ဟွမ်ဖန့်ယင်းသည် သူမ၏ လက်ထဲမှ စက္ကူကတ်ထူပုံးကို ချလိုက်ရာ ထိုပုံးထဲတွင် နို့ခဲကာစ ခွေးပေါက်လေး နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ကပ်လျက် ခပ်တိုးတိုး ညည်းတွားနေကြလေ၏။
"ကိုယ်တိုင် လာပို့ပေးဖို့ မလိုပါဘူး အဒေါ်ရဲ့" ယန်ရွှယ်က အားနာစွာ ပြောလိုက်သည်။ "ချီဖန့်နဲ့ ကျွန်မက သေနတ်ပြန်ပေးရင်းနဲ့ တစ်ခါတည်း ဝင်ယူမလို့ စဉ်းစားထားတာ"
ဟွမ်ဖန့်ယင်းကမူ လက်ကာပြလိုက်သည်။ "ကြာနေရင် တခြားသူတွေ ဦးသွားမှာ စိုးလို့ပါအေ၊ ကဲ... ဒီနှစ်ကောင်ကို ဘယ်လို သဘောရလဲ"
ခွေးပေါက်လေးများသည် မျက်နှာကျယ်ပြီး နှာတံတိုကာ အမွှေးအမျှင်များမှာ ပြောင်လက်တောက်ပနေသည့်အပြင် ခန္ဓာကိုယ်မှာလည်း ကျစ်လျစ်သန်စွမ်းလှ၏။ ၎င်းတို့မှာ ထူးချွန်သော အမဲလိုက်မျိုးရိုးမှ ဆင်းသက်လာကြောင်း သိသာထင်ရှားလှပေသည်။ ၎င်းတို့မှာ တက်ကြွလန်းဆန်းပြီး ကျန်းမာရေးလည်း အထူးကောင်းမွန်ကြ၏။
ယန်ရွှယ်မှာမူ စောဒကတက်စရာ မရှိတော့ပေ။ သူမသည် ခွေးများကို လက်ခံပြီး သေနတ်ကိုပါ ယူဆောင်ပြီးနောက် ကျေးဇူးတင်စကား ပြောရန်အတွက် ချီဖန့်နှင့်အတူ လျိုမိသားစုထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည်။
၎င်းတို့ ပြန်ရောက်လာချိန်တွင် ယန်ကျိအန်းမှာ ခွေးပေါက်လေးများနှင့် ကစားနေပြီပင်။ ကလေးတို့သဘာဝ မှတ်ဉာဏ်တိုတောင်းလှသဖြင့် ယခုလောလောဆယ်တွင် သူသည် ကျောင်းတက်ရမည့်ကိစ္စကို လုံးဝမေ့လျော့နေပုံရ၏။
သူ့အစ်မနှင့် ယောက်ဖဖြစ်သူကို မြင်လိုက်ရသောအခါ ထိုသူ၏ မျက်လုံးလေးများမှာ တောက်ပသွားလေသည်။ "အစ်... အစ်မ၊ သူတို့ကို ဘယ်လို နာမည်ပေးရမလဲဟင်"
ယန်ရွှယ် အနီးကပ်ကြည့်ရှုလိုက်၏။ "ကျန်းမာရေးနဲ့ အသက်ရှည်ခြင်းလို့ ပေးရင်ရော ဘယ်လိုလဲ"
သူမ ထိုသို့ပြောလိုက်သည်နှင့် ချီဖန့်ကမူ သူမကို တစ်ချက်လှမ်းကြည့်လာလေသည်။ "အသက်ရှည်ခြင်းဆိုတာက ချန်အန်းနဲ့ ချန်ပင်းတို့ နာမည်တွေနဲ့ အရမ်းဆင်နေတယ်"
သူသည် ခွေးလေးနှစ်ကောင်ကို အေးအေးဆေးဆေး အကဲခတ်ရင်း ပြောလိုက်သည်။ "ရှစ်ဆယ်နဲ့ ကိုးဆယ်လို့ ခေါ်လိုက်တာ ပိုကောင်းမယ်"
အကယ်၍ အိမ်ထဲတွင် "ရှစ်ဆယ်! ရှစ်ဆယ်!" ဟု လိုက်အော်နေပါက အိမ်တွင် ခွေးအကောင်ပေါင်းများစွာ ရှိနေသည်ဟု လူများက ထင်မှတ်သွားနိုင်သလို အိမ်မှာလည်း ပျားအုံလို အပေါက်တွေအပြည့် ဖြစ်နေသည်ဟု ထင်သွားနိုင်၏။
