ကျောင်းအုပ်ကြီး ဟဲ ရှိနေသည်ဖြစ်၍ ရုံးခန်းထဲရှိ အခြားဆရာ၊ ဆရာမများသည်လည်း မိမိတို့အလုပ်နှင့်မိမိတို့ အလုပ်ရှုပ်နေကြပြီး ဝင်ရောက်မနှောင့်ယှက်ကြပေ။ သို့သော် ယန်ရွှယ်က ဒုတိယတန်းသို့ တိုက်ရိုက်တက်ရန် ပြောလိုက်သောအခါ အသက်လေးဆယ်ကျော်အရွယ် မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်းနှင့် ဆရာမတစ်ဦးက လှမ်းကြည့်လာ၏။
ထိုစဉ်မှာပင် ကျောင်းအုပ်ကြီး ဟဲ ကလည်း ထိုဆရာမကို ကြည့်လိုက်သည်။ "ဆရာမ ယွမ်၊ ခများဆီမှာ ပြီးခဲ့တဲ့နှစ်ဝက်က စာမေးပွဲမေးခွန်းဟောင်းတွေ ရှိသေးလား"
"ရှိပါတယ်" ဆရာမ ယွမ်က ချက်ချင်းပြန်ဖြေရင်း စားပွဲအံဆွဲများကို မွှေနှောက်ရှာဖွေတော့သည်။ "ဒါပေမဲ့ မေးခွန်းအလွတ်တော့ မကျန်တော့ဘူး။ ကျွန်မ သူ့အတွက် မေးခွန်းတချို့ ကူးပေးလိုက်ပါ့မယ်"
ထိုစကားကို ကြားသောအခါ အခြားဆရာမများသည်လည်း သူတို့ထံသို့ အာရုံရောက်လာကြလေ၏။ ထိုခေတ်အခါက ကလေးများမှာ အသက်တစ်ဆယ် သို့မဟုတ် တစ်ဆယ့်တစ်နှစ်မှ ပထမတန်း စတက်ခြင်းမှာ မထူးဆန်းသော်လည်း အတန်းကျော်တက်ခြင်းမှာမူ ကြားပင်မကြားဖူးသည့် ကိစ္စပင် ဖြစ်သည်။
ဆရာမ ယွမ် မေးခွန်းများ ကူးရေးနေစဉ်အတွင်း ယန်ရွှယ်သည် ယန်ကျိအန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်၏။ "မောင်လေး စာမေးပွဲလေး နည်းနည်းဖြေကြည့်မလား။ ဒါတွေအားလုံးကို မမနဲ့ မင်းယောက်ဖဆီက သင်ထားပြီးသား မဟုတ်လား"
ယန်ကျိအန်းသည် သိသိသာသာပင် စိတ်လှုပ်ရှားနေဆဲဖြစ်ကာ လက်ချောင်းလေးများကို ပွတ်သပ်နေပြီး တိုးဖျော့သော အသံဖြင့် ပြောလိုက်သည်။ "ဟု-ဟုတ်ကဲ့၊ သင်ထားပါတယ်"
သူ၏ စကားထစ်ခြင်းကို အခြားသူများကြားသွားပြီး လှောင်ပြောင်မည်ကို သူသည် စိုးရိမ်နေပုံပင်။ ယန်ရွှယ်မှာ သနားရသလို အားမလိုအားမရလည်း ဖြစ်မိသွား၏။ သူမ သူ့ဆံပင်များကို ဖွလိုက်ရင်း အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ဒါဆိုရင် သူတို့ကို သက်သေပြလိုက်လေ၊ ဟုတ်ပြီလား"
ယခုတစ်ကြိမ်တွင်မူ ယန်ကျိအန်းသည် ဟိုကလေးလေးကို တစ်လှည့်၊ ဆရာမလျိုကို တစ်လှည့်၊ နောက်ဆုံးတွင် ရုံးခန်းထဲရှိ အခြားသူများကို ကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်ပြလာသည်။ "ဟုတ်ကဲ့"
