လီကျစ် စိတ်လှုပ်ရှားနေဆဲဖြစ်စဉ် ယွမ်ရှင်းဟန်း ကုန်သည်အဖွဲ့၏ပိုင်ရှင် ကျာယွင်ချွဲ ရောက်ရှိလာပြီး…
"တပ်မှူးကြီးလီ... ခင်ဗျားရဲ့ စီးပွားရေးက တကယ်ကို ကြီးကျယ်တာပဲ…"
"ဆရာကျာ... ခင်ဗျားလည်း အရက်ခွက်နှစ်စု ဝယ်သွားတယ်ဆိုတော့ ငွေအတော်များများ ရမှာသေချာတာပေါ့…"
ကျာယွင်ချွဲက
"ဒီ ဖန်ခွက်နှစ်စုကနေရမယ့် အကြွေစေ့လေးတွေက တပ်မှူးကြီးလီရဲ့ အမြတ်အစွန်းတွေနဲ့ ယှဉ်လိုက်ရင် တကယ်ကိုဘာမှမဟုတ်ပါဘူးဗျာ… ထန်းကျင်းမြို့မှာ ကုန်သည်ကြီးရှစ်ဦး ရှိတယ်လို့ လူတိုင်းပြောနေကြပေမယ့် ကျွန်တော့်အထင်တော့ အဲဒီစကားကို ကုန်သည်ကြီးကိုးဦး လို့ ပြောင်းသင့်နေတာ ကြာပြီ"
ကျာယွင်ချွဲသည် ပင်လယ်ရပ်ခြားကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ပြီး နှစ်စဉ် အမြတ်အစွန်းများစွာ ရရှိနေသူဖြစ်ရာ ဖန်အရက်ခွက် နှစ်စုရောင်းချရခြင်းမှရရှိမည့် အမြတ်ငွေမှာ သူ့အတွက် ကြီးမားသောကိစ္စမဟုတ်ကြောင်း လီကျစ် သိထားလေသည်။
ပင်လယ်ကူးသင်္ဘောများကို သတိရသွားသဖြင့် လီကျစ်က ခပ်ပေါ့ပေါ့ပင်…
"ဆရာကျာက ပင်လယ်ထွက်ပြီး ငွေအကြီးအကျယ်ရှာနေတာပဲ။ ကိုယ်ပိုင်သင်္ဘောတွေ တည်ဆောက်ထားတာလား"
လီကျစ် မေးသည်ကို မြင်သောအခါ ကျာယွင်ချွဲ ခေတ္တမျှ စဉ်းစားလိုက်ပြီး…
"တပ်မှူးကြီးလီကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်သင်္ဘောတွေကို ကျွန်တော် ကိုယ်တိုင်ငှားရမ်းထားတဲ့ သင်္ဘောလက်သမားတွေက တည်ဆောက်ပေးတာပါ။ ခင်ဗျားကရော ပင်လယ်ရပ်ခြား ကုန်သွယ်ရေးလုပ်ငန်းထဲ ဝင်ချင်လို့ မေးနေတာလား"
ချုံကျန်းမင်းဆက်ကာလအတွင်း မင်အင်ပါယာသည် ပင်လယ်ပြင်ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံခြားသို့ထွက်ခွာခွင့်ပြုသော သင်္ဘောအရေအတွက်ကိုမူ ကန့်သတ်ထားဆဲဖြစ်သည်။ ပင်လယ်ရပ်ခြားကုန်သွယ်ရေးရုံးမှ 'သင်္ဘောခွင့်ပြုချက်' ရရှိသော ရေကြောင်းကုန်သည်များသာ ဖူကျန့်ပြည်နယ်၊ ယွဲ့ကန်းဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံခြားသို့ထွက်ခွာခွင့်ရှိသည်။ နှစ်စဉ်ဤကဲ့သို့သော ခွင့်ပြုချက် အစောင်တစ်ရာခန့်သာထုတ်ပေးလေ့ရှိပြီး ၎င်းတို့အားလုံးကို အဆက်အသွယ်အကောင်းဆုံး ကုန်သည်များကသာ လုယက်ရယူသွားကြလေသည်။ ပင်လယ်ထွက်လိုသော်လည်း ပင်လယ်ရပ်ခြား ကုန်သွယ်ရေးရုံးနှင့် အဆက်အသွယ်မရှိသော ရေကြောင်းကုန်သည်အများအပြားမှာ မှောင်ခိုကုန်သွယ်ခြင်းကိုသာ အားထားကြရလေသည်။
