ဖန်းဆန်သည် သူ၏အထုပ်အပိုးများချထားရန် အလွတ်ဖြစ်နေသော ခုတင်တစ်လုံးကို အမြန်ရှာလိုက်သည်။ ထို့နောက် သူ့အားဝေပေးထားသော သစ်သားဇလုံကိုကိုင်ကာ ရေချိုးဆောင်သို့သွား၍ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမသုံးဖူးသည့် အံ့ဖွယ်ဆပ်ပြာဖြင့် အလွန်တရာ သက်တောင့်သက်သာရှိသော ရေနွေးချိုးခြင်းကို ခံစားလိုက်သည်။
ညနေခင်းရောက်သောအခါ ဖန်းဆန်နှင့် အခြားစစ်သည်သစ် ခြောက်ဦးတို့သည် ၎င်းတို့၏ တပ်ကြပ်နောက်မှလိုက်ကာ ဖိုလုတပ်ဖွဲ့၏ စားသောက်ဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။
စစ်သည်များ၏ စားသောက်ဆောင်မှာ အလွန်ကျယ်ဝန်းလှပြီး ပထမစားသောက်ဆောင်မှ ဒသမစားသောက်ဆောင်အထိ အပိုင်းဆယ်ပိုင်း ခွဲခြားထားသည်။
တပ်ကြပ်ကျန်ချုံးက ဖန်းဆန်အပါအဝင် ပြင်ပကမ္ဘာကိုမမြင်ဖူးကြသည့် ဤတောသားများကို အထင်အမြင်သေးနေသည်။ သူသည် စားသောက်ဆောင်သို့သွားရာ လမ်းတစ်လျှောက်လုံး ဘာစကားတစ်ခွန်းမှမဟဘဲ သတ္တမစားသောက်ဆောင်သို့ရောက်မှသာ လိုအပ်သည်များကို အနည်းငယ် ညွှန်ကြားပြသပေးလေသည်။
တပ်ကြပ်၏ ညွှန်ကြားချက်အတိုင်း ဖန်းဆန်က သတ္တမစားသောက်ဆောင်ရှိ အစားအသောက်ထုတ်ယူရာ ပြတင်းပေါက်တွင် သူ၏ ခါးချိတ်သစ်သားပြားကို ပြသလိုက်သည်။ ထမင်းချက်က ဖန်းဆန်အတွက် ညစာအဖြစ် သုံးလျန်ခန့်ရှိသော ဝက်ဆီဖတ်အသားတစ်ခု၊ ပြုတ်ထားသော မုန်ညင်းဖြူဟင်းရည်နှင့် အဝစားနိုင်သော ဆန်ဖြူထမင်းတို့ကို ပေးလိုက်သည်။
အသားမှာ အနီနှင့်အဖြူ တစ်လှည့်စီရှိနေသော ဝက်ဆီဖတ်ဖြစ်ပြီး ထမင်းမှာလည်း စပါးခွံအဖျင်းအမှိုက်များ လုံးဝမပါသည့် ဆန်ဖြူထမင်း ဖြစ်သည်။
နှစ်သစ်ကူးပွဲတော်ရက်များမှလွဲ၍ ဤသည်မှာ ဖန်းဆန်တစ်ယောက် အသားရော ဟင်းသီးဟင်းရွက်ပါပါဝင်သော အစားအစာကို ဗိုက်အပြည့်အဝစားရခြင်းပင်ဖြစ်သည်။ သူသည် ဤမျှအရသာရှိသော အစားအစာကို တစ်ခါမှမစားဖူးသည့်အလား အငမ်းမရ စားသောက်တော့သည်။
ထမင်းတစ်ပန်းကန်ကုန်သွားပြီးနောက် ဖန်းဆန်ကနောက်တစ်ပန်းကန် ထပ်မံတောင်းယူခဲ့ကာ သူ၏ဗိုက် ကားထွက်လာမှသာ စားခြင်းကို ရပ်တန့်လိုက်သည်။
ဗိုက်ပြည့်သွားသောအခါ ဖန်းဆန်တစ်ယောက် တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားကာ နေလို့ထိုင်လို့ ကောင်းသွားသည်။