ယန်ရွှယ် ထိုအကြံကို ချက်ချင်း ပယ်ချလိုက်သည်။ "အရမ်းထူးဆန်းလွန်းတယ်။ လူတွေက ကျွန်မတို့ကို ခွေးဂေဟာ ဖွင့်ထားတယ်လို့ ထင်ကုန်ကြလိမ့်မယ်"
"ချီ-တပေါင်နဲ့ ယန်ရှောင်ပေါင်လို့ ပေးရင်ရော" ယန်ကျိအန်းကမူ အတန်ကြာ စဉ်းစားပြီးနောက် အကြံပေးပြန်သည်။
ချီဖန့်မှာ ချက်ချင်း အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးလိုက်၏။ "ဘယ်ချီလဲ"
ကောင်လေးမှာ ကြောင်သွားလေသည်။ "ယောက် ယောက်ဖရဲ့ ချီပေါ့။ တခြား ဘယ်ချီရှိအုံးမှာလဲ"
ပြဿနာမှာ သူ၏ယောက်ဖ ဖြစ်လုနီးပါးဖြစ်ခဲ့သော တခြားမျိုးရိုးတူ အမျိုးသားတစ်ဦး ရှိခဲ့ဖူးခြင်းပင်။
ချီဖန့်တစ်ယောက် ထိုအကြောင်းကို ထပ်တွေးနေပြန်ပြီမှန်း သိလိုက်သဖြင့် ယန်ရွှယ် သူ့ကို လျစ်လျူရှုလိုက်ပြီး ဒုတိယအဘွားဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အဖွား၊ အဖွားပဲ နာမည်ပေး ပေးပါအုံး"
ဒုတိယအဘွားသည် ခေါင်းခါပြလိုက်၏။ "ငါက ဒါတွေ မကျွမ်းကျင်ပါဘူးအေ။ ငါ့သဘောအတိုင်းဆိုရင်တော့ အမည်းကြီးနဲ့ အမည်းလေးလို့ပဲ ပေးမိမှာ"
ခွေးကလေးနှစ်ကောင်လုံးမှာ အနက်ရောင်များ ဖြစ်ကြသော်လည်း တစ်ကောင်မှာ ခေါင်းပေါ်တွင် အဖြူကွက်လေးပါရှိပြီး ကျန်တစ်ကောင်မှာမူ ညာဘက်ရှေ့ခြေထောက်တွင် အဖြူရောင် ပါလေသည်။
"ခန့် ခန့်ညားတဲ့ နာမည်လေး ပေးပေးပါ” ယန်ကျိအန်းကမူ သူတို့၏ မိသားစုဝင်အသစ်များအတွက် ဂုဏ်ရှိစေရန် ဇွတ်တောင်းဆိုလေသည်၏။
ယန်ရွှယ် ခွေးများကို တစ်ဖန်ပြန်အကဲခတ်ပြီးနောက် နဖူးတွင် အဖြူကွက်ပါသော ခွေးလေးကို လက်ညှိုးထိုးပြလိုက်သည်။ "နဖူးမှာ ကြယ်ပါတယ်ဆိုတော့ ဗိုလ်ချုပ်တံဆိပ်နဲ့ တူတာပဲ။ ဒါကြောင့် သူ့ကို ဗိုလ်ချုပ်လို့ ခေါ်ရအောင်"
"အဲဒါ ခန့်ညားတယ်" ယန်ကျိအန်း၏ မျက်လုံးများ တောက်ပသွားသော်လည်း သူက တွေဝေစွာဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့... အဒေါ်ဟွမ်က ဒါက အမလေးလို့ ပြောတယ်"
"မိန်းကလေးဆိုရင် ဗိုလ်ချုပ် မဖြစ်ရတော့ဘူးလား" ယန်ရွှယ် မျက်ခုံးပင့်လိုက်မိ၏။ "ရဲဘော် ယန်ကျိအန်း၊ အဲဒါက အန္တရာယ်ရှိတဲ့ အတွေးအခေါ်ပဲ။ ငါတို့ ခေါင်းဆောင်တွေ ပြောသလိုပေါ့၊ အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို မိုးထားတာလေ"