သို့ရာတွင် မှောင်ခိုသင်္ဘောများကို အာဏာပိုင်များက ပင်လယ်ဓားပြသင်္ဘောများအဖြစ် သတ်မှတ်ထားပြီး ဒေသတွင်းအဆက်အသွယ်မရှိဘဲ ဤကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်ရန်မှာမဖြစ်နိုင်ပေ။ ကျာယွင်ချွဲသည် ထန်းကျင်းမြို့၏ ရေကြောင်းကာကွယ်ရေး ကိစ္စရပ်များကိုပါ စီမံခန့်ခွဲရသော စစ်ဘက်ရေးရာ ကြိုတင်ပြင်ဆင်မှုဆိုင်ရာတာဝန်ခံအမတ်၏ တူဖြစ်ရာ ကျာယွင်ချွဲသည် ထန်းကျင်းမြို့မှ ယုံကြည်မှုရှိရှိ ပင်လယ်ထွက်ခွင့် ရရှိနေခြင်းဖြစ်သည်။
သာမန် စစ်ဘက်အမတ်ကြီးတစ်ပါးအနေဖြင့် လီကျစ်သည် ဖန့်ကျားရွာကိုသာ တာဝန်ယူရသဖြင့် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်မှာ လက်ရှိအချိန်တွင် မဖြစ်နိုင်သေးပေ။ လီကျစ်က စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းခဲ့ခြင်းဖြစ်သည်။
လီကျစ်က ပြုံးကာ
"အကယ်လို့ နောင်တစ်ချိန်ကျရင် ကျွန်တော်သင်္ဘောတွေ တည်ဆောက်ချင်လာရင် ဆရာကျာ့ကို သင်္ဘောလက်သမားတချို့နဲ့မိတ်ဆက်ပေးဖို့ အကူအညီတောင်းရမှာပဲ…"
ကျာယွင်ချွဲသည် လီကျစ်ကို သေသေချာချာအကဲခတ်ကြည့်ရှုလိုက်ပြီး မောက်မာစွာ ပြုံးလျက်…
"တပ်မှူးကြီးလီအတွက် သင်္ဘောတည်ဆောက်ဖို့ကလွယ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ထွက်နိုင်မလား… မထွက်နိုင်ဘူးလား… ဆိုတာကတော့ တခြားကိစ္စတစ်ခုပေါ့။ ပင်လယ်ပြင်ပေါ်ကကိစ္စတွေက အဲဒီလောက်မရိုးရှင်းဘူးဗျ။ ဒါပေမဲ့ တပ်မှူးကြီးလီ သင်္ဘောတည်ဆောက်ဖို့လိုအပ်လာရင် ကျွန်တော့်ဆီသာလာခဲ့ပါ"
***
ဖန်လုပ်ငန်းမှ ကြီးမားသောကြွယ်ဝချမ်းသာမှုများကို ရရှိပြီးနောက် လီကျစ်သည် စစ်သည်များ စုဆောင်းရန်အတွက် ဖန့်ကျားရွာတွင် ဆေးစစ်သည့်တဲများကို ထပ်မံဆောက်လုပ်လေသည်။
ဤတစ်ကြိမ်တွင် လီကျစ်သည် ကိုယ်ရံတော်စစ်သည်နှစ်ထောင်ခန့် ထပ်မံစုဆောင်းရန် ရည်ရွယ်ထားသည်။
ရူပြည်နယ်တိုက်ပွဲက ဤကစဉ့်ကလျားခေတ်ကြီးတွင် တပ်ဖွဲ့တစ်ခုရှိနေခြင်းက အရေးကြီးဆုံးအရာဖြစ်ကြောင်း လီကျစ်ကို နားလည်သဘောပေါက်စေခဲ့သည်။ အင်အားတောင့်တင်းသော တပ်ဖွဲ့ရှိနေပါက ပြည်နယ်ဘုရင်ခံများ တပ်မှူးကြီးများနှင့် စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးများပင်လျှင် သူ့ကိုလေးစားကြလိမ့်မည်။ ခုတ်ယူလာသော ရန်သူ့ခေါင်းအားလုံးကို မိမိတစ်ယောက်တည်းမယူနိုင်ဘဲ အချို့ကို အခြားသောအဆင့်မြင့် စစ်ဘက်အရာရှိများနှင့် ခွဲဝေရမည်ဖြစ်သော်လည်း… စစ်ရေးအောင်မြင်မှုများကို စုဆောင်းကာ ရာထူးတဖြည်းဖြည်း မြင့်တက်လာရန်မှာ ဖြစ်နိုင်သေးသည်။