အခြားသော စစ်သည်များမှာလည်း ဆင်းရဲနွမ်းပါးသည့်နောက်ခံမှ လာကြသူများ ဖြစ်သောကြောင့် သူတို့လည်း ထမင်းနှင့် အသားဟင်းများကို အငမ်းမရစားသောက်နေကြပြီး ကျေနပ်အားရစွာဖြင့် အသံများပင် ထွက်ပေါ်နေကြသည်။
တပ်ကြပ် ကျန်ချုံးကမူ ထမင်းတစ်ဝက်ခန့်သာစားပြီးနောက် ထိုနေရာတွင် ထိုင်လျက် ခေါင်းငုံ့ကာ စားသောက်နေကြသော တပ်သားသစ်များကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်နေလေသည်။
ညစာစားပြီးနောက် အိပ်ဆောင်သို့ပြန်ရောက်သောအခါ ကျန်ချုံးက စကားတစ်ခွန်းမှ ပိုမပြောတော့ဘဲ တပ်သားသစ်များကို သတ်မှတ်ထားသောအချိန်တွင် အိပ်ရာဝင်ကြရန်သာ ပြောလိုက်သည်။ အကယ်၍မအိပ်ဘဲ အသံဆူညံအောင် လုပ်သူရှိပါက သေဒဏ်ပေးခံရမည်ဟုလည်း သတိပေးလိုက်သေးသည်။
သူ၏စကားကြောင့် တပ်သားသစ်များမှာ ကြောက်လန့်သွားကြပြီး မိမိတို့၏ ခုတင်များပေါ်တွင် အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ငြိမ်သက်စွာ လှဲလျောင်းနေကြတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် တပ်သားသစ်များသည် စားသောက်ဆောင်၌ ကြက်ဥ၊ ချဉ်ဖတ်နှင့် ဆန်ပြုတ်တို့ဖြင့် နံနက်စာစားသုံးပြီးနောက် တပ်ကြပ်က သူတို့ကို မြို့ပြင်ရှိ လေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျန်ချုံးက တန်းစီထားသော လူအုပ်၏ ရှေ့ဆုံးတွင်ရပ်လိုက်ပြီး တောသားများနှင့်တူသော စစ်သည်သစ်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"မင်းတို့အားလုံးက စစ်သည်သစ်တွေဖြစ်လို့ ဘာမှနားမလည်ကြသေးဘူး။ ဒါပေမဲ့ မကြာခင်မှာ မင်းတို့ နားလည်လာလိမ့်မယ်"
"ငါ ဒီတပ်ကြပ်ရာထူးကိုရဖို့ အချိန်ဘယ်လောက်တောင် ပေးခဲ့ရလဲဆိုတာ မင်းတို့ သိကြလား"
"ကျွန်တော်တို့ မသိပါဘူး"
စစ်သည်သစ်များက တစ်ယောက်ပြီးတစ်ယောက်ခေါင်းခါပြကြရာ ကျန်ချုံးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါ တစ်နှစ်နဲ့လေးလ အချိန်ယူခဲ့ရတယ်။ အဲဒီ တစ်နှစ်နဲ့လေးလအတွင်းမှာ ငါ ပစ်မှတ်လေ့ကျင့်ရေးကို အကြိမ်ပေါင်း လေးရာ့ရှစ်ဆယ်လုပ်ခဲ့တယ်။ ခြေလှမ်းတစ်ရာအကွာကနေ ပစ်မှတ်ကို အကြိမ်တိုင်းထိမှန်အောင် ပစ်နိုင်ခဲ့တယ်။ တိုက်ပွဲနှစ်ကြိမ်မှာလည်း ပါဝင်ခဲ့တယ်။ ဓားပြရှစ်ယောက်ကိုသတ်ခဲ့ပြီး အဲဒီအထဲက သုံးယောက်က ဓားပြခေါင်းဆောင်တွေပဲ။ ဒါကြောင့်မလို့ ငါ အခုလို မင်းတို့ရဲ့ တပ်ကြပ်နေရာကို ရောက်လာတာပဲ"