မေးခွန်းများ အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ဆရာမ ယွမ်ကမူ ယန်ကျိအန်းစာဖြေရန်အတွက် သူမ၏ စားပွဲပေါ်တွင် နေရာဖယ်ပေးလာ၏။ သူမသည် ပစ္စည်းမျိုးစုံထည့်ထားသော ဗူးထဲမှ ခဲတံတစ်ချောင်းကိုပါ ထုတ်ပေးလိုက်လေသည်။ ယန်ကျိအန်းက တိုးတိုးလေး ကျေးဇူးတင်စကားဆိုလိုက်ရာ သူ၏ ယဉ်ကျေးမှုကြောင့် ဆရာမသည် နွေးထွေးစွာ ပြုံးပြခဲ့၏။
"ရပါတယ်ကွယ်" ဆရာမ ယွမ်က ထိုသို့ဆိုကာ သူထိုင်ရန် ခုံပုလေးတစ်လုံးကို ယူပေးလိုက်သည်။ ထိုကဲ့သို့ ကြင်နာမှုကို ရရှိသဖြင့် ယန်ကျိအန်းမှာ အရှိန်အနည်းငယ်ရလာပြီး နောက်တစ်ကြိမ် ကျေးဇူးတင်စကားဆိုကာ စာမေးပွဲကို အာရုံစိုက်ရန် ခေါင်းငုံ့လိုက်၏။
သူ၏ ခဲတံကိုင်ပုံမှာ တိကျလှရာ တစ်စုံတစ်ယောက်က သေချာသင်ကြားပေးထားကြောင်း ထင်ရှားလှသည်။ သူ၏ လက်ရေးမှာ ကလေးလက်ရေးဖြစ်သော်လည်း စာလုံးတိုင်းမှာ သပ်ရပ်လှ၏။ အဖြေများကို အလွတ်ရနေသော ဆရာမ ယွမ်မှာမူ တစ်ချက်ကြည့်ရုံဖြင့်ပင် သူသည် ဤသင်ခန်းစာများကို ကျွမ်းကျင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဘေးမှ သံသယဖြင့် စောင့်ကြည့်နေသော ဆရာမလျိုနှင့်အတူ ကျောင်းအုပ်ကြီး ဟဲကလည်း ထိုအချက်ကို သတိထားမိသွား၏။
မကြာမီမှာပင် ယန်ကျိအန်းသည် သင်္ချာအပိုင်းကို အမှားအယွင်းမရှိ ဖြေဆိုပြီးသွားခဲ့သည်။ တရုတ်စာ စစ်ဆေးသောအခါတွင်လည်း သူ၏ ဝေါဟာရကြွယ်ဝမှုမှာ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ ဆရာမ ယွမ်က အသံကို လျှော့ကာ မေးလိုက်သည်။ "သား ဘယ်အတန်းအထိ စာသင်ထားဖူးလဲ"
ယန်ကျိအန်းသည် လက်ချောင်းသုံးချောင်းကို ထောင်ပြလိုက်ပြီး စကားလုံးများကို ဂရုတစိုက် ထုတ်ပြောလိုက်သည်။ "သ-သုံးတန်းအထိပါ"
"ဒါဆို ခဏစောင့်အုံး၊ မေးခွန်းတချို့ ထပ်ပြင်ပေးမယ်"
ယခုတစ်ကြိမ်တွင် ကျောင်းအုပ်ကြီး ဟဲနှင့် ဆရာမလျိုသာမက အခြားဆရာမများပါ ဝိုင်းအုံလာကြသည်။ အသက်ဆယ်နှစ်အရွယ်သာ ရှိသေးသော ယန်ကျိအန်းသည် အများဆုံးရှိလှလျှင် ပထမတန်း သို့မဟုတ် ဒုတိယတန်းတွင်သာ ရှိသင့်သော်လည်း သူကမူ သုံးတန်းစာများကို တတ်မြောက်ထားပြီဟု ဆိုနေ၏။
ဆရာမ ယွမ်က သူ့ကို ဒုတိယတန်း မေးခွန်းများ ပေးသောအခါ သူသည် အမှားတစ်ခုပါရှိပြီး အနည်းငယ် နှေးကွေးသော်လည်း အားလုံးကို ဖြေဆိုနိုင်ခဲ့သည်။ ကျောင်းသားအများစုမှာ စာမေးပွဲအောင်ရန်ပင် ရုန်းကန်နေရသည့် ခေတ်ကာလတွင် သူ၏ စွမ်းဆောင်ရည်မှာ အံ့မခန်းပင်။