မင်မင်းဆက်၏ စစ်ဘက်အမတ်များသည် လီကျစ်၏ ချဉ်းကပ်ပုံကို သဘောမတူကြဘဲ သူသည် ငွေကြေးဖြင့် အင်အားတောင့်တင်းသော တပ်ဖွဲ့ကိုတည်ဆောက်နေပြီး အလွန်တရာ ဖြုန်းတီးလွန်းသည်ဟုယူဆကြသော်လည်း သူတို့သည် ဤအရာများကိုမသိကြပေ။ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် လီကျစ်အတွက် ငွေရှာရန်မှာသိပ်မခက်ခဲလှဘဲ ငွေသုံးဖြုန်းခြင်းမှာလည်း မိုက်မဲခြင်းမဟုတ်ပေ။
စစ်သည်များ ပိုမိုများပြားလာပြီး ရာထူးတဖြည်းဖြည်းမြင့်တက်လာသရွေ့ လီကျစ်သည် အစစ်အမှန် အာဏာကိုရရှိလာမည်ဖြစ်ကာ သူ၏ ပိုင်ဆိုင်မှုများကိုကာကွယ်နိုင်ပြီး ငွေများများ ပိုမိုရှာဖွေနိုင်မည်ဖြစ်သည်။
ထို့အပြင် မင်မင်းဆက်နှောင်းပိုင်းကာလ၏ မြို့တော်နယ်မြေသည် မန်ချူးများ မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသော အန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည်။ မန်ချူးများက မြို့တစ်မြို့ကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပါက သွေးချောင်းစီးလေ့ရှိသည်။ မြို့တော်နယ်မြေ၏ အရှေ့ဘက်တွင် တည်ရှိသော ထန်းကျင်းမြို့သည် သဘာဝကျကျပင် လုံခြုံသောနေရာတစ်ခု မဟုတ်ပေ။ မိမိကိုယ်ကို ကာကွယ်ရန်အမြင်အရ လီကျစ်သည် အင်အားတောင့်တင်းသော စစ်သည်များကို အမြန်ဆုံး လေ့ကျင့်ပေးရန် လိုအပ်နေသည်။
လီကျစ်သည် သူ၏ တိုးချဲ့ရေးအစီအစဉ်များကို ပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့ထံ ထပ်မံသတင်းပို့လေသည်။ ဤတစ်ကြိမ်တွင် ဟယ်ရှီရှို့သည် လုပ်ငန်းစဉ်များနှင့် ရင်းနှီးနေပြီဖြစ်ရာ ချုံကျန်းမင်းမြတ်ထံသို့ သဝဏ်လွှာကိုတိုက်ရိုက်ပေးပို့လိုက်ပြီး ချုံကျန်းမင်းမြတ်၏ အတည်ပြုချက်ကို အမြန်ဆုံးရရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လီကျစ်သည် ရူပြည်နယ် တိုက်ပွဲ၏ သူရဲကောင်းတစ်ဦးဖြစ်ပြီး ချုံကျန်းမင်းမြတ် အနီးကပ်စောင့်ကြည့်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ကြွယ်ဝချမ်းသာမှုများကိုအသုံးပြု၍ တပ်ဖွဲ့တစ်ခုကို တည်ထောင်နေသော ဤကဲ့သို့သော သစ္စာရှိတပ်မှူးကြီးတစ်ဦးအတွက် ချုံကျန်းမင်းမြတ်သည် တံခါးများအားလုံး ဖွင့်ပေးထားလေသည်။