ကျန်ချုံး၏ အောင်မြင်မှုများကိုကြားရသောအခါ စစ်သည်သစ်များက သူ့ကို ကြည့်သည့်အကြည့်များပြောင်းလဲသွားကာ လေးစားအားကျသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။
ဓားပြရှစ်ယောက်ကိုသတ်ခဲ့သည်ဆိုတော့ သူက ဘယ်လောက်တောင် စွမ်းဆောင်နိုင်စွမ်းရှိလိုက်မည်နည်း။
ကျန်ချုံးက စစ်သည်သစ် ခုနစ်ဦးရှေ့တွင် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့်…
"ထမင်းဝဝစားရတယ်… အသားဟင်းစားရတယ်… ပြီးတော့ လစဉ်လစာငွေလည်း အများကြီးရတဲ့ ဒီဘဝက ကောင်းရဲ့လား"
ထို့နောက် ကျန်ချုံးက သူ၏မေးခွန်းကို ကိုယ်တိုင်ပြန်ဖြေလိုက်သည်။
"ဒီဘဝက အရမ်းကောင်းတာပေါ့။ ဒါပေမဲ့ ဒီထက်ပိုပြီး ကောင်းလာနိုင်ဦးမလား"
"ဒီထက်ပိုပြီး သေချာပေါက် ကောင်းလာနိုင်သေးတယ်" ဟု ကျန်ချုံးက အသံကျယ်ကျယ်ဖြင့် ထပ်မံပြောဆိုလိုက်သည်။
"မင်းတို့အနေနဲ့ ကြိုးကြိုးစားစားလေ့ကျင့်မယ်… စစ်သည်သစ်ကာလ ပြီးဆုံးသွားတဲ့အခါ ပစ်မှတ်လေ့ကျင့်ရေးကို အလေးအနက်ထားမယ်… တိုက်ပွဲတွေမှာလည်း ပုံမှန်စွမ်းဆောင်ရည်မျိုး ပြသနိုင်မယ်ဆိုရင်… နှစ်နှစ် သုံးနှစ်လောက်အတွင်းမှာ မင်းတို့တစ်ယောက်ချင်းစီက ငါ့လိုပဲ စစ်သည်ခုနစ်ယောက်ကို ဦးဆောင်ရတဲ့ တပ်ကြပ်တွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ လစဉ် လစာငွေ လေးသျှူးအထိ ရရှိနိုင်လိမ့်မယ်"
"အခုဆိုရင် ငါက တပ်မှူးဆီကနေ ငွေချေးပြီး ငါ့ကိုယ်ပိုင် နှစ်ထပ်အိမ်ကြီးတစ်လုံးတောင် ဝယ်ထားပြီးပြီ။ အခုဆို ငါ့မှာ ကိုယ်ပိုင်အိမ်ရှိနေပြီ။ ငါ ကြွားပြောတာမဟုတ်ဘူးနော်။ အောင်သွယ်တော်တွေက ငါ့အိမ်တံခါးဝမှာ လာစောင့်နေကြလွန်းလို့ တံခါးခုံတောင်ပွန်းပဲ့နေပြီ။ မိန်းမရွေးရလွန်းလို့ ငါ့မှာ ခေါင်းတောင်ကိုက်နေရတယ်"
"မင်းတို့သာ အမိန့်ကိုနာခံမယ်ဆိုရင် ငါရရှိထားတဲ့ အရာအားလုံးကို မင်းတို့လည်း ရနိုင်တယ်"
ကျန်ချုံး၏ စိတ်ဓာတ်တက်ကြွဖွယ်စကားများကို ကြားရသောအခါ စစ်သည်သစ် ခုနစ်ဦးစလုံးမှာ ၎င်းတို့၏ အနာဂတ် လင်းလက်တောက်ပနေပြီဟု ခံစားလိုက်ကြရသည်။
