လီစစ်က ငွေ ၁၀ သျှူးတန် ငွေတုံးတစ်တုံးကိုထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး …
"ဆိုင်ရှင်... ငါ့သခင်က မင်းကို ငွေ ၁၀သျှူး ပေးတယ်။ ငါတို့အတွက် အတွေ့အကြုံရှိတဲ့ လက်မှုပညာရှင် နည်းနည်းလောက် ကျေးဇူးပြုပြီး ရှာပေးပါ"
ကျောက်စိမ်းဆိုင်ရှင်က လီစစ်၏ ငွေတုံးကိုကြည့်ကာ မျက်နှာပုံးတုံ့တုံ့ဖြင့်…
"အမတ်မင်း... အကယ်၍ အမတ်မင်းကသာ ကျွန်တော်မျိုးရဲ့ ကျောက်စိမ်းသွေး ပညာရှင်တွေကို ငှားရမ်းသွားမယ်ဆိုရင် ကျွန်တော်မျိုးရဲ့ ဆိုင်ငယ်လေးတော့ ပိတ်ပစ်ရပါလိမ့်မယ်။ ငွေ ၅၀ သျှူး ပေးမယ်ဆိုရင်တောင်မှ ဒီပညာရှင်တွေကို အငှားမခံနိုင်ပါဘူးခင်ဗျာ"
လီစစ်နှင့် လီကျစ်တို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီးနောက် လီကျစ်က …
"ဆိုင်ရှင်... မင်းဆီက ကျွမ်းကျင်ပညာရှင်တွေကို ငါတို့ကို ပေးလိုက်ရင်တောင်မှ မင်းအနေနဲ့ ကျောက်စိမ်းအရောင်တင်ဖို့ လူသစ်တွေကို အချိန်မရွေးထပ်ပြီး လေ့ကျင့်သင်ကြားပေးလို့ ရနေတာပဲလေ"
"အမတ်မင်း... ဒီကျောက်စိမ်းသွေး ပညာရှင်တွေအားလုံးက သူတို့ရဲ့ ဖခင်ဆီကနေ သားဆီကိုပဲ လက်ဆင့်ကမ်းသင်ကြားပေးတဲ့ မိသားစုအမွေခံပညာရပ်တွေ ရှိကြတာပါ… သမက်တွေကိုတောင် သင်မပေးပါဘူး… အကယ်၍ ပညာရှင်ဟောင်းတွေ ထွက်သွားမယ်ဆိုရင် ပညာရှင်သစ်တွေ သူတို့ရဲ့အရည်အချင်းတွေကို တတ်မြောက်ဖို့အတွက် မရေမတွက်နိုင်တဲ့ နှစ်တွေချီပြီး အချိန်ယူရပါလိမ့်မယ်… နေ့ချင်းညချင်း ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးလို့ ရနိုင်ပါ့မလဲ… အမတ်မင်း... ကျွန်တော်မျိုးတို့ ဆိုင်ငယ်လေးရဲ့ အမြတ်အစွန်းနည်းပါးလှတာကို ထောက်ထားငဲ့ညှာပြီး ကျောက်စိမ်းသွေးပညာရှင်တွေကိုတော့ မခေါ်သွားပါနဲ့ခင်ဗျာ"
ဤစကားကို ကြားသောအခါ လီကျစ်က…
"ဒီကျောက်စိမ်းသွေး ပညာရှင်တွေမှာရှိတာက မိသားစုအမွေခံပညာရပ်တွေဆိုတော့ မင်း သင်ပေးထားတဲ့ နည်းစနစ်တွေ မဟုတ်ဘူးပေါ့"
ဆိုင်ရှင်က ချက်ချင်းသဘောမပေါက်သေးဘဲ ခေါင်းညိတ်ကာ…