လီကျစ်၏ စစ်သည်များသည် များစွာသောခံစားခွင့်များရရှိကြပြီး ပထမ ကိုယ်ရံတော် နှစ်ထောင်သည် ယခုအခါ ချမ်းသာကြွယ်ဝနေကြပြီဖြစ်ရာ… ဤအချက်ကို မိုင်ဆယ်နှင့်ချီ၍ ဝန်းရံနေသော ဒေသခံများအားလုံးသိရှိနေကြသည်။ ဒုတိယအကြိမ် စစ်သည်သစ် စုဆောင်းခြင်း ကြေညာချက်ကို ကပ်လိုက်သောအခါ လီကျစ်၏ တပ်ဖွဲ့ထဲသို့ ဝင်ရောက်ကာ တစ်လလျှင် ငွေ ၃သျှူး ရရှိပြီး ထမင်းစားတိုင်းအသားစားရမည့် စစ်သည်များဖြစ်လာရန် မျှော်လင့်ချက်ဖြင့် လူသောင်းနှင့်ချီ၍ ဖန့်ကျားရွာသို့ ချက်ချင်း အုံခဲရောက်ရှိလာကြလေသည်။
ဆေးစစ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို စနစ်တကျပြုလုပ်ခဲ့သည်။ ချုံကျန်းမင်းဆက် ရှစ်နှစ်မြောက်၊ ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့တွင် လီကျစ်သည် နှစ်သစ်ကူးမတိုင်မီ ကိုယ်ရံတော် နှစ်ထောင်ကို အောင်မြင်စွာစုဆောင်းနိုင်ခဲ့သည်။ စစ်သည်သစ် ကိုယ်ရံတော် နှစ်ထောင်ဖြင့် ဖော်လု တပ်ဖွဲ့ဟုခေါ်သော တပ်ဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး လီကျစ်၏ ညီဖြစ်သူ လီရှင်းက တပ်မှူးအဖြစ်တာဝန်ယူလေသည်။ လီကျစ်သည် ဖော်လုတပ်ဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံကို တည်ဆောက်ရန်အတွက် ရှေ့ပြေးတပ်ဖွဲ့မှ ထူးချွန်သောအရာရှိများနှင့် စစ်သည်များကို ရွေးချယ်ကာ ဖော်လုတပ်ဖွဲ့တွင် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။
ဖန့်သတိယ သည် ဖော်လုတပ်ဖွဲ့မှ စစ်သည်သစ်တစ်ဦး ဖြစ်သည်။
သူသည် မူလက ဖန့်ကျားရွာ၏ အနောက်ဘက်ရှိ ဖန့်မိသားစုရွာမှ သာမန်အရပ်သားတစ်ဦး ဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ဖန့်ကျားရွာတွင် ကိုယ်ရံတော်များစုဆောင်းနေကြောင်း မြို့ထဲတွင် ကြေညာချက်ကပ်ထားသည်ကို စာတတ်ပေတတ် ရွာသားတစ်ဦးထံမှ ကြားသိခဲ့ရသည်။ ဖန့်ကျားရွာ၏ ကိုယ်ရံတော်ဆိုသည်မှာ မည်မျှလိုလားတောင့်တဖွယ်ကောင်းသော ရာထူးတစ်ခုနည်း။ ဖန့်ကျားရွာရှိ စစ်သည်များသည် တစ်နေ့လျှင် ထမင်းသုံးနပ် အဝစားရပြီး ထမင်းစားတိုင်း အသားပါဝင်သည့်အပြင် တစ်လလျှင် ငွေ ၃သျှူး ရရှိကြောင်း သတင်းအချက်အလက် ကျယ်ပြန့်စွာ သိရှိထားသော ရွာသားများထံမှ သူ ကြားသိခဲ့ဖူးသည်။ ဤသည်မှာ လက်လွတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခုပင်။
ဖန့်ကျားရွာမှ ကိုယ်ရံတော်များသည် စစ်တိုက်ထွက်ရလေ့ရှိသော်လည်း အမြဲတမ်း ကြီးကျယ်သောအောင်ပွဲများရရှိကြပြီး တိုက်ပွဲတွင် တစ်စုံတစ်ယောက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းဟူသော သတင်းများ မကြားရဖူးပေ။