အမိန့်ကို နာခံသရွေ့ ကောင်းမွန်သောဘဝတစ်ခုက သူတို့ကို လက်ယပ်ခေါ်နေသကဲ့သို့ ရှိနေသည်။
စစ်သည်သစ်များသည် ရင်ကော့လိုက်ကြပြီး မတ်မတ်ရပ်ကာ အသင့်အနေအထား ပြင်လိုက်ကြသည်။
အချို့သောစစ်သည်သစ်များမှာ အလွန်အမင်းဆင်းရဲနွမ်းပါးသည့်နောက်ခံမှ လာကြသူများဖြစ်ရာ ယခုအခိုက်အတန့်တွင် ကျန်ချုံး ပြောပြနေသော လှပသည့် အနာဂတ်အကြောင်းကိုကြားရသောအခါ စိတ်လှုပ်ရှားလွန်း၍ သူတို့၏မျက်နှာများပင် နီရဲလာကြသည်။
ကျန်ချုံးက စစ်သည်သစ်များကို ကြည့်လိုက်ပြီးနောက် စကားပြောင်းကာ…
"ဒါပေမဲ့… တစ်ယောက်ယောက်ကများ အမိန့်ကိုမနာခံဘူး… စည်းကမ်းမလိုက်နာဘူး၊ လေ့ကျင့်ရေးမှာ ပျင်းရိနေမယ် ဒါမှမဟုတ် တိုက်ပွဲမှာပြဿနာရှာမယ်ဆိုရင်တော့ ဥပဒေနဲ့ အရေးယူခံရလိမ့်မယ်"
"ဒါတင်မကသေးဘူး… လျှို့ဝှက်ချက် ထိန်းသိမ်းရမယ့် စည်းကမ်းတွေကိုလည်း တိတိကျကျ လိုက်နာရမယ်။ ဖိုလုတပ်ဖွဲ့မှာ မင်းတို့သုံးစွဲရမယ့် လက်နက်တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်သူ့ကိုမှ ပေါက်ကြားခွင့်မပေးရဘူး။ နန်းတော်မှ အမတ်တွေကမေးလာရင်တောင် ပြောပြခွင့်မရှိဘူး။ ပစ်မှတ်လေ့ကျင့်ရေးလုပ်တဲ့အခါ သာမန်အရပ်သားတွေရှေ့မှာ လုပ်လို့မရဘူး။ တိုက်ပွဲအခြေအနေတွေကိုလည်း တခြားစစ်သည်တွေကလွဲရင် ဘယ်သူနဲ့မှ ဆွေးနွေးခွင့်မရှိဘူး။ လျှို့ဝှက်ချက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားရမယ်"
စစ်သည်သစ်များသည် ခိုင်မာသောဆုံးဖြတ်ချက်များဖြင့် ကျန်ချုံးကို ကြည့်လိုက်ကြပြီး စည်းမျဉ်းများကို လိုက်နာမည့်အကြောင်း သူတို့၏ မျက်လုံးများမှတစ်ဆင့် ဖော်ပြနေကြသည်။
စည်းမျဉ်းတွေကို ဖောက်ဖျက်ရမယ် ဟုတ်လား။ ဒီလို ကောင်းမွန်တဲ့ ဘဝကြီးကို ရနေတာပဲ။ သူတို့ လည်ပင်းကိုဓားနဲ့ထောက်ပြီး အတင်းအကျပ်ခိုင်းရင်တောင်မှ စည်းမျဉ်းတွေကို ဖောက်ဖျက်ကြမှာ မဟုတ်ပေ။
အတွေ့အကြုံမရှိသေးသော စစ်သည်သစ်များ၏ စိတ်လှုပ်ရှားနေသည့် မျက်နှာများကို မြင်လျှင် ကျန်ချုံး ပြုံးလိုက်ပြီး…
"ပထမဆုံးနေ့ လေ့ကျင့်ရေးကတော့ ကိုယ်လက်ကြံ့ခိုင်ရေးပဲ။ လီနှစ်ဆယ်အကွာအဝေးကို ဖြတ်ကျော်ပြေးရမယ်။ အားလုံး ငါ့နောက်ကလိုက်ပြီး ပြေးကြ"