ဆရာမ ယွမ်သည် ယန်ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်၏။ "သူ့ကို သုံးတန်းကနေပဲ စတက်ခိုင်းလိုက်ပါလား။ အဲဒီအတန်းကို ကျွန်မသင်တာပါ"
အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။ ယန်ကျိအန်းမှာ သူမ၏ တပည့်ဖြစ်လာမည်ဟု ထင်မှတ်ထားသော ဆရာမလျိုမှာမူ ထိုသူက ပထမတန်းနှင့် ဒုတိယတန်းကို ကျော်လွန်သွားကြောင်း သိလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားခဲ့သည်။
ကျောင်းအုပ်ကြီး ဟဲ ကမူ ယန်ကျိအန်းကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်၏။ "မင်းတို့အိမ်က ကလေးက တော်လိုက်တာ၊ သင်ပေးတဲ့သူကလဲ သေချာသင်ပေးထားတာပဲ"
"သူက အမြဲတမ်း လိမ္မာတဲ့ကလေးပါ" ယန်ရွှယ်က သူမမောင်လေး၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။ မောင်လေး၏ နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ပေါ်လာသည်ကို သတိထားမိရင်း ဆရာမ ယွမ်ကို ပြောလိုက်၏။ "ဒုတိယတန်းဆို အဆင်ပြေပါတယ်။ ကျွန်မ သူ့ကို ဒီသစ်တောလုပ်ငန်းခွင်မှာပဲ နောက်ထပ်တစ်နှစ်လောက် နေစေချင်သေးလို့ပါ"
အကယ်၍ ယခု သုံးတန်းမှ စတက်မည်ဆိုပါက နောက်ထပ်သုံးနှစ်အကြာတွင် မြို့ရှိ အဆောင်နေ အလယ်တန်းကျောင်းသို့ ပြောင်းရမည်ဖြစ်ရာ သူမအနေဖြင့် ထိုကိစ္စကို စိတ်မချသေးပေ။
ထို့အပြင် လက်ရှိ ပညာရေးစနစ်အရ မူလတန်းငါးနှစ်၊ အလယ်တန်းနှစ်နှစ်နှင့် အထက်တန်းနှစ်နှစ် ဖြစ်သဖြင့် ကိုးနှစ်အတွင်း ကျောင်းပြီးနိုင်သည်။ ယခု ဒုတိယတန်းမှ စတက်ပါက ၁၉၇၇ ခုနှစ်တွင် ကျောင်းပြီးမည်ဖြစ်ကာ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် အချိန်ကိုက် ဖြစ်သွားလိမ့်မည်ပင်။ သုံးတန်းတက်လိုက်ပါက အချိန်ဇယားထက် စောသွားပေလိမ့်မည်။
ဆရာမများ ကိုယ်တိုင်ကလည်း မိဘများဖြစ်ကြသဖြင့် သူမ၏ စိုးရိမ်မှုကို နားလည်ကြလေသည်။ ထို့ကြောင့် ယန်ကျိအန်းကို ပထမတန်းကျော်ပြီး ဒုတိယတန်းသို့ တိုက်ရိုက်တက်ရန် ဆုံးဖြတ်လိုက်ကြ၏။
ဒုတိယတန်း ကျောင်းသားများမှာ ကျောင်းသုံးစာအုပ်များ ထုတ်ယူပြီးဖြစ်သဖြင့် ဆရာမ ယွမ် ကိုယ်တိုင် မောင်နှမနှစ်ယောက်ကို ပစ္စည်းထုတ်ပေးသည့်ရုံးခန်းသို့ လိုက်ပို့ကာ ယန်ကျိအန်းအတွက် စာအုပ်များ ထုတ်ပေးခဲ့သည်။