ဖန့်သတိယ၏ အစ်မဖြစ်သူမှာ အိမ်ထောင်ကျသွားပြီဖြစ်ပြီး သူ့တွင် အစ်ကိုတစ်ယောက်နှင့် ညီတစ်ယောက် ရှိသည်။ သူတို့မိသားစုတွင် ယာမြေ သုံးဆယ့်သုံးမူးသာရှိရာ အရွယ်ရောက်ပြီးသော ယောက်ျားသုံးယောက် အိမ်ထောင်ပြုရန်အတွက် လုံလောက်မည်မဟုတ်ကြောင်း ထင်ရှားနေသည်။ ဖန့်သတိယသည် ထွက်ပေါက်တစ်ခုရှာဖွေရန် အလွန်အမင်းလိုအပ်နေသည်။ ဖန့်ကျားရွာတွင် စစ်သည်သစ်စုဆောင်းနေကြောင်း သတင်းကိုကြားသည်နှင့် ဖန့်သတိယသည် သူ၏ရွာမှ အခြားလူငယ်ဆယ်ဦးခန့်နှင့်အတူ ချက်ချင်းသွားရောက်စာရင်းသွင်းခဲ့သည်။ ဆေးစစ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဖန့်သတိယ တစ်ဦးတည်းသာ အရွေးခံခဲ့ရသည်။
သူသည် ငယ်စဉ်ကတည်းက ကျန်းမာရေးကောင်းမွန်ပြီး ကြက်မျက်သင့်ရောဂါ မရှိသည့်အပြင် ရိုးသားဖြောင့်မတ်သူဖြစ်ရာ ဖန့်ကျားရွာ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီနေလေသည်။
ဖန့်သတိယ အရွေးခံရကြောင်း သတင်းပျံ့နှံ့သွားသောအခါ ဖန့်မိသားစုရွာ တစ်ရွာလုံးက ဖန့်သတိယ၏အိမ်သို့ လာရောက်ဂုဏ်ပြုကြလေသည်။ ဖန့်သတိယ၏ ဖခင်သည် အလွန်ဝမ်းသာသွားပြီး ငွေ ၃သျှူး ချေးယူကာ အိမ်တံခါးဝတွင် စားပွဲနှစ်ခုံဖြင့်စားသောက်ပွဲ ကျင်းပပြီး တစ်ရွာလုံးကို ဖိတ်ကျွေးလေသည်။
ရွာထဲရှိ လူတိုင်းသည်စားသောက်ပွဲသို့ ဝမ်းသာအားရ လာရောက်စားသောက်ကြပြီး ဖန့်သတိယ တစ်ယောက် နန်းတွင်းစာမေးပွဲ အောင်မြင်ကာ ပညာတတ်တစ်ဦး ဖြစ်သွားသည့်အလား ပျော်ရွှင်နေကြလေသည်။
ဖန့်သတိယ၏ ဖခင်က စားသောက်ပွဲအတွက် ကုန်ကျသော ငွေ သုံးသျှူး ဖန့်သတိယက နောင်တွင်ပြန်ဆပ်ရမည်ဟု အားနာမှုကင်းမဲ့စွာဖြင့် ဖန့်သတိယကို ပြောလေသည်။ ဖန့်သတိယတွင် အကြွေးပြန်ဆပ်ရန် ငွေရှိမည်ကိုသိသောကြောင့်သာ အခြားသူများက ဖန့်မိသားစုကို ငွေ ၃ သျှူး ချေးပေးခဲ့ခြင်းဖြစ်သည်။
နှစ်ရက်အကြာတွင် ဖန့်သတိယ၏ ဖခင်သည် ရွာထဲမှ နောက်ထပ် ငွေ ၄ သျှူး ထပ်ချေးကာ မိသားစုဝင် ငါးဦးအတွက် သင့်လျော်သော ဂွမ်းထည်အင်္ကျီသစ်တစ်စုံစီ ချုပ်လုပ်ပေးခဲ့ပြီး ဤငွေကိုလည်း ဖန့်သတိယက နောင်တွင်ပြန်ဆပ်ရမည်ဟု ပြောလေသည်။