ကောင်လေးကမူ တွေးတောလိုက်ပြီး "ရဲဘော်" ဟု အခေါ်ခံရသဖြင့် စိတ်ဓာတ်တက်ကြွသွားကာ ပြောလိုက်သည်။ "ဗိုလ်ချုပ်! သူ့နာမည်က ဗိုလ်ချုပ်ပဲ"
ခြေထောက်ဖြူသော အခြားခွေးလေးအတွက်မူ ယန်ရွှယ်သည် အစပိုင်းတွင် "ဓားကိုင်အစောင့်" ဟု အမည်ပေးရန် အကြံပြုသော်လည်း ယန်ကျိအန်းကမူ ထိုနာမည်မှာ သိပ်မခန့်ဟု ယူဆသဖြင့် "စစ်သေနာပတိချုပ်" ဟု အတင်းပေးခိုင်းလေသည်။
ယခုအခါ သူတို့အိမ်တွင် ဗိုလ်ချုပ်တစ်ဦးနှင့် စစ်သေနာပတိချုပ်တစ်ဦး ရှိနေပြီဖြစ်ရာ အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီပင်။
ထိုညတွင် ယန်ကျိအန်းသည် ခွေးလေးများ၏ အိပ်ရာကို မိမိအခန်းထဲတွင် ထားလိုက်ပြီး ဒုတိယအဘွားက ခွေးလေးများကို ချထားရန် အကြိမ်ကြိမ် ပြောဆိုပြီးနောက်မှသာ အိပ်ရာဝင်လေ၏။
တစ်ဖက်တွင်လည်း ယန်ရွှယ်သည် သူမ၏ဆံပင်များကို ဖြည်ချလိုက်ပြီးနောက် တောင်ပေါ်တွင် ရက်ပေါင်းများစွာ ကြာခဲ့သော နွမ်းနယ်မှုများကြောင့် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်သည်။
သူမ လှုပ်တောင်မလှုပ်ချင်တော့သည်ကို မြင်သောအခါ ချီဖန့် သူမ၏ခြေထောက်များကို မကာ နှိပ်နယ်ပေးလိုက်သည်။ "ခြေထောက်တွေ ဖောနေပြီ"
သူမ ခြေဆေးစဉ်ကတည်းက သူ သတိထားမိခဲ့ခြင်းပင်။ ယန်ရွှယ်ကမူ ခြေထောက်ကို ပြန်ဆွဲယူကာ ကိုယ်တိုင်နှိပ်ရင်း ပြောလိုက်သည်။ "ကျွန်မတို့ တောင်တက်နေတာ ရက်အတော်ကြာပြီလေ။ ရှင်ရော ခြေထောက်မဖောဘူးလား"
ချီဖန့်ကမူ ပြန်မဖြေသလို ဇွတ်လည်း မနှိပ်ပေးတော့ပေ။ သူသည် လက်တစ်ဖက်ကို အားပြုကာ သူမကို ကြည့်လိုက်သည်။ "မနက်ဖြန် ကျိအန်းကို ကျောင်းသွားအပ်ရင် ကိုယ် လိုက်ခဲ့ပေးရမလား"
"မလိုပါဘူး" ယန်ရွှယ် ပြန်ဖြေလိုက်၏။ "လူတွေ အများကြီးဆိုရင် သူ စိတ်လှုပ်ရှားနေလိမ့်မယ်"
"ဒါဆိုရင်တော့ ကိုယ် မြို့ကိုသွားပြီး ဂျင်ဆင်း သွားရောင်းလိုက်မယ်"
ဂျင်ဆင်းအကြောင်း ပြောလိုက်သောအခါ ယန်ရွှယ်မှာ ရပ်တန့်သွားလေ၏။ "အရွက်ခြောက်ရွက်ပါတဲ့ တစ်မြစ်ကိုတော့ ချန်ထားရအောင်။ နောက်ပိုင်း တစ်ခုခုအတွက် အသုံးဝင်နိုင်တယ်"
ချီဖန့်ကမူ ကန့်ကွက်ခြင်းမရှိချေ။ "ကိုယ် သဘောတူပါတယ်။” ထို့နောက် သူ မေးလိုက်သည်။ “မင်း ဘာများ လိုချင်တာ ရှိသေးလဲ"