သူတို့ ထွက်သွားပြီးနောက် ဆရာမလျိုသည် သူမ သားဖြစ်သူ၏ လက်မောင်းကို မနာနာအောင် ဆိတ်လိုက်မိသည်။ "ဟိုမှာကြည့်စမ်း၊ သူက ကိုယ့်ဘာသာကိုယ် သုံးတန်းအထိတောင် လေ့လာထားတာတဲ့။ မင်းကျတော့ ဘယ်လိုဖြစ်နေတာလဲ"
ယန်ရွှယ်နှင့် ယန်ကျိအန်းတို့ အဝေးသို့ မရောက်သေးခင်မှာပင် နောက်ဘက်မှ အော်ဟစ်သံကို ကြားလိုက်ရ၏။ "သူ ဘယ်အတန်းတက်တာက သားနဲ့ ဘာဆိုင်လို့လဲ"
ထိုဆရာမမှာ တော်တော်လေး စိတ်တိုတတ်ပုံရသည်။ ယန်ကျိအန်း၏ ပုခုံးလေးများ တုန်ရင်သွားကာ ယန်ရွှယ်အနားသို့ မသိမသာ ကပ်သွား၏။
ဆရာမ ယွမ်ကမူ ထိုအခြေအနေကို သတိထားမိသွားပြီး တောင်းပန်လိုက်သည်။ "ကျွန်မတို့ဆီက ဆရာမတစ်ယောက်က မကြာခင် အနားယူတော့မှာမို့ပါ။ ဆရာမလျိုက အခုမှ ဆရာမအဖြစ် ပြောင်းလာတာဆိုတော့ အတွေ့အကြုံ သိပ်မရှိသေးလို့"
လျိုဝေပင်းသည် သူမအကြောင်းကို ဘာကြောင့် တစ်ခါမှ မပြောခဲ့သလဲဆိုသည်ကို ယခုမှပင် ယန်ရွှယ် နားလည်သွားတော့၏။
"အတန်းထဲမှာ သိတဲ့ကလေး ရှိလား။ မရှိရင်လဲ သူ အသားကျအောင် ကူညီပေးဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးထားလိုက်မယ်လေ" ဆရာမ ယွမ်က ကမ်းလှမ်းလာသည်။
၎င်းမှာ စေတနာကောင်းသော ကမ်းလှမ်းချက်ဖြစ်ပြီး လမ်းညွှန်ပေးမည့်သူရှိခြင်းက ယန်ကျိအန်းအတွက် အသိုင်းအဝိုင်းအသစ်တွင် အသားကျရန် ပိုလွယ်ကူစေလိမ့်မည်ပင်။ ယန်ရွှယ်သည် ကျေးဇူးတင်စကားဆိုပြီးနောက် ဖြေလိုက်သည်။ "ကျွန်မသူငယ်ချင်းရဲ့ မောင်လေး လျိုဝေပင်းလဲ ဒုတိယတန်းမှာပဲ စတက်မှာပါ"
ဆရာမ ယွမ်မှာ သူမအတန်းထဲရှိ ကျောင်းသားတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် ခေါင်းညိမ့်လိုက်သည်။ "ဒါဆို သူတို့ကို အတူတူ ထိုင်ခိုင်းလိုက်ပါ့မယ်"
ထိုခေတ်က စာအုပ်များနှင့် မှတ်စုစာအုပ်များမှာ စာမျက်နှာ ၃၂ မျက်နှာပါသော သာမန်စာအုပ်လေးများသာ ဖြစ်သော်လည်း ယန်ကျိအန်းကမူ အိမ်ပြန်လမ်းတစ်လျှောက်လုံး သူ့ဘာသာသူ ကိုင်သွားမည်ဟု ဇွတ်ပြောနေလေ၏။
အိမ်ထဲသို့ ရောက်သည်နှင့် သူသည် ဒုတိယအဘွားထံသို့ ပြေးသွားတော့သည်။ "အဖွား" ဟု ခေါ်ကာ သူ၏ ကျောင်းသုံးပစ္စည်းအသစ်များကို ဂုဏ်ယူစွာ ပြသခဲ့သည်။
အဘွားအိုသည် စာမတတ်သော်လည်း အခြေအနေကို နားလည်၏။ "ကျောင်းအပ်ခဲ့ပြီလား"
"ဟုတ်" ယန်ကျိအန်းက ဆရာမ ယွမ်နှင့် ရင်းနှီးသွားပြီဖြစ်၍ ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။ "ဒု-ဒုတိယတန်း"