"ကျွန်တော်မျိုးရဲ့ ဆိုင်ကလည်း ဒီပညာရှင်တွေကို လစဉ်လစာနဲ့ ငှားရမ်းထားတာပါ… သူတို့ရဲ့ ကျွမ်းကျင်မှုတွေအားလုံးက သူတို့မိသားစုတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာတွေပါပဲ… ကျွန်တော်မျိုးဆိုင်က ကိုယ်ပိုင်သင်ပေးထားတဲ့ နည်းစနစ်တွေမဟုတ်ပါဘူးခင်ဗျာ"
ဤသို့ပြောပြီးမှသာ ဆိုင်ရှင်မှာ ချက်ချင်းသဘောပေါက်သွားပြီး နောင်တရသွားကာ ဒီအမတ်က ငါ့ကိုကျော်ပြီး ကျောက်စိမ်းသွေးပညာရှင်တွေကို တိုက်ရိုက်ငှားရမ်းဖို့များ ကြံစည်နေတာလား ဟု တွေးလိုက်မိသည်။
လီကျစ်က ပြုံးလိုက်ပြီး…
"ဒီလိုဆိုမှတော့ မင်းနဲ့ ဆက်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူးပေါ့"
လီကျစ်သည် သူ၏လူများကို ဦးဆောင်ကာ ကျောက်စိမ်းလမ်းကြားမှထွက်ခွာလာခဲ့ပြီး တည်းခိုရန် တည်းခိုခန်းတစ်ခုကိုရှာဖွေလိုက်သည်။ ခေတ္တမျှ အနားယူပြီးနောက် လီကျစ်က တည်းခိုခန်းပိုင်ရှင်ကို ရှာကာ …
"ဆိုင်ရှင်... ငါ မင်းကို မေးစရာတစ်ခု ရှိတယ်"
တည်းခိုခန်းပိုင်ရှင်က လီကျစ်၏ အမတ်ဝတ်စုံကို မြင်လျှင် ဒူးထောက်ကာ အရိုအသေပေးရန် ပြင်လိုက်သော်လည်း လီကျစ်က သူ့ကို ထူပေးလိုက်သည်။
"ငါ ကျောက်စိမ်းသွေးပြီး အရောင်တင်နိုင်တဲ့ လက်မှုပညာရှင် နည်းနည်းလောက် ငှားချင်လို့။ မင်း အဲဒီလိုလူမျိုးတွေ သိလား"
တည်းခိုခန်းပိုင်ရှင်က ရိုးရိုးသားသားပင်…
"အမတ်မင်း... ဘယ်လို ကျောက်စိမ်းသွေးပညာရှင်မျိုးကို အလိုရှိတာပါလဲခင်ဗျာ။ အကယ်၍ ပန်းပုထုတာ… ဖောက်ထွင်းတာ ဒါမှမဟုတ် ကျောက်စိမ်းကို အခေါင်းဖော်တာလိုမျိုး ရှုပ်ထွေးသိမ်မွေ့တဲ့ အလုပ်တွေကို လုပ်နိုင်တဲ့ထိပ်တန်းအဆင့် ပညာရှင်တွေဆိုရင်တော့ သူတို့ရဲ့ လစာကအလွန်များပြားပြီး ငှားရမ်းဖို့လည်းခက်ခဲပါတယ်။ အကယ်၍ ကျောက်စိမ်းကို ဖြတ်တောက်ပြီး သွေးရုံပဲသွေးတဲ့ သာမန်ကျောက်စိမ်းသွေး ပညာရှင်တွေဆိုရင်တော့ ကျွန်တော်မျိုးတို့ခရိုင်ထဲမှာ အများကြီးရှိပါတယ်။ သူတို့ရဲ့ ပုံမှန် လစဉ်လစာကတော့ ငွေ ၁ သျှူး ပါခင်ဗျာ"
"သာမန် ပညာရှင်တွေက ကျောက်စိမ်းကိုအနားသတ်သွေးပြီး အရောင်တင်တာတွေ လုပ်နိုင်လား"