"ကျွန်မက ဘာလိုချင်ရမှာလဲ။ သတိနဲ့ပဲ သွားပါ။" နောက်ယောင်ခံ လိုက်ခံခဲ့ရသည့် နောက်ဆုံးအကြိမ်ကို သူမ မမေ့သေးပေ။ "သတင်းပို့ထားတာကရော အရာရောက်ရဲ့လား မသိဘူး"
ထိုအဖြေမှာ မထူးဆန်းသော်လည်း သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ချီဖန့် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မီးပိတ်လိုက်၏။
ခြေသလုံးကို နှိပ်နေဆဲဖြစ်သော ယန်ရွှယ်မှာ မှောင်အတိ ကျသွားသဖြင့် ရပ်လိုက်သည်။ "ရှင် ပင်ပန်းနေပြီလား"
"မဟုတ်ပါဘူး" ချီဖန့်သည် ထရပ်ကာ သူမအနားသို့ တိုးကပ်လိုက်ပြီး နားရွက်နားတွင် ကပ်ကာ တိုးတိုးလေး ဆိုလိုက်၏။ "အမျိုးသမီးဗိုလ်ချုပ်နဲ့ ဓားကိုင်အစောင့်ရဲ့ အကြောင်းကို ပြောရအောင်လေ"
"ကျွန်မတို့ သူ့ကို စစ်သေနာပတိချုပ်လို့ ခေါ်ဖို့ သဘောတူထားကြတာ မဟုတ်ဘူးလား" ယန်ရွှယ်မှာ အစပိုင်းတွင် ဘာမှ မသိသေးသော်လည်း မကြာမီမှာပင် သူမ၏ နားရွက်လေးမှာ အစုပ်ခံလိုက်ရတော့၏။
"စစ်သေနာပတိချုပ်က စစ်သေနာပတိချုပ်ပေါ့၊ အစောင့်က အစောင့်လေ" ထိုအမျိုးသားမှာ တည်တည်တံ့တံ့ ပြောလိုက်သော်လည်း သူ၏နှုတ်ခမ်းများမှာမူ သူမ၏ ပါးစပ်ထောင့်နားသို့ ရောက်ရှိနေပြီပင်။
အခြေအနေများ အရှိန်မြင့်လာချိန်တွင်မှ ယန်ရွှယ်တစ်ယောက် ထိုအစောင့်ကိုင်ထားသော "ဓား" မှာ မည်သည့်ဓားမျိုး ဖြစ်သည်ကို နောက်ကျမှ သိလိုက်ရတော့သည်…
တောင်ပေါ်တွင် အခက်အခဲများစွာကို ကြံ့ကြံ့ခံခဲ့သော ဤအစောင့်သည် လျင်မြန်ပြီး မာကျောကာ ရှည်လျားပြီး ခံနိုင်ရည်ရှိသည့် ဓားတစ်လက်ကို ကိုင်စွဲထားပြီး ပစ်မှတ်ဆီသို့ မဆုတ်မနစ်သော အားမာန်ဖြင့် ထိုးနှက်လေသည်။ အစပိုင်းတွင် အမျိုးသမီးဗိုလ်ချုပ်မှာ ခုခံနိုင်သေးသော်လည်း အချီပေါင်းများစွာ ကြာပြီးနောက်တွင် "တစ်လက်မ ပိုရှည်ရင် တစ်လက်မ ပိုသန်မာပြီး၊ တစ်လက်မ ပိုတိုရင် တစ်လက်မ ပိုအန္တရာယ်များတယ်" ဆိုသည့် စကားကို သူမ စတင်နားလည်သွားတော့၏။
သို့သော် အမျိုးသမီးဗိုလ်ချုပ်မှာလည်း အကြောင်းမဲ့ ရာထူးတက်လာခြင်း မဟုတ်ပေ။ သူမသည် စကားပြောရာတွင် ထက်မြက်ရုံသာမက လက်နက်ချခိုင်းသည့် အတတ်ပညာတွင်လည်း ထူးချွန်လှသည်။
ငယ်ရွယ်ပြီး စိတ်မြန်သော အစောင့်မှာမူ သူမထံမှ ထိုသို့သော တိုက်ကွက်မျိုးကို မမျှော်လင့်ထားခဲ့ပေ။ အချီပေါင်းများစွာ ကြံ့ကြံ့ခံပြီးနောက်တွင် သူ၏လက်နက်ကို အရှုံးပေးလိုက်ရလေ၏။