"ဒုတိယတန်းလား" ဒုတိယအဘွားအိုမှာ ယန်ရွှယ်ကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။ ယန်ရွှယ်က ခေါင်းညိမ့်ပြသည်ကို မြင်သောအခါ သူမက ယန်ကျိအန်းကို ပွေ့ဖက်လိုက်၏။ "ငါတို့ ကျိအန်းလေးက တော်လိုက်တာ၊ ဒုတိယတန်းကနေ တန်းတက်ရတယ်လို့"
ထိုနေ့မွန်းလွဲပိုင်းတွင် ချီဖန့်ပြန်ရောက်လာသောအခါ ယန်ရွှယ်က သတင်းကောင်းကို ချက်ချင်းပြောပြလိုက်သည်။ ထိုလူက ရှားရှားပါးပါးပင် ခေါင်းညိမ့်ကာ ထောက်ခံချက်ပေးလာ၏။ "မဆိုးဘူး"
စကားနည်းပြီး အေးဆေးလွန်းလှသော ချီဖန့်ထံမှ "မဆိုးဘူး" ဟူသော စကားထွက်လာခြင်းမှာ အလွန်မြင့်မားသော ချီးကျူးမှုပင် ဖြစ်သည်။ ယန်ကျိအန်း၏ နှုတ်ခမ်းတွင် နောက်ထပ် အပြုံးလေးတစ်ခု ပေါ်လာပြန်၏။
မိသားစုဝင်အားလုံး၏ အားပေးမှုနှင့် ကြင်နာသော အတန်းပိုင်ဆရာမကြောင့် သူ၏ ကျောင်းအပေါ် ကြောက်ရွံ့စိတ်မှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။
"ရှင်ကော ငယ်ငယ်က အတန်းကျော်တက်ခဲ့တာလား" ယန်ရွှယ်က ချီဖန့်ကို စပ်စုလိုက်သည်။ အသက် တစ်ဆယ့်လေးနှစ်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်ခဲ့သည်ဆိုလျှင် သူသည် ကျောင်းစောစောတက်ခဲ့ခြင်း သို့မဟုတ် အတန်းကျော်တက်ခဲ့ခြင်း တစ်ခုခု ဖြစ်ရမည်ပင်။
ချီဖန့်သည် သူဝယ်လာသော ပစ္စည်းများကို ချလိုက်ကာ သူမ၏ မေးခွန်းကြောင့် သူ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများကို မြှင့်ကာ ကြည့်လိုက်သည်။ "သိချင်လို့လား"
ရုတ်တရက်ဆိုသလို ယန်ရွှယ်သည် မသိချင်တော့သလို ဖြစ်သွားရ၏။ သို့သော် သူမ မဖြေခင်မှာပင် သူက လက်ဆေးရန် သူမဘေးမှ ဖြတ်သွားရင်း တိုးတိုးလေး ဆိုသွားလေသည်။ "ညကျမှ ပြောပြမယ်"
သူမက သူ၏ မြှူဆွယ်သည့်ထဲသို့ မပါဝင်ဘဲ ပြန်နောက်လိုက်သည်။ "ဘယ်လောက်တောင် ရလာလို့လဲ၊ ပစ္စည်းတွေ အများကြီး ဝယ်လာတာပဲ"
အမှန်တကယ်ပင် ချီဖန့်သည် ပစ္စည်းအမြောက်အမြား ဝယ်လာခဲ့သည်။ လူတိုင်းအတွက် အဝတ်အစား အဆင်သင့်ချုပ်ပြီးသား အစုံအလင် ပါလာရာ ယန်ရွှယ်မှာ သူ ကုန်တိုက်ထဲက ဝတ်လို့ရသမျှ အကုန်ဝယ်လာလားဟုပင် ထင်မိတော့သည်။ အဝတ်အစားများအပြင် လူတိုင်းအတွက် ခိုင်ခံ့သော ဖိနပ်များနှင့် ဒုတိယအဘွားအတွက် စာဖတ်မျက်မှန်တစ်လက်ပင် ပါလာ၏။