"သေချာပေါက် လုပ်နိုင်တာပေါ့ခင်ဗျာ… အဲဒါလေးတောင်မှမလုပ်နိုင်ရင် သူတို့ကို ဘယ်လိုလုပ် ကျောက်စိမ်းသွေး ပညာရှင်တွေလို့ သတ်မှတ်လို့ ရပါတော့မလဲ"
"ဒါဆိုရင် ငါ့အတွက် ကျွမ်းကျင်တဲ့ သာမန် ကျောက်စိမ်းသွေးပညာရှင် နည်းနည်းလောက် ရှာပေးပါ။ အချောကိုင်တာနဲ့ အရောင်တင်တဲ့ နည်းစနစ်ကောင်းကောင်းရှိတဲ့ သူမျိုးပေါ့။ ငါ လူငါးယောက် ငှားချင်တယ်။ တစ်ယောက်ကို တစ်လ ငွေ ၃သျှူး ပေးမယ်။ တစ်နေ့ သုံးနပ် အသားဟင်းနဲ့ကျွေးမယ်။ ပြီးတော့ ထန်းကျင်းမြို့က ဖန့်ကျားရွာမှာ သွားလုပ်ဖို့အတွက် ပြောင်းရွှေ့စရိတ်အဖြစ် တစ်ယောက်ကို ငွေ ၁၀ သျှူးစီ ပေးမယ်"
ဤသို့ပြောပြီးနောက် လီကျစ်က ငွေ ၂သျှူးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး…
"ဒီငွေက မင်းအတွက် အကျိုးဆောင်ခပဲ"
တည်းခိုခန်းပိုင်ရှင်၏မျက်နှာမှာ ချက်ချင်းပင်ပြုံးဖြီးသွားကာ…
"အမတ်မင်းအတွက် အခုချက်ချင်း စီစဉ်ပေးပါ့မယ်ခင်ဗျာ"
လီစစ်က ဝမ်းသာအားရဖြစ်နေသော တည်းခိုခန်းပိုင်ရှင်ကိုကြည့်ကာ…
"ဆိုင်ရှင်... မင်း မှန်ကန်တဲ့ လူတွေကို သေချာရှာရမယ်နော်။ အကယ်၍ အလုပ်မလုပ်နိုင်တဲ့ ပညာရှင်တွေကို ခေါ်လာခဲ့ရင်တော့ ငါ့အမတ်မင်းက အလွယ်တကူ ခွင့်လွှတ်ပေးတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ မှတ်ထား"
တည်းခိုခန်းပိုင်ရှင်က အလျင်စလိုပင်…
"နားလည်ပါပြီ... နားလည်ပါပြီခင်ဗျာ"
နောက်တစ်နေ့ ညနေခင်းတွင် တည်းခိုခန်းပိုင်ရှင်သည် ကျောက်စိမ်းသွေး ပညာရှင်ကိုးဦးကို တည်းခိုခန်းသို့ ခေါ်ဆောင်လာပြီး လီကျစ်နှင့် မိတ်ဆက်ပေးလေသည်။ လီကျစ်က လူကိုးယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…
"ဘာလို့ ဒီလောက်အများကြီး ရှာလာရတာလဲ"
တည်းခိုခန်းပိုင်ရှင်က…
"အမတ်မင်းပေးမယ့် လစဉ်လစာကိုကြားတော့ သူတို့အားလုံးက လိုက်လာချင်ကြလို့ပါ။ ဒီကိုးယောက်လုံးက အတွေ့အကြုံရှိတဲ့ သူတွေချည်းပါပဲ။ အမတ်မင်းစိတ်ကြိုက် ငါးယောက်ကို ရွေးချယ်နိုင်ပါတယ်ခင်ဗျာ"
တည်းခိုခန်းပိုင်ရှင်၏ စကားကိုကြားသောအခါ ကျောက်စိမ်းသွေးပညာရှင် ကိုးဦးစလုံးမှာ လီကျစ်က ၎င်းတို့အား မရွေးချယ်မည်ကို စိုးရိမ်တကြီးဖြင့် လီကျစ်ကို ကြည့်နေကြသည်။