သို့သော် ငယ်ရွယ်ခြင်းသည် စိန်ခေါ်လိုစိတ်၊ မကုန်ခန်းနိုင်သော စွမ်းအင်နှင့် သတ္တိတို့ကို ဆိုလိုခြင်းပင် ဖြစ်သည်။ မကြာမီမှာပင် ထိုချောမောသော အစောင့်သည် စိတ်ဓာတ်ကို ပြန်လည်စုစည်းကာ သူ၏ဓားကို မြှောက်လျက် တိုက်ပွဲထဲသို့ ပြန်လည်ခုန်ဝင်သွားပြန်သည်။ ခံနိုင်ရည် ကျဆင်းလာသော အမျိုးသမီးဗိုလ်ချုပ်မှာ စတင်ယိုင်နဲ့လာပြီး အစောင့်ကမူ ထိုအခွင့်အရေးကို အရယူကာ အပြင်းအထန် တိုက်စစ်ဆင်လိုက်သဖြင့် သူမမှာ အရှုံးကို လက်ခံလိုက်ရတော့၏။
တိုက်ပွဲအပြီးတွင် အစောင့်က သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဗိုလ်ချုပ်ကို မေးလိုက်သည်။ "ဘယ်သူ ပိုသန်မာလဲ... ကျွန်တော်လား ဒါမှမဟုတ် ရှောင်ကျင်းချွမ်က သခင်ကြီး ချီလား"
အမျိုးသမီးဗိုလ်ချုပ်မှာ အနှီသူအား ချီးကျူးစကား ပြောလိုက်၏။ "ရှင်က ကျန်းမာသန်စွမ်းပြီး အသက်တစ်ရာတိုင်အောင် နေရမှာပါ။ အခု အိပ်လို့ရပြီလား"
နောက်တစ်ကြိမ် ဆေးစစ်သွားသည့်အခါ ဆရာဝန်ကို အပူငြိမ်းဆေး ပိုတိုးပေးရန် ပြောရမည်ဟု သူမ တွေးနေမိသည်။ ဤဆေးညွှန်းမှာ လုံလောက်ပုံမရတော့ပေ။
နောက်တစ်နေ့ နံနက်တွင် ချီဖန့်သည် အပြင်မထွက်မီ မှန်ကြည့်ကာ ကော်လာကို အဆုံးထိ ကြယ်သီးတပ်လိုက်၏။ သူသည် ဒုတိယအဘွားအား ယန်ရွှယ်မှာ လွန်ခဲ့သောရက်များက ပင်ပန်းနေခဲ့သည်ဟု ပြောပြလိုက်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယန်ကျိအန်းမှာလည်း ပင်ပန်းလှသဖြင့် မနိုးသေးပေ။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ယောက်ဖဖြစ်သူမှာ ထွက်သွားနှင့်ပြီဖြစ်ပြီး သူ့အစ်မမှာမူ အခန်းထဲမှ ပျင်းရိစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"အရင်စားဦး၊ ဗိုလ်ချုပ်နဲ့ အစောင့်နဲ့ပဲ ကစားမနေနဲ့" ယန်ရွှယ် အသံပျော့ပျော့ဖြင့် သူမ၏မောင်လေးကို သတိပေးလိုက်၏။ "ဒီနေ့ ကျောင်းသွားအပ်ရအုံးမယ်လေ"
ယန်ကျိအန်းမှာ ခွေးလေးကို ကစားနေရာမှ လက်ကို ဝန်လေးစွာ ရုပ်သိမ်းလိုက်သော်လည်း သူမကို လှမ်းကြည့်လိုက်သည်။ "အစ်မ... အဲဒါ... အဲဒါ စစ်သေနာပတိချုပ်ပါ"
ယန်ရွှယ်တစ်ယောက် ဆွံ့အသွားရ၏။