ထိုခေတ်က စာဖတ်မျက်မှန်များသည် ကိုယ်တိုင်တိုင်းတာပြီး လုပ်ရသည်မျိုး မဟုတ်ဘဲ ဆိုင်တွင်ရှိသည်ကိုသာ ဝယ်ရခြင်းပင် ဖြစ်သည်။ မျက်မှန်ပါဝါမှာ ဘယ်သောအခါမှ တိကျမှုမရှိသော်လည်း မရှိတာထက်စာလျှင် ပိုကောင်းပေသည်။ ဒုတိယအဘွား၏ မျက်စိမှာ လွန်ခဲ့သော အချိန်များစွာကတည်းက မှုန်နေခဲ့ပြီး အပ်ချုပ်အလုပ် လုပ်တိုင်း နေရောင်အောက်တွင် အပ်ထိုးရန် အချိန်အကြာကြီး ပေးခဲ့ရ၏။ မြို့ပေါ်တွင် ယခုအချိန်ထိ တစ်လက်မှ ရှာမတွေ့ခဲ့ခြင်းသာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ဒုတိယအဘွားပင်လျှင် အားနာစိတ် ဖြစ်သွားရသည်။ "ဒါတွေအားလုံး ဝယ်ရတာ ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့"
"သိပ်မများပါဘူး" ချီဖန့်က ဆိုကာ ကျန်ရှိသော ငွေများကို ယန်ရွှယ်ထံသို့ ကမ်းပေးလိုက်သည်။ "ငါးရွက်ပါ တစ်စုံ သုံးခုရယ်၊ လေးရွက်ပါ တစ်စုံ ငါးခုရယ်၊ အားလုံးပေါင်း ၇၆၈ ယွမ် ရတယ်"
တန်ဖိုးအရှိဆုံးမှာ ငါးရွက်ပါ သုံးစုံဖြစ်သည်။ နှစ်ရွက်ပါ တစ်စုံကိုမူ နှစ်သစ်ကူးတွင် ကြက်သားနှင့် ပေါင်းစားရန်အတွက် သူတို့ဇနီးမောင်နှံက ချန်ထားခဲ့ကြသည်။
ခုနစ်ရာကျော် ရသည်ဟူသော စကားကို ကြားသောအခါ ဘဝအတွေ့အကြုံများလှသော ဒုတိယအဘွားပင်လျှင် အသက်ရှူမှားသွားရ၏။ "အဲဒါတွေက အဲဒီလောက်တောင် တန်တာလား"
ယန်ကျိအန်း ပြန်ရောက်လာစဉ်က အလွန်ကြီးသော ဂျင်ဆင်းမြစ်ကြီးများကို တူးမိခဲ့သည်ဟုသာ ပြောခဲ့သည်။ သူမက သူမ၏ မြေးဖြစ်သူ ချဲ့ကားပြောနေသည်ဟု ထင်ကာ ထုပ်ပိုးထားသည်ကို ဖွင့်ပင်မကြည့်ခဲ့မိပေ။
ယန်ကျိအန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ "ခု-ခုနစ်ရာလား။ ကျ-ကျွန်တော်တို့ တောထဲမှာ ပိုကြာကြာ နေခဲ့သင့်တာ"
ထိုစကားကြောင့် ယန်ရွှယ် ရယ်မိတော့မလို ဖြစ်သွားသည်။ "မောင်လေးက တော်တော် လောဘကြီးတာပဲ ဟမ်"
ယန်ကျိအန်းသည် သူ့ယောက်ဖ ဝယ်ပေးထားသော ဖန်ဂေါ်လီများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြုံးနေမိသည်။ ထို့နောက် ပိုက်ဆံကိုင်ထားသော ယန်ရွှယ်၏ လက်ကို ဖိပြီး ပြောလိုက်သည်။ "မြန်-မြန် ဝှက်ထားလိုက်" တစ်စုံတစ်ယောက် သိသွားမည်ကို စိုးရိမ်နေသကဲ့သို့ ပြောလာ၏။
ဤကလေးမှာ တကယ့်ကို အေးအေးဆေးဆေးနှင့် ချမ်းသာမည့် အမျိုးအစားပင် ဖြစ်သည်။ ယန်ရွှယ်သည် ပိုက်ဆံကို ချက်ချင်းမရေတွက်ဘဲ အခန်းထဲသို့ အရင်ယူသွားလိုက်၏။ သို့မှသာ ချီဖန့် ဘယ်လောက်တောင် သုံးလိုက်လဲဆိုသည်ကို ဒုတိယအဘွားမသိနိုင်တော့မည်ပင်။