***
စစ်သည်သစ် စုဆောင်းခြင်းလုပ်ငန်းစဉ်များပြီးစီးသွားပြီးနောက် လီကျစ်မှာ အားလပ်ချိန်ရသွားသဖြင့် စီးပွားရေးလုပ်ငန်းသစ်များကို စတင်ဖော်ဆောင်ရန် ပြင်ဆင်တော့သည်။
ယခုတစ်ကြိမ် လီကျစ် လုပ်ချင်နေသည့်အရာမှာ စာကြည့်မျက်မှန်များ ပြုလုပ်ရန်ဖြစ်သည်။
အရောင်အသွေးကင်းစင်ကာ ကြည်လင်နေသော ဖန်သားများရှိနေပြီဖြစ်ရာ မျက်မှန်များပြုလုပ်ခြင်းက နောက်တစ်ဆင့်ပင် ဖြစ်သည်။
မင်မင်းဆက်ကြီးတစ်ခုလုံးတွင် ပညာတတ်သူအရေအတွက် သိပ်မများလှသလို အဝေးမှုန်သူများလည်း နည်းပါးလှသည်။ ထို့ကြောင့် အဝေးမှုန်မျက်မှန်များပြုလုပ်ပါက အရေအတွက်များများ ရောင်းရမည်မဟုတ်ဟု ခန့်မှန်းရသော်လည်း အနီးမှုန်သော သက်ကြီးရွယ်အို အရေအတွက်ကတော့ အများအပြားရှိနေသည်။
ဇရာကြို အနီးမှုန်ခြင်းဆိုသည်မှာ မျက်စိကြွက်သားများလျော့ရဲလာပြီး မျက်စိမှန်ဘီလူး ပြားသွားခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ယင်းက အရာဝတ္ထုတစ်ခု၏ ပုံရိပ်ကို မြင်လွှာ၏ အနောက်ဘက်တွင် သွားရောက်ထင်ဟပ်စေသဖြင့် အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲသွားစေသည်။
စာကြည့်မျက်မှန်များ၏ အဓိက သဘောတရားမှာ မှန်ဘီလူးခုံးများပင် ဖြစ်သည်။ ၎င်းတို့၏ အလင်းဆုံစေသော အာနိသင်ကိုအသုံးပြု၍ အရာဝတ္ထု၏ ပုံရိပ်ကို မြင်လွှာပေါ်သို့ ရှေ့တိုးလာအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် စက်ဝိုင်းပုံဖန်ပြားကို သင့်လျော်သော ဆုံချက်အကွာအဝေးရှိသည့် မှန်ဘီလူးခုံးအဖြစ်ပြုပြင်ပြီးနောက် သစ်သားဘောင်အတွင်း တပ်ဆင်လိုက်ပါက စာကြည့် မျက်မှန်တစ်လက် ဖြစ်လာပြီဖြစ်သည်။
မင်မင်းဆက်သည် ကျင့်ဝတ်တရားနှင့် မိဘဘိုးဘွားများအပေါ် ရိုသေကိုင်းရှိုင်းမှုကို အလေးထားအားပေးသည်။ အမတ်မိသားစုများနှင့် ကြီးမားသောဆွေမျိုးစုကြီးများ၏ ခေါင်းဆောင်များမှာ သက်ကြီးရွယ်အိုများချည်းသာ ဖြစ်ကြသည်။
ထိုသက်ကြီးရွယ်အိုများသည် မင်မင်းဆက်ကြီး၏ စည်းစိမ်ဥစ္စာအများစုကို ထိန်းချုပ်ထားကြသော်လည်း အခြေခံအားဖြင့် သူတို့အားလုံးမှာ အနီးမှုန်သည့်ပြဿနာကို ခံစားနေကြရသည်။