ဒါတွေအားလုံး ချီဖန့်ကြောင့်ပင်။ သူမ "အစောင့်" ဟု မှားယွင်းပြောဆိုမိလိုက်သဖြင့် ယခု ခွေးလေးနှစ်ကောင်ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။
သစ်တောစခန်းရှိ မူလတန်းကျောင်းမှာ စီမံခန့်ခွဲရေးရုံး အနီးတွင် တည်ရှိပြီး အိမ်မှ လမ်းလျှောက်လျှင် ဆယ်မိနစ်ပင် မပြည့်ပေ။
ဤနေရာမှာ သိပ်မကျယ်သဖြင့် တစ်နှစ်လျှင် အတန်းတစ်တန်းသာရှိပြီး ကျောင်းမှာလည်း ကစားကွင်းအသေးစားနှင့် တစ်ထပ်ဆောင် အနည်းငယ်သာရှိသော ရိုးရှင်းသည့် ကျောင်းလေးသာ ဖြစ်သည်။
ယန်ရွှယ် ယန်ကျိအန်းအား ကျောင်းထဲသို့ ခေါ်ဆောင်လာခဲ့ရာ ကျောင်းအုပ်ရုံးခန်း ဘေးနံရံရှိ "ကျောင်းအပ်ရန်" ဟု ရေးထားသော စာရွက်ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။
ယင်းက ကိစ္စများကို ပိုလွယ်ကူစေခဲ့သည်။ သူမသည် တံခါးခေါက်ကာ ဝင်သွားပြီး လိုအပ်သော စာရွက်စာတမ်းများကို ကျောင်းအုပ်ကြီးထံ တင်ပြလိုက်ရာ အသက်လေးဆယ်ကျော်အရွယ် ထိုအမျိုးသားက မိမိကိုယ်ကို ကျောင်းအုပ်ကြီး ဟဲဟု မိတ်ဆက်လေသည်။
ယန်ကျိအန်းတွင် မိဘနှစ်ပါးစလုံး ဆုံးပါးသွားသဖြင့် ယန်ရွှယ်မှာ သူ၏ တရားဝင်အုပ်ထိန်းသူ ဖြစ်လာခဲ့သည်။ အတွင်းရေးမှူး လျန်၏ အကူအညီကြောင့် သူ၏ သန်းခေါင်စာရင်းကိစ္စမှာလည်း ပြီးစီးသွားပြီဖြစ်သည်။ တစ်ခုတည်းသော အခက်အခဲမှာ ဒုတိယအဘွားအတွက်ဖြစ်ပြီး ယန်ရွှယ်သည် ကျင်းပေါင်ကျစ်၏ အကူအညီဖြင့် တဟွမ် ကျေးရွာတွင် ယာယီစာရင်းသွင်းပေးရန် စီစဉ်ထားခဲ့သည်။
စာရွက်စာတမ်းများကို စစ်ဆေးပြီး ပထမနှစ်ဝက်အတွက် ကျောင်းလခ နှစ်ယွမ် ပေးဆောင်ပြီးနောက် ကျောင်းအပ်နှံမှုမှာ ပြီးမြောက်သွားပြီပင်။
အကယ်၍ မိသားစုက အမှန်တကယ် ဆင်းရဲပြီး ကျောင်းလခ မတတ်နိုင်ပါကလည်း ကလေးမှာ ကျောင်းတက်နိုင်သေး၏။ ထို့ကြောင့် ဤနေရာရှိ ကလေးအများစုမှာ စာမတတ်သူ အနည်းငယ်သာ ရှိကြလေသည်။
ကျောင်းအပ်ပြီးနောက် ကျောင်းအုပ်ကြီး ဟဲ သည် သူတို့ကို ဆရာ၊ ဆရာမများ ရုံးခန်းသို့ ခေါ်သွားပြီး အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ "ဒါကတော့ ဆရာမလျိုပါ၊ ပထမတန်း အတန်းပိုင် ဆရာမပေါ့"
ယန်ရွှယ် စကားပြောမည်အပြုတွင် ကောက်ရိုးရောင် ဆံပင်ရှိပြီး ရှေ့သွားတစ်ချောင်း ကျိုးနေသည့် ကောင်လေးတစ်ဦးက နံရံဘက် လှည့်နေရာမှ လှည့်ကြည့်လာ၏။ "မေမေ..."