သူတို့ အခန်းထဲက မထွက်ခင်မှာပင် ဒုတိယအဘွားက တစ်ခုခုကို သတိရသွားပြီး ချီဖန့်ကို မေးလိုက်သည်။ "ပိုက်ဆံတွေ အများကြီးနဲ့ဆိုတော့ မင်းနောက်ကို ဘယ်သူမှ လိုက်မလာကြဘူးမလား"
မငြိမ်မသက်သော ခေတ်ကာလများကို ဖြတ်သန်းခဲ့ဖူးသဖြင့် အဘွားအိုသည် ပစ္စည်းဥစ္စာ ကြွယ်ဝမှုကို ပြသခြင်း၏ အန္တရာယ်ကို ကောင်းကောင်းသိလေသည်။ ထိုစဉ်က လူများသည် ဓားပြတိုက်ခံရမည်ကို စိုးရိမ်သဖြင့် စောင်အသစ်များကိုပင် မသုံးရဲကြဘဲ အမျိုးသမီးငယ်များမှာလည်း အိမ်ပြင်မထွက်ရဲကြပေ။
ယန်ရွှယ်သည်လည်း အရင်က ဖြစ်ရပ်ကို သတိရသွားပြီး ချီဖန့်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အရင်တစ်ခါက လူတွေရှိသေးလား"
"မတွေ့မိဘူး" ချီဖန့်ပြောလိုက်သည်။ မိသားစုဝင်များ၏ စိုးရိမ်နေသော မျက်နှာများကို မြင်သောအခါ သူက ထပ်ပြောလိုက်၏။ "တခြားဘယ်သူမှလဲ လိုက်မလာပါဘူး"
တိုင်ကြားလိုက်ခြင်းက ထိရောက်မှု ရှိမရှိ မသေချာသော်လည်း အန္တရာယ်ကင်းသွားခြင်းက စိတ်သက်သာရာ ရစေသည်။ တစ်မိသားစုလုံး နောက်ဆုံးတွင် စိတ်အေးသွားကြတော့သည်။ ချီဖန့်သည် သူကတိပေးထားသည့်အတိုင်း ရက်အနည်းငယ်အတွင်းမှာပင် ယန်ကျိအန်းအတွက် အရုပ်ကားလေးကို လုပ်ပေးခဲ့၏။
သံဖြူကားလေးမှာ လက်ဖဝါးခန့်သာ ရှိပြီး ရိုးရှင်းသော်လည်း တံခါးများ ဖွင့်၍ရကာ ဘီးများကိုမူ တာယာဟောင်းမှ ဖြတ်ထားသော ရော်ဘာများဖြင့် ပတ်ထားလေ၏။
ယန်ကျိအန်းသည် "ဝူး... ဝူး..." ဟု အသံလုပ်ကာ ကားလေးကို တွန်းဆော့နေပြီး အလွန်ပင် ပျော်ရွှင်နေသည်။ သူသည် ခွေးလေးနှစ်ကောင်ကိုပင် ထိုကားလေးနှင့် စနောက်နေသေး၏။ သူလိုချင်သော လက်ဆောင်ကို ရထားပြီးဖြစ်၍ ကျောင်းတက်ရမည့် အချိန်ရောက်သောအခါ ထိုသူသည် အများကြီး ငြင်းဆန်မနေတော့ပေ။
မနက်စောစောတွင် ဒုတိယအဘွားက ချီဖန့် ဝယ်လာပေးသော အဝတ်အစားအသစ်များကို သူ့အား ဝတ်ပေးလိုက်သည်။ သူသည် ကျောင်းလွယ်အိတ်ကို လွယ်ကာ ယန်ရွှယ်နောက်မှ ကျောင်းသို့ လိုက်သွား၏။
ဆရာမ ယွမ်က အရင်အတိုင်းပင် ကြင်နာစွာ ရှိနေသည်။ သူမက ယန်ကျိအန်းကို စိတ်မလှုပ်ရှားရန်နှင့် စကားကို အေးအေးဆေးဆေးပြောရန် အရင်ဆုံး အားပေးစကားဆိုပြီးနောက် ကျောင်းသားသစ်အဖြစ် မိတ်ဆက်ပေးရန် အတန်းထဲသို့ ခေါ်သွားလေ၏။