လီကျစ်က ထိုလူကိုးယောက်ကို သေချာအကဲခတ်ကြည့်လိုက်ပြီး…
"မင်းတို့ထဲမှာ အိမ်ထောင်ကျပြီးသား ဘယ်နှယောက် ပါလဲ"
အသက်အနည်းငယ်ပိုကြီးသော ကျောက်စိမ်းသွေးပညာရှင် ခြောက်ဦးက ရှေ့သို့ထွက်လာပြီး အိမ်ထောင်ရှိကြောင်း ပြောကြသည်။ လီကျစ်က ထိုခြောက်ဦးကိုကြည့်ကာ ခေါင်းညိတ်လိုက်ပြီး အသက်အကြီးဆုံး တစ်ဦးကို ဖယ်ထုတ်ကာ ကျန်ငါးဦးကို ရွေးချယ်လိုက်သည်။
ဤကျောက်စိမ်းသွေးပညာရှင် ငါးဦးမှာ အိမ်ထောင်ပြုနိုင်ရန် ငွေကြေးတတ်နိုင်သူများဖြစ်ရာ ၎င်းတို့၏ လက်ရှိဝင်ငွေအခြေအနေ ကောင်းမွန်ကြောင်းပြသနေပြီး ကျွမ်းကျင်သောပညာရှင်များ ဖြစ်နေပေလိမ့်မည်။ အခြားလူပျိုကြီးသုံးဦးမှာမူ အိမ်ထောင်ပြုရန် ငွေကြေးမရှိသူများ ဖြစ်သောကြောင့် ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့်အတန်းကို အကဲဖြတ်ရန်ခက်ခဲသည်။ လီကျစ်အနေဖြင့် ဤကျောက်စိမ်းသွေးပညာရှင်များ၏ ကျွမ်းကျင်မှုကို ချက်ချင်းစမ်းသပ်နိုင်ခြင်း မရှိသောကြောင့် ဤကဲ့သို့သော ကြမ်းတမ်းသည့်နည်းလမ်းကိုအသုံးပြု၍ ရိုးရှင်းစွာအကဲဖြတ်ရခြင်း ဖြစ်သည်။
လီကျစ်၏ ရွေးချယ်ခြင်းခံရသော အိမ်ထောင်သည် ကျောက်စိမ်းသွေးပညာရှင် ငါးဦးမှာ အလွန်တရာဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး ငါတို့ရဲ့ ဝင်ငွေက တစ်ဝက်လောက်တောင် တိုးသွားပြီ။ အလုပ်ရှင်သစ်က တစ်နေ့သုံးနပ်အသားဟင်းနဲ့ပါ ကျွေးဦးမှာဆိုတော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးဘယ်နေရာမှာ သွားရှာလို့ရနိုင်ပါ့မလဲဟု တွေးကာ ပျော်ရွှင်နေကြသည်။
လီကျစ်သည် ပညာရှင်များကိုရှာဖွေတွေ့ရှိသွားပြီးနောက် ပြောင်းရွှေ့စရိတ် ငွေ ၁၀ သျှူးစီကို ချက်ချင်းထုတ်ပေးလိုက်ကာ စာကြည့်မျက်မှန်များထုတ်လုပ်ခြင်းကို စတင်နိုင်ရန်အတွက် ဖန့်ကျားရွာသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် တိုက်တွန်းလိုက်သည်။
ကျောက်စိမ်းသွေး ပညာရှင်များသည် ၎င်းတို့၏ပစ္စည်းများ အထုပ်အပိုးများနှင့် ကျောက်စိမ်းသွေးသည့် ကိရိယာများကို ယွီထျန်းမှ ဖန့်ကျားရွာသို့ ပြောင်းရွှေ့သယ်ဆောင်လာခဲ့ကြပြီး လီကျစ်အတွက် စာကြည့်မျက်မှန်များကို စတင်ထုတ်လုပ်ပေးကြတော့သည်။