သူသည် ပြီးခဲ့သောနေ့က ယန်ကျိအန်းအား "စကားထစ်တဲ့ကောင်လေး" ဟု ခေါ်ခဲ့သော ကောင်လေးပင်ဖြစ်သည်။ ထိုစဉ်ကမူ သူ၏ရှေ့သွားမှာ ကျိုးမနေသေးပေ။
ဆရာမလျိုကမူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ကျောင်းမှာဆိုရင် ငါ့ကို ‘ဆရာမ’ လို့ ခေါ်ရမယ်လို့။ ဒီမှာ အလုပ်ရှုပ်နေတာ မမြင်ဘူးလား"
ကောင်လေးကမူ လျှာထုတ်ပြကာ ပြစ်ဒဏ်ဆက်ခံရန် ပြန်လှည့်သွားသော်လည်း ယန်ကျိအန်း၏ မျက်နှာလေးမှာမူ တင်းမာသွားလေ၏။
ခြောက်လှန့်ခံခဲ့ရသည့် အချိန်မှစ၍ သူသည် အနည်းငယ် ကြောက်ရွံ့တတ်လာသည်။ ဆရာမလျို၏ ခပ်ဆတ်ဆတ် ပြောဆိုသံနှင့် ထိုပြစ်ဒဏ်ပေးမှုများက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ယန်ရွှယ်မှာ မောင်လေးဖြစ်သူ၏ စိတ်လှုပ်ရှားမှုကို သတိထားမိသဖြင့် စိတ်အေးစေရန် ကျောကို ပုတ်ပေးလိုက်ပြီး ဆရာမလျိုကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ "မင်္ဂလာပါ ဆရာမ"
ဆရာမလျိုကမူ ခေါင်းကို ဆတ်ခနဲ ငြိတ်ပြကာ "နာမည်?" သူမ၏ လေသံမှာ နူးညံ့မှု အလျဉ်းမရှိပေ။
"ယန်ကျိအန်းတဲ့" ကျောင်းအုပ်ကြီး ဟဲက မှတ်မိနေသဖြင့် ကြားဖြတ်ဖြေပေးလိုက်သည်။ "ဒီကလေးက နည်းနည်း အရှက်အကြောက်ကြီးတယ်၊ သူ့ကို အထူးဂရုစိုက်ပေးပါအုံး"
သူစကားမဆုံးမီမှာပင် ဆံပင်ဝါနှင့် ကောင်လေးက တစ်ဖန်ပြန်လှည့်လာ၏။ "သူက ရှက်တာမဟုတ်ဘူး၊ စကားထစ်တာ"
ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားရပြီး ယန်ကျိအန်းသည်လည်း သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိသည်။ ယန်ရွှယ်၏ မျက်နှာမှာ ပျက်သွားသော်လည်း ဟန်ဆောင်အပြုံးဖြင့်ပင် ပြောလိုက်သည်။ "ဆရာမရဲ့ ကလေးက တခြားသူအပေါ် အဲဒီလိုပြောတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"
ဆရာမလျိုမှာ ရှက်သွားသဖြင့် သူမ၏သားကို စိုက်ကြည့်လိုက်သည်။ "မင်းကို ဘယ်သူက စကားဖြတ်ပြောခိုင်းလို့လဲ၊ ငြိမ်ငြိမ်နေ၊ မနေရင် ထွက်သွား။"
သို့သော် တိုက်ရိုက်အပြောခံလိုက်ရသဖြင့် သူမ၏ မျက်နှာမှာလည်း ခက်ထန်သွားလေ၏။ "ရှင်တို့ကလေးက စကားပြောတတ်တယ် မဟုတ်လား၊ ကျောင်းထဲဝင်လာကတည်းက ဘာလို့ တစ်ခွန်းမှ မပြောတာလဲ"
သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည် - ယန်ကျိအန်းမှာ တကယ်ပင် စကားထစ်နေခြင်းလား သို့မဟုတ် ယဉ်ကျေးမှု မရှိခြင်းလားဟု မေးခွန်းထုတ်နေခြင်းပင်။ ယန်ကျိအန်းမှာ နှုတ်ခမ်းကို ပို၍ တင်းကျပ်စွာ စေ့ထားသော်လည်း သူ၏ တိတ်ဆိတ်နေမှုက အစ်မဖြစ်သူကို အရှက်ရစေမည် စိုးသဖြင့် အားတင်းကာ စကားပြောလိုက်သည်။ "မင်... မင်... မင်္ဂလာပါ ဆရာမ"
