော့သဖြင့် အထည်ရောင်းသော တုန်းမိသားစုက အချောင်ရသွားလေသည်။ တုန်းကျစ်ယီက ဤအရက်ခွက်များကို ရှန်တုန်းပြည်နယ်တွင်ရောင်းချပါက တစ်စုံလျှင် ငွေသျှူး လေးဆယ် သို့မဟုတ် ငါးဆယ်ခန့် ရနိုင်မည်ဟုတွက်ချက်ထားရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့်ဖြစ်နေလေသည်။
ဒုတိယတစ်စုအတွက် ယှဉ်ပြိုင်မှုစတင်လာရာ ဈေးနှုန်းမှာ သုံးဆယ့်ခြောက်သျှူးအထိ တိုက်ရိုက်တက်သွားပြီး နောက်ဆုံးတွင် ယွမ်ရှင်းဟန်း ကုန်သည်အဖွဲ့၏ ပိုင်ရှင် ကျာယွင်ချွဲ က ဒုတိယအရက်ခွက်တစ်စုကို လုယူသွားနိုင်ခဲ့သည်။ ကျာယွင်ချွဲသည် ပင်လယ်ရပ်ခြား ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ပြီး ဇိမ်ခံပစ္စည်းဈေးကွက်ကို အကျွမ်းကျင်ဆုံးဖြစ်ကာ ဇိမ်ခံပစ္စည်းများရောင်းချရန် လမ်းကြောင်းများလည်းရှိလေသည်။ သူက သုံးဆယ့်ခြောက်သျှူးခွဲဖြင့် ရရှိခဲ့သော ဖန်အရက်ခွက်များက သူ့အတွက် ငွေများစွာရှာပေးနိုင်မည်ကို သိရှိထားလေသည်။
တတိယနှင့် စတုတ္ထအစုများအတွက် ဈေးနှုန်းများမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ အဋ္ဌမအစုသို့ ရောက်သောအခါ ဈေးနှုန်းမှာ သုံးဆယ့်ကိုးသျှူးအထိ တက်သွားခဲ့ပြီး နောက်ဆုံးတွင် ကျာယွင်ချွဲ ကပင် အဋ္ဌမအစုကို ထပ်မံရရှိသွားခဲ့သည်။
နဝမနှင့် ဒသမအစုများအတွက် ဈေးနှုန်းများမှာ သုံးဆယ့်ကိုးသျှူးတွင် တည်ငြိမ်သွားလေသည်။
နောက်ဆုံး လေလံပွဲပြီးဆုံးသွားသောအခါ လီကျစ်သည် စရန်ငွေအဖြစ် ငွေသျှူး တစ်ထောင် ရရှိခဲ့ပြီး ဖန်အရက်ခွက် အစုံငါးရာကို ပျမ်းမျှဈေးနှုန်း သုံးဆယ့်ခုနစသျှူးခွဲဖြင့် ရောင်းချနိုင်ခဲ့သည်။ လေလံပွဲရလဒ်များအရ လီကျစ် တွက်ချက်ကြည့်ရာ ဖန်ချက်ရုံ၏ တစ်လတာ အမြတ်ငွေမှာ ငွေသျှူး တစ်သောင်းခုနစ်ထောင်အထိတိုးလာခဲ့သည်။ ဤအမြတ်ငွေမှာ ရက်ကန်းရုံနှင့် ဆပ်ပြာ အလုပ်ရုံတို့၏ အမြတ်ငွေနှစ်ခု ပေါင်းထားသည်နှင့် ခန့်မှန်းခြေ တူညီနေလေသည်။
ဤသည်မှာ လီကျစ်အား အရာများစွာလုပ်ဆောင်နိုင်စေမည့် ကြီးမားသော ကြွယ်ဝချမ်းသာမှုကြီးတစ်ခုပင် ဖြစ်လေသည်။
***