စာကြည့်မျက်မှန်များ ပြုလုပ်ရာတွင် ပထမဆုံးအဆင့်မှာ ပုံစံခွက်များ ပြုလုပ်ခြင်းဖြစ်သည်။ လီကျစ်က ပုံစံကြမ်းများကိုဆွဲပေးကာ မတူညီသော အကွေးအဝိုက်ရှိသည့် ဖန်မှန်ဘီလူး ပုံစံခွက် နှစ်ဆယ်ကို ပန်းပဲဆရာများအားပြုလုပ်ခိုင်းခဲ့သည်။ ဖန်ချက်သည့် လက်မှုပညာရှင်များက အပူပေးထားသော ဖန်ရည်ပူများကို ထိုပုံစံခွက်များထဲသို့လောင်းထည့်ကာ ဖန်သား မှန်ဘီလူးခုံးများကို ပုံဖော်ယူပြီးနောက် ထိုမှန်ဘီလူးခုံးများကို အချောကိုင်နိုင်ရန် ကျောက်စိမ်းသွေး ပညာရှင်များထံ လွှဲပြောင်းပေးကြသည်။
ကျောက်စိမ်းသွေးပညာရှင်များက အကြမ်းဖျင်းပုံလောင်းထားသော ဖန်သားများကို ဆုံချက်တစ်ခုတည်းရှိသော မှန်ဘီလူးခုံးများအဖြစ် သွေးယူရသည်။
ကျောက်စိမ်းသွေးပညာရှင်များက ဖန်များကိုသွေးသည့် ဤလုပ်ငန်းစဉ်ကို ကျောက်စိမ်းသွေး ပညာရပ်တွင် အနားသတ်သွေးခြင်းဟု ခေါ်ဆိုသည်။ ပညာရှင်များသည် ဖန်သားမျက်နှာပြင်ကို ချောမွေ့စွာသွေးနိုင်ရန် သွေးစက်ဟုခေါ်သော ကိရိယာကိုအသုံးပြုကြသည်။ လက်တွေ့လုပ်ဆောင်ရာတွင် ကျောက်စိမ်းသွေးပညာရှင်က ဖန်သားကို ဘယ်လက်ဖြင့်ကိုင်ကာ လည်ပတ်နေသော သံမဏိပြား၏ အစွန်းနှင့် ဖိကပ်ထားရသည်။ စားပွဲ၏ တစ်ဖက်စွန်းတွင် ရေနှင့် သဲနီများထည့်ထားသော ဇလုံတစ်လုံးရှိသည်။ ကျောက်စိမ်းသွေးပညာရှင်က ညာလက်ဖြင့် သဲများကို ခပ်ယူကာ ဖန်သားပေါ်သို့လောင်းချရသည်။ မာကျောသော ကျောက်စိမ်းသွေးသဲများက လည်ပတ်နေပြီး ထက်မြက်သောဖြတ်တောက်မှု အစွန်းနှင့်ပေါင်းစပ်သွားသောအခါ ဖန်၏ မလိုအပ်သော အစိတ်အပိုင်းများကို တိုက်စားဖယ်ရှားပစ်နိုင်လေသည်။
မှန်ဘီလူးကို သွေးပြီးရုံဖြင့် မပြီးသေးပေ။ အရောင်တင်ရန်လည်း လိုအပ်သေးသည်။
အရောင်တင်ခြင်းကို သစ်သားဖြင့်သွေးခြင်း နှင့် သားရေဖြင့်သွေးခြင်း ဟူ၍ အဆင့်နှစ်ဆင့် ခွဲခြားထားသည်။