စိတ်လှုပ်ရှားနေသဖြင့် သူ၏ စကားထစ်မှုမှာ ယခင်ကထက်ပင် ပို၍ ဆိုးရွားနေလေသည်။
ထိုကောင်လေးက "တွေ့လား၊ ကျွန်တော်ပြောသားပဲ၊ သူက စကားထစ်တာ" ဆိုသည့် အထာဖြင့် ပြုံးစိစိ လုပ်နေ၏။
ဆရာမလျိုသည် မျက်မှောင်ကြုတ်ကာ "ဒါက ဆက်သွယ်ပြောဆိုဖို့ အခက်တွေ့လိမ့်မယ်၊ သူ အတန်းထဲမှာ မေးခွန်းတွေရော ပြန်ဖြေနိုင်ပါ့မလား"
ဟိုတစ်နေ့က ထိုကောင်လေးတစ်ယောက်တည်း ရှိစဉ်ကမူ ယန်ကျိအန်း အားတင်းကာ ၎င်းမှာ ဒေသစကားဖြစ်ကြောင်း၊ စကားထစ်ခြင်းမဟုတ်ကြောင်း ပြောနိုင်ခဲ့သော်လည်း ယခုကဲ့သို့ မေးခွန်းများ ဝိုင်းလာသောအခါ သူ ဆွံ့အသွားရရှာသည်။
ယန်ရွှယ်မှာလည်း သည်းမခံနိုင်တော့ပေ။ "ကျွန်မမောင်လေးက ပုံမှန်ဆိုရင် အဆင်ပြေပြေ ပြောနိုင်ပါတယ်၊ ပြဿနာက ဆရာမရဲ့ စိတ်နေစိတ်ထား ဖြစ်နေတာထင်တယ်"
ဆရာမလျိုမှာ ဒေါသထွက်သွားသော်လည်း သူမ ပြန်မပြောမီမှာပင် ကျောင်းအုပ်ကြီး ဟဲက ကြားဝင်စေ့စပ်ပေးလေသည်။ "ဆရာမလျို... ရှင့်ကလေးကို အပြင်မှာ ခဏသွားနေခိုင်းလိုက်ပါလား"
ဆရာမလျိုက တွန့်ဆုတ်နေစဉ်မှာပင် ယန်ရွှယ်က "မလိုပါဘူး" ဟု ဖြတ်ပြောလိုက်၏။
သူမ၏ မျက်ဝန်းလေးများမှာ ပြုံးနေသော်လည်း ထိုအပြုံးတွင် နွေးထွေးမှု အလျဉ်းမရှိပေ။ "တောင်းပန်ပါတယ်၊ ကျွန်မ စောစောက ရှင်းရှင်းလင်းလင်း မပြောမိလို့ပါ၊ ကျွန်မတို့က ပထမတန်းမဟုတ်ဘဲ ဒုတိယတန်းကို အပ်မှာပါ"
ဆရာမလျိုမှာ ဆွံ့အသွားရပြီး ကျောင်းအုပ်ကြီး ဟဲမှာလည်း အံ့အားသင့်သွားရ၏။ "သူက ကျောင်းပြောင်းလာတာ မဟုတ်ဘူးလို့ ထင်ထားတာ"
ယန်ကျိအန်းမှာ ကျောင်းပြောင်းလာခြင်း မဟုတ်ဘဲ ယန်ရွှယ်သည် သူ့ကို ပထမတန်းကပင် စတင်စေချင်ခဲ့ခြင်း ဖြစ်၏။ အတန်းဖော်များက ငယ်ပါက ပို၍ ရိုးသားကြမည်ဖြစ်ပြီး သူ့ကို အနိုင်ကျင့်ရန်လည်း အခွင့်အလမ်း နည်းပါးမည်ဟု သူမ တွေးခဲ့သည်။
သို့သော် ဤဆရာမလျိုမှာ ဆိုးသွမ်းသော သားတစ်ယောက် ရှိရုံသာမက စိတ်မရှည်တတ်ဘဲ ယန်ကျိအန်းကဲ့သို့သော ကလေးအပေါ်တွင်လည်း လေးစားမှု မရှိပေ။
ယန်ရွှယ်အနေဖြင့် သူမ၏ မောင်လေးကို မည်သူ့လက်ထဲမှ မအပ်နိုင်သဖြင့် ယန်ကျိအန်း၏ ပုခုံးကို အသာအယာ ကိုင်လိုက်သည်။ "ကျွန်မမောင်လေးက ကြိုတင် လေ့လာထားပြီးသားပါ၊ ပထမတန်း သင်ရိုးကို သူ အကုန်တတ်ပါတယ်၊ အကယ်၍ မယုံဘူးဆိုရင် စာမေးပွဲ စစ်ကြည့်လို့ရသလို မေးခွန်းတွေလဲ မေးကြည့်နိုင်ပါတယ်"
***