အနီးမှုန်ခြင်းကြောင့် သူတို့သည် နန်းတွင်းလျှောက်လွှာများ… စာရွက်စာတမ်းများ… စာများနှင့် မိတ်ဆက်ကတ်များကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြတော့ပေ။ ဤပြဿနာက မင်မင်းဆက်၏ သက်ကြီးရွယ်အိုများကို ဒုက္ခပေးနေပြီး လီကျစ်က ထိုပြဿနာကို ဖြေရှင်းပေးရန် ရည်ရွယ်ထားသည်။
ငွေအနည်းငယ်အသုံးပြုလိုက်ရုံဖြင့် အမြင်အာရုံကိုပြန်လည်ကောင်းမွန်စေကာ စာရွက်စာတမ်းများကို ရှင်းရှင်းလင်းလင်းပြန်မြင်နိုင်မည်ဆိုပါက… သက်ကြီးရွယ်အို အများစုအတွက် သေချာပေါက် တန်ကြေးရှိသော ကိစ္စတစ်ခုဖြစ်လာပေလိမ့်မည်။
ဖန်သား မှန်ဘီလူးခုံးများပြုလုပ်ရန်အတွက် ပျစ်ချွဲနေသောဖန်ရည်များကို ပုံလောင်းခွက်များဖြင့် အသွင်သဏ္ဌာန်ဖော်ယူနိုင်သည်။ သို့ရာတွင် ဤနည်းလမ်းဖြင့် ထုတ်လုပ်ထားသော ဖန်မှန်ဘီလူးများမှာ ကြမ်းတမ်းနေဆဲဖြစ်ကာ သွေးခြင်းနှင့် အရောင်တင်ခြင်းတို့ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီး ယင်းအတွက် ကျွမ်းကျင်သောလက်မှုပညာရှင်များကို လိုအပ်ပေသည်။
လီကျစ်က ခေတ္တမျှစဉ်းစားလိုက်ပြီး ဖန်မှန်ဘီလူးများကိုသွေးရန်နှင့် အရောင်တင်ရန်အတွက် ကျောက်စိမ်းများကိုအချောကိုင်ပေးနိုင်သော ကျောက်စိမ်းသွေးပညာရှင်အချို့ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ဖန်၏ မာကျောမှုမှာအခြေခံအားဖြင့် ကျောက်စိမ်းနှင့် ဆင်တူသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ဖန်သည် ဟယ်ထျန် ကျောက်စိမ်းကဲ့သို့သော ကျောက်စိမ်းပျော့များထက် ပိုမိုမာကျောပြီး သာမန် ကျောက်စိမ်းများထက်တော့ ပိုမိုပျော့ပျောင်းသည်။ ထို့ကြောင့် ကျောက်စိမ်းကိုသွေးနိုင်သော လက်မှုပညာရှင်များဆိုလျှင် ဖန်မှန်ဘီလူးများကိုလည်း ကိုင်တွယ်နိုင်စွမ်း ရှိပေလိမ့်မည်။
လီကျစ်သည် လီစစ်ကို ခေါ်ဆောင်ကာ ထန်းကျင်းမြို့ရှိ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော ကျောက်စိမ်းဆိုင်တစ်ဆိုင်သို့သွားရောက်ခဲ့ပြီး ကျောက်စိမ်းအချောကိုင်သည့် လက်မှုပညာရှင်များနှင့် ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူထံ စုံစမ်းမေးမြန်းခဲ့သည်။
ဆိုင်ရှင်ဖြစ်သူက အနီရောင်အမတ်ဝတ်စုံကို ဝတ်ဆင်ထားသော လီကျစ် ဆိုင်ထဲသို့ ဝင်လာသည်ကိုမြင်လျှင် အရိုအသေပေးကာ အလွန်တရာပြာပြာသလဲဖြင့် ဝန်ဆောင်မှု ပေးလေသည်။