ယခုအခါ ဖန့်မိသားစုသည် ဖန့်သတိယကို သူဌေးတစ်ဦးကဲ့သို့ ဆက်ဆံနေကြပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက တစ်လလျှင် ငွေ ၃သျှူး ရှာနိုင်ပြီမဟုတ်လော။ ထိုခေတ်အခါက ခြိုးခြိုးခြံခြံ သုံးစွဲမည်ဆိုလျှင် လူတစ်ဦး၏ တစ်လစာ စားဝတ်နေရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မှာ ငွေ ခုနစ်မူး သို့မဟုတ် ရှစ်မူးခန့်သာရှိရာ ငွေ ၃သျှူး ဆိုလျှင် လူလေးဦးကို ကျွေးမွေးစောင့်ရှောက်နိုင်လေသည်။ ဖန့်သတိယမှာ လူပျိုတစ်ဦးဖြစ်ပြီး တပ်ဖွဲ့တွင် စားစရာ၊ နေစရာ အားလုံး စီစဉ်ပေးထားရာ ငွေ ၃သျှူး ကို သူ ဘယ်လိုများ သုံးပစ်နိုင်မည်နည်း။
ဖန့်သတိယသည်ပြုံးကာ ဤအကြွေးများကို သဘောတူလိုက်ရုံသာရှိတော့သည်။ ဖန့်ကျားရွာရှိ လီမိသားစုမှ ကိုယ်ရံတော်အဖြစ်အရွေးခံရခြင်းမှာ ကြီးမားလှသော ကံကောင်းမှုတစ်ခုဖြစ်ရာ မိသားစုကိုပျော်ရွှင်စေရန်အတွက် ငွေအနည်းငယ် မသုံးစွဲရန် အကြောင်းပြချက် မရှိနိုင်ပေ။
အိမ်တွင် လဝက်ခန့် ပျော်ရွှင်စွာ နေထိုင်ပြီးနောက် ဖန့်သတိယသည် မိသားစုကို နှုတ်ဆက်ကာ ဖန့်ကျားရွာသို့ သတ်မှတ်ထားသည့်အတိုင်း သတင်းပို့ရန် သွားရောက်လေသည်။
သူ့ကို ဖော်လုတပ်ဖွဲ့၊ ပထမတပ်ခွဲ၊ တတိယတပ်စု၊ တတိယအဖွဲ့၊ ပထမတပ်စိတ်တွင် တာဝန်ချထားပေးသည်။ သူ သတင်းပို့သောနေ့တွင် တပ်စုမှူးက သူ့နာမည်ထွင်းထုထားသော သစ်သား ခါးဆွဲကတ်ပြားတစ်ခုကို ထုတ်ပေးလေသည်။
ခါးဆွဲကတ်ပြားကို ကိုင်ဆောင်လျက် ဖန့်သတိယသည် သူ၏ တပ်စိတ်မှူးနောက်သို့ လိုက်ကာ စစ်တန်းလျားသို့ သွားရောက်ပြီး ခရီးဆောင်အိတ်များကို နေရာချထားလေသည်။ ဖန့်သတိယ၏ တပ်စိတ်မှူးမှာ ကျန်းချုံ ဟု အမည်ရပြီး အလွန်သန်မာသော ဝါရင့်စစ်သည်တစ်ဦးဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် ကျန်းချုံသည် ဖန့်သတိယကို စကားတစ်ခွန်းမျှမပြောဘဲ စစ်သည်သစ် ဖန့်သတိယကို အထင်သေးနေပုံရလေသည်။
စစ်တန်းလျားများကို မြို့၏တောင်ဘက်တွင် တည်ဆောက်ထားပြီး ကြီးမားသော အိပ်ခန်းများပါဝင်ကာ တစ်ဖွဲ့လျှင် အခန်းတစ်ခန်းနှုန်းဖြင့် အခန်းတစ်ခန်းတွင် နှစ်ထပ်ကုတင် လေးလုံးစီရှိလေသည်။ အိပ်ခန်း ငါးခန်းတိုင်းအတွက် အများသုံးရေချိုးခန်းနှင့် အိမ်သာတစ်ခုစီ ရှိသည်။ ရေချိုးခန်းတွင် အခမဲ့ ဆပ်ပြာနှင့် ရေနွေးများ ထားရှိပေးထားသည်။ တပ်စိတ်မှူး ကျန်းချုံသည် စစ်တန်းလျားသို့ရောက်မှသာ ဖန့်သတိယအား စစ်သည်သစ်များသည် စခန်းအတွင်းသို့ ဝင်ရောက်သည်နှင့် ရေချိုးခန်းတွင် ချက်ချင်းရေချိုးရမည်ဖြစ်ပြီး ထို့နောက် ဆောင်းရာသီတွင် သုံးရက်လျှင် တစ်ကြိမ်၊ နွေဦး၊ ဆောင်းဦးနှင့် နွေရာသီတို့တွင် နေ့စဉ် ရေချိုးရမည်ဖြစ်ကြောင်း ပြောပြလေသည်။