နောက်ခုံမှ သူငယ်ချင်းနှင့် တိုးတိုးလေး စကားပြောနေသော လျိုဝေပင်းသည် အသံကြား၍ လှည့်ကြည့်လိုက်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဆရာမ ယွမ်က ယန်ကျိအန်းကို သူ့ဘေးတွင် ထိုင်ခိုင်းလိုက်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။ "မင်း ကျောင်းမတက်ဖူးဘူး မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒုတိယတန်းကို တန်းတက်လာတာလဲ"
ယန်ကျိအန်းကမူ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ "မမက ပြောတယ်... စာမေးပွဲဖြေရမယ်တဲ့။ ငါ... အောင်သွားတယ်"
"မင်းတို့နှစ်ယောက် သိကြတာလား" အခြားကလေးများက လျိုဝေပင်းကို မေးလာကြ၏။
လျိုဝေပင်းက စိတ်အားထက်သန်စွာ ခေါင်းညိမ့်ပြသည်။ "အင်း၊ သူ့ယောက်ဖက ငါ့အစ်ကိုနဲ့ သူငယ်ချင်းတွေလေ။ သူ ငါ့အိမ်မှာတောင် လာနေဖူးသေးတယ်"
ထို့နောက် သူက ထပ်ပြောလိုက်သည်။ "သူက ဒီကို နောက်မှ ပြောင်းလာတာ။ သူ့ဒေသန္တရစကားက နည်းနည်း ထူးဆန်းတယ်၊ အဲဒါကြောင့် သူ့ကို စကားပြောရင် ဖြည်းဖြည်းပြောပေးကြ။ ဒါပေမဲ့ သူ့ယောက်ဖက တကယ့်ကို အလန်းပဲ၊ တကယ့်သေနတ်နဲ့ တူတဲ့ အရုပ်သေနတ်လေးတောင် ရှိသေးတယ်"
"မဖြစ်နိုင်တာ"
ယောကျ်ားလေးများမှာ သေနတ်များ၊ ဖန်ဂေါ်လီများနှင့် စက္ကူခေါက်ရုပ်များကိုသာ စိတ်ဝင်စားကြလေသည်။ ထိုနေ့ ညနေ ကျောင်းဆင်းသောအခါ ကလေးတစ်အုပ်မှာ အရုပ်သေနတ်ကို ကြည့်ရန်အတွက် ယန်ကျိအန်းနှင့် လျိုဝေပင်းနောက်သို့ လိုက်လာကြတော့၏။
ယန်ကျိအန်းတွင် သေနတ်သာမက ကားလေးပါရှိကြောင်း သူတို့မှာ မကြာမီ သိလိုက်ရသည်။ ထိုကလေးများသည် ယန်ရွှယ်၏ အိမ်တွင် နာရီပေါင်းများစွာ ကစားကြပြီးနောက် ညစာစားရန်အတွက် အိမ်ပြန်သွားကြ၏။
၎င်းမှာ ကောင်းမွန်သော အစပျိုးမှုဖြစ်သော်လည်း ယန်ရွှယ်ကမူ စိုးရိမ်နေဆဲပင်။ နောက်ပိုင်းတွင် သူမသည် ကျောင်းသို့ ခိုးသွားကာ ချောင်းကြည့်ခဲ့သေးသည်။ ယန်ကျိအန်းတွင် သူ့အုပ်စုနှင့်သူ ရှိနေပြီး အနိုင်ကျင့်မခံရသည်ကို မြင်သောအခါ သူမ ပြန်ရန်ပြင်လိုက်စဉ်မှာပင် ခိုး၍လာချောင်းနေသော ဒုတိယအဘွားနှင့် တိုးတော့၏။
ဒုတိယအဘွားနှင့် ရှန်ရှို့ဖန်တို့ ပထမဆုံး စတွေ့ခဲ့ပုံကို ပြန်သတိရကာ ယန်ရွှယ်ပြုံးလိုက်မိပြီး သူမနှင့်အတူ နောက်တစ်ကြိမ် လှမ်းကြည့်ပြီးမှ အိမ်သို့ ပြန်လာခဲ့ကြတော့သည်။
***