လီကျစ်က ကျောက်စိမ်းသွေးပညာရှင်များကို ငှားရမ်းလိုကြောင်းကြားသိရသောအခါ ဆိုင်ရှင်က မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ရွှန်းထျန်းပြည်နယ်ရှိ ယွီထျန်းခရိုင်သည် ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ထိုနေရာတွင် ကျောက်စိမ်းသွေးပညာရှင်များ အများအပြား စုဝေးနေတတ်သဖြင့် သွားရောက်ရှာဖွေနိုင်ကြောင်း တိုက်ရိုက်ပင် ပြောပြလိုက်သည်။
လီကျစ်လည်း ချက်ချင်းပင် လီစစ်နှင့် ကိုယ်ရံတော်အချို့ကို ခေါ်ဆောင်ကာ ယွီထျန်းခရိုင်သို့ ထွက်ခွာလာခဲ့သည်။
သူသည် ယွီထျန်းခရိုင်သို့ မြင်းစီး၍တစ်ရက်ကြာ ခရီးနှင်ခဲ့ရသည်။ ထိုနေရာသို့ရောက်ပြီးနောက် စုံစမ်းမေးမြန်းမှုများပြုလုပ်ရာ ကျောက်စိမ်းများရောင်းချသည့် လမ်းကြားတစ်ခုကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် ကျောက်စိမ်းအချောကိုင်ခြင်းနှင့် ရောင်းချခြင်းတို့ကို လုပ်ကိုင်နေသော ဆိုင်ခန်းပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုကျောက်စိမ်းဆိုင်များအားလုံးမှာ ရှေ့တွင် ဆိုင်ခန်းဖွင့်ထားပြီး အနောက်ဘက်တွင် အလုပ်ရုံရှိသည့် ပုံစံမျိုးဖြစ်ကြောင်းနှင့် ကျောက်စိမ်းသွေးပညာရှင်များက ဆိုင်များ၏ အနောက်ဘက်ခြံဝင်းများအတွင်း၌ ကျောက်စိမ်းများကိုအချောကိုင်ပေးကြကြောင်း လီကျစ် ကြားသိရသည်။
လီကျစ်က အခမ်းနားဆုံးပြင်ဆင်ထားသည့် ကျောက်စိမ်းဆိုင်တစ်ဆိုင်ကို ရွေးချယ်ကာ ဝင်သွားလိုက်သည်။
ကျောက်စိမ်းဆိုင်ရှင်က ကိုယ်ရံတော်အချို့နှင့်အတူ ဝင်ရောက်လာသော စတုတ္ထအဆင့် စစ်ဘက်ဆိုင်ရာအမတ်တစ်ဦးကိုမြင်သောအခါ အမြန်အဆန်ရှေ့တိုးလာကာ အရိုအသေပေးလိုက်ပြီး…
"အမတ်မင်း... ဘာများ အလိုရှိပါသလဲခင်ဗျာ"
လီစစ်က အသံကျယ်ကျယ်ဖြင့်…
"ငါ့သခင်က ကျောက်စိမ်းသွေးတာနဲ့ အရောင်တင်တာကိုလုပ်နိုင်တဲ့ ကျောက်စိမ်းသွေး ပညာရှင်တချို့ကို ငှားချင်လို့။ မင်းတို့ဆီမှာ ရှိလား"
ဤစကားကို ကြားသောအခါ ဆိုင်ရှင်မှာ ကြက်သေသေသွားပြီးနောက် အထိတ်တလန့်ဖြင့်…
"အမတ်မင်း... ကျွန်တော်မျိုးတို့ရဲ့ ဆိုင်ငယ်လေးမှာက ကျောက်စိမ်းသွေးဖို့အတွက် ပညာရှင် အလုံအလောက်ပဲ ရှိပါတယ်။ အပိုလူ မရှိတဲ့အတွက် အမတ်မင်းကို မငှားနိုင်မှာ စိုးရိမ်မိပါတယ်"