သစ်သားသွေးစက်များကို ယေဘုယျအားဖြင့် ဘူးသီးခွံအသားဖြင့် ပြုလုပ်ထားကြသည်။ လုပ်ငန်းခွင်တွင် အသုံးပြုသော ကိရိယာ၏ ဖွဲ့စည်းပုံမှာ သစ်သားဝင်ရိုးတစ်ခုနှင့် ချိတ်ဆက်ထားသော ခြေနင်းပြားပါဝင်ပြီး ၎င်းက စက်ဝိုင်းပုံ သစ်သားသွေးစက်ကို လည်ပတ်စေကာ ကျောက်သဲများ၏ အကူအညီဖြင့် မှန်ဘီလူးကိုအရောင်တင်ပေးခြင်းဖြစ်သည်။ ဤအဆင့်တွင် အသုံးပြုသော ကျောက်သဲများမှာ မာကျောမှုနည်းပါးပြီး ပုံမှန်အားဖြင့် သလင်းသဲများ ဖြစ်ကြသည်။
ထို့နောက် သားရေဖြင့်သွေးခြင်း အဆင့်ရောက်လာသည်။ သားရေဖြင့်သွေးရာတွင် နွားသားရေဖြင့်ပြုလုပ်ထားသော စက်ဝိုင်းပုံသွေးစက်ကလည်ပတ်ကာ မှန်ဘီလူးနှင့် ပွတ်တိုက်ပေးပြီး ချောမွေ့ကြည်လင်သော ဖန်မှန်ဘီလူးတစ်ခုအဖြစ် အရောင်တင်ပေးခြင်း ဖြစ်သည်။
အရောင်တင်ပြီးနောက် စာကြည့် မှန်ဘီလူးပြုလုပ်ခြင်း ပြီးစီးသွားပြီဖြစ်သည်။ လီကျစ်က ပညာရှင်များကို ထိုမှန်ဘီလူးများအား သစ်သားဘောင်များအတွင်း တပ်ဆင်စေလိုက်ခြင်းဖြင့် စာကြည့်မျက်မှန်များ အောင်မြင်စွာထွက်ပေါ်လာတော့သည်။
စာကြည့်မျက်မှန်များ၏ပါဝါကို ဆုံချက်အကွာအဝေး အလျားပေါ်မူတည်၍ စံသတ်မှတ်ထားသည်။ လီကျစ်က သူ၏ အရပ်အမောင်းကိုအခြေခံ၍ တစ်မီတာခန့်ရှိသော အလျားကိုတွက်ချက်ခန့်မှန်းကာ သံမီတာပေတံတစ်ခု ပြုလုပ်ခဲ့သည်။ ထို့နောက် မှန်ဘီလူးတစ်ခုစီ၏ ပါဝါကို ၎င်း၏ ဆုံချက်အကွာအဝေးပြောင်းပြန်ကိန်းနှင့် တစ်ရာကိုမြှောက်ခြင်းဖြင့် တွက်ချက်ယူလေသည်။
ယခု ပထမဆုံးအသုတ်အဖြစ် ထုတ်လုပ်လိုက်သော မှန်ဘီလူးများ၏ ပါဝါမှာ ဒီဂရီ တစ်ရာမှ ရှစ်ရာအထိ ရှိသည်။
လီကျစ်က စာတတ်ပေတတ် သက်ကြီးရွယ်အိုအချို့ကိုရှာဖွေကာ ပါဝါအမျိုးမျိုးရှိသော စာကြည့်မျက်မှန်များကို စမ်းသပ်တပ်ဆင်ကြည့်စေခဲ့သည်။ ထိုသက်ကြီးရွယ်အိုများက မိမိတို့နှင့် ကိုက်ညီသောပါဝါရှိသည့် မျက်မှန်များကိုတပ်ဆင်လိုက်ပြီးနောက် အနီးကပ်အကွာအဝေးရှိ စာရွက်စာတမ်းများနှင့် စာသားများကို ရှင်းရှင်းလင်းလင်းဖတ်ရှုနိုင်သည်ကို တွေ့ရှိသွားကြပြီး သူတို့တစ်ယောက်ချင်းစီက မည်မျှအံ့ဖွယ်ကောင်းကြောင်း အာမေဍိတ်သံများပင် ထွက်ပေါ်လာကြတော့သည်။
ဤတပ်မှူးကြီး တီထွင်လိုက်သည့်အရာများက အမြဲတမ်း အံ့မခန်း အံ့ဩဖွယ်ရာ ကောင်းလှသည်။
***